ဆောင်းယွန်းလ ● အမေရိကန် ဒရင်းမ်

ဆောင်းယွန်းလ ● အမေရိကန် ဒရင်းမ်
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၈

အိပ်မက်မပါတဲ့ ဒရင်းမ်ဘတ်ပေါ်က
ပြူးတူးပြဲတဲ နိုးထလာခဲ့ပြီး
မနက်ခင်း သူငယ်ချင်းနဲ့
လက်ဖက်ရည်နှစ်ခွက် ပေါင်မုန့်ရှစ်ချပ်
စီးကရက်နှစ်လိပ်

မမက်ဖူးသေးတဲ့ အိပ်မက်တွေက
လူနှစ်ယောက်ရဲ့ အသံတိတ်ဝိုင်းထဲ
လေပြေလို ရုတ်တရက်ဝင်လာပြီး
မုန်တိုင်းတွေနဲ့  တဖြေးဖြေးပြန်ထွက်သွားခဲ့

ပြောရင်းဆိုရင်း
လူနှစ်ယောက်လုံးကို
ပုံစံတမျိုးစီနဲ့ ချိန်ရွယ်လိုက်တဲ့ အချိန်ကြောင့်
တယောက်က အနောက်ကိုကျောပေးပြီး
ကျနော်က အရှေ့ဘက်ဆီကို ဦးတည်ခရီးထွက်ခဲ့

နေမွန်းတည့်ချိန်မှာ
နောက်ထပ် သူငယ်ချင်းတယောက်နဲ့ 
အေးခဲနေတဲ့ ရေနှစ်ဗူး
ဘယ်ညာလွန့် လူးနေတဲ့ ထရပ်ကားဟာ
အရည်မပျော်သေးတဲ့ နှင်းတွေပေါ်မှာ

လူမမြင်တဲ့ အပူအပင်တွေကို
အလေးလံဆုံး ဆိုဖာထိုင်ခုံထဲထဲ့ပြီး
အိမ်ဟောင်းတစ်လုံးထဲ ပစ်သွင်းခဲ့ကြ

လူတွေက
နေ့နဲ့ ညကို
အဲဒီလို လည်ပတ်နေကြရပေမယ့်လည်း
ဘဝတွေက ပုံမှန်မလည်နိုင်ခဲ့ဘူး

ပေါ့ပေါ့ပါးပါး မိုးသားတွေလိုလွင့်ပါးဖို့အတွက်
ကျနော်တို့မှာ ကောင်းကင်ပျက်နေခဲ့တယ်။

ဆောင်းယွန်းလ

Comments