၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို လုပ်ကြံမှုဖြင့် ရုရှား ၁၃ ဦး တရားစွဲခံရ

 
Saul Loeb | AFP | Getty Images US President Donald Trump and Russia President Vladimir Putin hold a meeting on the sidelines of the G20 Summit in Hamburg, Germany, on July 7, 2017.

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို လုပ်ကြံမှုဖြင့် ရုရှား ၁၃ ဦး တရားစွဲခံရ
(နိုင်ငံတကာသာဂိ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈

ဖေဖော်ဝါရီ ၁၆၊ ပြည်ထောင်စုခုံရုံးကနေ တရားစွဲဆိုတင်ပြလိုက်တာကတော့ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို တိုက်ခိုက်တယ်ဆိုပြီး ရုရှား ၁၃ ယောက်နဲ့ သူတို့အဆက်အသွယ် ၃ ခုကို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲနဲ့ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်မှုနဲ့ အမေရိကန်ရာဇ၀တ်မှုကို ကျူးလွန်တယ်လို့ သူတို့ကို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်စွပ်စွဲချက်တွေမှာ အမေရိကန်ပြည်ထောင်စုကို လုပ်ကြံတယ်ရာမှာ တရားမ၀င်ငွေကြေးပေးကမ်းတယ်၊ အများသူငှာရဲ့ အမည်တွေ အလွဲသုံးစားလုပ်တယ် စတာတွေ ပါဝင်ပါတယ်။ သူတို့တွေထဲက တချို့ဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီးတော့ အမေရိကန်သမ္မတလောင်း ထရန့် မဲနိုင်ရေးအဖွဲ့က လူအချို့ကို သူတို့အလိုမပါဘဲ လာရောက်ဆက်သွယ်တယ်။ အခြား နိုင်ငံရေးသမားတွေနဲ့လည်း ချိတ်ဆက်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ကိုင်တယ်လို့လည်း ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ သောကြာနေ့ကမှ ပြည်ထောင်စုတရားရေးရာဌာနက ဒုတိယရှေ့နေချုပ် ရော့ဒ်ရိုဆင်စတိန်းက သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ရုရှားအစိုးရက အမေရိကန်ကို သတင်းအချက်အလက်တွေနဲ့ စစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့ ပြောလိုက်ပါတယ်။ ရိုဆင်စတိန်းဟာ လက်ရှိ ရုရှားစွက်ဖက်မှုကို စုံစမ်းနေတဲ့ ရောဘတ်မူလာရဲ့ ကော်မရှင်ကို တာဝန်ခံသူဖြစ်ပြီး စုံစမ်းမှုအသေးစိတ်တွေထဲက ထုတ်ဖော်ပြောဆိုရာမှာ - နိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ ကိုယ်စားလှယ်လောင်းတွေကြားမှာ မယုံကြည်မှု သံသယတွေ ပြန့်နှံ့အောင် ထိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ တရားမ၀င်ဆောင်ရွက်ချက်တွေထဲမှာ အမေရိကန်တွေက သိသိကြီးနဲ့ ၀င်ရောက် အလိုတူ အလိုပါ ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး၊ သည်လို လုပ်ကြံလိုက်လို့လည်း အမေရိကန်ရွေးကောက်ပွဲ ရလဒ်တွေ ထိခိုက် ပြောင်းလဲသွားခြင်း မရှိပါဘူးလို့ ကာကွယ်ပြောဆိုလိုက်ပြန်ပါသေးတယ်။ သဘောကတော့ လက်ရှိ သမ္မတကြီး ထရန့် အမေရိကန်ရွေးကောက်ပွဲ အနိုင်ရအောင် ရုရှားက ၀င်ရောက်ဆောင်ရွက်ပေးတာ မဟုတ်ဘူးလို့ တဖက်လှည့်နဲ့ ဖာထေးလိုက်တာလည်း ဖြစ်ပါတယ်။

ရုရှားတွေ စွက်ဖက်မှုကို အစဉ်တစိုက် ငြင်းဆိုပြီး သူသမ္မတဖြစ်တာ သူချည်းသက်သက် တော်လွန်းလို့ ဆိုနေတဲ့ ထရန့်ကတော့ တွေ့လား ရုရှားတွေနဲ့ ပေါင်းပြီး ကြံစည်ခဲ့တာ မဟုတ်ကြောင်း သက်သေပဲလို့ သူ့တွစ်တာကနေ တွစ်လိုက်ပါတယ်။

သမ္မတရုံးက ထရန့်ရဲ့ အာဘော်ကို ခြေရာနင်းပြီးတော့ ထုတ်ပြန်ချက် ပြန်ကြားရာမှာလည်း - ငါတို့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကို အမေရိကန်တွေ စည်းစည်းလုံးလုံးနဲ့ ကာကွယ်ကြ၊ ရုရှားတွေလိုမျိုး ပြည်ပရန်သူတွေ စွက်ဖက်ကျုးကျော်တာတွေကို တွန်းလှန်ကြ၊ ဒီလိုမျိုး စည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာ တည်တံ့ခိုင်မြဲရေးအတွက် မဟုတ်တန်းတရား သတင်းတွေ စွပ်စွဲမှုတွေ မဟုတ်တရုတ်အာဘော်တွေ ရပ်တံ့ကြ ဆိုပြီး ရေးသားလိုက်ပါတယ်။

တလျောက်လုံးမှာ ထရန့်တို့အစိုးရကိုယ်တိုင်က ရုရှားတွေ ၀င်ရှုပ်တယ်ဆိုတာကို မဟုတ်မမှန် လုပ်ကြံသတင်းတွေပါလို့ တန်ပြန် ငြင်းဆိုခဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုထုတ်ဖော်ပြောဆိုတဲ့ သတင်းဌာနတွေကို လုပ်ကြံဖန်တီးသူတွေလို့ ပြစ်တင်ရှုပ်ချနေခဲ့သူဖြစ်ပါတယ်။ ပြီးတော့လည်း လွန်ခဲ့တဲ့လက လွှတ်တော်ကနေပြီး ရုရှားတွေ အမေရိကန်ရွေးကောက်ပွဲကို ခြေ၀င်ရှုပ်တဲ့အတွက် ပိတ်ဆို့အရေးယူမှု လုပ်ပြီး အရေးယူဖို့ တိုက်တွန်းချက်ကိုလည်း ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

ရုရှားတွေ အမေရိကန်နိုင်ငံရေးကို ၀င်ရောက် စွက်ဖက်လုပ်ကြံတဲ့အကြောင်း တရားရေးဌာနက ထုတ်ပြန်ရာမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလကတည်းကလို့ ဖော်ပြခဲ့ပြီး သူတို့တွေရဲ့ စစ်ဆင်ရေးကို ရုရှားတွေက ပရိုဂျက်လာထား  - Project Lakhta လို့ အမည်ပေးထားပါသတဲ့။

ဝင်ရှုပ်တဲ့ ရုရှားအဖွဲ့အစည်း ၃ ရပ်ထဲမှာ တရားစွဲခံရတဲ့ အကြီးဆုံးကုမ္မဏီကတော့ Internet Research Agency ဖြစ်ပြီး သူက ရုရှားက စိန့်ပီတာစဘတ်မှာ အခြေစိုက်ပါတယ်။ သူကို အမည်ဖုံးကွယ်ထားတဲ့ အဖွဲ့အစည်းတွေကနေ ငွေကြေး ထောက်ပံ့ထားပါတယ်။ လူ ၈၀ ခန့် ငှားယမ်းထားပြီးတော့ အမေရိကန်ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ရန်၊ လုပ်ကြံနှောက်ယှက်ရန် ဆောင်ရွက်ခဲ့ကြတယ်လို့ စွပ်စွဲချက်မှာ ရေးသားထားပါတယ်။ စက်တင်ဘာ ၂၀၁၆ ကစပြီး သူတို့ လစဉ်ဘတ်ဂျက်သုံးငွေဟာ အမေရိကန်ဒေါ်လာ ၁.၂၅ သန်း ရှိပြီး သူတို့ဌာနခွဲတွေဖြစ်တဲ့ ရုပ်ပုံဒီဇီုင်းဌာန၊ အင်တာနက်ရှာဖွေရေး ပြုပြင်မွမ်းမံမှုဆိုင်ရာအဖွဲ့၊ သတင်းနည်းပညာဌာနနဲ့ ငွေစာရင်းဌာနတွေဆိုပြီးတော့ ရှိတယ်လို့ ထုတ်ဖော်ထားပါတယ်။

သူတို့တွေဟာ အမေရိကန်ပြည်သူတွေအဖြစ် အသွင်ယူပြီး မသိနားမလည်တဲ့ ထရန့်ကင်ပိန်းက လူတွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ သူတို့ဟာ အမေရိကန်အသွင်ဆောင်ပြီး လူနည်းစုတွေဖြစ်တဲ့ (လူဖြူမဟုတ်သူတွေ) မဲဆန္ဒရှင်တွေ ၂၀၁၆ ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေကြဖို့ မဲပေးရင်လည်း ၂ပါတီလုံးကို မပေးဘဲ အခြားသီးခြားသမ္မတလောင်းကိုသာ မဲထည့်ကြဖို့ တိုက်တွန်း နှိုးဆော်ခဲ့ကြပါတယ်။ ဒီမိုကရက်တွေဟာ မဲခိုး မဲလိမ်တွေဆိုပြီးတော့လည်း သတင်းမှားတွေ လုပ်ကြံသတင်းတွေ ဖြန့်ကြပြီး ထရန့်ကင်ပိန်းသမားတွေ အခွင့်ကောင်းယူဖို့ ဖန်တီးပေးခဲ့ကြတယ်လို့ တရားရုံးအစီရင်ခံစာမှာ ရေးသားထားပါတယ်။

သူတို့တွေဟာ အမေရိကန်နိုင်ငံသားအသွင်ယူပြီးတော့ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာတွေ ၀ယ်ယူကာ ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်ကို ထိုးနှက်တိုက်ခိုက်ခဲ့ကြပါတယ်။ "ဒေါ်နယ်က အစွန်းရောက်တွေကို တိုက်မှာ။ ဟီလာရီက အစွန်းရောက်တွေဘက်က အားပေးမှာ" ဆိုတဲ့ ကြော်ငြာက မေ ၁၀၊ ၂၀၁၆ မှာ ထုတ်ခဲ့ပါတယ်။ ဟီလာရီဟာ မာရ်နတ်၊ သူလိမ်တာ သူမှားတာတွေဟာ သူကိုယ်တိုင် လူယုတ်မာဆိုတာ ပြနေတယ် ဆိုတဲ့ ကြော်ငြာကို ရွေးကောက်ပွဲအနီး အောက်တို ၁၉၊ ၂၀၁၆ မှာ ရုရှားတွေက ပရိုမုတ်လုပ်ခဲ့ပါတယ်။ အမေရိကန် အင်တာနက်မှာ ခေတ်စားနဲ့ hash tag တွေဖြစ်တဲ့ (အင်တာနက်ဗန်းစကား) #TrumpTrain, #MAGA, HHillary4Prison ဆိုတာတွေ တီထွင်သုံးစွဲခဲ့ပါတယ်။ ထရန့်ဘက်တော်သားတွေက ရုရှားတွေနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ကြ၊ ဟပ်ခဲ့ကြပါတယ်။

ရုရှားတွေက အမေရိကန်နောက်လိုက်တွေကို ငွေကြေးအများအပြားပေးတာ မြှောက်ပင့်ပေးတာတွေ လုပ်ပြီးတော့ ထရန့်ထောက်ခံပွဲ၊ ဟီလာရီဆန့်ကျင်ပွဲတွေ အမေရိကန်မြေမှာ လိုက်လံ ကျင်းပပေးခဲ့ပါတယ်။ ဟီလာရီအသွင်တူတယောက်ကို ထောင်ဝတ်စုံဝတ်ပြီး ထရပ်ကားကြီးပေါ်တင် လှည့်လည် သရုပ်ပြတာကို ရုရှားတွေက စပွနဆာပေးခဲ့ပါတယ်တဲ့။

ရုရှားက ကုမ္မဏီမှာ အမေရိကန်က လူအစစ် ၁၀၀ ရဲ့ စာရင်းရှိပြီးတော့ သူတို့တွေက ရုရှားခိုင်းသမျှ စည်းရုံးတာ၊ ၀ါဒဖြန့်ချိတာတွေ လုပ်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ရုရှားတွေရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေက ထရန့်ကို ထောက်ခံတာ၊ ဟီလာရီပြိုင်ဘက် ဘာနီဆင်ဒါးကို အားပေးတာတွေ လုပ်ခဲ့ကြပါတယ်။ အဲသည် ဆိုရှယ်မီဒီယာအကောင့်အတုတွေကနေပြီးတော့ ထရန့်ရဲ့ ပါတီတွင်း ပြိုင်ဖက်တွေဖြစ်တဲ့ တက္ကဆပ်က ဆီနိတ်တာ တက်ဒခရု၊ ဖလိုရီဒါအမတ် မာကိုရူဘီယိုတို့ကိုလည်း အပုတ်ချ တိုက်ခိုက်ခဲ့ကြပါသေးသတဲ့။

တရားရေးဌာနက ထုတ်ပြန်ရာမှာ သူတို့ဆိုရှယ်မီဒီယာအကောင့်တွေကနေ လူထုအပေါ် ၀ါဒဖြန့်လွှမ်းမိုးမှုတွေ လုပ်ကိုင်ရာမှာ အမေရိကန်သားစစ်စစ်အကောင့်တွေလို အသွင်ယူထားနိုင်တာကြောင့် အမေရိကန်က လူပြိန်းတွေ ထောင်နဲ့ သောင်းနဲ့ချီ သူတို့နောက် ကောက်ကောက်ပါအောင် စည်းရုံးနိုင်ခဲ့ပါသတဲ့။ ရုရှားတွေ လုပ်ကြံထားတဲ့ တက်နဆီပြည်ကဂျီအိုပီ ဆိုတဲ့ အကောင့်ဆိုရင် သူ တသိန်းလောက် နောက်လိုက်တွေ စုထားနိုင်ခဲ့ပြီး တကယ်တန်းမှာ တက်နဆီပြည်နယ်က ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြုတဲ့ အကောင့်လည်း မဟုတ်ခဲ့ပါဘူး တဲ့။

ရုရှား အဖျက်သမားတွေဟာ ဆိုရင် အမေရိကန်ရဲ့ နေ့အချိန် ညအချိန်တွေကို လေ့လာသိမှတ်ပြီး အဆိုင်း ၂ ဆိုင်းခွဲပြီးတောင် အလုပ်လုပ်ကြတယ် ဆိုပါတယ်။ အမေရိကန် အားလပ်ရက်တွေကိုလည်း ဂရုစိုက်ပြီး ပို့စ်တင်တာ၊ လူတွေ စိတ်ဝင်စားမယ့် နိုင်ငံခြားရေး စီးပွားရေး အတွေးအမြင်တွေကိုတောင် ဟစ်လိုက်လာအောင် တင်ပေးနိုင်ကြတယ် ဆိုပါတယ်။

ရုရှားတွေမှာ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်အုပ်စုဆိုပြီး ၂ ခုတောင် ခွဲထား လိုက်ပါသေးတယ်တဲ့။ သူတို့ဟာ ၂၀၁၄ ကတည်းက ဆိုရှယ်မီဒီယာဆိုက်တွေမှာ ဒေါ်လာ ထောင်ချီသုံးစွဲပြီးတော့ ပစ်မှတ်ထားကြော်ငြာတွေ တင်ဆက်စမ်းသပ်ခဲ့ကြပါတယ်။ သူတို့တွေဟာ အဓိကပစ်မှတ်အဖြစ် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ကြားကျတဲ့ ပြည်နယ်တွေ (ပန်းရောင်ပြည်နယ်တွေ)ကို သတ်မှတ်ပြီးတော့ လက်ရှိ ၂၀၁၆ မဲရလဒ်ကို အလေးသာစေတဲ့ မဲကိုယ်စားလှယ်နယ်မြေတွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ထင်သလိုပါပဲ အဲသည် ပန်းရောင်ပြည်နယ်တွေက ထရန့်ဘက်အလေးသာကုန်တာကြောင့် ထရန့်ကြီး သမ္မတဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေက ထရန့်ကို နိုင်အောင်ချည်း လုပ်တာထက် အမေရိကန်ရွေးကောက်ပွဲစနစ် ချည့်နဲ့ အားနည်းအောင် အန္တိမရည်မှန်းချက်ထားခဲ့တာဖြစ်ပါတယ်။ သူတို့က အမေရိကန်တွေအချင်းချင်း သံသယတွေ သွေးကွဲမှုတွေ တိုးပွားအောင် လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဥပမာ နယူးယောက်ပြည်နယ်တခုတည်းမှာတင် ထရန့်ဘက်ကကော ဟီလာရီဘက်ကပါ နှစ်ဘက်စလုံးကို အပြိုင် စည်းရုံး လှုံဆောက် မွှေနှောက်နိုင်ခဲ့ကြပါတယ်။

အထက်လွှတ်တော်က ထောက်လှမ်းရေးဆိုင်ရာကော်မီတီဝင် ဒီမိုအမတ် အဒမ်ရှစ်ပြောတာကတော့  အမေရိကန် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲစနစ်ကို ရုရှားရဲ့ တိုက်ခိုက်စော်ကားမှု ဗူးပေါ်သလို ပေါ်လာတာ ဖြစ်တယ်၊ သူတို့တွေကို ထိထိရောက်ရောက် တုန့်ပြန်အရေးယူရမယ်လို့ ဆိုလိုက်ပါတယ်။

အစီရင်ခံစာမှာ အမေရိကန်တွေ မသိနားမလည်ဘဲ ရုရှားနောက်လိုက်ကြတယ်လို့ အပ်ချမှတ်ချ ကောက်ချက် မဆွဲထားသေးပါဘူးလို့ သူက ထောက်ပြပါတယ်။ ထရန့်ကင်ပိန်းက လူတွေဟာ သိသိကြီးနဲ့ ရုရှားတွေနဲ့ ပူးပေါင်းကြံစည်ခဲ့တာတွေ ရှိသလားဆိုတာကို မေးခွန်းထုတ်ရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီမိုအမတ် မတ်ဝါနားကတော့ ရုရှားတွေက ဖေ့စ်ဘွတ်နဲ့ တွစ်တာတို့ကို အလွဲသုံးစားလုပ် အသုံးချခဲ့ကြတယ်ဆိုရင် ဒီလိုဆိုရှယ်မီဒီယာတွေက ရှယ်သမျှ တင်သမျှတွေကိုလည်း လူတွေဟာ အသိရှိရှိ ဆင်ခြင်မှုများများနဲ့ စောင့်ကြည့်ကြဖို့ လိုအပ်တယ်ဆိုတာ ပြနေပြီလို့ မှတ်ချက်ပေးပါတယ်။

ပြိုင်ဘက်သမ္မတလောင်းဖြစ်တဲ့ ဘာနီဆင်ဒါးက ပြောလိုက်တာကတော့ - ဒေါ်နယ်ထရန့်ကလွဲရင် လူအားလုံးကတော့ ရုရှားတွေ အမေရိကန်ရွေးကောက်ပွဲကို ၀င်ဖျက်ဆီးခဲ့တယ်ဆိုတာ သိနေကြပါပြီ။ ၂၀၁၈ ရွေးကောက်ပွဲကိုလည်း ဒီကောင်တွေ ၀င်ခြေရှုပ်အုံးမယ်ဆိုတာလည်း ထင်ရှားနေပါပြီ။ အမေရိကန်တွေဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြဖို့ အချိန်ရောက်ပါပြီ။ ပုတင်နဲ့ အပေါင်းအပါတွေ ကြိုးဆွဲရာ ကနေဖို့ အချိန်မဟုတ်တော့ဘူး လို့ ထုတ်ပြန်လိုက်ပါတယ်။

လွှတ်တော်က ရီပတ်ဘလစ်ကန်ခေါင်းဆောင် ပေါရိုင်ယမ်ကတော့ ထရန့်ထက်စာရင် ရုရှားခြေရှုပ်တာကို အတော်အသင့် လက်ခံထားပုံရပါတယ်။ အနာဂတ်ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလမ်းကြောင်းတွေ ရွေးချယ်ရာမှာ ကျနော်တို့တတွေဟာ အချက်အလက် အစစ်အမှန်တွေ အလုပ်အစစ်အမှန်တွေကို လိုက်ကြဖို့ လိုတယ်လို့ တိုက်တွန်းသွားပါတယ်။ ရုရှားတွေဟာ ကျနော်တို့ စနစ်ကို ကြိုတင်ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ကို နှိမ်ချစော်ကားလိုက်တယ်။ ဒီမိုကရေစီကိုပါ ပစ်မှတ်ထားခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ရီပတ်ဘလစ်ကန်အမတ်လည်းဖြစ် ထရန့်ကိုလည်း ဝေဖန်ပြစ်တင်သူလည်းဖြစ်တဲ့ အမတ်ဘင်ဆာဆီကတော့ ဒီမူလားတရားစွဲဆိုချက်ဟာ ရုရှားကို သတိပေးလိုက်တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ၀ါရှင်တန်ကလူတွေ နိုးကြားကြဖို့ အချိန်ရောက်နေပြီ။ ပူတင်ဟာ အမေရိကန်စံနှုန်းနဲ့ တန်ဖိုးတွေကို စစ်ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ရုရှားဟာ ၂၀၁၈ မှာကော ၂၀၂၀ မှာပါ ထပ်လာပြီး ကျုျးေကျာ်ဦးမှာ ဖြစ်ပါတယ်။ ဒီခြိမ်းခြောက်မှုကို မပေါ့ကြနဲ့လို့ သတိပေးလိုက်ပါတယ်။

သို့သော်လည်း ရီပတ်ဘလစ်ကန်ပါတီရဲ့ ဦးဆောင်ကော်မီတီဥက္ကဌ အမျိုးသမီး ရိုနာမက်ဒန်နီယယ်ကတော့ ဒေါ်နယ်ထရန့်နဲ့ တလေသံတည်းထွက်ပြီး ကာကွယ်ပြောဆိုသွားပါတယ်။ သည်စွပ်စွဲချက် အစီရင်ခံစာမှာ အမေရိကန်တွေဟာ သိသိကြီးနဲ့ ရုရှားနဲ့ ပူးပေါင်း လှုပ်ရှားခဲ့တယ်လို့ ပြောမသွားပါဘူး။ ရုရှားတွေဟာ အမေရိကန်ရွေးကောက်ပွဲကို စွက်ဖက်မှုဟာ အောင်မြင်ခြင်း မရှိခဲ့ဘူးလို့လည်း ရေးထားပါတယ် ဆိုပြီး ဆင်ခြေတွေ ထုတ်ပြလိုက်ပါတယ်။ ပြောချင်တာကတော့ သူတို့ ရီပတ်ဘလစ်ကန် ရွေးကောက်ပွဲနိုင်တာဟာ ရုရှားဝင်စွက်ပေးလို့မဟုတ် သူတို့ဟာသူတို့ တော်လွန်းလို့ နိုင်တာလို့ ပြောချင်ပုံ ရပါတယ်။

သို့သော်လည်း ရိုနာမက်ဒန်နီယယ်က ထရန့်လိုမျိုး မျက်စိပိတ် ငြင်းပယ်တာမျိုးတော့ မလုပ်လိုက်ပါဘူး။ ရုရှားလို ပြည်ပအဖျက်အမှောင့်တွေကနေ ငါတို့ အနာဂတ်ရွေးကောက်ပွဲကို ၀င်ရောက် စွက်ဖက် နှောက်ယှက်တာ မှန်သမျှ စည်းစည်းလုံးလုံးနဲ့ တွန်းလှန်ကာကွယ်သွားဖို့ လိုတယ်လို့တော့ ၀န်ခံလိုက်ပါတယ်။

ပြီးတော့ ရီပတ်ဘလစ်ပါတီခေါင်းဆောင် အမျိုးသမီးက FOX NEWS ကနေ တွေ့ဆုံပွဲမှာ အယင်သမ္မတ ဘာရက်အိုဘားမားကို ရုရှားတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်လိုက်ပြန်ပါသေးတယ်။ ရုရှားတွေ စော်ကားတာကို ယခင်အစိုးရက အလေးအနက်မထားလို့ သည်လိုဖြစ်ရတာလို့ ပုံချလိုက်ပါတယ်။ သူ့သမ္မတကြီး ထရန့်က မဲဆွယ်ပွဲတွေမှာ ရုရှားတွေကို အမည်တတ် ခေါ်ပြီး သူ့ကို ၀ိုင်းကူကြဖို့ ဟီလာရီကို အထုပ်ဖြေဖို့ အော်ဟစ်တိုက်တွန်းခဲ့တာတွေကိုတော့ မေ့သွားဟန်တူပါတယ်။

အယင်အပတ်က အထက်လွှတ်တော်ကြားနားပွဲမှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ပေါင်းစုံက ခေါင်းဆောင်တွေအားလုံးက အစီရင်ခံရာမှာလည်း ရုရှား၏ စော်ကားစွက်ဖက်မှုတွေဟာ ခုချိန်ထိ အသက်ဝင်နေဆဲဖြစ်ကြောင်း၊ ဒီနှစ် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ရုရှားတွေ အစွမ်းပြနိုင်ကြောင်း သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။

အိုဘားမား လက်ထက်က ထောက်လှမ်းရေးဒါရိုက်တာအဖြစ် တာဝန်ထမ်းခဲ့သူ ဂျွန်ဘရီနန်ကတော့ တွစ်တာကနေ သည်အကြောင်းကို မှတ်ချက်တုန့်ပြန်ခဲ့ပါတယ်။ သူပြောတာကတော့ ခုချိန်မှာ အမေရိကန်တရားရေးဌာနကနေပြီး ရုရှား၏ တိုက်ခိုက်မှုတွေကို လက်ဆုပ်လက်ကိုင် ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။ ဒါတွေက မဟုတ်တန်းတရားတွေ လုပ်ကြံသတင်းတွေဆိုတာတွေကို ချေဖျက်ပစ်လိုက်ပါပြီ တဲ့။

(NPR သတင်းကနေ ပြန်ရေးပါတယ်။)




Comments