ဇင်လင်း ● အမျိုးသားရေးတာဝန် ဖြစ်လာသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

ဇင်လင်း ● အမျိုးသားရေးတာဝန် ဖြစ်လာသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈

ယခုတလော မြန်မာနိုင်ငံ အနှန့် အပြားတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုနှင့် သုံးစွဲမှုပမာဏသည်  ဒီရေတက် သကဲ့သို့ တရိပ်ရိပ် အရှိန်မြင့်တက်လာနေသည်။ မြို့ကြီးမြို့ငယ်များ၌သာမက ကျေးရွာဇနပုဒ်များအထိ ပြန့်နှန့်လာနေ သည်။ တက္ကသိုလ်ကောလိပ်၊ အထက်တန်းကျောင်းအထိ မူးယစ်ဆေးအမျိုးမျိုးကို လွယ်လင့်တကူဝယ်ယူ  ရရှိနေသည်ဟု ပြည်သူ့အသံများ ကျယ်လောင်စွာ ပေါ်ထွက်နေသည်။ ဤကိစ္စသည် နောင်အခါ အမျိုးသားရေး အကျပ်အတည်းတစ်ခု အထိ ရောက်ရှိလာနိုင်သဖြင့် စိုးရိမ်စရာအလွန်ကောင်းနေသည်။

ယခု ဖေဖေါ်ဝါရီ လလယ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တောတွင်းတစ် နေရာ၌ မူးယစ်ဆေးဝါးထုတ် လုပ်သည့် ဆက်စပ်ပစ္စည်းအများအပြား တွေ့ရှိပြီး နောက်တစ်နေ့ ကျပ်သိန်းကိုးသောင်းကျော်တန် ဖိုးရှိ မူးယစ်ဆေးဝါး များနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း ၇ရက်နေ့စဉ်သတင်း အရ သိရသည်။ ကွတ်ခိုင်မြို့နယ် လွယ်ခန်းကျေးရွာ အရှေ့မြောက်ဘက်မီ တာ ၂,ဝဝဝ ခန့်အကွာတွင် အက်စစ်ပီပါများ အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို တပ်မတော်စစ် ကြောင်းက ဖေဖော်ဝါရီ ၁၅ ရက် တွင် ကနဦးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဖေ ဖော်ဝါရိ ၁၆ ရက်တွင် ယင်းနေရာတစ်ဝိုက် နယ်မြေလုံခြုံရေး ဆက်လက် ဆောင် ရွက်နေစဉ် ပမာဏများသော စိတ်ကြွဆေးပြာများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။ လွယ်ခန်းကျေးရွာအရှေ့ မြောက်ဘက် မီတာ ၁,၅ဝဝ ခန့် နှင့် ၂,၅ဝဝ ခန့်အကွာတွင် တပ်မတော် စစ်ကြောင်းက ရှာဖွေစစ်ဆေးစဉ် အက်စစ်ပိပါ ၂ဝဝ ကျော်အပါအဝင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် သုံးသောဆက် စပ်ပစ္စည်းများနှင့် စိတ်ကြွဆေး ပြား  ၉၉,၆ဝဝ တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့သည် ကွတ်ခိုင်နှင့် သိန္နီဒေသတွင် ဖေဖော်ဝါ ရီလလယ်ခန့်မှ စတင်ကာ တိုက် ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲ ကာလအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အထက်ပါ မူးယစ်ဆေးများနှင့် ဆက်စပ် ပစ္စည်းများ နှစ်ရက်ဆက် တွေ့ ရှိခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက နိုင်ငံခြား သားများ ပါဝင်သော မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ခုသည် မူးယစ်ဆေးဝါး အမြောက်အမြားကို အက်ဒမန်ပင်လယ်ပြင် မှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် စုံစမ်းထောက်လှမ်းမှုများ အချိန်ယူ ဆောင်ရွက်ခဲ့ရာ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရန်ကုန်-တရုတ် (တိုင်ပေ) လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့် တရုတ် (တိုင်ပေ)နိုင်ငံသား CAI JENG ZE   အား ကတ်တမင်း ၁၆ဝ ဂရမ်နှင့်အတူ စတင်ဖမ်းဆီး ရမိခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။

စုံစမ်းဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများကို အက်ဒမန်ပင်လယ်ပြင်တွင် စောင့်ဆိုင်း သယ်ယူမည့် ပင်လယ်ကူးသင်္ဘော သို့ ဖျာပုံဆိပ်ကမ်းမှတစ်ဆင့် ငါးဖမ်းစက်လှေဖြင့် ပို့ဆောင်ရန်အတွက် စက်လှေငှားရမ်းရန် စီစဉ်ခဲ့သူ အောင်ကျော်မြင့် (ခ) ထန်လျန်ခုပ် နေထိုင်သည့် မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရှိနေအိမ်ကို ဒီဇင်ဘာ ၁ဝ ရက်က ရှာဖွေရာ ၎င်းမှာ တိမ်းရှောင်နေပြီး ၎င်း၏နေအိမ်တွင် လျှို့ဝှက်သိမ်းဆည်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၆၆၄၆ဝ နှင့် ဘိန်းဖြူ ၆၈၅ ဂရမ်ကို လည်းကောင်း၊ နိုင်ငံခြားသားများအတွက် မူးယစ်ဆေးဝါးများရရှိရန်နှင့် သယ်ပို့ရန်အားပေးကူညီ ဆောင်ရွက်ပေး သူ ရန်ခိုင်းကွဲ့နှင့် ဇနီး မရန်ရင်ဟွေ့တို့ နေထိုင်သည့် နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု အမှတ်(၁) ကျေးရွာ ပတ္တမြား လမ်း အိမ်အမှတ်(၄၈) နေအိမ်ကို ဒီဇင်ဘာ ၁၁ ရက်ကရှာဖွေရာ ၎င်းတို့အား မတွေ့ရှိဘဲ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝ ၊ ၉ မမ ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်းကျည် ၅၁ တောင့်တို့အား လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့ သည်။ တိမ်းရှောင်နေသူ ရန်ခိုင်းကွဲ့နှင့်ဇနီး မရန်ရင်ဟွေ့တို့အား ဒီဇင်ဘာ ၁၂ ရက်တွင် လားရှိုးမြို့၌ ဆက်လက် ဖမ်းဆီးရ မိခဲ့သည်။

နိုင်ငံခြားသားများ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ်သန်း ပေါင်း ၄၃၃၄၈ ဒသမ ၃၁ တန်ဖိုးရှိ မူးယစ်ဆေးဝါး များ၊ မော်တော်ယာဉ် ၁ဝ စီး၊ ဆိုင်ကယ်တစ်စီး၊ မြန်မာငွေကျပ် ၄ ဒသမ ၈ သိန်း၊ အမေရိကန်ငွေဒေါ်လာ ၉၂၉ဝ၊ တရုတ် ငွေ ၆၇ဝ၄ ယွမ်၊ ဟောင်ကောင် ငွေ ၅ဝဝဝ ဒေါ်လာ၊ ထိုင်ဝမ်ငွေ ၃ဝဝ ဒေါ်လာ၊ ထိုင်းငွေ ၂ဝ၂ဝဘတ်၊ ဖိလစ်ပိုင် ငွေ ၆၅ဝ ပီဆို၊ ရွှေထည်ပစ္စည်း ကိုးမျိုးတို့နှင့်အတူ ဖမ်းမိတရားခံတရုတ် (ဟောင်ကောင်) နိုင်ငံသား တစ်ဦး၊ တရုတ် (တိုင်ပေ) နိုင်ငံသား လေးဦး၊ မြန်မာနိုင်ငံသား လေးဦး၊ ပေါင်းကိုးဦး၊ တိမ်းရှောင်ထွက်ပြေးနေသောတရားခံ တရုတ်နိုင်ငံသားတစ်ဦး၊ တရုတ်(တိုင်ပေ) နိုင်ငံသားလေးဦး၊ ထိုင်းနိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသား ၁ဝ ဦး၊ ပေါင်း ၁၆ ဦးတို့အား သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် အမှုများနှင့် ထည့်သွင်းအရေးယူထားရှိပြီး ၎င်းတို့အား ဖမ်းဆီးရ မိရေးအတွက် ပြည်တွင်း/ ပြည်ပ တားဆီးနှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ ထိုကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ မူးယစ်နှိမ်နင်းရေးအဆက်မပြတ် လုပ်သင့်သည်။

နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေး လုပ်ငန်းစဉ်နှစ်ခုဖြင့် ဆောင်ရွက် လျက်ရှိပြီး၊ ထုတ်လုပ်မှုပပျောက်ရေးလုပ်ငန်းစဉ်အောက်တွင် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲ ရေး၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး၊ မွေးမြူရေး၊ သီးနှံအစားထိုး စိုက်ပျိုးရေးနှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်း များ ထိန်းချုပ်ကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (၂ဝ၁၇ ခုနှစ် ဇွန်လ ၂၆) အခမ်းအနား၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာတွင် ဖေါ်ပြခဲ့သည်။ ထိုသဝဏ်လွှာတွင် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်အောက်တွင် ဆေးကုသရေး၊ ပြန်လည် ထူထောင်ရေး၊ ကျောင်းသားလူငယ်များအား အသိပညာပေးရေး၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖေါ်ပြထားသည်။

၂ဝ၁၆ ခုနှစ် ဇူလိုင်၂၅ ရက်နေ့က ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်း လှိုင်းခမ်းက ရှမ်းပြည်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရန် လိုအပ်ကြောင်းအဆိုကို အမျိုးသားလွှတ်တော် တွင် တင်သွင်းခဲ့ဖူးသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း  မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများကို ဖမ်းဆီး အရေးယူရေး၊ အုပ်စုလိုက် မူးယစ်ဆေးဝါး သုံးစွဲကြတဲ့ ချောင်ကျသောနေရာများကို အမြစ်ပြတ် ရှင်းလင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ် ပညာပေးမှုကို ရပ်ကွက်ကျေးရွာအနှန့် အရှိန်မြှင့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည် ကုသရေးစခန်းများ ဖွင့်လှစ်ပေးရေးတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်း ကြောင်း စိုင်းဝမ်းလှိုင်းခမ်းက လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ကိုယ်စားလှယ် ၁၇ ဦးက ပါဝင်ဆွေးနွေးခဲ့ ပြီးနောက်  မူးယစ်ဆေးဝါးသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ခြိမ်းခြောက်နေသည့် အန္တရာယ်ဖြစ်ကြောင်း လက်ခံခဲ့ကြ သည်။ စိုင်းဝမ်းလိုင်ခမ်း၏ ရှမ်းပြည်နယ် (မြောက် ပိုင်း) မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ဖမ်းဆီးအရေးယူရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ရှမ်းပြည် မြောက်ပိုင်းအစား မြန်မာနိုင်ငံအနှံ့အပြားတွင် ဖမ်းဆီးရေး အဆိုအဖြစ် လွှတ်တော်ဥက္ကဋ္ဌက ပြောင်းလဲခဲ့သည်။ အဆိုကို ၂ဝ၁၆ သြဂုတ်လ ၂ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်၌ မဲခွဲအတည်ပြုခဲ့ကြောင်း မီဒီယာ သတင်းများတွင် ဖေါ်ပြခဲ့သည်။

ထိုကဲ့သို့ အမျိုးသားလွှတ်တော်၌ ၎င်းအဆိုကို အတည်ပြုနိုင်ခဲ့သည်မှာ ဆယ့်ငါးလကျော်လာခဲ့ပြီဖြစ်သည်။ သို့သော် မူးယစ်ဆေးဝါးထုတ်လုပ်ဖေါက်ကားနေမှု လျော့ကျသွားခြင်း မရှိသေးပေ။ အကျင့်ပျက်လတ်စားသည့် တာဝန်ရှိသူများ ပါဝင်ပတ်သက်နေ သည်ကိုလည်း ကြားနေရသည်။ အစိုးရအဖွဲ့အနေဖြင့် စနစ်တကျ စီမံကိန်းချမှတ်လုပ်ကိုင်ရမည့် အမျိုးသားရေး တာဝန် ဖြစ်သောကြောင့် ရဲတပ်ဖွဲ့အပါအဝင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ ပူးပေါင်းပါဝင် ကူညီမှုလည်း လိုအပ်မည်ဖြစ်သည်။ ပြည်သူလူထု၏ အကူအညီလည်း ကျယ်ကျယ်ပြန့်ပြန့်ရရှိအောင် ဆောင်ရွက်သင့်သည်။

NLD အစိုးရ တာဝန်ယူပြီးစ ကာလအတွင်းမှာ ထူးထူးခြားခြား မူးယစ်ဆေးဝါးတွေ ခပ်စိပ်စိပ် ဖမ်းဆီးရမိခဲ့မှုများတွေ့ရ သည်။ ၂ဝ၁၆ မတ်လ ၃ ရက်နေ့က  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ စိတ်ကြွ ရူးသွပ် ဆေးပြား ၆ သိန်း ကျော် ဖမ်းဆီးရမိသည့် အမှုမှတဆင့် မတ်လ ၅ ရက်နေ့ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၆ သန်းကျော် အပါအဝင် တခြား မူးယစ် ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ တာဝန်ရှိသူများက ဗွီအိုအေ သတင်းသို့ ပြောခဲ့ဖူးသည်။ 

ရန်ကုန်နှင့် မန္တလေး ချိတ်ဆက် ရောင်းဝယ်နေကြသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို စိတ်ကြွရူးသွပ်ဆေးပြား အများအပြားနှင့်အတူ စံချိန်တင် ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ တာဝန်မှူး ရဲမှူးကြီး မြင့်သိန်းက ဗွီအိုအေ သတင်းဌာနကို ရှင်းလင်းပြောဆိုရာတွင် ရန်ကုန်၌ မိတာ မက်သာ ဖက်တမင်းကလိုရိုဒ် က ၄၄ ဂရမ် ၊ ဘိန်းမဲက ၅၂ ဂရမ် ၊ ငွေကတော့ သိန်း ၁ဝဝ ၊ ယာဉ် ၂ စီး သိမ်းဆီးရမိခဲ့ သည်ဟု ဆိုသည်။ ၎င်းအပြင် စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော်၊ မက်သာ ဖက်တမင်း ကလိုရိုဒ် ၈၂ ကီလို ၊ ဘိန်းဖြူ ၂၄ ကီလို ၊ ဘိန်းဆီခဲ ၁၅ ကီလိုကျော်ကိုလည်း သိမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ မန္တလေးမြို့တွင် စံချိန်တင်ဖမ်းဆီးရမိခဲ့ သည့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော်နှင့် အခြား မူးယစ်ဆေးဝါးများ ကာလတန်ဖိုး ကျပ် ၃၇ ဘီလျံ နီးပါး တန်ဖိုး ရှိသည်ဟု ဆိုသည်။ ၂ဝ၁၅ ခုနှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကွန်တိန်နာကားကြီးနှင့် အတူ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုဖူးသည်။

ထို့ပြင် ကချင်ပြည်နယ်တွင် ဘိန်းစိုက်ခင်း အကျယ်အဝန်းသည် ဧကသောင်းချီရှိကြောင်း သိရပြီး တရုတ်နိုင်ငံမှ  စီးပွားရေးလုပ်ငန်း ရှင်များ ပါဝင်ပတ်သက်မှုရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်မျး၏ ဆွေးနွေးမှုများလည်း ရှိသည်။ လွှတ်တော်ကိုယ်စားလှယ်အများစု၏ ဆွေးနွေးချက်သည် မျက်မှောက်ခေတ် လူငယ်များ မူးယစ်ဆေးဝါး သံသရာထဲ၌ မျောနေကြရသည်ဟု ဆိုသည်။ ထို့ကြောင့် ဘိန်းစို်က်ပျိုးမှုနှင့် မူးယစ်ဆေးဝါးကို တမျိုးသားလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ် တိုက်ဖျက်သင့်ကြောင်း တိုက်တွန်းကြခြင်းဖြစ်သည်။

သို့ဖြစ်၍ ယနေ့ မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသော “မူးယစ်ဆေးဝါးပြဿနာ” သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအားလုံးကို ဆုတ်ယုတ်ပျက်စီးစေသော ပဓါန အကြောင်းဖြစ်နေသည်။  နိုင်ငံရေး ရှုထောင့်က ကြည့်လျှင် မူးယစ်ဆေးဝါးနှင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှ ရရှိနေကြသည့် ကြီးမားလွန်းသော အကျိုးစီးပွားများကြောင့် ပြည်တွင်းစစ် အဆုံးမသတ်နိုင်ဖြစ်နေရသည်။ စီးပွားရေးနှင့် လူမှုရေးရှုထောင့်မှ ကြည့်လျှင် မူးယစ်ဆေးနှင့် ဘိန်းမှောင်ခိုရာဇာများ၏ ငွေမည်းခဝါချမှု (Money Laundering) များကြောင့် အဆမတန် ငွေကြေး ဖေါင်းပွမှု ဖြစ်ပေါ်ခဲ့ရသည်။ ကိုယ်ကျင့်သီလကို တန်ဖိုးမထားသော ဝိသမလောဘ စီးပွားရေးသမားများ၏ မူးယစ် ငွေမည်းများကြောင့် ရွှေဈေး၊ ဒေါ်လာဈေး၊ အိမ်ခြံမြေ တိုက်တာဈေးနှင့် အခြေခံစားကုန်ဈေးများ အဆမတန် ထိုးတက် လျှက်ရှိသည်။ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှု ပျက်ပြားရသည်။ အကျိုးဆက်မှာ ဆင်းရဲသား လက်လုပ်လက်စား များ အိုးမဲ့အိမ်မဲ့ ဘဝရောက်ကြရသည်။ အခြားတစ်ဖက်တွင် လူငယ်လူရွယ်များ မူးယစ်ဆေးစွဲမှုကြောင့် သက်ဆိုင်ရာ မိသားစုများ ဒုက္ခရောက်ကြရသည်။ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် ဆေးစွဲသည့် ပြဿနာကြောင့် ပိုပြီး သိသိသာသာ လူမှုဒုက္ခများ ကြုံကြရသည်။ ရာဇဝတ်မှုများလည်း တိုးများလာသည်။ ဒေသအလိုက် ကျောင်းသား လူငယ်များ၏ ကျန်းမာရေး ပညာရေးကိစ္စများ အပေါ်လည်း ဆိုးရွားသည့် အကျိုးသက်ရောက်မှုများ ဖြစ်ခဲ့ရသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ စစ်အစိုးရအဆက်ဆက် စိုးမိုးစဉ် တိုင်းရင်းသားဒေသအသီးသီး၌ ပြည်သူ့စစ်အမည်ခံ အရပ်သား လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်း၍ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို တန်ပြန်ထိုက်ခိုက်ခြင်းများ ရှိခဲ့သည်။ ၎င်းကာကွယ်ရေးတပ်ဖွဲ့များ ရပ်တည်ရေးအတွက် ဘိန်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်မှုကို ဒေသအာဏာပိုင်များက ခွင့်ပြုထားခဲ့သည်။ ဆယ်စုနှစ်ချီကြာလာသောအခါ လုပ်ငန်းသဘာဝအရ ထိန်းချုပ် မရအောင် ကြီးထွားလာခဲ့သည်။  အကျိုးစီးပွားပိုင်းတွင် ပါဝင်ပတ်သက်သူများသည် အာဏာပိုင်အဝန်းအဝိုင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအထိ ကျယ်ပြန့်ကြောင်း အရပ်သတင်းများ ထွက်ခဲ့သည်။ ထို့ကြောင့် တစ်မျိုးသားလုံးကို ဘက်စုံမှ အန္တရာယ်ပေးနေသည့် ဘိန်းနှင့် မူးယစ်ဆေးဝါးပြဿနာသည် အစိုးရဝန်ထမ်းများ အကျင့်ပျက်ခြစားမှုနှင့် တိုက်ရိုက်ပတ်သက်နေသည်ကိုလည်း သတိပြုရန် လိုသည်။ သို့ဖြစ်၍ NLD အစိုးရအနေဖြင့် ဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် ဖေါ်ဆောင်ပြီး၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကို ထိထိမိမိ ဆင်နွဲရန် လိုသည်။ ပြည်ထဲရေး ကာကွယ်ရေး နယ်စပ်ရေးရာ ဝန်ကြီးများ အနေ ဖြင့်လည်း မူးယစ်ဆေးတိုက်ဖျက်ရေးကဏ္ဍတွင် NLD အစိုးရအား အင်တိုက်အားတိုက် ကူညီမည်ဆိုပါက၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်မျက်နှာ၌ အောင်မြင်မှုများ ဆက်လက်ရရှိဖွယ်ရှိသည်ဟု ထင်မြင်မိပါသည်။


ဒီလှိုင်းဂျာနယ်၊ အတွဲ (၇) အမှတ် (၉)၊ ၂၆-၂-၂ဝ၁၈၊ (တနင်္လာနေ့) တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါး။

Comments