မောင်စိန်သော် ● ကောင်းလင်း ကောင်းလန်းတိုက်ပွဲ သို့မဟုတ် (၄ - ၁၀၊ ၄ - ၃၀) တိုက်ပွဲစဉ် - အပိုင်း (၁)


မောင်စိန်သော် ● ကောင်းလင်း ကောင်းလန်းတိုက်ပွဲ သို့မဟုတ် (၄ - ၁၀၊ ၄ - ၃၀) တိုက်ပွဲစဉ် - အပိုင်း (၁)
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈

နယ်စပ် အခြေခံစခန်းများ၏ အချက်အခြာ ၀ နယ်ရှိ ပန်ဆန်း ပါတီဗဟိုသို့ဦးတည်၍ မဆလ စစ်အစိုးရက မင်းရန်အောင် အမည်နှင့် ထိုးစစ်ဆင်သည်။ ၎င်းထိုးစစ်အပြီး တလခွဲလောက်ကာလအတွင်း ထိုးစစ်၏ ဘယ်ညာစစ်မျက်နှာ အစွန်းနှစ်ဖက် သို့မဟုတ် တောင်ပံနှစ်ဖက်အား ပါတီခေါင်းဆောင်သည့် ပြည်သူ့တပ်မ တော်မှ ရိုက်ချိုးပစ်လိုက်သည်  (ပါခါးတိုက်ပွဲ၊ ထင်းရှူးတောင်တိုက်ပွဲနှင့် တပ်ရင်းချေမှုန်းရေး မန်ခါတိုက်ပွဲတို့ ဖြစ်သည်)။ ထိုတိုက်ပွဲများမှ ရန်သူသုံ့ပန်း အများအပြားဖမ်းဆီးရမိသည်၊ ရင်းမှူး၊ (အိုင်အို) ထောက်လှမ်း ရေးမှူးနှင့် ခွဲမှူးများ အပါအ၀င် အရာရှိ အရာခံ အကြပ်တပ်သား ရာချီဖမ်းမိခြင်းဖြစ်သည်။ စစ်၏ ရင်အုပ်ပိုင်း စစ်မျက်နှာများဖြစ်သော ရန်သူ တပ်မ ၇၇ နှင့် ၈၈ တို့အား ထိထိမိမိချေမှုန်းပစ်ရန် အရေးတကြီး လိုအပ်လာပြန် သည်။  မိမိတို့ရရှိထားသည့် မင်းရန်အောင်ထိုးစစ်၏ အတိုင်းအတာနှင့်ရည်ရွယ်ချက်သတင်းများကို ဖမ်းမိ သုံ့ပန်းများအား စစ်ဆေးမေးမြန်း သိရှိရချက်များဖြင့် စီစစ်အတည်ပြုနိုင်သည်။ ရန်သူက ထိုးစစ်ကို အဆင့်ခွဲ ထားသည်။ ပထမဆင့်တွင် တပ်မ ၇၇ သည် ပါတီအခြေခံဒေသ မော်ဖာနှင့် ယုန်အောဒေသအတွင်းမှ အရေး ပါသည့်စစ်နေရာများဖြစ်သော မွတ်နိုး၊ ပွိုင့် ၅၇၁၀၊ ၀မ်ကန်၊ ပန်ခါး၊ ပွိုင့် ၁၈၃၇ (၆၀၂၈)၊ မက်မန်း၊ တပ်ဗိုစံ(ဗိုစံကုန်း) စသည့် တောင်ကုန်းများအား သိမ်းယူ တပ်စွဲထားနိုင်သည်။ အခြေခံဒေသကျေးရွာတချို့ ရန်သူ့လက်အောက် ကျရောက်သွား၍ ကျေးရွာပြည်သူအများအပြား ပါတီ၏အခြေခံစခန်းဘက် ပြေးလာ ခိုဝင် နေကြရသည်။ ပြည်သူတချို့နှင့် ပြည်သူ့စစ်များ၊ ဒေသတပ်များ ပူးပေါင်း၍ ပြောက်ကျားစစ်နည်းနှင့် ရန်သူကို ခုခံတိုက်ခိုက်နေကြသည်။ အိုက်ဖလားခေါင်းဆောင်သည့် ကျေးရွာပြည်သူ့စစ် ပြောက်ကျားများနှင့် ၀တောင် ခရိုင်မှ တပ်ခွဲ ၄ သည်၊ ပြောက်ကျားတိုက်ပွဲ ရဲရင့်မှုဘက်မှာ နာမည်ရလာသည်။

ရန်သူ တပ်မ ၈၈ သည်လည်း ချိန်ကိုက် ပန်ဆန်းဧရိယာနှင့် ကျိုင်းတုံမြောက်ခြမ်းဒေသ၊ မိုင်းပေါက်ဧရိယာ၊ ၈၁၅ ဒေသ မိုင်းလားတို့နှင့် မြေပြင်ဆက်သွယ်မှုများ ဖြတ်တောက်ရန်ရည်ရွယ်ချက်ဖြင့် မိုင်းပေါက်ဘက် ဦးတည်သည့် ပန်ရောင်း-ပန်မာကောက်တိုက်ပွဲများ ပြင်းထန်သည်။ ပန်မာကောက်တောင်ကုန်းစခန်းတိုက်ပွဲ အား ရန်သူက ၇၆ မမ၊ ၁၂၀ မမနှင့် ၁၀၅ မမ အမြောက်ကြီးများသုံး၍ လေတပ်ကပါထောက်ကူပြီး ထိုးစစ်ဆင် သည်။ ပြည်သူ့တပ်မတော် တပ်မ ၆၈ သည် ကတုတ်ကျင်းအခိုင်အခံ့ဖြင့် အသေအလဲခုခံသည်။ ရန်သူသည် ရက်ပေါင်း ၄၀ ကြာ မရပ်မနားထိုးစစ်ဆင်သည့်တိုင် ပန်မာကောက်စခန်းကုန်းကို မသိမ်းနိုင်ဖြစ်နေသည်။ ပါတီ ဗဟိုမှ စစ်ရေးခေါင်းဆောင်များသည် ထောက်ပံ့ရေးလမ်းကြောင်း ရှည်လွန်းနေသော ပန်မာကောက်စခန်းအား လက်လွှတ်၍ နောက်တလှမ်းဆုတ် ခံစစ်ဆင်ရန် စဉ်းစားကြသေးသည်။ သို့သော် ပန်မာကောက်စခန်းမှ ရဲဘော် များသည် စခန်းကိုလက်မလွှတ်ဘဲ ရိက္ခာပြတ်နေသည်ကိုပင် ထမင်းနပ်ကျော်စား ခံစစ်ကို တောင့်ခံထားနိုင် သည်။ ရက်ပေါင်း ၄၀ ကျော်ခံစစ်တိုက်ပွဲအတွင်း ရန်သူ တပ်မ ၈၈ မှ သေကြေ ဒဏ်ရာရ အလွန်များပြား ကြောင်း သိရသည်။ တော်လှန်စစ်သမိုင်းတွင် စံချိန်တင်လောက်သည့် ခံစစ်တိုက်ပွဲများ ဖြစ်သည်။ ထိုစဉ်က ရန်သူ့အတွင်းပိုင်းညွှန်ကြားချက်တခုတွင် ဗကပ တပ်များသည် အလစ်အငိုက်ယူ၍ မိမိစခန်းများကို နာရီပိုင်း အတွင်း ချေမှုန်းတိုက်ခိုက် သိမ်းယူသွားနိုင်သည်၊ မိမိစစ်သည်များအနေနှင့် အချိန်များစွာယူ၍ လူအင်အား လက်နက်အင်အား ပုံအောတိုက်သည့်တိုင် ဗကပ စခန်းများ မသိမ်းပိုက်နိုင်ဖြစ်နေသည်ကို အလေးအနက်ထား သုံးသပ်ကြရန် လိုနေသည်ဟု ရန်သူထိပ်ပိုင်းမှ မကျေမနပ်ဖြစ်၍ အတွင်းပိုင်းညွှန်ကြားချက် ထုတ်ထားကြောင်း ကြားသိရသည်။ ရန်သူ တပ်မ ၈၈ ၏ တပ်မမှူးသည် လက်ရှိအာဏာရှင်ကြီး ဗိုလ်သန်းရွှေဖြစ်သည်။ ထိုကာလ က ရန်သူ အမတ ၄ မှ အရာရှိတယောက် ပြည်သူ့တပ်မတော်ဘက် ကူးပြောင်းလာမှုလည်းရှိသည်။

တော်လှန်စစ်ဆင်နွှဲနေသည့် ပြည်သူ့တပ်မတော်သည် ထိုစဉ်က တိုက်ခိုက်ရေးစိတ်ဓာတ်မြင့်မားနေသည်။ ရန်သူအခြေအနေမှာ ချေမှုန်းခံထားရသည့်တိုက်ပွဲများကြောင့် တပ်တွင်းဂယက်ရိုက်ခတ်မှု မကောင်းဖြစ်နေ ကြောင်း ကြားသိနေရသည်။ မည်သို့ပင်ဖြစ်စေ ရန်သူ့တပ်သည် အာဏာရအစိုးရ၏ ပုံမှန်တပ်ဖြစ်၍ မိမိထက် အင်အား အဆမတန်ကြီးမားသည်၊ လက်နက်တပ်ဆင်မှုဘက်တွင်လည်း မိမိထက် အစစအရာရာ သာလွန်မှုရှိ သည်။ လေတပ်အကူအညီ ပေါင်းစပ်စစ်ဆင်မှု လုပ်နိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားမိရန်လိုသည်။ ပြည်သူ့တပ်မတော်၏ အားသာချက်မှာ မွန်မြတ်သည့်တော်လှန်ရေးစိတ်ဓာတ်ဖြင့် အနစ်နာခံ ကိုယ်ကျိုးစွန့် လွှတ်ရဲသည့်ယုံကြည်ချက်ဖြင့် ပြည်သူ့စစ်ပွဲဆင်နွှဲခြင်းဖြစ်သည်။ ပြောက်ကျားအခြေခံဒေသနှင့် တည်ငြိမ်သည့် အခြေခံဒေသများ တည်ဆောက်၍ ပြည်သူကိုလှုံ့ဆော်စည်းရုံး တိုက်ရခြင်းဖြစ်သည်။ တော်လှန်ရေးစစ်ပွဲ၏ သေနင်္ဂဗျူဟာနှင့်နည်းပရိယာယ်ကို လက်တွေ့တိုက်ပွဲများဖြင့် ပေါင်းစပ်နိုင်သည့် စစ်ရေးအမြင်ရှိရန်လိုသည်။ ဒီမိုကရေစီနှင့်ဗဟိုချုပ်ကိုင်မှုအောက်မှာ အမိန့်နာခံမှုရှိသည့် တပ်တည်ဆောက် ပညာပေးရေး အရေးကြီးသည်။ တယောက်တပေါက်ဖြစ်နေသည့် တပ်နှင့် စစ်တိုက်၍မရပါ။ တိုက်ပွဲနိဂုံးချုပ်လုပ် တိုက်ပွဲအတွေ့အကြုံများ သင်္ခန်းစာယူ၍ ဝေဖန်ရေးနှင့် မိမိကိုယ်ဝေဖန်ရေး မလုပ်မဖြစ်လုပ်ကြရသည်။  

ရန်သူထိုးစစ်၏ ညာတောင်ပံ ရိုက်ချိုးသည့် မန်ခါ တပ်ရင်းချေမှုန်းရေးတိုက်ပွဲ တိုက်ပြီး သုံးလခန့်အတော အတွင်း ပြည်သူ့တပ်မတော် ရွှေ့ပြောင်းနေရာချထားမှုနှင့် တပ်တွင်းပညာပေးဆွေးနွေးပွဲများ လုပ်ကြရသည်။ တပ်များ အနားပေးထားသော်လည်း ကိုယ့်ရိက္ခာကိုတော့ ထမ်းကြရသည်။ တပ်အင်အား စုစည်းမှုလုပ်ထား၍ ရိက္ခာအခက်အခဲ တပ်တချို့ ငတ်တလှည့် ပြတ်တလှည့် ကြုံရသည်များကြားရသည်။ ထိုးစစ်ရင်အုပ်ပိုင်း တပ်မ ၇၇ ထိုးသည့်စစ်မျက်နှာဘက် သွားရာလမ်းဆုံမှာ ပန်ပွဲ ဆိုသည့် ရှမ်းရွာဖြစ်သည်။ ပန်ဆန်းနှင့် မော်တော်ကား လမ်း ဖောက်ထားသည်။ ကားလမ်းတိုဖြစ်သည်၊ ပန်ပွဲ မရောက်မီ နမ့်ပန်ချောင်းအထိသာ ကားသွားနိုင်သည်။ ချောင်းရေသည် ကြည်လင်အေးမြ၍ တသွင်သွင်စီးဆင်းနေသည်။ ယာယီချောင်းကူးတံတားတခု ထိုးထား သည်။ ချောင်းကမ်းနှစ်ဖက်ခွလျက် ရိက္ခာဂိုဒေါင်များဆောက်၊ ဆန်ရိက္ခာများ၊ ကျည်ဆန်၊ ခဲယမ်းများ စုပုံထား သည်။ မိမိဘက် မော်ဖာ၊ ယုန်အောဒေသသို့ ပို့ရန်ဖြစ်သည်။ ရန်သူတပ်မ ၇၇ သိမ်းပိုက်ခံထားရသော မော်ဖာ၊ ယုန်အောဘက်မှ စခန်းများပြန်သိမ်းရေး တပ်မှူးတချို့က တောင်းဆိုသည်များလည်းရှိသည်။ ရန်သူနှင့် တော် လှန်ရေးတပ်ဖွဲ့များ ယှဉ်ပြိုင်မှုမှာ နဂါးမင်းနှင့်သူတောင်းစား ယှဉ်ပြိုင်မှုမျိုးဖြစ်၍ တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် ဆင်ကန်းတောတိုး တဇွတ်ထိုးလုပ်၍မဖြစ်။ မိမိအင်အား အရင်းအနှီးအပေါ် ချိန်ဆတွက်ချက်ရမည်။ ရန်သူ့သက်ရှိအင်အား ချေမှုန်းရေးကိုဦးစားပေး၍ နေရာယူစစ်ကို မလွှဲမရှောင်သာမှ တိုက်ရမည်ဟု ပါတီ၏ စစ်ရေးလမ်းစဉ်က လမ်းညွှန်ထားသည်။ တပ်မ ၄၈ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း (ပါတီဗဟိုကော်မတီဝင်) သည် ရှေ့တန်းစစ်မြေပြင်ကွပ်ကဲရေး စစ်ဦးစီးရုံးမှာ တပ်ဖွဲ့များနှင့်အတူ ရှေ့တန်းမှာရှိနေသည်။

၁၉၈၀ ခုနှစ် မတ်လကုန်လောက်တွင် ကျွန်တော်တို့ ၁၂၀ မမလက်နက်ကြီးတပ်ဖွဲ့ ပန်ပွဲရောက်နေကြပြီ။ ဧပြီလ ၂ ရက်လောက်မှာ ကျွန်တော်တို့ ပန်ပွဲမှစထွက်သည်။ နားမွန်း ဆိုသည့် ရှမ်းရွာတွင် တပ်ဖွဲ့ပေါင်းစုံ စုရုံးမိကြ သည်။ ထိုနားမွန်းရွာမှာပင် ဒေါက်တာလှကျော်ဇောတို့ပါဝင်တဲ့ ရှေ့တန်းဆေးရုံ ဖွင့်ထားသည်။ တိုက်ပွဲကြီးတပွဲ တိုက်ရန် ပြင်ဆင်မှုများဖြစ်သည်။ ပန်ဆန်းကို ခြိမ်းခြောက်နေသည့် ရန်သူတပ်မ ၇၇ ကို ထိထိမိမိချေမှုန်းရန်၊ တချိန်တည်း ပါတီဒုဥက္ကဋ္ဌရဲဘော်ခင်မောင်ကြီး ခေါင်းဆောင်သည့် အလယ်ပိုင်းဗဟိုဌာနခွဲရုံးအဖွဲ့ (အလယ်ပိုင်း ဗျူရို) နှင့် တပ်တချို့ သံလွင်မြစ်ဖြတ်ကူးရေးတွင် အတားအဆီးဖြစ်နေပြန်သည့် တပ်မ ၇၇ ကို မိမိထိုးစစ်ဖြင့် လမ်းရှင်းဖယ်ရှားပစ်ရေးပါ ရည်ရွယ်သည်။ ဗဟိုကော်မတီ ရဲဘော်သန်းလွင်ထွန်း ဦးစီး၍ ဒေသကေဒါများ၊ ဒေသတပ်များနှင့် ပြည်သူ့စစ်များကို စည်းရုံးရေးလုပ်သည့် အလုပ်အဖွဲ့လည်း ထိုဒေသတ၀ိုက်တွင် လှုပ်ရှားနေ သည်။ ထိုအဖွဲ့တွင် ရဲဘော်အောင်လွင်နှင့် ရဲဘော်မင်းသိန်း တို့လည်းပါသည်။ ၁၉၈၀ ခု ဧပြီလ ၅ ရက် ၆ ရက် လောက်ဖြစ်လိမ့်မည်။ ကျွန်တော်တို့တပ်ဖွဲ့တွေ နားမွန်းရွာမှထွက်ခွာမည့်ဆဲဆဲ ညနေပိုင်းမှာ ပါတီ၏မြောက် ပိုင်းဗျူရိုတပ်မှ ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းကောင်းကြားရ သည်။ ရန်သူ ကချင် ၃ တပ်ရင်း၊ မူဆယ်မှာ ရင်းမှူးပါချေမှုန်းခံရကြောင်း သိရသည်။ မိမိဘက်မှပြန်ထိုးသည့် ချိန်ကိုက်တိုက်ပွဲများ စတိုက်ပြီဟု နားလည်လိုက်သည်။ ကျွန်တော်တို့ တပ်ထွက်ခါနီး အားတက်သွားသည်။ အသင့်ပြင်ဆင် ရှေ့သို့ချီတက်ကြသည်၊ နောက်နေ့တွင် ပုံဆန် ဟုခေါ်သော ရှမ်းရွာလေးတရွာအနီး ရောက် သည်။ စမ်းချောင်းလေးအနီးမှာ ကျွန်တော်တို့ စခန်းချကြသည်။ လူအင်အား ၆၀ - ၇၀ခန့်ရှိသည်။ အခြားသော ပြည်သူ့တပ်မတော် ခြေလျင်တပ်များ တောင်ကြောတလျှောက် တဖွဲဖွဲချီတက်နေကြသည်။ ရဲဘော်အောင်ငွေ ခေါင်းဆောင်သည့် ကျွန်တော်တို့အဖွဲ့တွင် တပ်မ ၄၈ အမြောက်တပ်နိုင်ငံရေးမှူး ရဲဘော်ဦးတင်မြင့်လည်း လာ ရောက်ပူးပေါင်းနေသည်။ အဖွဲ့ဝင်များအဖြစ် ရဲဘော်နေနိုင်၊ ရဲဘော်မြင့်ထွန်း၊ ရဲဘော်ကျော်လေး၊ ရဲဘော်ကျော် ဆိုင်၊ ရဲဘော်ထွန်းခိုင်၊ အောင်ဘန်း၊ လှဆွေတို့လည်းပါဝင်ကြသည်။ အခြားရဲဘော်တချို့ အမည်မမှတ်မိတော့ ပါ၊ တပ်မရုံးမှ ရဲဘော်ခိုင်အောင်လည်း မကြာမကြာလာလည်တတ်သည်။ မင်းရန်အောင်ထိုးစစ်၏ လက်သီးဟု ဆိုရမည့် ရန်သူတပ်မ ၇၇ ကို ထိုးနှက်ရန်အတွက်၊ မိမိအဓိကတပ် တပ်မ ၄၈ လှုပ်ရှားမှုများ ရန်သူ မရိပ်မိစေ ရေး ယုန်အောဘက်မှာ ပြောက်ကျားနည်းသုံး ရောင်ပြလှုပ်ရှားနေကြသည်လည်းရှိသည်။

၁၉၈၀ ခု ဧပြီလ ၉ ရက်ညနေမှစ၍ တိုက်ပွဲဝင်မည့်တပ်ဖွဲ့များ လုံနောက်တောင်ကြော ဦးတည်ပြီး စတင်ချီတက် သည်။ အဆင်းခက်ခက် အတက်ကြမ်းကြမ်း တောင်ကြောများဖြစ်သည်။ စက်သေနတ်ကြီးနှင့် အမြောက်ဆန် များတင်သည့် မြင်းလားများပါလာ၍ အသံလုံခြုံမှုရှိရန် သတိနှင့်သွားလာနေကြရသည်။ ညနေ ၁၉.၀၀ ချိန်ခန့် လုံနောက်နှင့် တွယ်နောက် တောင်ကြောအခြေလောက် ရောက်နေသည်ဟုထင်သည်။ တပ်ဖွဲ့များအားလုံး ခေတ္တအနားယူ အမောဖြေနေကြသည်။ ကြိုတင်ထုတ်ယူလာသော ထမင်းထုပ်များ ဖြေစားနေစဉ် တပ်ရှေ့ပိုင်း တောင်ဇောင်းလေးတခုအနားရှိ ညောင်ပင်လေးအနီးတွင် မြင်းထိန်းရဲဘော်တယောက် နင်းမိုင်းတလုံး နင်းမိ ပေါက်ကွဲသွားသည်။ ဒိန်းခနဲပေါက်ကွဲသံကြီးအပြီး ရဲဘော်လေး၏အော်ဟစ်ညည်းညူသံများ ကြားနေရသည်။ ဆေးတပ်ရဲဘော်များ ၀ိုင်းဝန်းကယ်တင်သော်လည်း မရတော့ပါ။ ဒဏ်ရာပြင်းထန်လွန်း၍ ကျဆုံးသွားသည်။ မြင်းနှစ်ကောင်ပါ မိုင်းစ စင်မှန် ဒဏ်ရာရသွားသည်။ မိုင်းကွဲသံကြောင့် ရန်သူလှုပ်ရှားမှု ထူးခြားချက်ရှိမရှိ ရှေ့ပြေးရဲဘော်များ ဂရုစိုက်ထောက်လှမ်းကြရသည်။ ထူးခြားမှုမတွေ့၍ ထိုည တပ်ဖွဲ့များ ဆက်လက်ချီတက် လာခဲ့ရာ လုံနောက် ဟုခေါ်သော ၀ ရွာအနီး ရောက်လာကြသည်။ ထိုည ဘုန်းကြီးကျောင်းအနီး တောစပ်တွင် ကျွန်တော်တို့ စခန်းချညအိပ်သည်။ ထမင်းထုပ်များသိုးနေသည်ကို ကျွန်တော်စားမိ၍ အန်ထုတ်နေရပြီး တည လုံး နေလို့မကောင်း မူးနောက်နေသည်။ ဘုန်းကြီးကျောင်းဟောင်းကြီးအတွင်း နောက်နေ့များမှ ၀င်ကြည့်မိရာ အံ့သြဖွယ် ဗုဒ္ဓရုပ်ပွားတော်ကြီးများကို ဖူးတွေ့ရသည်။ တောင်တန်းဒေသ ၀ နယ် အခေါင်အဖျားမှာ ရှေးခေတ် ဘုရားရုပ်ပွားတော်များ တွေ့ရ၍ အံ့သြမိခြင်းဖြစ်သည်။ လုံနောက်ရွာမှ ပြည်သူများ ရွာမှာမအိပ်ရဲကြပါ။ ကောင်းလင်းရွာဘက်ရှိ ရန်သူများ လာရောက်လှုပ်ရှားလေ့ရှိသဖြင့် ရွာသူရွာသားများ တောင်ယာတောများ တွင် ပုန်းရှောင်နေကြရသည်။ လုံနောက်တောင်ကြောမှ လျှိုမြောင်တခုဆင်း၍ တောင်ဘက်ဆက်တက်လျှင် တွယ်နောက်တောင်ကြောရောက်သည်။ တွယ်နောက်တောင်ကြောပေါ်မှ ပြင်ဆင်ပြီး လက်နက်ကြီးချထားမည့် နေရာသို့ ဧပြီလ ၁၀ ရက် မိုးမလင်းမီရောက်သည်။ ရှေ့တွင်ရှိ လျှိုတခုခြားနေသော နောက်တောင်ကြောတခု ပေါ်မှာ ကောင်းလင်း ခေါ်သည့် ၀ ရွာရှိသည်။ ကောင်းလင်းရွာဘက်က ရန်သူ့စခန်းကို မိမိတို့ ၁၂၀ မမများ ချိန်ရွယ်ပြင်ဆင်ထားကြသည်။ တပ်မ ၄၈ မှ လက်နက်ကြီးများလည်း သူ့တာဝန်နှင့်သူ အသင့်နေရာယူ ထားကြပြီ။

ခန့်မှန်း ၀၄.၀၀ ချိန်လောက်ဖြစ်မည်။ ကောင်းလင်း ရန်သူ့စခန်းကို လက်နက်ကြီးစတင်ပစ်သည်။ အဆက် မပြတ်ပစ်လွှတ် ပေါက်ကွဲနေသော အမြောက်ကျည်ဆန်များ အစပိုင်းတွင် အဓိကပစ်မှတ်မထိဘဲဖြစ်နေသည်။ ချိန်ခွက်ကို ပြန်ချိန်ပစ်မှ ထိရောက်မှုကောင်းသွားသည်။ ရန်သူကလည်း အမြောက်များနှင့် ပြန်ပစ်သည်။ မိမိ အမြောက်တပ်မှ ရန်သူ့အမြောက်ကို တုံ့ပြန်ပစ်ခတ်၍ မလှုပ်နိုင်အောင်ဖိထားပေးသည်။ ရန်သူ့စခန်းတခုနှင့် တခု တပ်ကူမပေးနိုင်ရန် မိမိတပ်မှကြိုတင်ဖြတ်တောက် ပိတ်ဆို့ထားပြီး ကောင်းလင်းရှိ ရန်သူ့စခန်းတခုတည်း အား ၀ိုင်းပတ်ချေမှုန်းသည်။ ပထမတွင် ရန်သူ့စခန်းအား လက်နက်ကြီးများပစ် ကြေမွသွားအောင် မီးအားဖိပေး လိုက်သည်၊ မိမိခြေလျင်တပ်မှ မီးကျည်ပစ် အချက်ပေးလိုက်၍ လက်နက်ကြီးများ ချက်ချင်းရပ်ပစ်လိုက်သည်။ ခဏအကြာ လက်နက်ငယ်ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ မိမိ တပ်မ ၄၈ ၏ ၇၀၁ တပ်ရင်း မှ ကောင်းလင်းစခန်းကို မုန်တိုင်းထိုးသည်။ တချီတည်းနှင့် စခန်းသိမ်းမရ၊ ထင်တာထက် အချိန်ပိုကြာနေသည်။ တမနက်ခင်းကုန်တော့မည်၊ ဒဏ်ရာရရဲဘော်လည်း များနေပြီ၊ နောက်ပိုင်းသို့ ထမ်းထုတ်လာသည်ကို ကျွန်တော်တို့ တွေ့နေရသည်။ နေ့လည် ၁၂ နာရီနောက်ပိုင်းမှ ကောင်းလင်းစခန်း သိမ်းရတော့သည်။ သံလွင် မြစ်ဘက်မှ မော်ဖာခွင် တက်လာလျှင် ဘယ်ဘက်ခြမ်းရှိ ကောင်းလင်းသည် ကာကင်းစခန်းဖြစ်၍ ခံကတုတ် အခိုင်အခံ့ဖြင့် ခြံစည်းရိုးကြိုးစားလိုက်၊ ရန်သူကဆီးပစ်လိုက် ဖြစ်နေ၍ ထိခိုက်ဒဏ်ရာရမှု များသွားရသည်။ နောက်ဆုံး မိမိရဲဘော်အကျဆုံးခံကာ ဆီးပစ်နေသည့်ကတုတ် ရအောင်ဖြိုပစ်မှ စခန်းကိုသိမ်းနိုင်တော့သည်။ စခန်းပေါ်မှာ အရာရှိအပါအ၀င် အလောင်း ၅- ၆ လောင်းသာ တွေ့ရှိရပြီး စက်လတ်တလက်နှင့် လက်နက်မျိုးစုံ ခဲယမ်းတချို့ သိမ်းပိုက်ရသည်။ စခန်းပေါ်မှဆင်းပြေးသူများနှင့် ရေဆင်းခပ်ရာလမ်းမှ ရန်သူတချို့ သုံ့ပန်းအဖြစ် ဖမ်းမိသည်။ တပ်မ ၇၇ ၏ လက်အောက်ခံ ခမရ ၁၀၅ တပ်ရင်းမှ ပွဲဦးထွက် အချေမှုန်းခံရခြင်းဖြစ်သည်။ ဤ ခမရ ၁၀၅ ၏ကာကင်းစခန်းသည် သံလွင်မြစ်ကူး၊ ကူးတို့ဆိပ်သွားလမ်းကြောင်းလုံခြုံရေး အရေးပါသောစခန်း ဖြစ်သည်။
0