မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၉)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၉)
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၈
ဆရာကြီးသုံးဦးတို့ကြား မတူကွဲပြားကြသော်လည်း အတူတွဲသွားကြလေရဲ့

(၁)
မြသန်းတင့်အိမ် သူမရှိတော့သည့်ချိန်၊ သူမပါတော့သော သူ့မိသားစုနှင့် ဓာတ်ပုံလေး အကြောင်းပြုကာရေးရင်း လွမ်းစိတ် ဆက်လို့ စာရေးဆရာကြီးများဖြစ်ကြသော မောင်သော်က၊ မြသန်းတင့်နှင့် အောင်သင်းတို့အား သတိရတ၍ ရေးဖြစ်ပြန်ပြီ။ ကိုမြသန်းတင့်နေသော စမ်းချောင်း ဖျာပုံလမ်း၊ ကိုအောင်သင်းနေသော ဓမ္မိက၀တီလမ်းနဲ့ ကျွန်တ်ေနေသော ဟင်္သာတလမ်း တို့ကနေ မီးရထားလမ်းကို ကျော်ဖြတ်ကာ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းရှိ မောင်သော်ကနေအိမ်မှာ မကြာခဏစကား ၀ိုင်းလေး လုပ်ဖြစ်ကြ၏။

(၂)
သူတို့သုံးယောက်စလုံး ကျွန်တော့်ထက် အသက်အားဖြင့် ၀ါအားဖြင့် များစွာကြီးပေမယ့် မိသားစုချင်းပါ ဆွေမျိုးသားချင်းပမာ ခင်မင်ရင်းနှီးတာရယ်၊ စာရေးဆရာတယောက်အဖြစ် အသိအမှတ်ပြုတာရယ်ကြောင့် အရင်က ခေါ်နေကျအတိုင်း ရေးလိုက် သည်ကို စာဖတ်သူများ နားလည်ပေးပါ။ သူတို့သုံးယောက်က စာပေဟောပြောပွဲတွေမှာ တွဲနေကျမို့ ခရီးသွားရင်းလည်း ရင်းနှီးစွာ ပြောနေကျပေလိမ့်မည်။

သို့သော်လည်း ဒီစကားဝိုင်းလောက်တော့ လွတ်လပ်ပွင့်လင်းနိုင်မှာ မဟုတ်ပါ။

(၃)
မှတ်မှတ်ရရ ညတညကို သတိရမိ၏။
ကိုမြသန်းတင့်က သူကိုကိုးကျွန်းမှာ အကျဉ်းကျနေစဉ်က အင်မတန်ငတ်နေ တဲ့ဆေးပေါ့လိပ် မောင်သော်ရဲ့ ကျေးဇူးကြောင့် သောက်ရပုံ ကိုအောင်သင်းနှင့် ကျွန်တော့်အား ပြောပြသည်။ အဲဒီအချိန်တုန်းက မောင်သော်ကသည် ရေတပ်၌ တိုက်ရေ ယာဉ်ကို ကြီးကြပ်ရသည့် ဗိုလ်မှူးဘသော်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာတို့ကိုပို့ထားသော ကိုကိုးကျွန်းသွားဖို့တာဝန်ကျ၏။ ဗြိတိသျှရေတပ် Royal Navy မှာကတည်းက စတင်အမှုထမ်း လာခဲ့သူမို့ အလွန်စည်းကမ်းကြီးသူ ကြားဖတ်ဝင်ပြီး ဆက်ပြောပြပုံက “ကိုယ့်လူတွေ အထူးသဖြင့် စာရေးဆရာတွေအတွက် ယူသွားချင်တဲ့ပစ္စည်း စာရင်းလုပ်ပြီး၊ ဗိုလ်မှူးချုပ်အောင်ကြီးထံ တင်ပြကာ အလွတ်သဘော ခွင့်တောင်းတာ ရလိုက်လို့ယူ သွားရဲတာပါ၊ ကိုယ့်သဘောနဲ့ယူသွားလို့ MI မိသွားရင်တော့ Court Martial အတင်ခံရမယ်လေ”

သူယူသွားတဲ့ပစ္စည်းစာရင်းကိုကြည့်၊ လက်ဖက်ခြောက်၊ ပဲကြီးလှော်၊ ဆေးပေါ့လိပ်၊ ထန်းလျက်ခဲ။

“ဆေးပေါ့လိပ် မီးညှိ သုံးလေးဖွာအပြီး မီးသတ်ကာ ဖင်ဆီခံကိုကိုက်ကာ အာသာဖြေရတယ်” လို့ ကိုမြသန်းတင့်က အဆုံး သတ်၏။ သူခပ်ငယ်ငယ် ရဲဘော်ဖြူဘ၀နဲ့ သရက်ထောင်မှာနေခဲ့ရသူ ကိုအောင်သင်းရဲ့ ပြောပြစရာတွေနှင့် စကားဆက် ကြပြန်၏။ ရန်ကုန်ထောင်နား ဘတ်စ်ကားစီးရင်း ဖြတ်သာသွားဖူးသူကျွန်တော်က “ပင်လယ်ထဲဆိုပေမယ့် ကိုကိုးကျွန်းမှာ အသက်ရှူရတာ မွန်းကျပ်မှာ” လို့ဆိုရာကနေ လူတစ်ယောက်ချင်း လွတ်လပ်ခွင့်အကြောင်းဆီသို့ မောင်သော်ကကခေါ် ဆောင်ကာ စကားဝိုင်းကို အရှိန်မြှင့်ပေးလိုက်သည်။

(၄)
ကိုအောင်သင်းက သူပိုင်သော စာပေဝေဖန်ရေးကို အဓိကထားကာ ပြော၏။ ကိုမြသန်းတင့်ကလည်း သူနိုင်နင်းသည့် နိုင်ငံ ရေးနှင့် စာပေလွတ်လပ်ခွင့် အကြောင်း အကိုးအကား အထောက်အထားနှင့် ပြောဆိုဆွေးနွေးသွားပုံမှာ အင်မတန်အဖိုးတန် အားရစရာကောင်းလှပါဘိ။

ကျွန်တော်သတိထားမိသည်က ကွန်မြူနစ်ဝါဒအပေါ် ထိပါးသည့်ကားလုံး မသုံးကြခြင်းပါ။ မောက်သော်က ကဗျာရွတ်တဲ့ ဘက်ရောက်သွားရာ ကိုအောင်သင်းက “ဆရာ၊ ကိုရန်ဖတ်တာကလည်း ကဗျာရွတ်သလိုပဲ” ဟု ပြော၏။

ဆရာမောင်သော်ကက “ကိုရန်ကျမ်းအစအဆုံး ကဗျာလိုရေးထားတာ” ဆိုသည့် မှတ်ချက်နှင့် ထိုညက စကားဝိုင်းပြီးခဲ့၏။

(၅)
၁၉၈၈ ခု၊ အရေးအခင်းကာလ ရေတပ်သားတွေ စည်းရုံးမှုနဲ့ ရေကြည်အိုင်မှာ နှိပ်စက်ခံရ၊ ထောင်ထဲမှာမသေခင် မီးခြစ်ဆံ ကဗျာလေးရေးသွား၏။

ပြေးလွှား ရှောင်တိမ်း ထောင်ကျ ကိုကိုးကျွန်းစံ ကိုမြသန်းတင့် ကျန်းမာရေးပြန် ကောင်းမလာဘဲ၊ အချိန်မတိုင်မီ ( Child hood by Gorky ကို အရွယ်မတိုင်မီလို့ သူနာမည်ပေး ဘာသာပြန်ခဲ့တာသတိရလို့) ဆယ်နှစ်အကြာ ၁၉၉၈ ခု၊ ဖေဖေ၀ါရီလ (၁၈) ရက်နေ့၌ ကွယ်လွန်သွားသည်။

ကျွန်တော့်အားလိုက်ပို့ပေးသူ ကိုရဲထွဋ် (ဗိုလ်တထောင်/ဟံသာဝတီ) က မြန်သန်းတင့်မိသားစုနှင့် အမှတ်တရ ဓာတ်ပုံရိုက် ပေးသည်။

(၆)
ဖျာပုံလမ်းကနေ ဓမ္မိက၀တီလမ်းသို့ နှစ်ယောက်သား ဆိုက်ကားစီးပြီး ခရီးဆက်ကြ၏။ သားသည်အဖေထက် သာစေရမယ် လို့ ကြွေးကြော်လှုပ်ရှားသူ ကိုအောင်သင်းနေအိမ်သို့။ သောကရောက်နေသူ သူ့သမီး မော်မော်သင်းက အပေါ်ထပ်သို့ ခေါ်သွား၏။ အိပ်ရာပေါ်တွင် မျက်စိမှိတ်နေသူအား “အဖေ၊ ဦးလေးကိုအောင်မွန်လာတယ်” ဟု ခပ်တိုးတိုးအသံပေးရာ၊ မျက်လုံးဖွင့်ကြည့်ပြီး ကိုအောင်မွန်လားဟူ၍သာ ပြောပြီး ပြန်မှိတ်သွား၏။

နေပြန်ကောင်းလာသေးပြီး၊ သိပ်မကြာလိုက်ပါ။

အဖေထက်သာဖို့ဝေးစွ ဘိုးအေခြေဖျားကိုပင်မမီဘဲ အဘက်ဘက်က နိမ့်ဆင်းထိုးကျ နေကြရှာသော ယနေ့လူငယ်တွေရဲ့ဘ၀ကိုကိုအောင်သင်းလည်း ကျာခိုင်းသွားရှာပြီ။

(၇)
မောင်သောက်ကအိမ်က ထိုညစကားဝိုင်းလေးဆီ စိတ်ကပြန်ရောကသွား၏။

သတိရတာမို့ စဉ်းစားကြည့်၏၊ မျက်စိအတင်းဖြဲကြည့်မှ မဆိုစလောက်လေး မြင်ရသည့် သူတို့သုံးယောက်ကြား မတူကွဲပြးမှု တွေ ဘေးဖယ်ထားကာ အတူတွဲသွားကြပုံ တွေးမိတော့လည်း မောင်သော်က၊ မြသန်းတင့်နှင့် ကိုအောင်သင်းတို့အား လွမ်းသည့်ကြား ကျွန်တော့်ရင်ထဲ၌ ပီတိဖြာလာသည်ဟု တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့။
0