ဌေးဝင်း (ဂျာမဏီ) ● အိမ်

ဌေးဝင်း (ဂျာမဏီ) ● အိမ်
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈

အိမ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ကြမလဲ။ အဓိပ္ပါယ်က ကျယ်ဝန်းလှတယ်။ ကြည့်တဲ့ ရှုဒေါင့်၊ ရင်ထဲက ခံစားချက်၊ စိတ်ထဲက အတွေး၊ လက်တွေ့ဘဝတွေနဲ့ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်လို့ရတယ်။

တိုက်ရိုက် အဓိပ္ပါယ်ကိုဘဲ ကြည့်မယ်ဆိုရင်တော့ လူနေအိမ် ဆိုပါတော့။ တဲပုတ်လေးကအစ၊ ပျဉ်ထောင် အိမ်၊ တိုက်ခံအိမ်၊ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ ငါးလွှာ ခြောက်လွှာ တိုက်ခန်းတွေ၊ ခြံဝင်းကျယ်ကြီးထဲက အခန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့အိမ်၊ မိုးမျှော်အဆောက်အဦးစတဲ့ လူနေအိမ်တွေ။ လူတန်းစားအလွှာ အသီးသီးရဲ့ တန်ဖိုးအနိမ့်အမြင့် ကွဲပြားခြားနားလှတဲ့ လူနေအိမ်တွေ။ တချို့သူတွေကတော့ သူတို့ရဲ့လူ့တန် ဖိုးနဲ့ ထိုက်တန်တဲ့ လူနေအိမ်တွေမှာ နေထိုင်နေကြတာရော ဟုတ်ပါရဲ့လား။

ကျနော်ဆိုလိုချင်တဲ့ အိမ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ တိုက်ရိုက် အဓိပ္ပါယ် လူနေအိမ်ထက် အများကြီး ကျယ်ဝန်းနက်ရှိုင်းပါတယ်။ “အမေ့အိမ်” ဆိုတာနဲ့ စတင်ဖွင့်လှစ်ရအောင်။ အမေ့အိမ် ဆိုတာကို ကြားရတာနဲ့ နွေးထွေးလှပါတယ်။ အမေ့အိမ် ဆိုတဲ့ စကားလုံးလေးကိုက အလွန်လှပ၊ သိင်္ဂါရ ရသ မြောက်လှပါတယ်။ အမေ့အိမ်မှာ မေတ္တာတွေနဲ့ ပြည့်လျှမ်းနေတယ်။ မေတ္တာတွေ စီးဆင်းနေတယ်။ ကျနော်တို့ ငယ်စဉ်အခါက ဗမာလူမျိုးတွေရဲ့ လူမှုဖွဲ့စည်းပုံအရ အမေ့အိမ်မှာ မိဘ၊ ညီအကို မောင်နှမ၊ ဘိုးဘွား ဥမကွဲ သိုက်မပျက် အတူတကွ နေထိုင်ကြတယ်။ ဘိုးဘွားမိဘတွေရဲ့ မေတ္တာရေစင်က သားသမီး မြေးမြစ်တွေဆီ စီးဆင်းတယ်။ သားသမီး မြေးမြစ်တွေကလဲ ဘိုးဘွားမိဘတွေကို အပြန်အလှန် မေတ္တာထား ပြုစုစောင့်ရှောက်ကြတယ်။ ညီအကို မောင်နှမ မိဘတွေ ဒီလို စုစုဝေးဝေး နေထိုင်ကြတာ ဘယ်လောက် သိုက်သိုက်ဝန်းဝန်း ရှိလိုက်သလဲ။

ဆက်ပီး ကျယ်ကျယ်ဝန်းဝန်း တွေးမယ်ဆိုရင်တော့ ပြည်တွင်းမှာရော၊ ပြည်ပနိုင်ငံ အသီးသီးက ဗမာအသိုင်းအဝိုင်း အဖွဲ့အစည်းတွေကရော ပြည်ထောင်စုနေ့အကြို၊ ပြည်ထောင်စုနေ့ အခမ်းအနားတွေ နေရာအနှံ့အပြားမှာ ကျင်းပခဲ့ကြပါ တယ်။ ဂျာမဏီက Frankfurt မြို့မှာလဲ ဗမာအသိုင်းအဝိုင်းတွေ စုပေါင်း တွေ့ဆုံကြပီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အစီအစဉ်တွေထဲမှာ “စည်းလုံးခြင်းအတွက် သီချင်းတပုဒ်” သီချင်းနဲ့ တိုင်းရင်းသား ညီအကို မောင်နှမတွေရဲ့ ရိုးရာအကတွေကို ကြည့်ရှုခံစားရတာ ဝမ်းသာကြည်နူး ပီတိဖြစ်ရပါတယ်။ ဗမာပြည် ပြန်ရောက်နေသလို ခံစားရပါတယ်။ ကျနော်တို့ အမိနိုင်ငံကလဲ တိုင်းရင်းသား ညီအကို မောင်နှမတွေ စုပေါင်းနေထိုင်ကြတဲ့ အမေ့အိမ်ဘဲ မဟုတ်ပါလား။ ငယ်စဉ်အခါက ကျနော်တို့ မိသားစု ညီအကို မောင်နှမတတွေ ဥမကွဲ သိုက်မပျက် သိုက်သိုက် ဝန်းဝန်း နေထိုင်ခဲ့တဲ့၊ မေတ္တာတွေ လွှမ်းခြုံထားတဲ့ အမေ့အိမ်ကို ပြေးမြင်ယောင်မိတယ်၊ လွမ်းမောတမ်းတ မိတယ်။ မိသားစု အမေ့အိမ်နဲ့ အမိနိုင်ငံ အမေ့အိမ်ကို နှိုင်းယှဉ်မိတယ်။ အမိနိုင်ငံ အမေ့အိမ်မှာတော့ အမိနိုင်ငံ လွတ်လပ်ရေးရပီးကတဲက စတင်တောက်လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးဟာ ယနေ့ နှစ်ပေါင်း (၇၀) တိုင်အောင် တောက်လောင်နေဆဲပါ။ ဒီအမေ့အိမ်မှာ ကျနော်တို့ တိုင်းရင်းသား ညီအကို မောင်နှမတတွေ သိုက်သိုက်ဝန်းဝန်း အေးအေးချမ်းချမ်း မနေနိုင်ကြပါလား။ ဒီအမေ့အိမ် မှာ စစ်အာဏာရှင် စနစ်ဆိုး အမြစ်တွယ်ခဲ့တာလဲ (၅၆) နှစ်တိုင်ခဲ့ပီ။ ဒီ စစ်အာဏာရှင် စနစ်ဆိုးကို မတွန်းလှန် မချေဖျက်နိုင်သ၍ ပြည်တွင်းစစ် မီးဟာလဲ ငြိမ်းနိုင်မှာ မဟုတ်ပါဘူး။

ကျနော့်ဘဝကတော့ လွန်စွာနွေးထွေးလှတဲ့ အမေ့အိမ်နဲ့ ဝေးကွာနေရချိန်က များခဲ့ပါတယ်။ ဆယ်တန်း အောင်ပီး တက္ကသိုလ်ရောက်တော့ အိမ်ကနယ်မှာဆိုတော့ ကျနော် အဆောင်မှာနေရတယ်၊ ၁၉၇၀ နှစ်များ ဆီက အဆောင်နေ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ အမေ့အိမ်ကို ဘယ်လိုလွမ်း ဘယ်လောက် တမ်းတရသလဲဆိုတာ အဲဒီခေတ်ကသူတွေ အသိဆုံးပါ။ တက္ကသိုလ်ကနေ ဘဝ တက္ကသိုလ်ကို ဆက်ရောက်ခဲ့တယ်။ အကျဉ်းခံ အဖိနှိပ်ခံ ဘဝ တက္ကသိုလ်ထဲကနေ အမေ့အိမ်ကို ဘယ်တော့ပြန်ရောက် မယ်ဆိုတာမသိ၊ အသက်ရှင်လျက် အမေ့အိမ်ကို ပြန်ရောက်ပါ့မလားဆိုတဲ့ အတွေးတွေနဲ့ အမေ့အိမ်ကို မှန်းဆတမ်းတခဲ့ရတာ ဒီဘဝမှာ ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ဘဝ တက္ကသိုလ်ကဆင်းပီး အမေ့အိမ်မှာ ခဏ ပြန်နေရတယ်။ နွေးထွေးတဲ့ အမေ့အိမ်ရဲ့ မေတ္တာကို ပြန်လည်ထိတွေ့ ခံစားရတယ်။ နောက်ဆုံးမှာတော့ အမေ့အိမ်ကို အပြီးတိုင် နှုတ်ဆက်ခွဲခွါပီး နိုင်ငံရပ်ခြားကို ထွက်ခွါခဲ့ရတာ ယနေ့ထိတိုင်အောင်ဘဲ။ အမေကိုလဲ ဒီဘဝမှာ ပြန်လည်ဆုံတွေ့ခွင့် မရခဲ့ပါဘူး။

ခုတော့ ကျနော့် ညီအကို မောင်နှမတွေလဲ တအိုးတအိမ် ထူထောင်ကြပီး အမ အကြီးဆုံးနဲ့ ညီအမ အချို့က တအိမ်၊ ညီအမ အချို့က သူတို့အိမ်ထောင်ကိုယ်စီနဲ့ တအိမ်စီ၊ ညီကလဲ သူ့အိမ်နဲ့သူ၊ သူတို့ မိသားစုတွေ ကိုယ်စီနဲ့ အမေ့အိမ်လေးတွေ ဆင့်ပွါးတည်ဆောက်နေကြလေရဲ့။ ကျနော်ကလဲ ရေခြားမြေခြား ဝေးမြေ ရပ်ခြားမှာ ကိုယ့်အိမ်ထောင်နဲ့ကိုယ်။ ဒါပေမဲ့ အမေ့အိမ်ကိုတော့ စိတ်ထဲမှာစွဲနေတုန်း၊ ဘယ်လိုမှမေ့ဖျောက် လို့မရဘူး။ လွန်စွာနွေးထွေးလှတဲ့ အမေ့အိမ်၊ မေတ္တာဓါတ်တွေ လွှမ်းခြုံထားတဲ့ အမေ့အိမ်။ ဒါကြောင့်မို့လို့ ကျနော်တို့ မြန်မာစကားပုံ “အမကြီး အမိအရာ” ဆိုတဲ့ ဆိုစကားအရ အမ အကြီးဆုံးရဲ့ အိမ်ကို အမေ့အိမ်လို့ စိတ်ထဲမှာ စွဲမှတ်နေမိတယ်။ ညီအကို မောင်နှမ၊ တူ တူမတွေနဲ့ စကားပြောတဲ့အခါ ဒီ အမကြီးရဲ့အိမ်ကို “အိမ်” လို့ ပြောဖြစ်တယ်။ ပါးစပ်က အလိုလို ထွက်သွားတယ်။

ဪ ….. အိမ်ကိုလွမ်းတယ်။ ။

ဌေးဝင်း (ဂျာမဏီ)
0