ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၆)

Ex- Senior General Than Shwe’s grandson posted to Facebook a note signed by U Thein Sein, Snr Gen Than Shwe and Daw Aung San Suu Kyi. Photo: Supplied

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၆)
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈


အမျိုးသားရင်ကြားကွဲအက်ရေး ရှောင်ကျဉ် ပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကြစို့  - အပိုင်း (၆)

အမျိုးသားရင်ကြား မကွဲအက်ရေး နိုင်ငံတော်အတိုင်ပင်ခံအား တိုက်တွန်းချက်

နိုင်ငံရဲစီးပွါးရေးမှာ အဓိကအကောင်အထည်ဖေါ်ရမည့် တိုင်းနဲပြည်နယ် ၀န်ကြီးချုပ်တွေ သတိထားပြီး လဲလှယ်သင့်ပါတယ်။ စပါးကျီအဓိကနေရာယူထားတဲ့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဝင်းသိန်းဟာ စင်္ကာပူပြန်ဆိုပေမဲ့ သူဟာ ပြသနာအရင်းအမြစ်ကို သေချာစွာ မလေ့လာဘဲ (စည်ပင်ဥပဒေအရင်ပြဌာန်းပြီးမှ လယ်သိမ်းမြေသိမ်းတို့ကို ပေးသင့်တာမျိုး၊ လုံခြုံရေးအရ ပိတ်ထားခဲ့တာကို မလေ့လာဘဲ ဗလီတွေကို ပြန်ဖွင့်မယ်လုပ်လို့ ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ခါနီးဖြစ်ပုံ) လွယ်လွယ်နဲ့ ကတိပေးပြီး ပျက်ခဲ့တာမို့ ဆန္ဒပြကာ လူထုအများစု မနှစ်သက်ကြောင်း သိရပါတယ်။ ရခိုင်နဲ့ ရှမ်းပြည်နယ် လွှတ်တော်များနဲ့ ၀န်ကြီးချုပ်တွေ သဟဇာတဖြစ်ဖို့ ဗဟိုကအနီးကပ် ပံ့ပိုးကူညီသင့်ပါတယ်။

အမျိုးသားရင်ကြား မကွဲအက်ရေး အစွန်းရောက် (အမျိုးသားရေးဝါဒီအဖွဲ့နဲ့ ဒီမိုအဖွဲ့) တို့အား တိုက်တွန်းချက်
၄၈။ ဒီမိုအစွန်းရောက်တွေကို တပ်မတော်သားတွေရဲ့ အပြုအမူအကျင့်စရိုက်၊ စောင့်ထိမ်းရတဲ့ စည်းကမ်းတွေကို လေ့လာနားလည်ဖို့ တိုက်တွန်းလိုပါတယ်။ ဘယ်နိုင်ငံမဆို စစ်သားဆိုကတည်းက ယူနီဖေါင်းဝတ်လိုက်ပြီးဆိုရင် အ၀တ်အစားအဆောင်အယောင်နဲ့ ဦးထုပ်၊ နိုင်ငံတော်တံဆိပ် ပါနေတာကြောင့် အရပ်သားတွေလို လ္ဘက်ရည်ဆိုင်၊ ဘီယာဆိုင်တွေကို ယူနီဖေါင်းနဲ့ထိုင်လို့ မရတော့သလို လမ်းလျှောက်တာကအစ သာမန်လူလိုမရတော့ဘဲ ထန်နဲ့မာန်နဲ့ မြန်မြန်လျှောက်ရလေရာ  သူတို့အရပ်ဝတ်ဝတ်ပြီး လမ်းလျှောက်ရာမှာ ဖျောက်လို့မရဘဲ အမြင်တမျိုးဖြစ်နေတတ်ပါတယ်။

စစ်သားဆိုတာက ခွင့်တောင်းတဲ့ သတင်းပို့စနစ် အမြဲလုပ်ရပါတယ်။ မွေးနေ့ပွဲ၊ ညစာစားပွဲ၊ ပြင်ပက အရပ်သားလူတွေနဲ့ သွားမည်ဆိုရင် သာမန်ခွင့်နဲ့ အိမ်မှာတောင် အသိပေးခွင့်ပြုချက် ယူရပါတယ်။  ဆိုလိုတာက အဲ့ဒီလို ခွင့်တောင်းလိုက်ရရင် ခွင့်ပြုသူက အစအဆုံး တာဝန်ယူရပါတော့တယ်။ ယနေ့

အရပ်ဖက်- စစ်ဖက် ပူးတွဲအုပ်ချုပ်ရေးကလဲမှာ စစ်တပ်အလုပ် စစ်တပ်လုပ်၊ နယ်ဘက်အလုပ် နယ်ဘက်လုပ် ဆိုတာ တချို့နေရာတွေမှာ ရှိကြတယ်ဆိုပေမဲ့ အနည်းဆုံး အသိပေးမိတ္တူပေးရင် ပိုမကောင်းဖူးလား၊ အပြန်အလှန်လေးစားမှုသမှု ပြုလုပ်ကြတဲ့ အစဉ်အလာဟာ ဘာသာတရားအရရော၊ လူ့ကျင့်ဝတ်အပါ ကောင်းမွန်တဲ့စရိုက်လက္ခဏာဖြစ်ပါတယ်။ ဒီအချက်ကို ဘာကြောင့် ပြောနေရသလဲဆိုရင် စာရေးသူဟာ အင်မတန်ဆိုးဝါးတဲ့ ၁၉၈၈ခုနှစ်အရေးအခင်းကာလ ဖြတ်သန်းခဲ့တာမို့ စစ်တပ်ကို တူးတူးခါးခါးမုန်းတဲ့ အချိန်ကာလမှာ နယ်ဘက်ကျောင်းသားတွေနဲ့ အရပ်ဖက်ဆက်ဆံရေးကို ခက်ခဲစွာ တည်ဆောက်ခဲ့ရပါတယ်။

၄၉။ စာရေးသူ အရေးအခင်းကာလပြီးကာစ (ဆေးနဲ့ စက်မှုတက္ကသိုလ်)တို့မှ သူငယ်ချင်းများနဲ့  အပြင်းအထန် စကားများခဲ့ပေမဲ့ သူတို့ကို ရအောင် ခေါ်ပြောစည်းရုံးနိုင်တာမျိုး၊ လ္ဘက်ရည်ဆိုင် စားသောက်ဆိုင်၊ RIT ဆိုင်တွေမှာ လ္ဘက်သုတ်စား၊ စစ်တုရင်ကစားခြင်း(ဗိုလ်လောင်းဖြစ်သွားတာ ကြီးကျယ်တယ်ထင်မှာစိုးလို့ စက်မှုတက္ကသိုလ်နောက်ဆုံးနှစ်သူငယ်ချင်းက ခေါ်လို့သွားတာ)။ တချို့နေရာတွေမှာ အချိန်မရလို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘဲ အထက်ရဲ့ ငြိုငြင်မှုကို ဥပက္ခောပြုပြီး ယူနီဖေါင်းမချွတ်ဘဲ သူငယ်ချင်း ကျောင်းသားများနဲ့အတူတူ ကြမ်းပြေး တပြေးတည်း ထိုင်ပြနေတာကြောင့် သူတို့က အံ့အားသင့်ခဲ့ရဖူးပါတယ်။ ဆရာဝန်သူငယ်ချင်းဖြစ်သူက သူ့ကားဟာ လမ်းမှာ လမ်းကြောမှားပြီး ယာဉ်ထိန်းရဲက ရစ်နေရာ ကားပေါ်မှာ လူနာပါတာကို ပြောလို့ မရဖူးဖြစ်ကာ လိုင်စင်သိမ်းသွားတာကို အမြန်လာဖို့အကူအညီတောင်းပါတယ်။ မိမိတပ်ရင်းက  စစ်ဒေသ (၄) မှူး တာဝန်ထမ်းဆောင်နေလို့ သူငယ်ချင်းကားပေါ်ကလူနာနဲ့ လိုင်စင်သိမ်းသွားရင် လုပ်ကိုင်ရ ခက်မှာမို့ရယ်၊ စစ်ဒေသမှူးအစည်းအဝေး မြိုတော့်ခန်းမကို သွားဖို့အချိန်ကပ်နေတာ
ကြောင့် မိမိကနီးစပ်ရာ စိတ်တိုင်းကျလ္ဘက်ရည်ဆိုင် ချိန်းလိုက်ပြီး စစ်ကားနီဆန်း ပက်တရိုကို ထိုးရပ်လိုက်ပါတယ်။ သူငယ်ချင်းက မိမိကို မင်းအထက်အရာရှိတွေဆူလို့ အလုပ်ထိခိုက်ဦးမယ်၊ ယူနီဖေါင်းသေနတ်နဲ့ အိုင်ကွန်နဲ့ လူတွေ ၀ိုင်းကြည့်နေပြီ၊ မိမိက အချိန်မှ မရတာ၊ နေပါစေ တိုင်းပြည် ပုန်ကန်ဖို့ ထိုင်တာမဟုတ်၊ လူနာအရေးကြီးနေတာ ကယ်တာဘဲ ကိစ္စ မရှိပါ၊ မိမိဖါသာ ရှင်းလိုက်မယ် ဆိုပြီး ယာဉ်ထိန်းရဲကို မိမိလူနာ အရေးကြီးလို့ကား မအားတာနဲ့ ဒီကားကို ခေါ်ခိုင်းလိုက်တာ၊ အဓိက လူနဲ့ ယာဉ် ထိခိုက်ဒဏ်ရာ မရရင် ပြီးတာဘဲ။ တာဝန်ယူတယ်၊လိုင်စင်ပြန်ပေးလိုက်ဆိုပြီးရှင်းခဲ့ပါတယ်။

ဒီလို အကူအညီများပေးလို့လည်း ကျောင်းသားစိတ်မွှန်နေတဲ့ သူငယ်ချင်းတွေက မိမိအား နားလည်ခဲ့တယ်။ တပ်မတော်ကို ထိပ်ပိုင်းနဲ့ အောက်ပိုင်းခွဲခြားမြင်ပေးဖို့ မိမိအဆို လက်ခံခဲ့တယ်။ သံယောဇဉ် မေတ္တာအပြန်အလှန်ရှိပြီး မိမိဗိုလ်လောင်းအဖြစ် သတင်းပို့ဖို့က ရန်ကုန်ဘူတာကြီးမှ ရထားထွက်ခွါစဉ် အမေက မျက်ရည်ကျနေလို့ဘေးက သူငယ်ချင်းတွေက အားပေးနှစ်သိမ့်နေတာ၊ အရေးအခင်းကာလမှာတောင် မိမိဒဏ်ရရာရတဲ့ မင်္ဂလာဒုံစစ်ဆေးရုံကြီးကို လာရောက်အားပေးတဲ့  သူငယ်ချင်းတွေ၊ ဒုဗိုလ်ဖြစ်လို့ ပထမဆုံးခွင့်ရလို့ မိမိလစာနဲ့ သူငယ်ချင်းတွေကို အရင်ဆုံးကျွေးမွေးရာမှာ မိမိကကိတ်မုန့်ကို အားရပါးရစားနေတာ သူငယ်ချင်းတွေက တောထဲမှာဒီကောင်ကြီးငတ်ခဲ့လို့ စားနေတာ သနားလိုက်တာလို့ပြောလိုက်တဲ့ ကရုဏာသံ၊ စတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ ရဲဘော်ရဲဘက်စိတ်ဘဲ ဖြစ်ပါတယ်။ သူတို့တွေဟာ ဆရာဝန်၊အင်ဂျင်နီယာတွေဖြစ်လို့ ပညာရှင်တွေပီပီ မိမိအပေါ် သူငယ်ချင်းခင်မင်မှု အဖြုရောင်ဖြစ်ကာ စစ်အာဏာရှင်
နဲ့ အမိန့်ရ လုပ်ရတဲ့ အပြစ်မဲ့တဲ့တပ်မတော်သားတွေလို့  ခွဲခြားခံယူထားသူတွေဖြစ်ပါတယ်။

 ဆူးလေဘုရားရှေ့ ဒေါ်ရိတ်ကြီးဆိုင်မှာ အရပ်ဝတ်နဲ့ ညကြီးမင်းကြီး သူငယ်ချင်းတသိုက်နဲ့အတူထိုင်နေစဉ် ရေကိုတောင်စစ် မသောက်ဖူးလို့ နောက်ထပ်ရောက်လာတဲ့ မိတ်ဆွေတွေက အရေးအခင်းခံစားချက်
ပေါက်ထွက်နေရာ စကားဆုံးပြီး မိမိကို သူငယ်ချင်းက သူဟာ စစ်တပ်က ဗိုလ်ကြီးလို့ မိတ်ဆက်ပေး
လိုက်ရာ ပြောနေသူတွေ အံ့သြကုန်ပါတယ်။ သူငယ်ချင်းက မင်းတို့ ထင်တတ်တဲ့ ထောက်လှမ်းရေး မဟုတ်ဖူး၊ သူက ကိုစိုင်းဝင်းကျော်နဲ့ ကိုခင်မောင်ချိုလို လူစားမျိုး၊ ခြေလျင်တပ်ခွဲမှူး ဖိုက်တာလို့ ပြောလိုက်ပါတယ်။ မိမိက တပ်မတော်အဖွဲ့အစည်းကို သိမ်းကျုးံ ပြစ်တင်တာမျိုး မလုပ်ဖို့၊ ခွဲခြားမြင် ပေးဖို့ ဒေါက်တာမောင်မောင်လက်ထက်မှာ စစ်တပ် စစ်တန်းလျားပြန်ခဲ့တာ သတိထားဖို့လိုပုံ၊ ရဲက ရှိတဲ့အင်အားနဲ ထိမ်းမနိုင်လို့ အုပ်ချုပ်ရေးယန္တရားပျက်စီးသွားတာကို ဘယ်လိုလုပ်ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်လို့ ရမှာလဲဆိုတာ၊ အဓိကရုန်းနှိမ်းနင်းတဲ့ဥပဒေ ရှိပေမဲ့ လေ့ကျင့်မှူမရှိတဲ့အပြင် ကျည်နဲ့ မျက်ရည်ယိုဗုံး မလုံလောက်တာမို့ အထိအခိုက်အဖိတ်အစင်ကြီးမားသွားလို့ စိတ်မကောင်းကြောင်း၊ ကုန်သွယ်ရေးအရေးအခင်းက ကိုခင်မောင်ချိုဖြစ်စဉ်တွေက အတတ်နိုင်ဆုံးထိန်းခဲတာ ပြောပြလို့ သူတို့Heart ထိသွားခဲ့ပါတယ်။ စာရေးသူကိုယ်တွေ့အပေါ်  ဒီမိုဘက်တော်သားတွေနဲ့ တပ်မတော်သားတွေ လေ့လာနိုင်ပါတယ်။

၅၀။ လူပုဂ္ဂိုလ်ချင်းရင်းနှီးယုံကြည်မှုဟာ အဓိကဖြစ်တယ်လို့ KNU တို့ဧ။် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ခဲ့သူ ဗိုလ်မှူးငွေစိုး(ငြိမ်း)က သူ့ကိုယ်တွေ့ကို ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်။

မိမိ၏ကိုယ်တွေ့တစ်ခုကို ရေးသားတင်ပြပါရစေ။ လက်ရှိ အစိုးရအနေဖြင့် မဲနိုင်ပြီး အစိုးရမဖွဲ့မီအချိန် MPC ကိုလည်း ရေလယ်မျှောပစ်တော့မှာ သေချာတဲ့အချိန်၊ အဲ့လိုအချိန်မှာ တာဝန်ရှိ၍ အခြေအနေတွေကို ဖန်တီးသူအချို့က မိမိကို ခေါ်ယူတွေ့ဆုံပြီးသိသင့်သည်များ ကြားခြင်ပါသည်ဆိုလို့ ရင်ခုန်ခြင်းများစွာနဲ့ ပြင်ဆင်ပြီးချီတက်သွားခဲ့ဘူးပါတယ်။ 
အချိန်အားဖြင့် (၂) နာရီကျော်ကြာသည်အထိအောင် အမြှုတ်ထွက်မတတ် မိမိနှုတ်မှ တင်ပြခဲ့သလို အကယ်၍ လိုအပ်လျှင် ပြန်ကြည့်နိုင်စေဖို့ ကြိုတင်ရေးသားထားတဲ့ စာ (၂) မျက်နှာပါ မှတ်စုမိတ္တူကိုလည်း ပေးအပ်ခဲ့ပါတယ်။

လူပုဂ္ဂိုလ်ချင်း ရင်းနှီးယုံကြည်မှုသည် အဓိကလိုအပ်ကြောင်း ဖြစ်ခဲ့သောဖြစ်စဉ်အချို့နဲ့အတူ ပြောပြခဲ့ဘူးပါတယ်။

သမ္မတကြီးဦးသိန်းစိန်နှင့် အဘိုးမူတူးစေးဖိုးတို့ အလွန်အင်မတန်မှ ရင်းနှီးကြ ခင်မင်ကြသည်၊ လူတိုင်းသိဘာ့ကြောင့် ရင်းနှီးကြတာလဲ၊ လူမသိသူမသိ သဘောတူညီမှုတွေ ဘာတွေများရှိခဲ့သလဲ၊ ကြားလူတွေထဲမှာတော့ မိမိအသိဆုံး ။ ဘာဆိုဘာမျှမရှိ။ ကိုယ်ချင်းစာစိတ်ဖြင့် အပြန်အလှန်ဖေးမကြတာပဲရှိတယ်။ အဘိုးမူတူးရဲ့ အားပေးစကားကို သမ္မတကြီးလက်ခံခဲ့ဘူးတယ်လို့ မိမိကပြောပါရင် ဖတ်မိသူတို့ယုံနိုင်ဘွယ်ရာပင်မရှိပါ။ လက်ရှိသမ္မတကြီးတစ်ယောက်ကို ကေအဲန်ယူဥက္ကဌဖြစ်သူက အားပေးနှစ်သိမ့်ရသတဲ့လားလို့ ရယ်သွမ်းသွေးစရာလိုတော့ဖြစ်နေမယ် မိမိရေးသားတင်ပြလိုရင်းကိုလည်း တစ်ဆက်တည်းမှာဖော်ပြပါ့မယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွှေမှာ အခက်အခဲ အကျပ်အတည်းနဲ့ကြုံတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် နားလည်ကြတယ်၊ ပူးပေါင်းကြတယ်။ အပြုသဘောဆန်တယ်။ ဒီလိုမျိုး ကျောခြင်းကပ် ရင်ခြင်းအပ်ပြီး နေခဲ့ကြတဲ့အတွက်ဦးသိန်းစိန် သမ္မတကြီးမဟုတ်တော့တဲ့အချိန်မှာလည်းမပြောင်းလဲပါ။ ဦးသိန်းစိန်ကရော သူ့မှာတာဝန်မရှိတော့လို့ ဒီကနေ့အဖြစ်တွေအပေါ် အခြားကိုအပြစ်တင် ကိုယ်ရည်သွေးစကားတွေ ပြောတာလုံးဝမရှိ။ အပြုသဘောနဲ့သာပြောတယ် စိတ်ရှည်ဘို့လိုတယ်လို့ နှစ်သိမ့်စကား  မိတ်ဆွေကောင်းတို့ရဲ့ စကားမျိုးကိုသာပြော၍ အားပေးကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီချုပ်နဲ့လည်း ကေအဲန်ယူက ဆက်ဆံရေးကောင်းတယ်၊ ပုဂ္ဂိုလ်ရေးယုံကြည်မှုကိုတည်ဆောက်ထားနိုင်တယ်။ 

တလက်စထဲ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအတွက် တပ်မတော်က ဟန့်တားပါတယ်ဆိုတဲ့ RCSS  နဲ့ စပ်လျဉ်းပြီး ထိပ်သီးအကြီးအကဲတွေနဲ့ ဆွေးနွေးတုံးက အငြင်းပွါးဖွယ်ရာဖြစ်နေလို့မေးခဲ့ပါတယ်။

“ မင်္ဂလာပါ၊အကိုကြီး NCA လက်မှတ်ထိုးထားတဲ့ RCSS က အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအတွက် နယ်တွေမှာ အကြိုလုပ်ခွင့်မရလို့ နှာကစ်နေတယ်၊ ကြားတယ်။ ဘယ်လိုဖြစ်တာလဲ အကိုကြီး”

“ ဦးရွယ်ဆစ်ကိုယ်တိုင်က မြန်မာစကားကို ကိုယ်တိုင် မလေ့လာဘဲ စကားပြန်ကတဆင့် ပြောနေလို့ ခက်နေတာပေါ့ကွယ်၊ နားလည်မှု လွဲနေတာထင်တယ်”

“ပြောတော့ ဗမာတွေက လူမျိုးကြီးဝါဒပြောနေတယ်။ သူတို့ကိုယ်တိုင်က အခမ်းအနားနဖူးစည်း စာတမ်းကအစ ဆွေးနွေးပွဲမှာ စကားပြောဆိုတာအဆုံး မြန်မာလို ဘာကြောင့် မပြောချင်ရတာလဲ၊ ငါတို့ရှမ်းစာကိုမှ ဦးစားပေးချင်တာမျိုး လူမျိုးရေး အမြင်ကျဉ်မြောင်းလွန်းတယ်။ မြန်မာစာကို သင်ယူနားလည်အောင် ရုံးသုံးစာအနေနဲ့ သတ်မှတ်ထားတာ အများနားလည်အောင် သုံးရမယ်ဆိုတဲ့ သဘောထား အမြင်ကျယ်တဲ့ ခံယူချက်မျိုး မရှိဖူး။ ဖထီးဖဒိုမန်းရှာနဲ့ကွာပ၊ ကရင်စာသုံးရင် အခြားတိုင်းရင်သားတွေ နားမလည်ဖူး၊ ဗမာစာဘဲ သုံးပါလို့ ပြောခဲ့ဖူးတယ်။ KNU ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နော်စီဖိုးရာစိန်ဟာ နိုင်ငံရေးလောက စ၀င်ကာစက မြန်မာလို မပြောတတ်တာ အခက်အခဲတွေ့ခဲလို့ အပတ်တကုတ် ကြိုးစားသင်ယူခဲ့ရာ ယနေ့ဆို တတ်ကျွမ်းနေပြီမို့ အတုယူဖို့ ကောင်းပါတယ်။”

၅၁။ ဆက်လက်ပြီးဆောင်းပါးရှင် သီဟသွေးရဲ့ အာဏာမြင်းရိုင်းပေါ်က ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးရေးသားချက်တွေဟာ မိမိရဲ့ သဘောထားနဲ့လွန်စွာ တူညီနေပြီး ပြည်ထဲရေးကိစ္စ ကိုင်တွယ်ပုံရေးထားတာကို သိပ် မကြိုက်တာကလွဲလို့ ကျန်တာ အများစုကို ထောက်ခံကာ  ကောက်နှူတ်ဖေါ်ပြပေးလိုက်ပါတယ်။

“မြောက်ဦးအရေးအခင်းက ပေးတဲ့ သင်ခန်းစာ နဲ့ အတွေ့အရ အမြတ်ထွက်နိုင်တာ တစ်ခုတော့ရှိပါတယ် ။ အဲဒါကတော့ ဒေသတွင်း အုပ်ချုပ်ရေး လုပ်ငန်းတွေ ၊ ရဲလုပ်ငန်း အပါအဝင် လုံခြုံရေး လုပ်ငန်းတွေ ၊ ရှုပ်ထွေးနေတဲ့ အာဏာ ခွဲဝေမှု စီးဆင်းမှုတွေကို ပြန်လှန်သုံးသပ်ပြီး ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ အခွင့်အရေးပဲဖြစ်ပါတယ် ။ ဒီ အချိန်မှာ လူတကာပြောဆို ပြစ်တင်နေကြတဲ့ ပြည်ထဲရေး ဝန်ကြီး ဌာန ရဲ့ လုပ်ငန်း ယန္တရားတွေ လုပ်ကိုင်ပုံကို ပွင့်ပွင့်လင်းလင်းချပြသုံးသပ်ပြီး ခေတ်နဲ့ လျော်ညီအောင် ပြုပြင်ပြောင်းလဲကြဖို့ အချိန်ကောင်းလည်းပဲဖြစ်ပါတယ်။ 
ထစ်ကနဲရှိ ပြည်ထဲရေးကလုပ်တာ၊ ပြည်ထဲရေး က တပ်မတော် အောက်မှာ ရှိနေလို့ဆိုတာမျိုး ပြောပြီး ပြီးသွားကြမယ့် အစား ဒီလို ပြဿနာတွေ ရဲ့ အဓိက အကြောင်းရင်းခံတွေကို လွှတ်တော် ရှေ့မှောက်မှာဖြစ်ဖြစ် မေးခွန်းထုတ် ရှင်းလင်းသင့်ပါတယ် ။ တကယ့် အုပ်ချုပ်ရေး အခက်အခဲတွေကို တိုင်းပြည်ကလည်း သိရှိနိုင်မယ် ပြေလည်အောင်ဖြေရှင်းဖို့ လိုအပ်ရင် ဥပဒေ တွေပါပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ အုပ်ချုပ်ရေး ပြဿနာတွေဟာ နိုင်ငံရေးအရ ပေါ်ပေါက်လာလေ့ရှိသည်မှာ မှန်သော်လည်း ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာတော့  နိုင်ငံရေး ပယောဂ ၊ နိုင်ငံရေး အဂတိတွေ မပါဖို့လိုပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ ဥပဒေတွေ ၊ လုပ်ထုံးလုပ်နည်းတွေဟာ ဒီသဘောတရားတွေ ပါဝင်လာစေနိုင်တဲ့ အားနည်းချက်တွေ ရှိနေတယ်ဆိုရင် ပြုပြင်ကြဖို့ အစိုးရ မှာရော လွှတ်တော်မှာပါ တာဝန်ရှိပါတယ် ။”

၅၂။ ဒီနေရာမှာ ဆောင်းပါးရှင် သဘောထားကို သိပ်တော့ သဘောမတူနိုင်ပါ။ ဘာလို့လဲဆိုတော့ ပြည်ထဲရေးကို ကိုင်တွယ်နေတာ တပ်မတော်က ဖြစ်နေလို့ တာဝန်ရှိတာက တပ်ချုပ် သာဖြစ်ပါတယ်။ မိမိတာဝန်ပေးထားတဲ့ ၀န်ကြီးဟာ ပြည်တွင်းတရားဥပဒေစိုးမိုးရေးလိုမျိုး နိုင်နင်းအောင်မကိုင်တွယ်နိုင်ဖူးဆိုရင် လှဲလှယ်ဖို့ တာဝန်ရှိပါတယ်။ ဖြစ်နိုင်ရင် ပြည်ထဲရေးဝန်ကြီးတာဝန်ကိုဒေါ်အောင်ဆန်းစုကြည်အား တပ်မတော် နံမည်ပျက်မည့်အရေးမှ ကာကွယ်ချင်လို့ ဥပဒေရေးရာနဲ့စစ်မှုရေးရာ ကျွမ်းကျင်တဲ့သူ ခန့်အပ်ပေးဖို့ ပြောလိုက်ရင် သဘောထားကြီးရာရောက်ပါတယ်။ ပြည်ထဲရေး ဌာန တခုလုံးချိန်းတာ မဟုတ်ဘဲ ဘော်ဒီထားခဲ့ပြီးခေါင်းပိုင်းသာချိန်းတာ ဖြစ်လို့ချိန်းသူကလည်း တပ်ချုပ်သဘောထားကို လိုက်နာရမည် မှတ်ချက်နဲ့ လွှဲပေးလိုက်ရင် မကောင်းဖူးလား၊ ဒိမိုကရေစီအုတ်မြစ်ကို တပ်က စတင်လိုက်ပြီဆိုတဲ့ အမှတ်တောင်ရ၊ပုံရိပ်တက်လာမယ်၊ တကယ်လို့  အဲဒီလိုမှ မလုပ်ချင်ရင် အနည်းဆုံးတော့ လူစားချိန်းသင့်ပါတယ်။

၅၃။ ဆောင်းပါးရှင် သီဟသွေးက ဆက်လက်ပြီး ဖေါ်ပြရာမှာ-

“စနစ်က မပီပြင်သေးတဲ့ အချိန်မှာ အခုလို ဖြစ်ကြရတာဟာ နှစ်ဘက်စလုံး ရဲ့ စိတ်ထဲမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးဆိုတာကို စိတ်ကုန် စိတ်ပျက်သွားနိုင်သလို ဘေးက ကြည့်နေတဲ့ လူ့အဖွဲ့အစည်းမှာ မလိုအပ်ပဲ သဘောထားကွဲပြားမှုတွေဖြစ်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ပုံစံ ကျအောင် မတည်ဆောက်နိုင်ပဲဖြစ်ရပါလိမ့်မယ် ။ ဒါကြောင့် အစိုးရအနေနဲ့ ကျောင်းသား လောက အပါအဝင် အခြားသော အလွှာအသီးသီးမှာ ရင်ကျက်တဲ့ ဦးဆောင်မှုတွေ နဲ့ ခိုင်မာတဲ့ အဖွဲ့အစည်း ၊ အစည်းအရုံးတွေ ပေါ်ပေါက်လာအောင် အားပေးကြိုးပမ်း လမ်းပြပေးသင့်ပါတယ် ။ ဒီလိုလုပ်ဆောင်နိုင်မှာသာ တည်ဆောက်နေတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် ယန္တရားဟာ ပီပြင်ခိုင်မာလာမှာဖြစ်ပါတယ် ။ 
ခုနောက်ဆုံးပြောချင်တာကတော့ အစိုးရသစ် နဲ့ တပ်မတော် နဲ့ ဆက်ဆံရေးအခြေအနေပဲဖြစ်ပါတယ် ။ အစိုးရ အဖွဲ့ထဲက အချို့သော တာဝန်ရှိပုဂ္ဂိုလ်တွေ ၊ NLD ပါတီထဲက တာဝန်ရှိ ပုဂ္ဂိုလ်တွေ ၊ NLD ပါတီရဲ့ မိတ်ဆွေတွေ ရဲ့ ပြောဆိုဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး တပ်မတော်က ကန့်ကွက်ရှုတ်ချသော ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့တာ ခုဆိုရင် ၃  ကြိမ်ရှိသွားပြီဖြစ်ပါတယ် ။ 
တပ်မတော် အနေနဲ့ ဂုဏ်သိက္ခါ ထိန်းသိမ်းရေး အတွက် အခုလိုဆောင်ရွက်နေပုံရပေမယ့် လက်တွေ့ နိုင်ငံရေး အခင်းအကျင်းမှာတော့ တပ်မတော်ဟာ လက်ရှိအစိုးရကို အထာထားစရာသိပ်မလိုတဲ့ အဖွဲ့အစည်းအဖြစ် သရုပ်ပြခွင့်ရသလိုလည်းဖြစ်သွားစေပါတယ် ။ ဒီလိုဖြစ်လေ အစိုးရရဲ့ သြဇာသက်ရောက်မှုဟာ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းရဲ့ ပြင်ပမှာသာ တည်ရှိနေလေဖြစ်စေပါတယ်။ 
ဒီနေရာမှာထောက်ပြချင်တဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိအစိုးရကို မောင်းနှင်တဲ့အခါမှာ ရခိုင်ပြဿနာ ပြေလည်စွာ ဖြေရှင်းနိုင်ရေးအပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင် နိုင်စေဖို့ ၊ ထိုမှတဆင့် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးဆွဲနိုင်ရေး အတွက် တပ်မတော်ကို ရင်ကြားစေ့စည်းလုံးရေး အပြန်အလှန်ယုံကြည်မှုရရှိရေးကို ကြိုးပမ်းနေတာဖြစ်ပါတယ်။ 
လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေဖြစ်တိုင်း အစိုးရနှစ်ရပ်ဖြစ်နေတယ် ဆိုပြီး အကြောင်းပြဆိုတတ်ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တော့ ဒီလိုဖြစ်ချင်တာမဟုတ်ဖူးဆိုတာတော့သေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အများထင်သလို တပ်မတော်ကို အပြစ်တွေ ပုံချဖို့ လုပ်နေတာမဟုတ်သလို တပ်မတော်မပါဝင်ရင် သူမအနေနဲ့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ မရောက်နိုင်ဖူးဆိုတာနားလည်ထားပါတယ်။ 
သူမ အနေနဲ့ တပ်မတော် တစ်ခုလုံးကို ခါးပိုက်ထဲထည့်ဖို့ ကြံစည်နေတာ မဟုတ်ပေမယ့် အခုထက်ပိုပြီး အပြန်အလှန်ယုံကြည်မှု ရရှိပါမှ ခရီးဝေးဝေး ကို ပေါက်ရောက်နိုင်မယ်ဆိုတာတော့ သူမ အသေအချာနားလည်ထားပြီးသားဖြစ်ပါတယ်။ 
အချို့တွေ ပြောဆိုနေကြသလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  တပ်မတော်ကိုအလျှော့ပေးနေတာမဟုတ်သလို အကျပ်အတည်းပေးနေတာလည်းမဟုတ်ဖူးလို့ မြင်ပါတယ်။ ဒီအချက်ကို ပြည်သူတွေက နားမလည်တာ ပြဿနာမဟုတ်ပေမယ့် အစိုးရအဖွဲ့ဝင်တွေနဲ့ ပါတီဝင်တွေ ကတော့ နားလည်ဖို့ လိုပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ပြီး အာဏာဇက်ကြိုးကို ကိုင်တွယ်ထိန်းကြောင်းတဲ့အခါမှာ ဘယ်ဟန်ချက်ကို ဘယ်လိုထိန်းနေရသလဲဆိုတာ အားလုံးမြင်အောင်ကြည့်ဖို့လိုပါတယ် ။ ဒီနေ့ ဒီအချိန်မှာတော့ သူမအနေနဲ့လည်း စိတ်ခံစားချက်ဖြစ်ပေါ်သည့် အလျောက် ဖိအားတွေ ကြူံတွေရသလောက် လုပ်မှားကိုင်မှားတွေလည်း ရှိလာတာကိုတွေ့နေရပါတယ် ။ 
အစိုးရတစ်ရပ်ဖွဲစည်း ဖြစ်ပေါ်လာဖို့ဆိုတာ လူထုအများစု ထောက်ခံမှုရရင် ဖြစ်နိုင်ပေမယ့် အစိုးရတစ်ရပ်ကို အောင်မြင်အောင် ထိန်းကျောင်းမောင်းနှင်ဖို့ဆိုတာကတော့ အုပ်ချုပ်ရေး ယန္တရားတွေကို နိုင်နိုင်နင်းနင်း မောင်းနှင်နိုင်ဖို့ အဓိကလိုအပ်ပါတယ် ။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရဆိုရင် တပ်မတော်ကိုပါ ယုံကြည်မှုတည်ဆောက်ထားနိုင်ဖို့ လိုပါတယ်။ ဒါဟာ လက်ရှိ အခြေခံဥပဒေကို မပြင်ဆင်နိုင်သေးသ၍ ဘယ်အစိုးရတက်တက် ကြုံတွေ့ကြရမယ့် အခြေအနေပဲဖြစ်ပါတယ် ။ ဒါကြောင့် အရပ်သား အစိုးရအာဏာဇက်ကြိုး မြဲမြံ စွာ ကိုင်တွယ်ထိန်းကျောင်းနိုင်ဖို ကူညီပေးကြမလား၊ မြင်းရိုင်းနဲ့တူတဲ့ အစိုးရလက်ထဲက အာဏာကို လှုပ်ရှားရုန်းကန်လာအောင် နှိုးဆွ ခြောက်လှန့်ကြမလား ... နည်းနည်းတော့ ဝိုင်းဝန်း စဉ်းစားကြဖို့လိုပါတယ် ...။”

နိဂုံးချုပ်

၅၄။ မိမိ ယခင် ရခိုင်၊ ဘင်္ဂလီအရေး ဆောင်းပါးတွေမှာ ပြည်ပအရေးကြုံလာလို့ အစွန်းရောက်အဖွဲ့တွေကို သည်းခံပြီးစည်းလုံးညီညွှတ်ကြဖို့ တောင်းပန်ခဲ့၊ မေတ္တာရပ်ခံခဲ့ပြီးဖြစ်တယ်။ ဒီလို အရေးအသားမျိုး စာရေသူရဲ့စိတ်အရင်းက လုံးဝစိတ်မပါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရိုသားမှုကို ယုံကြည်ပြီး  သူမ လတ်တလော ဖိအားတွေခံနေရတာကို မကြည့်ရက်လို့ ကလောင်တံကို အားခဲပြီး ရေးနေရပါတယ်။ ဒီတခါ ရေးရတာပြင်းထန်သလိုဖြစ်သွားရင် စည်းလုံးညီညွတ်ခြင်းရဲ့ အင်အားတစ်ရပ်ထွက် လာဖို့ မျှော်လင့်ချက်နဲ့  ဂရုဏာရှေ့ထား စေတနာသန့်သန့်နဲ့ ရေးရတာဖြစ်ပါတယ်။ စည်းလုံးညီညွှတ်ဖို့ဆိုတာ ရဲဘော်ရဲဘက်စိတ် ရှိရမှာဖြစ်ကြောင်း၊ အတိုက်အခံဆိုကတည်းက တိုက်လည်းတိုက်ရမည်၊ ခံလည်း ခံရမည်ဆိုလို့ မကြိုက်ကြောင်း မကြာသေးမှီက ၂နှစ်မြောက် လွှတ်တော်အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုသွားတာ စာရေးသူသဘောကျ လွန်းတာကြောင့် အောက်ပါအတိုင်း ကောက်နှူတ် ဖေါ်ပြပေးလိုက်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ နိုင်ငံတနိုင်ငံဟာ တကယ်ပဲ ဖွံ့ဖြိုးတိုးတက်ဖို့၊ တကယ်ပဲ ခိုင်မာဖို့ဆိုရင် အရေးကြီးတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်  သုံးခုစလုံးဟာ လက်ညီတက်ညီနဲ့ ပြည်သူလူထုအကျိုးကို ထမ်းဆောင်ဖို့ လိုပါတယ်။ ထိန်းညှိဖို့တာဝန်ရှိတယ်ဆိုတော့ တချို့က ဒါဟာ ပြိုင်ဆိုင်တယ်၊ တယောက်နဲ့ တယောက်မတည့်တဲ့သဘောလို့ ထင်ကြတယ်။ ဒီလို မဏ္ဍိုင်ကြီး သုံးခုဟာ တခုနဲ့ တခု ထိန်းညှိထားရမယ် ဆိုတာဟာ တကယ်တော့ အပြိုင်အဆိုင်လည်း မဟုတ်ဘူး။ ရန်ဘက်လည်း မဟုတ်ဘူး၊ အတိုက်အခံ အချင်းချင်းလည်း မဟုတ်ဘူး။ တယောက်နဲ့ တယောက် မမှားအောင်လို့ ထိန်းပေးတဲ့ သဘော ဖြစ်ရမယ်။ မမှားအောင်ဆိုတာ ဘာမှားလဲဆိုရင် နိုင်ငံ့အတွက် အကျိုးမရှိတဲ့ကိစ္စတွေ ပြုမိမှာ၊ အကျိုးရှိတဲ့ကိစ္စတွေ မပြုမိမှာ အဲဒီဟာ မဖြစ်အောင်လို့ တယောက်နဲ့ တယောက် ထိန်းညှိသွားတဲ့ သဘောပါပဲ။ မိတ်ဆွေသဖွယ် နောက်ဆုံးကျတော့ ရဲဘော်ရဲဘက်များသဖွယ် ဖြစ်ပါတယ်။ 
ရဲဘော်ရဲဘက်ဆိုတာ မိတ်ဆွေနဲ့တော့ နည်းနည်းကွာပါတယ်။ မိတ်ဆွေဆိုတာ ခင်မင်မှု၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုအပေါ်မှာ မူတည်ပါတယ်။ ရဲဘော်ရဲဘက်ဆိုတာ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ ရဲဘော်ရဲဘက်များ ဆိုတာဟာ တူညီတဲ့ ယုံကြည်မှု၊ ဒါ့ကြောင့်မို့လို့ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ရဲဘော်ရဲဘက်များသဖွယ် ပန်းတိုင်ဖြစ်တဲ့ နိုင်ငံအကျိုးအတွက် ညှိပြီးတော့ လုပ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ 
အတိုက်အခံပါတီဆိုတာဟာ ကျမ ခဏခဏပြောပါတယ်။ အတိုက်အခံ၊ အတိုက်အခံဆိုတဲ့ စကားလုံးကို သိပ်မကြိုက်ဘူး။ တိုက်မလား၊ ခံမလား ဆိုတဲ့ သဘောရှိတယ်။ တကယ်တော့ အတိုက်အခံဆိုတာ ဒီလို မဖြစ်သင့်ပါဘူး။ အတိုက်အခံ ဆိုတာဟာ နိုင်ငံအကျိုးကိုပဲ ကြည့်ပြီးတော့ ကူညီသင့်တဲ့အခါမှာ ကူညီရမယ်။ အတူလက်တွဲသင့်တဲ့အခါမှာ လက်တွဲရမယ်။  ထောက်ပြသင့်တဲ့အခါမှာ ထောက်ပြရမယ်။ ဝေဖန်သင့်တဲ့အခါမှာ ဝေဖန်ရမယ်။ အတိုက်အခံမို့လို့ ရန်သူဆိုပြီး သဘောမထားသင့်ဘူး။ 
အတိုက်အခံများသည် ရန်သူဆိုတာ ဒီမိုကရေစီ စိတ်ဓာတ်မဟုတ်ပါဘူး။ ဒီမိုကရေစီစိတ်ဓာတ်ဆိုတာ မတူကွဲပြားမှုကို လက်ခံလို့ကို အတိုက်အခံဆိုတာ၊ ပြောရမယ်ဆိုရင် အတိုက်အခံဆိုတဲ့ စကားလုံးကို သုံးတာ အတိုက်အခံပါတီပေါ့နော်။ ကိုယ်နဲ့ မတူတဲ့ ပါတီတွေ၊ အစုအဖွဲ့တွေနဲ့ ရန်သူဖြစ်ဖို့ မလိုပါဘူး။ အမြင်ချင်းမတူပေမယ့်လည်း မတူကွဲပြားမှုတွေ ရှိပေမယ့်လည်း စုစည်းနိုင်တယ်။ မတူကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ ညီညွတ်မှုကို ထူထောင်နိုင်တယ်ဆိုတာ ဒါဟာ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အခြေခံလည်း ဖြစ်ပါတယ်။ 
ဒီပွဲမှာဆိုလို့ရှိရင် မဏ္ဍိုင်ကြီး သုံးခုစလုံးက ဧည့်သည်တော်တွေ ပါဝင်ပါတယ်။ အဲဒီတော့ ကျမတို့အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ဖို့ဆိုတာကလည်း အရေးကြီးပါတယ်။ ဒါမှ အထစ်အငေါ့လေးတွေရှိရင် တယောက်နဲ့ တယောက် နားလည်မှု လွဲတာလေးတွေ ရှိရင်၊ အထင်အမြင်မှားတာတွေ ရှိရင် ဒါတွေကို ချောမွေ့အောင်လုပ်နိုင်ဖို့ပါ။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ တဦးနဲ့ တဦး မိတ်ဆွေများသဖွယ်၊ ရဲဘော်ရဲဘက်များသဖွယ် ဆက်ဆံနိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ကျမ သတိပေးချင်ပါတယ်။ ဒီလို မိတ်ဆွေများသဖွယ်၊ ရဲဘော်ရဲဘက်များသဖွယ် လုပ်နိုင်မှ တကယ့်ကို နိုင်ငံနဲ့ ပြည်သူတွေရဲ့အကျိုးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာပါ။ 
ဒါ့ကြောင့် နောက်ဆုံးကျတော့ တန်းတူညီတူ ညီအကိုမောင်နှမတွေပဲ၊ ရဲဘော်ရဲဘက်တွေပဲ အဲဒီလိုပဲ စိတ်ထားစေချင်ပါတယ်။ ကျမတို့ နိုင်ငံအတွက် တရားဥပဒေစိုးမိုးရေး ဘယ်လောက်အရေးကြီးလဲ ဆိုတာ ပြောပြီးပါပြီ။ နောက်ပြီးတော့ ကျမတို့ ညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဘယ်လောက်အရေးကြီးလဲဆိုတာ ကျမနိဂုံးမချုပ်ခင် ပြောချင်ပါတယ်။ 
ကျမတို့နိုင်ငံဟာ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ကျမတို့ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အားသိပ်ကြီးတဲ့ နိုင်ငံတခုမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ အင်အားသိပ်မကြီးတဲ့ နိုင်ငံမို့လို့ ကျမတို့ဟာ စိတ်ပိုင်းဆိုင်ရာ အင်အားနဲ့ စုစည်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ နိုင်ငံအတွက် ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးတယ် ဆိုတာကို ကျမ  သတိပေးချင်ပါတယ်။ ဒီလိုစုပေါင်းအင်အားနဲ့ ညီညီညွတ်ညွတ်နဲ့ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်လို့ရှိရင် ဘယ်လိုအခက်အခဲမဆို ကျော်လွှားနိုင်မှာပါ။ တဖြည်းဖြည်း လည်း ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို တည်ဆောက်နိုင်မှာပါ။ ဒါကတော့ ကမ္ဘာကြီးရဲ့ လောကနိရာမလို့ပဲဆိုပါတော့၊ အင်အားရှိလာတာနဲ့အမျှ ကိုယ့်ကို အနိုင်ကျင့်မှုက နည်းသွားတာပဲ။ 
ဒါ့ကြောင့် ကျမတို့ နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ခိုင်ခိုင်မာမာနဲ့ အမှန်တရား ပေါ်မှာ အခြေခံပြီးတော့ ရပ်တည်ချင်လို့ရှိရင် ကျမတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ တဦးချင်း တဦးချင်း ခိုင်ခိုင်မာမာ မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်မတ်မတ် သစ္စာရှိရှိနဲ့ ရပ်တည်ပေးပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

၅၅။ အစွန်းရောက်အဖွဲ့တွေ ဒေါသ၊ မာန၊မောဟတွေ လောင်မြိုက်နေတာ လျှော့ပါးစေဖို့ တပည့်တော်အနေနဲ့ သီတဂူဆရာတော်ကြီးနဲ့ ဆရာတော်ဆန္ဒာဓိကတို့က တရားဟော ဆုံးမထိန်းကျောင်းပေးပါရန် မေတ္တာတရားရှေ့ထားပြီး လျှောက်ထားလိုပါတယ်ဘုရား။ နှစ်ဖက်အဖွဲ့တွေ လက်ဝှေ့စင်တင်ခဲ့ရင်လည်း သူတို့ထိုးသတ်တာ မကြည့်ရက်ဘဲ ဒိုင်လုပ်တဲ့ တပည့်တော်ကိုသာ သူတို့ ထိုးတာဘဲ ခံယူလိုက်ချင်ပါတော့တယ် ဘုရား။ ဘဘကြီးဦးသန်းရွှေနဲ့ အဘကြီး ဦးတင်ဦးတို့ အသက်အရွယ်ရတာ အားနာပေမဲ့ ဒီလို တဖက်နဲတဖက် အပြန်အလှန်ဆဲဆိုနေကြတာ ထိုင်ကြည့်ရက်နေမှာလားလို့ တင်ပြလိုပါတယ်။ အထက်တနေရာမှာတင်ပြခဲ့သလို မြန်မာရိုးရာသင်္ကြန်နှစ်သစ်ကူးအခါသာမယမှာ မောင်လေးဖြစ်သူတပ်ချုပ်က အမဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံကို ရေလောင်းပက်ဖျန်းလိုက်ရင် အဲဒီအဖွဲ့တွေကြား အရှိန်လျှော့ကျသွားမှာ သေချာတယ်ဆိုတဲ့ အကြောင်းတင်ပြလိုပါတယ်။

၅၆။ အထက်တနေရာမှာ တင်ပြခဲ့တဲ့ ဆရာဦးကျော်ဝင်းရဲ့ မြန်မာလူမျိုးဓလေ့စရိုက်က (အဖြူ၊အမဲ) ၂ ခုသာ။  ကြိုက်ရင်မိတ်ဆွေ၊  မကြိုက်ရင်ရန်သူ လို့ သဘောထားတာရယ်။ အတိုက်အခံဆိုတဲ့ စကားလုံး
တောင် မကြိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်သားရဲ့သည်းခြေကြိုက် ရဲဘော်ရဲဘက်စိတ်များ ကိန်းအောင်းမွေးမြုကြဖို့ အစွန်းရောက် (မျိုးချစ်၊ အမျိုးသားရေးဝါဒီ၊ ဒီမို)တွေကို တိုက်တွန်းသလို ထိပ်သီး ၂ ဦး ဆက်ဆံရေးကောင်းအောင် မိမိတို့ရဲ့ အပြုအမူ၊ အပြောအဆိုများကို ပြန်လည်သုံးသပ် ပြင်ဆင်ပြီး Mind Set ချိန်းကာ အပြုသဘော ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(ပြီးပါပြီ)

Comments