မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၃)



မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၃)
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
နမ့်လင်း (သို့မဟုတ်) ပွိုင့် ၄၅၆၁ နှင့် တိုက်ပွဲစီမံချက်

၁၉၇၇ ခုနှစ် ၁၉၇၈ ခုနှစ်များအတွင်း နမ့်ခမ်း၊ ဆယ်လန့်တကြောတိုက်ပွဲများတွင် မိမိပါဝင်ခဲ့ရသဖြင့် လူတဦးချင်းအားဖြင့် စိတ်ကြီးဝင်မိသော်လည်း အရှေ့မြောက်စစ်ဒေသတိုက်ပွဲကြီးများနှင့် နှိုင်းစာလျှင် ထိုတိုက်ပွဲငယ်များမှ ပြောပလောက်သည် မဟုတ်ပါ။ သာမြင်ညောင်ညမျှသာဖြစ်ပေသည်။ မိမိတို့ တပ်မဟာ ၂ ရောက်ချိန် စတင်ကြားခဲ့ရသည့်တိုက်ပွဲမှာ မိမိ မ ရောက်မီ တပ်မဟာ ၂ ကဆင်နွှဲခဲ့သည့် နမ့်လင်းတိုက်ပွဲဖြစ်သည်။

မူစယ် နောက်ကျောဖက် စိုးမိုးထားသော ထိုတောင်ကုန်းအား ဒေသခံတို့ကတော့ နမ့်လင်းဟုခေါ်သည်။ အစိုးရတပ်ကတော့ ပွိုင့် ၄၅၆၁ ဟုခေါ်သည်။ မိမိတို့ဘက်ကတော့ နမ့်လင်းဟုသာခေါ်ကြသော်လည်း မြေပုံညွှန်းအရ ပွိုင့် ၁၃၈၆ ဟုခေါ်သည်။ ဤသို့ကွဲလွဲခြင်းမှာ နှစ်ဖက်သုံးစွဲသည့် စစ်သုံးမြေပုံစနစ်ချင်း မတူကြ၍ဖြစ်သည်။ အစိုးရတပ်ဘက်က တစ်အချိုး ခြောက် သောင်းကျော်ရှိသည့် FPS စနစ်သုံးသည့် မြေပုံကို သုံးစွဲသည်။ CPB ဘက်ကတစ်အချိုး တသိန်းရှိသည့် CGS စနစ်သုံးသည့် မြေပုံကို သုံးစွဲသည်။ FPSစနစ်သုံးမြေပုံများ၌ တောင်များအမြင့်ကို ပေဖြင့်ပြ၍ CGS စနစ်သုံးမြေပုံများ၌ တောင်အမြင့်ကို မီတာဖြင့်ပြသည်။ ထို့ကြောင့် အလွယ်တန်းညှိလျင် မိမိတို့စစ်သုံးမြေပုံပြ တောင်ကုန်းအမြင့်ကို သုံးနှင့်မြှောက်လျင် တဖက က ပေနှင့်သုံးသည့်တောင်ကုန်းအမြင့်ကို အနီးစပ်ဆုံးရသည်။

ထိုစဉ်က မူစယ်ဒေသတွင် အစိုးရတပ်ဖွဲ့များ အဓိကစိုးမိုးထားသည့် နာမည်ကြီးတောင်ကုန်း ၂ ခုရှိသည်။ တခုက မူစယ်ရှေ့ မလှမ်းမကမ်းရှိ ပွိုင့် ၃၁၂၇ ဖြစ်သည်။ ဒေသခံတို့ကတော့ လွယ်တိန့်ခန်းဟု ခေါ်သည်။ မူစယ်နှင့် ကြူကုတ်ပန်ဆိုင်း ကြားတွင်ရှိသည် မူစယ်ကာကွယ်ရေးအတွက် အရေးပါသည့်တောင်ကုန်းဖြစ်သည်။ မူစယ်အနီး ရွှေလီမြစ်ဘေးတွင်ရှိသည်။ နောက်တကုန်းကတော့ နမ့်လင်းကုန်းဖြစ်ပြီး မူစယ်ဒေသတခုလုံးကို စိုးမိုးထားသည်။ ထိုတောင်ကုန်းများတွင် အစိုးရတပ် ကလက်နက်ကြီးတပ်ဖွဲ့များချထားပြီး ပတ်ဝန်းကျင်ကို ထိမ်းချုပ်နိုင်ရန် ဆောင်ရွက်ထားသည်။

၁၉၇၅ ဇန္နဝါရီလထဲတွင် ထိုနမ့်လင်တောင်ကုန်းကို တိုက်ခိုက်ခဲ့သည်။ ၁၉၇၅ ခုနှစ်မတ်လ ၁၅ ရက်နေ့ ပဲခူးရိုးမ၌ ပါတီ ဥက္ကဌသခင်ဇင်နှင့် အတွင်းရေးမှူးသခင်ချစ်တို့မကျဆုံးမီ လပိုင်းအတွင်း ဇန္နဝါရီလ ၂၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲဖြစ်သည်။ ၁၉၇၅ ခုနှစ် နှစ်ဆန်းတွင် ပါတီဗဟိုခွဲမှတပ်မဟာ ၂ တာဝန်တရပ် ပေးအပ်ခဲ့သည်။ ထိုတာဝန်မှာ  ...

၁။ အစိုးရတပ်အများစုကို တပ်မဟာ (၂) ဒေသသို့ ဆွဲခေါ်ယူရေး။
၂။ (၂) လအတွင်း အနည်းဆုံး တပ်ခွဲတခွဲ ချေမှုန်းနိုင်ရေး။
၃။ နမ့်ကျွမ်းဒေသ လွတ်မြောက်ရေးတို့ဖြစ်သည်။
(နမ့်ကျွမ်းဒေသမှာ တာမိုးညဲအရှေ့ဖက် မုန်းစီး နားလယ်ဒေသ အနီးတွင်ရှိသည်။

ထိုတာဝန်ကို အကောင်အထည်ဖေါ်ရန် တပ်မဟာ (၂) ပါတီကော်မတီသည် တိုက်ပွဲစီမံချက် (၃) ခု ရေးဆွဲတင်ပြခဲ့ကြသည်။ ထိုအထဲမှ နမ့်လင်းစခန်းကို တိုက်ခိုက်ခြင်းသည် ဒေသတခုလုံးကို ကြီးစွာဂယက်ရိုက်မည်။ ကြီးစွာအကျိုးအမြတ်ရမည်ဟု ယူဆခဲ့ကြသည်။ နမ့်လင်းတွင် စစ်ကြောင်းရုံးရှိပြီး ဗဟိုချက်မဌာနအဖြစ် ခံကတုတ်အခိုင်အမာရှိသော်လည်း သတိပေါ့လျော့ သောနေရာဖြစ်သည်။ အကယ်၍ မမျှော်လင့်သောအချိန်၌ နမ့်လင်းစခန်းကို သိမ်းယူနိုင်ပါက မူစယ် မိုင်းယု (၁၀၅) မိုင် ရှိ တပ်စခန်းများကို တိုက်ရိုက်ခြိမ်းခြောက်နိုင်၍ အစိုးရတပ်ကူအများအပြားကို ဆွဲယူနိုင်မည်ဟု တွက်ဆကြရာ နမ်လင်းစခန်း အားတိုက်ခိုက်ရန် ပါတီဗဟို အထူးဌာနခွဲ၏ ခွင့်ပြုမိန့်ရရှိခဲ့သည်။

ပွို င့် ၄၅၆၁ ခေါ် နမ့်လင်းတောင်ကြောသည် ၁၀၅ မိုင် ကားလမ်း အနောက်တောင်ဖက်တွင် တောင်မြောက်သွယ်တန်းနေသော တောင်ကြောဖြစ်သည်။ မြောက်ဖက်အစွန်တောင်ကြောမှ မူစယ်သို့ ကားလမ်းဖောက်ထားသည်။ ထိုတောင်ကြောရှိ အစိုးရ တပ်အခြေအနေအား တပ်မဟာ ၂ ဖက်မှထောက်လှမ်းရရှိမှုမှာ ရှေ့တန်းတပ်မ ၉၉ လက်အောက်ခံ ခလရ ၄ ဒုရင်းမှူးမှူး တင်စိန်ဦးစီးကာ နည်းဗျူဟာ ၉၉၂ မှ ကင်းတပ်ခွဲတခွဲ၊ စက်ကြီး ၁ လက်၊ ၁၀၃ အမြောက်တပ်ရင်းမှ တပ်စုတစု နေရာ ယူထားပြီး ၇၆ . ၂ မမ အမြောက် ၄ လက်ရှိပြီး စုစုပေါင်း အင်အား ၁၀၀ ကျော်ရှိသည်ဟူ၍ဖြစ်သည်။ ၎င်းပြင် ခလရ ၄ မှ တပ်ခွဲ ၂ ခွဲသည် မော်တောင်းနှင့် မိုင်းယုကြား ကားလမ်းတဖက်တချက်တွင်တပ်စွဲထားပြီး ခံစစ်ကို အဓိကထားကာ ကား လမ်းတလျောက်ကို စိုးမိုးထားသည်။

နမ့်လင်းတောင်ကြော၌ တောင်ကုန်းငယ် ၄ ခုရှိသည်။ တကုန်းချင်းအားဖြင့် ၁၀ မီတာခန့်ကျယ်ပြီး စုစုပေါင်းအလျား မီတာ ၅၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ တောင်မှမြောက်ဖက်သို့ တောင်ကုန်းအမှတ် ၁၊ ၃၊ ၂၊ ၄ ဟူ၍ CPB ဘက်မှ အမည် သတ်မှတ်လိုက်သည်။ ထောက်လှမ်းမှုများအရ အမှတ် ၁ ကုန်းသည် အကြီးဆုံးစခန်းဖြစ်ပြီး စက်ကြီးတလက်ရှိသည်။ အ မှတ် ၃ သည် အမိန့်ပေးဌာနဖြစ်သည်။ အမှတ် ၂ သည် အမြောက်တပ်ဖြစ်သည်။ ထိုနေရာနှစ်ခုကြား လိုက်ကျင်းများ ဆက်သွယ်ရေးတူးမြောင်းများဖြင့်ဆက်သွယ်ထားသည်။ အမှတ် ၄ သည် နောက်ပိုင်းကာကွယ်ရေးဖြစ်သည်။တောင်ကုန်းတိုင်းတွင် ဘန်ကာ ကတုတ်ကျင်းများ ဆက်သွယ်ရေးမြောင်းများရှိသည်။ စခန်းအားလုံး သံဆူးကြိုးကာထားပြီး အဝင် အထွက် နေရာတွင်လည်း သံဆူးကြိုးတထပ် ထပ်ပြန်ကာထားသည်။ စခန်းတခုလုံး အဝိုင်းပုံသဏ္ဌာန်နေရာယူထားသည်။

နောက်ဆုံး ကင်းထောက်ရဲဘော်များ၏ အစီရင်ခံချက်များအပေါ်တွင်အခြေပြု၍ ၁၉၇၅ ခုနှစ် ဇန္နဝါရီလ ၂၁ ရက်နေ့ အရုဏ် တက်ချိန် ၅ နာရီခန့်တွင် နမ့်လင်းစခန်း၏ အနောက်တောင်ဖက်နှင့် အရှေ့မြောက်ဖက်မှနေရာယူ၍ အမှတ် ၄ နှင့် အမှတ် ၁ စခန်းများကို လက်နက်ကြီးပစ်ကူနှင့်ပေါင်းစပ်၍ တိုက်ခိုက်ထိုးဖောက်ရန်၊ အကယ်၍ မထိုးဖောက်နိုင်ပါက ထိုစခန်းအား ရက်အချို့ဝိုင်းထားပြီး လာမည့်စစ်ကူ တစိတ်တပိုင်းအား ချေမှုန်းရန် တပ်မဟာ ၂ ပါတီကော်မတီမှ ဆုံးဖြတ်ခဲ့သည်။

CPB တပ်မဟာ ၂ မှ နမ့်လင်းစခန်းအား တိုက်ခိုက်ရန် ရင်း ၁၀၇၊ ရင်း ၃၀၃၇၊ ရင်း ၃၀၃၁ နှင့် အမြောက်တပ်ခွဲတို့ကို အသုံးပြု ပြီး စစ်မြေပြင်တပ်မှူးအဖြစ် တပ်မဟာ ၂ မှူးစောထွန်းတင်ကိုယ်တိုင်လိုက်ပါဦးစီးသည်။တပ်နေရာချမှုမှာ ရင်း ၁၀၇ မှ တပ်ခွဲ ၂ အား နမ့်လင်းစခန်း အနောက်တောင်ဖက်မှချဉ်းကပ်၍ အမှတ် ၄ တောင်ကုန်းအား ထိုးဖေါက်တိုက်ခိုက်ရန် တာ ဝန်ပေးပြီး ဘဇူကာ ( ၄၀ မမ လောင်ချာ) ၄ လက် တပ်ဆင်ပေးသည်။ ရင်း ၃၀၃၇ (ရင်း ၃) နှင့် ရင်း ၃၀၃၁ (အထူးတပ်ရင်း) မှ တပ်ခွဲ ၂ အား အမှတ် ၁ ကုန်းအား အရှေ့မြောက်ဖက်မှ ထိုးဖေါက်တိုက်ခိုက်ရန်တာဝန်ပေးပြီး ဘဇူကာ ၅ လက်တပ် ဆင်ပေးသည်။ ရင်း ၁၀၇ မှ ခွဲ ၃ နှင့် ရင်း ၃ မှ ခွဲ ၁ တို့အား တပ်မဟာ ၂ ဌနခွဲ အရံအဖြစ်ထားသည်။

တချိန်တည်းတွင် ရင်း ၃၀၃၃ ( ရင်း ၁) နှင့် အမှတ် ၅ တပ်ဖွဲ့အား လွယ်စံထားတောင်တွင် နေရာယူစေပြီး ကွတ်ခိုင်မှလာသော စစ်ကူအား ဖြတ်တောက်တိုက်ခိုက်ရန်၊ ကားလမ်းတွင် အလစ်တိုက်ရန်နှင့် တပ်တစိတ် တပိုင်းဖြင့် မော်တောင်းစခန်းအား တိုက်ခိုက်ရန်အပြင် နမ့်လင်းစခန်းအားတိုက်ခိုက်နေသော အဓိကတပ်ဖွဲ့များ နောက်ပိုင်းလုံခြုံ ရေးနှင့် ဆက်သွယ်ရေးတို့ကို အာမခံရန် တာဝန်ပေးခဲ့သည်။ ထို့ပြင် နမ့်ခမ်းခရိုင်တပ်ဖြစ်သည့် ရင်း ၈၀၁ အား ဆယ်လန့်စခန်းအားဝိုင်းထားရန် နှင့် တပ်မဟာ ၂ မှ အယောင်ဆောင်တပ်ဖွဲ့ငယ်တခုစေလွှတ်၍ မူစယ်မြို့ အား အလစ်အငိုက် ဝင်ရောက်ခိုက်ရန် စီစဉ်ထားခဲ့သည်။ မူစယ်မြို့ပတ်ပတ်လည်ရှိ တပ်စခန်းများ ဆက်သွယ်ရေးလမ်းကြောင်းများတလျောက် တိုက်ပွဲသံညံစေမည့် စစ်ဆင်ရေး စီမံချက်ဖြစ်ပေသည်။

တောခြောက်သော ညနမ့်လင်းတိုက်ပွဲ စစ်ဆင်ရေးစီမံချက်တွင်ပါဝင်သော တပ်ရင်းတပ်ဖွဲ့အားလုံးသည် တပ်မဟာမှူး ရဲ ဘော်စောထွန်းတင်ဦးစီးပြီး မတ်လ ၁၉ ရက်ညတွင် ရည်မှန်းချက်အသီးသီးသို့ ထွက်ခွာကြသည်။ တပ်မဟာ ၂ နိုင်ငံရေးမှူးရဲဘော်အင်ဖန်းဂမ်ကတော့ နောက်တန်းကွပ်ကဲညွှန်ကြားမှု တာဝန်ယူသည်။

တိတ်ဆိတ်သောညတွင် အသံလုံ ခြေလုံဖြင့် တပ်မဟာ ၂ ရဲဘော်များချီ တက်ကြသည်။ လက်နှိပ်ဓါတ်မီးသုံးခွင့်မရှိပေ။ တောတောင်ထဲတွင် လူရာနှင့်ချီ သောတပ်ဖွဲ့တခုက ရဲဘော်များ လက်နှိပ်ဓါတ်မီးသုံးပြီး ချီတက်ပါကတောတောင်တလျောက် ဘုရားစောင်းတန်း မီးထွန်းထားသကဲ့သို့ ထိန်လင်းနေပြီး လျင်မြန်စွာသတင်းပေါက်ကြားမည်ဖြစ်ရာ အမှောင်ထဲတွင် တ ယောက်နှင့်တယောက်ကပ်ခါ အမှောင်ထဲတွင် ချီတက်ကြရသည်။

တောတောင်ထဲတွင် ညသည်တိတ်ဆိတ်နေသည်ဟုဆိုသော်လည်းတကယ်တော့လုံးတိတ်ဆိတ်နေသည်တော့မဟုတ်ပေ။အင်းဆက်ပိုးကောင်ငယ်များ၏ တစီစီအော်မည်သံများမပြတ်ကြားနေရသကဲ့သို့ တခါတရံတွင် အိပ်တန်းမှ ပြုတ်ကျသည့် ကျေးငှက်တို့၏တောင်ပံခတ်သံ၊ မြည်တမ်းသံတို့အပြင် ဂျီ ဟောက်သံ ကဲ့သို့သော တောကောင်များ၏ အသံဗလံများလည်းထွက်ပေါ်နေသည်ဖြစ်သည်။ ထိုသို့သော အသံဗလံများသည် တောတောင်များ၏ သဘာဝညများတွင် မရှိမဖြစ်ဟုဆိုရမည်။

သို့သော် တကယ်ကို တိတ်ဆိတ်သောညကို ထိုနမ့်လင်းစခန်းသို့ ချီတက်သည့်ညက တပ်မဟာ ၂ မှရဲဘော်များ ကြုံ ခဲ့ရသည်။ ထိုည သန်းခေါင်ယံအချိန်ခန့်တွင် တောင်ထိပ်ဆီမှ တဝေါဝေါထိုးဆင်းလာသော အသံကြီးကိုကြားလိုက်ရသည်။ မည်သူမှ ကြုံ ဘူးသည့်အသံမျိုးမဟုတ်ခဲ့ရာ ချီတက်နေသော ရဲဘော်များလည်း ခေတ္တရပ်တန့်သွားခဲ့သည်။ ထို တဝေါ ဝေါမြည်သံအဆုံးသတ်သွားသော တတောလုံး တတောင်လုံး အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့တော့သည်။ မည်သည့် အင်းဆက်ကောင်ငယ်များ၏ တစီစီသံမှ မကြားရတော့။ အခြားလည်း မည်သည့်အသံစိုးစေ့မှ မထွက်တော့ဘဲတိတ်ဆိတ်ငြိမ်သက်သွားခြင်းဖြစ်သည်။ ထိုထူးဆန်းသော ဖြစ်ရပ်အား ဒေသခံများက တောခြောက်သည်ဟု ဆိုကြသည်။ ကြုံ တောင့် ကြုံခဲ ဖြစ်ရပ်မျိုးဟုဆိုကြပါသည်။ နမ့်လင်းစခန်းသို့ စတင်ချီတက်သည့်ညသည် တောခြောက် သောည ဖြစ်ခဲ့ပါသည်။

● တိုက်ပွဲစီမံချက် အပြောင်းအလဲ
တိုက်ပွဲတပွဲ စီစဉ်ရာတွင် စီမံချက်နှင့်လက်တွေ့သည် ထပ်တူကျ သည်လည်းရှိသည်။ ကွဲလွဲသည်လည်းရှိသည်။ တဖက်က လည်း ပြန်လည်တုန့်ပြန်နိုင်စွမ်းရှိသည့် လူသားများဖြစ်ပေရာ ထိုသို့သော တုန့်ပြန်မှုများပေါ်မူတည်၍ အပြောင်း အလဲရှိ သည်။ ထိုသို့သော ပြောင်းလဲနေသောအခြေအနေပေါ်မူတည်၍ စစ်မြေပြင်တပ်မှူးများ၏ အဆုံးအဖြတ်က အရေးပါပေသည်။

ဇန္နဝါရီလ ၁၉ ရက်ညတွင် တပ်မဟာ ၂ မှူးဦးစီးသည့် အဓိကတိုက်ခိုက်ရေးတပ်ဖွဲ့များသည် နမ့်လင်း၏ တောင်ဖက် မီတာ ၂၀၀၀ အကွာရှိ တောင်ကုန်းလေးတွင်ရောက်ရှိပြီး ၂၀ ရက်နေ့ တရက်လုံး တပ်ဖျောက်နေခဲ့သည်။ တနေကုန် နမ့်လင်းတောင်ကြောမြေပြင်အနေအထားအား အနီးကပ် အကဲခတ်ခွင့်ရခဲ့ကြသည်။ အစိုးရတပ်မှ တပ်စုတစု တောင်ခြေတွင် လှုပ် ရှားနေသည်ကို တွေ့ရသည်။ နောက်ဆုံးအနီးကပ် ထောက်လှမ်းမှုများအရ ရင်း ၃နှင့် အထူးတပ်ရင်းမှ တပ်ဖွဲ့များ ချီတက်မည့်လမ်းကြောင်းသည် မြက်ခင်းကြီးတခုလုံးကို လှည့်ပတ်ချီတက်ရမည်ဖြစ်ရာ သတ်မှတ်ပစ်မှတ်သို့ သတ်မှတ်ချိန် မနက် ၅ နာရီတွင် ရောက်ရန်မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ ရင်း ၁၀၇ နှင့် ပတ်သက်၍ တိုက်ခိုက်ချီတက်မှု ဦးတည်ချက် မပြောင်းလဲသော်လည်း၊ ရင်း ၃နှင့် အထူးတပ်ရင်းအား နမ့်လင်းစခန်း၏ အနောက်တောင်ဖက်မှ ထိုးဖေါက်တိုက်ခိုက်ရန် တပ်မဟာမှူးမှ ပြောင်းလဲဆုံးဖြတ်လိုက်သည်။ ထိုသို့ပြောင်းလဲဆုံးဖြတ်ခဲ့၍ သတ်မှတ်ချိန်အတိုင်း နမ့်လင်းစခန်းအား ထိုး စစ်ဆင် တိုက်ခိုက်နိုင်ခဲ့သည်။ စစ်ရေးစီမံချက်များ မည်သို့ပင် အပြန်အလှန်သုံးသပ်ရေးဆွဲထားသည်ဖြစ်စေ လက် တွေ့စစ် မြေပြင်အခြေအနေကို လိုက်၍ စစ်ရေးရည်မှန်းချက် ပေါက်မြောက်အောင်မြင်စေရန် မြန်ဆန်မှန်ကန်သည့် ဆုံးဖြတ်ချက်ချ မှတ်သည့် စစ်မြေပြင်တပ်မှူးများ ဆုံးဖြတ်ချက်သည် လက်တွေ့တိုက်ပွဲများတွင် အရေးပါလှပေသည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး

Comments