မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၈)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၈)
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
စာရေးဆရာ မြသန်းတင့်အား အနီးကပ်လေ့လာခြင်း

(၁)
၁၉၆၁ ခု၊ ဧပြီလ သင်္ကြန်ကာလအတွင်း ကျွန်တော်၏ ချစ်သူငယ်ချင်း ပေအေး (ကိုကိုအေး)သည် ရေကစားရင်း မတော်တဆကွယ်လွန်သွား၏။ သူနှင့်အတူ ရေကစားကြသူ ကိုစိန်ဝင်းနှင့် ထိုနာရေးကို အကြောင်းပြုကာ ရင်းနှီးသွား၏။
သူတို့ ပခုက္ကူပြန်ရာသို့ အတူလိုက်လည်ရန်ခေါ်ရာ မြန်မာ့အသံမှ ခွင့်(၂)ပတ်ယူကာ လိုက်သွား၏။

ကိုစိန်ဝင်းနှင့် သူ့နှမအတာ၊ တစ်ဝမ်းကွဲ ကိုမြင့်သိန်း၊ ကိုတင်မောင်ဝင်း စသဖြင့် ကျောင်းသားလူအုပ် အတော်တောင့်၏။ ကျွန်တော်သည် ကိုစိန်ဝင်းတို့အိမ်မှာ တည်းသော်လည်း သူတို့အဖေချင်း ညီအစ်ကိုမို့ ကိုမြင့်သိန်းတို့အိမ်၌လည်း မကြာခဏ ထမင်းစားဖြစ်ကြ၍ ဦးပေါတင့်၊ ဒေါ်လှိုင်မိသားစုနှင့် ခင်မင်ခွင့်ရလိုက်၏။ ပခုက္ကူတွင် (၁၀) ရက်ခန့်နေခဲ့၏။

အိမ်စောင့်စစ်အစိုးရက ကိုကိုကျွန်းပို့ထားသော စာရေးဆရာ မြသန်းနှင့်မူ မဆုံမီရသေးချေ။

(၂)
၁၉၅၃ ခု၊ နှစ်တွင် ရန်ကုန်တက္ကသိုလ် ရောက်နေသောကျွန်တော်သည် ၁၉၅၄ ခု၊ တွင် B.A, ၁၉၅၆ ခု၊ တွင် B.L အောင်သော ကိုမြသန်းနှင့်မဆုံသော်လည်း တိုးတက်ကျောင်းသား အင်အားစု ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းသာ သိလိုက်ရသည်။

၁၉၆၃ ခု၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်သွားစဉ် ကိုမြသန်း ကိုကိုးကျွန်းသို့ အပို့ခံရပြန်၏။ သူဘာသာပြန်သော စစ်နှင့်ငြိမ်းချမ်းရေး ဆက်ထုတ်ခွင့်မပေး၍ အတွဲ(၉)နှင့် ရပ်ထားရ၏။ ၁၉၇၂၊ ခုတွင် သူပြန်လွတ်လာတော့ ရှုမ၀မဂ္ဂဇင်းတိုက်၌ မောင်သိန်းတန် (ဂျာနယ်ကျော်မမလေးသား) က ဦးကျော်နှင့် စကားပြောနေသော စာရေးဆရာ မြသန်းတင့်နှင့် မိတ်ဆက်ပေးသည်။

သူနိုင်ငံရေး ခရီးကြမ်းလျှောက်နေစဉ် သမီးပျို(၂) ယောက် သားတစ်ယောက်နှင့် ရုန်းကန်နေရသူ သူ့ဇနီး ဒေါ်ခင်မမနှင့် ကျွန်းတောလမ်းတွင် ခေတ္တနေစဉ်၊ ကျွန်တော်လည်း သားလေးမွေးပြီး ပုသိမ်လမ်း၌ နေ၍ သူတို့မိသားစုထံ မကြာခဏရောက်နှင့် ပိုရင်းနှီးသွားကြပြီ။

ရှုမ၀ မဂ္ဂဇင်းမှ ကျွန်တော်၏ ရူးတယ်လို့ဆိုချင်ဆို ကို သစ္စာစာပေက လုံးချင်းထုတ်ပေး၍ စာမူခ မတောင်းဖြစ်ပါ။ မြသန်းတင့်က ငွေ ၄၀၀ိ တောင်းပေးပြီး။ ခင်ဗျားဇနီးမီးဖွားထား၍ သုံးဖို့ဆိုကာ စာတိုလေးနှင့် သူ့သားဖိုးပြုံးချိုလာပို့၏။
အံ့ကိုသြရော။

(၃)
ရယ်စရာကောင်းပါဘိ၊ စစ်နှင့်ငြိမ်းချမ်းရေး ကို ၁၉၇၂ ခု၊အတွက် အကောင်းဆုံးဆုပေး၏။

မြန်မာ့အသံ မြက်ခင်းမှ အခန်းအနားသို့ သူတိုက်စိုး၏ မော်တော်ကားနှင့်လာပြီး ကျွန်တော်လည်း သွားတက်သည်။ ထို့နောက် လေရူးသုန်သုန် (၁၉၇၈)၊ ခန်းဆောင်နီအိပ်မက်(၁၉၈၈)၊ သုခမြို့တော်(၁၉၉၂)၊ အချစ်မိုးကောင်းကင်(၁၉၉၅) တို့ဖြင့် အမျိုးသားစာပေ ဘာသာပြန်ဆုများ သူရရှိခဲ့သည်။

သူပြန်ရောက်လာချိန်၌ ခေတ်စားနေသော စတီရီယိုတေးနှင့် ဗန်းစကားများကို လူငယ်တို့ကြားဝင်ရော လေ့လာသည်။ သူသည် ကဗျာအစပ်ကောင်း ဂီတလည်းကျွမ်းသမို့ လူငယ်များ ထွက်ပေါက်ရှာနေကြပုံကို တခဏချင်း နားလည်လိုက်၏။
ဗိုလ်တထောင်သတင်းစာ၌ သိန်းဖေမြင့် ပူးတွဲ နွံထဲကကြာကို နှင့်ချီပြီး နေ့စဉ်ဖော်ပြရာ၌ မြသန်းတင့် ဟူ၍ပြောင်းသုံးသည်။ စာရေးဆရာ သခင်မြသန်းနှင့် ရောနေတတ်သောကြောင့် ကွဲပြားရန်ဖြစ်ပါလိမ့်မည်။ သူမိတ်ဆက်ပေး၍ ဒဂုန်တာရာနှင့် ကျွန်တော်လည်း အသိဖြစ်ပြီး အကြိမ်ကြိမ် (၃) ယောက်သားဆုံဖြစ်ကြ၏။

၁၉၆၁ ခုက သူတို့နှစ်ယောက် စတော့ဟုမ်းမြို့ ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးကအပြန် ရောက်ခဲ့သော ဆိုဗီယက်ယူနီယံ၌ ကျွန်တော်လည်း Radio Moscow တွင် ၁၉၆၅-၆၈အလုပ်သွားလုပ်ဖူး၍ စိတ်ဝင်စားဖွယ်ရာ ပြောစရာတွေလည်းရှိသကိုး။

ထို့နောက် ဆရာပါရဂူနှင့်လည်း အလားတူပါ။

ကျွန်တော်နှင့်ရင်းနှီးပြီးသား မောင်သော်ကအိမ်တွင် မြသန်းတင့်၊ အောင်သင်းတို့နှင့် ညဘက် (၄)ယောက်စကားဝိုင်း မကြာခဏလုပ်ဖြစ်၏။ သူတို့အားလုံးသည် စာသမားဟူသည် အသက်နှင့်ဝါမရှိဟု သဘောထားလေသလား မပြောတတ်၊ လူငယ်များကို နေရာပေး တလေးတစား ဆက်ဆံသည်။

လူငယ်များကသာ အခွင့်ကောင်းယူကာ မလေးမစား မလုပ်မိဖို့ သတိထားရပါမည်။

(၄)
၁၉၄၂ ခု၊ ဂျပန်ခေတ် အာရှလူငယ်၊ ဖက်ဆစ်တော်လှန်ရေး၊ ၁၉၄၅ ခု၊ မန္တလေးခရိုင် ဖဆပလ၊ မြင်းခြံခရိုင် ကွန်မြူနစ်ပါတီ၊ အလုပ်သမား လယ်သမားတိုက်ပွဲများတွင် မနိုင်မနင်းပါဝင်ရင်း မကျန်းမာ၍ ကျောင်းပြန်တက်ရာ၊ ပခုက္ကူခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လိုက်သေးသည်၊ ကြည့်ပါ။

သူ့အားကိုကိုးကျွန်းသို့ (၂)ကြိမ်ပို့ခဲ့သည့် စစ်အစိုးရလက်ထက် မြသန်းတင့် အဘယ်မှာလျှင် ထောင်ကျခံချင်ပါနည်း။ နိုင်ငံရေးယုံကြည်ချက် မထားပါလျှင် ၁၉၅၆ ခု၊ က B.A.,B.L အောင်သူမို့ ၀န်းနှင့်ခြံနှင့် တိုက်နှင့်ကားနှင့် ဇိမ်ကျကျ နေနိုင်ပါမည်။

ယခုလို မဆလ ခေတ်တွင်မူ နိုင်ငံရေးယုံကြည်ချက် ခပ်လျှိုလျှိုထားပြီး မိသားစုတာဝန် မနိုင်မနင်း ရွက်ထားရသူ ဇနီးအားကူရမည်။ မိသားစုထဲ ပြန်ဝင်ရမည်။ ကလေးတွေကလည်း အဖေနှင့်နေချင်မည်။ လူ့သဘာဝ မဟုတ်ပါလား။

အဘက်ဘက်က ပျက်နေသည့်ထဲ စာအုပ်လောကလည်း ပါနေပြီ။

မြသန်းတင့်သည် စာရေးဆရာမို့ စာသာရေး၏။ စာဖတ်ပရိသတ်ကလည်း သူ့ကိုမျှော်နေကြ၏။ စစ်နှင့်ငြိမ်းချမ်းရေး ကျန်(၃)တွဲ ဆက်ထုတ်၏။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ၀တ္ထုကြီးက ဟိုးလေးတကျော်ဖြစ်သွား၏။

မေတ္တာအသင်္ချေ၊ အမှောင်ရိပ်ဝယ်၊ မမ စသည်တို့လို ပင်ကိုရေးစာအုပ်များ-- မကောင်းဆိုးဝါး စာပေစိစစ်ရေး ကြောင့်ရေးဖို့မလွယ်၊ မဖြစ်နိုင်။ စာပေသစ်မဂ္ဂဇင်း၊ အခြားသောဂျာနယ်၊ တိုးတက်ရေးသတင်းစာ၌ အယ်ဒီတာလုပ်ခဲ့သူ မြသန်းတင့်အဖို့ လုပ်ချင်သော မဆလ ခေတ် စာ-နယ်-ဇင်း ရှိပါလေစ။

သည်မှာတင် ဘာသာပြန်ဘက် သူလှည့်ရဟုထင်၏။

ယခင်ကလို အတိုခြုံးဘာသာပြန်ခြင်းမဟုတ်၊ စစ်နှင့်ငြိမ်းချမ်းရေးလို ဘာသာပြန်ပုံက အင်မတန် ထိရောက်အောင်မြင် မဟုတ်ပါလား။ အချိန်ယူလေ့လာ အားထုတ်ကြိုးပမ်းရာ၌ သူမတူသော မြသန်းတင့်၏ ဘာသာပြန်များကလည်း သူမတူပါ။ လေရူးသုန်သုန် ကျပြန်တော့လည်း ဇာတ်တည်ရာ ဒေသ၊ နောက်ခံ ခေတ်ကာလဆီသို့ စာဖတ်သူများအား သူခေါ်ဆောင်သွားနိုင်၏။

မြသန်းတင့် ကိုကိုးကျွန်းက ပြန်ရောက်စတွင် ၀င်းဦးက လာတွေ့ပြီးအားပေးပုံ သူပြောပြဖူးသည်။ နေ-နတ်-မင်း ခေါ် မောင်နေ၀င်း၊ နတ်နွယ်၊ မင်းကျော် တို့(၃) ယောက်တွဲ၊ ပုဂံစာအုပ်တိုက် စသည်တို့က သူ့အဖို့ အားထားစရာများဖြစ်လာသည်။
အထူးသဖြင့် မောင်နေ၀င်း က မြန်သန်းတင့်နှင့် နိုင်ငံရေးယုံကြည်ချက်၊ ရှုမ၀တွင်ရေးဖက်၊စိတ်ထားက ရိုးဖြောင့်ပွင့်လင်းသူဖြစ်သည်။ မောင်နေ၀င်းကပင် သတင်းစာဆရာ ဦးဝင်းတင် (ပေါ်သစ်)နှင့် ချိတ်ဆက်ပေးကြောင်း ၀င်းဦးကရေးဖူး၏။

သည်လိုနှင့်ပင် ဖျာပုံလမ်းက အိမ်ပြင်ဆောက်ပြီးပြီ၊ သားလေးတစ်ယောက် နောက်ထပ်မွေး၍ အိမ်ပြည့် (Full House) လည်းဖြစ်ပြီ။

စာပေဟောပြောပွဲများတွင်လည်း မြသန်းတင့်အောင်မြင်ပြန်သည်။

(၅)
နိုင်ငံရေးယုံကြည်ချက် ကိန်းအောင်နေဆဲ မြသန်းတင့် လှုပ်ရှားရန်နေရာ လိုအပ်၏။

ဤကိစ္စတွင်လည်း မောင်နေ၀င်းသည် အခရာကျပြန်၏။ သူကားဝါရင့် နိုင်ငံခြားသတင်းထောက်မို့ နိုင်ငံခြားသတင်းအေဂျင်စီများ သုံရုံးများသို့ ၀င်ထွက်သွားလာသူဖြစ်ပြီး ဧည့်ခံပွဲများသို့ မြသန်းတင့်ကိုလည်း ဖိတ်ကြားရန် လုပ်ဆောင်သည်။ ဆိုဗီယက်ယူနီယံသို့ တရုတ်ပြည်သူ့သမတနိုင်ငံသို့ နိုင်ငံတော်ဧည့်သည် (Stae Guest) အဖြစ်ရောက်ခဲ့သူ မြသန်းတင့်အား ရန်ကုန်ကဧည့်ခံပွဲများသို့ ၀မ်းသာဂုဏ်ယူစွာနှင့် နေရာပေး ဖိတ်ကြားကြလေသည်။
စာရေးဆရာ မြသန်းတင့်အဖို့ အစစအရာရာ အဆင်ချောသည်မဟုတ်။

သူစာပေလုပ်သား ၀င်လိုက်၍ အတော်ဂယက်ရိုက်သွားသည်။ သူရေးလိုသော ရေးနေသောစာများ အတွက်အန္တရာယ်ကင်းဟု ကျွန်တော်တို့ မမြင်နိုင်ခဲ့ကြပါ။ မြသန်းတင့်သည် အနုပဋိလောမ ရုပ်ဝါဒ အပါအ၀င် ကွန်မြူနစ်နိုင်ငံရေး စာအုပ်များရေးသူအဖြစ် ထောက်လှန်းရေးက စောင့်ကြည့်နေသည်ကို သတိမရနိုင်ကြ။

ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်ပေးသည့် စာပေဆု ယူရာ၌ အလွန်အမင်း ခေါင်းငုံ့ထားပုံ သတင်းစာထဲပါလာရာ ဒေါသထွက်ကြသည်။

စစ်နှင့်ငြိမ်းချမ်းရေးအတွက် ဆုပေးရင်း ဗိုလ်ချုပ်သောင်းဒန် လက်ကမ်းလာသည်ကို (ကိုကိုးကျွန်းအနံ့ မပြယ်သေး၍လား မသိ) လက်ဆွဲနှုတ်ဆက်ရန် တုံ့နှေးခဲ့ပါလျက်ဟု ဆိုကာ ကိုမြသန်းတင့်အား ပြစ်မတင်မိရန် ကျွန်တော်လည်း မနည်းစိတ်ထိန်းခဲ့ရသည်။

ယခုလို (၂၅) နှစ်လောက်အကြာ ဤဆောင်းပါးရေးချိန်၌မူ ဆင်ခြင်တတ်လာပြီ။

မြသန်းတင့်အားကြည့်ရာ၌ တစ်ခုနှစ်ခုကိုသာကွက်၍ မလုံလောက်၊ မကျေနပ်မှု တိမ်သလ္လာကိုဖယ်ကာ မျက်စိထဲ စာနာမှုမျက်စင်းထည့်မှသာလျှင် သူ၏ပကတိ ရုပ်သဏ္ဍာန်ကို ပီပြင်စွာမြင်နိုင်ပါမည်။ သူ့ဘ၀ကို ခဏယူလေး ယူကြည့်ပါ၊ သူခံခဲ့ရသည့် ဒဏ်ရာဒဏ်ချက်တွေ မြင်ပေလိမ့်မည်။ ယုံကြည်ချက်ကို မစွန့်နိုင်သူတစ်ဦး စစ်အာဏာရှင်နှင့် ရင်ဆိုင်ရသည့် အခက်အခဲများ။

ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရ သေပြီးသူရဲကောင်းဖြစ်ရခြင်းထက် တိုတောင်းစွာသောကာလလေး မိသားစုနှင့်နေကာ စာရေးခွင့်ရနိုင်သည့် နည်းလမ်းကို သူရွေးခြင်းဟု မတွေးနိုင်ကြဘူးလား။ မြသန်းတင့်အပေါ် ကြိုက်သလို ထင်ခွင့်မြင်ခွင့်ရှိကြသလို သူ့အနေနှင့်လည်း ကြိုက်သလိုနေခွင့်ရှိသည် မဟုတ်ပါလား။

ဥပမာ၊ Daphne du Maurier ၏ Rebecca ၀တ္ထုကို ဘာသာပြန်ရင်း ဆရာတင့်တယ်ကွယ်လွန်သွား၍ ဆက်ပြီးဘာသာပြန်ပေးရန် ၀င်းဦးအကြိမ်ကြိမ်တောင်းပန်သော်လည်း၊ မြသန်းတင့်က ထပ်တလဲလဲငြင်းသည်။ ၀င်းဦးကွယ်လွန်သွားတော့ စန္ဒာမဂ္ဂဇင်းကိုမူ အယ်ဒီတာချုပ်လုပ် ဦးစီးပေးသည်။

မြန်သန်းတင့်၏ ကလောင်ကွဲ မေမေလှိုင် ဆိုသည်က မိန်းမအတုဟု ဆိုသူများခမျာ သူ့မေမေနာမည် ဒေါ်လှိုင်ဆိုသည်ကို သိလျှင်ဘာပြောမည်မသိ။

(၆)
၁၉၈၈ ခု၊နှစ်အရေးအခင်း၌ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီဟု ထင်မှတ်ခဲ့ကြ၏။

ပြည်သူတွေသာ ရာ ထောင်သေကြ၊ ဘ၀ပျက်ကြလိုက်ရသည်။ ၁၉၉၂ ခု၊ တွင် ကျွန်တော်လည်း ဘန်ကောက်ရောက် သတင်းထောက်လုပ်၊ ၁၉၉၅ ခု၊တွင် VOA မြန်မာပိုင်း၌ အလုပ်ရ၍ Washington DC တွင်နေရသော်လည်း မိသားစု(၄)ယောက်မှာမူ (၃) နိုင်ငံ၌ တကွဲစီနေနေရသည်။

၁၉၉၈ ခု၊ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ ရုံးရောက်သွားတော့ ယမန်နေ့ညက မြသန်းတင့်ကွယ်လွန်ဟု သတင်းဝင်လာ၏။ VOA မြန်မာပိုင်းကနေ ဂုဏ်ပြုအစီအစဉ်တိုလေး အပြေးအလွှားလုပ်လိုက်၏။ နောက်ပိုင်း ရန်ကုန်ကနေ ကျွန်တော့်ဇနီးက ဖျာပုံလမ်းအိမ်ကိုရောက်တယ်၊ မမဘေဘီ (ဒေါ်ခင်မမ)နှင့်ရော ဗူး(မြနန္ဒာ)တို့ နှင့်ပါအေးအေးဆေးဆေးတွေ့ခဲ့ရဟု တယ်လီဖုန်းဆက်သည်။

၂၀၁၃ ခု၊နှစ် ဖေဖေါ်ဝါရီလ၌ ကျွန်တော်ရန်ကုန်ရောက်သွား၏။

ချောင်းပေါက်လောက်အောင် ရောက်နေကျ မြသန်းတင့်မရှိတော့သော မြသန်းတင့်၏ ဖျာပုံလမ်းအိမ်သို့ နောက်ဆုံးရောက်ခဲ့သည်။ မဘေဘီနှင့် ကလေးတွေကိုတွေ့၏။ နှစ်ပေါင်းများစွာ ဆူညံစွာစကားပြောနေကျ--၊ ပြောလည်းမပြောချင်ကြ ပြောစရာလည်းသိပ်မရှိ။ ဟာလာဟင်းလင်းကြီး။

မြသန်းတင့်ကွယ်လွန်ခြင်း (၁၅) နှစ်ပြည့် ဆွမ်းကျွေးဖိတ်စာ ပေး၍ယူခဲ့ပြီး၊ လိုက်ပို့သူဦးရဲထွဋ် ပခုံးကိုဖက်ကာ ယိုင်နဲ့နဲ့နှင့်ဝင်လာသူမို့ အောင်ဆန်းသို့မလာနိုင်ကြောင်း တောင်းပန်ခဲ့ရာ သူတို့နားလည်ကြပါ၏။

ကျွန်တော်ပုံမှန် ရေးနေကျ မစ္ဇျိမဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုစိန်ဝင်းနှင့် မြသန်းတင့်အကြောင်း Interview အရှည်ကြီး အသံသွင်းကြ၏။ (၄)ပတ်လောက် ဆက်တိုက်ထည့်မည်ဟု စီစဉ်ကြသော်လည်း သတင်းစာပြောင်းထုတ်ရန် ဂျာနယ်ရပ်လိုက်ရ၍ ကိုစိန်ဝင်းခမျာ စတိအတိုလေးသာထည့်နိုင်၏။

သူ့အိမ်ကိုယ်ရောက် ကိုယ့်အိမ်သူရောက်၊ ကြုံလျှင်လက်ဆေး ထမင်းဝင်စား ၊ ရုပ်ရှင်အတူကြည့်၊ နိုင်ငံရေးအကြောင်း ငြင်းခုံကြ ကိုမြသန်းကား မရှိတော့ပြီ။ သူကွယ်လွန်ချိန် အသက် (၆၉) နှစ်ဆိုသော်လည်း ဒဏ်ရာဒဏ်ချက်များကြောင့် သူ့ခန္ဓာကိုယ်က အသက် (၉၆) နှစ်လောက်များ ဖြစ်နေမည်လော။

ပြီးတော့ စိတ်၏ဖိစီးမှုဒဏ်--။

မြန်မာပြည်တွင် ၁၉၆၂ ခု၊ နှစ်နောက်ပိုင်း ယုံကြည်ချက်ရှိသူများ အနေရကျပ်၏။ ယုံကြည်ချက်ပြင်းက ပိုကျပ်ရုံမက အန္တရာယ်ကလည်း ကြီးပါဘိ။

(၇)
မြန်မာ့အသံမှ ထွက်ရန်ပြင်ဆင်ရင်း ဘိုလေးကျောင်းလမ်း၊ ဇရပ်ဟောင်းမှ (၇)ပေခန်းလေးသို့ ကျွန်တော်တို့မိသားစု ပြောင်းနေလည်း မြသန်းတင့် ရောက်လာစမြဲပင်။ သူရေးသည်ထဲ ဘယ်သင်းကို အကြိုက်ဆုံလဲဟုမေးရာ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း ဟူ၍ပြန်ဖြေလိုက်၏။ လိုက်ခဲတော့ မြနန္ဒာနှင့် တွဲထုတ်လိုက်တော့ ပိုပြီးတော့တောင် အရောင်တောက်လာသေးဟုလည်း ဆက်ပြောလိုက်သည်။

မောင်အောင်မွန်၏ ၀တ္ထုတွေထဲ ထုခြေလွှာအတောင်းနောက်ကျခြင်း ကိုသူအကြိုက်ဆုံးတဲ့။

တစ်နေ့စကားထိုင်ပြောကြရင်း ကွန်မြူနစ်ဝါဒက ကိုမြသန်းရဲ့ အညာသားစိတ်၊ အညာစရိုက်ကို မထိုးဖေါက်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်ဟု ပြောလိုက်ရာ၊ သူအင်မတန်ကြိုက်သော ကျွန်တော့်ဇနီးလက်ရာ မြင်းခွါရွက်သုတ်ကို ပါးစပ်ထဲအားပါးတရ ၀ါးစားပြီး ရေနွေးကြမ်းလည်း သောက်၏။ အတန်ကြာတော့မှ ပြုံးကာ No comment ဟုသာဖြေသည်။
နှစ်သက်မြတ်နိုးဖွယ် အညာစရိုက် သူ့၌အပြည့်ရှိဟု ယုံကြည်၍မေးလိုက်ခြင်းတည်း။

ကြည့်ပါ၊ မြင်းခြံခရိုင် ဗကပ ကော်မတီဝင် ကိုမြသန်းသည်၊ ဗကပ အထွေထွေအတွင်းရေးမှူး ဦးသိန်းဖေမြင့်အား ကိုသိန်းဖေဟု ရင်းနှီးစွားခေါ်ကာ နွံထဲကကြာဝတ္ထု တွဲ၍ပင်ရေးလိုက်သေးသည်။

မြသန်းတင့် ကွယ်လွန်ချိန်၌ အလံနီနွယ် အောင်ဗလက ဆောင်းပါးရှည်ကြီး ရေးပြီးဂုဏ်ပြုခဲ့၏။

အညာသားချင်းမို့လား၊ စာရေးဆရာချင်းမို့လား၊ သေချာစွာမသိနိုင်။ နှစ်လိုဖွယ်ကောင်းသောစိတ်ထား ဟူ၍ကား မညသူမှမငြင်းနိုင်။ သုံးယောက်စလုံး မရှိကြတော့ပါ။ မြသန်းတင့်၌ ပျော့ကွက် ဟာကွက် ညံ့ကွက် မရှိမဟုတ် ရှိပါမည်။ လူသားမို့ အမှားတွေလည်း အနည်းနှင့်အများ ရှိမည်မုချ။

မြသန်းတင့် ကွယ်လွန်ခြင်း နှစ်(၂၀) ပြည့်ပွဲရောက်လာပြန်ပြီ။

အငြင်းပွါးဖွယ်ရာ တစုံတရာမပါပဲ သူ့စာတွေအကြောင်းသာ ပြောဆိုကြသည်။ သူရေးခဲ့သည်များကို စာရင်းလုပ်ကြည့်၍ မရနိုင်လောက်အောင် များပြားလှပါဘိ။ အသက်(၂၀) ၀န်းကျင် လူငယ်များကလည်း မြသန်းတင့်စာကို ကြိုက်လာကြပြီ။
မကြုံစဖူး အကြိမ်ကြိမ် ပြန်လည်ပုံနှိပ်ရသည်ကလည်း မရှား၊ အံ့ဖွယ်ပါကလား။

သူသည်လူသားမို့ တစ်နေ့မဟုတ်တစ်နေ့၊ တစ်နည်းမဟုတ် တစ်နည်းနှင့် သေရပေမည်။ သည်လိုနှင့် ၁၉၉၈ ခု၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့က သူကွယ်လွန်ခဲ့၏။

သို့သော်လည်း သူရေးခဲ့သော စာတွေက ရှင်သန်လို့ကောင်းတုန်းမို့ မြသန်းတင့်သည် စာရေးဖို့ရန်သာ လူဖြစ်လာလေသလားဟု တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့။

Comments