မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၁)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၁)
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၈
တောင်ပံခတ်ဆဲ ပျံသန်းမြဲ မောင်လင်းယုန် (ရှမ်းပြည်)

(၁)
ချီးကျူးထိုက်သူအား ချီးကျူး၊ ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုဖို့ ဖြစ်လာသောအခါ ရိုသေထိုက်သူအား မရိုမသေ လုပ်ခဲ့မိသည် များကိုကောဟု ပြန်တွေးဖို့ဖြစ်လာပြီ။ ၂ဝ၁၆ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကွယ်လွန်သွားသူ မောင်လင်းယုန် (ရှမ်းပြည်) အပေါ် ကျူးလွန်ခဲ့သည်များအတွက် ငရဲကျပါလျှင်၊ ငါတယောက်တည်းမဟုတ် ဝေလာ (ကိုလှဝေ)၊ ညွန့်ကြူး (မောင်မောင် ညွန့်)နှင့် ကျော်သာထွန်း တို့လည်းပါကြမည်သာမက သူတို့သုံးယောက်က ပိုကဲဟူ၍ အားတင်းလိုက်သည်။

ဆုံကြသည့်နေရာက ရန်ကုန်တက္ကသိုလ် တကသ အဆောက်အဦ၊ အချိန်က ၁၉၅၄ ခုနှင့် နောက်ပိုင်း နှစ်အတန်ကြာအထိပါ။ ဒီနှစ်မှရောက်လာလို့ ထီးတန်းကောလိပ်မှာ တက်နေရသူ ကိုမြင့်ဦးအား ကျွန်တော်တို့က ကျောင်းသားကြီးများမို့ မလေးစားမိ သူ့အသက်ကိုလည်းမသိ။

အမှန်တော့ ကျွန်တော်တို့ထက်စောပြီး ၁၉၅ဝ ခုကတည်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်၊ STCT ဆရာဖြစ်သင် ကောလိပ် တက် ရှမ်းပြည်ပြန် ကျောင်းဆရာလုပ်ခဲ့သူပါ။ သူက လူရိုးလူအေး ကဗျာဆရာ မောင်လင်းယုန် (ရှမ်းပြည်) ဟုကျော်ကြား လာမည့်သူမို့ စကားဝိုင်းတွင် တွေးနေငေးနေလို့ ပျက်လုံးကို လွတ်သွားစမြဲ။ "ဘာတွေပြောနေကြတာလဲ" ဟု လန့်နိုးကာမေး လာသူအား ပြန်၍ရှင်းပြရသည်က ပိုပြီးရယ်ကြာရ၏။

(၂)
ကိုမြင့်ဦးသည် တာဝန်သာယူ နေရာမခုံမင်သူမို့ တကသမှာထက် တပ်ဦးမှာ၊ အိုးဝေမှာထက် ရန်ကုန်တက္ကသိုလ် ကလောင် အသင်းမှာ ပိုပျော်ပုံရသည်။ ဗန်းမော်တင်အောင်၏ လင်းယုန်သတင်းစာကိုမဖတ် ပြည်သူ့ဂျာနယ်မှာသာ ကဗျာရှာသူအား လဒကြီးဟု ခေါ်မိကြသည်အထိ ရောက်ကုန်ကြပြီ။ သူကျောင်းဆရာဘဝ ကလေးဆိုးများနှင့် ဆုံမဆုံမသိ၊ ခုတော့သူ့ခမျာ လူကြီးဆိုးများနှင့် ကြုံနေရပြီ။

သိပ်လွန်ကဲလာရာ လူဆိုးသုံးယောက် (ကျွန်တော်မပါ) ရှိနေရင် တကသကိုမလာတော့ဟု ပြောလည်း နောက်ကြစကြဆဲ။ တကယ်တော့ ကျောင်းသားခေါင်းဆောင်တယောက် တကသသို့မလာပဲ ဘယ်လောက်ကြာကြာ နေနိုင်ပါမည်နည်း။ ပြီး တော့သူကိုယ်တိုင်ကလည်း လူဆိုးတွေနှင့်ကင်းကွာစွာ နေချင်ပုံမရသည်ကို အားလုံးအသိ။ လူချစ်လူခင်များသူကြီး၏ ပြန် လည်ထိုးနှက်ချက်ကို စောင့်ကြည့်ရမို့ ပျော်စရာကောင်းပါဘိ။

တမနက် လူစည်ကားချိန်ပါ။ တကသ အစောင့် ဘကြီးကံသိန်း ညကအိပ်ထားသော ခေါက်ခုတင်ပေါ် လူဆိုးသုံးယောက် ( ဝေလာ၊ ညွန့်ကြူး၊ ကျော်သာထွန်း) ထိုင်စကားပြောနေစဉ်၊ တကသအတွင်းရှိ အိမ်သာဘက်က ကိုမြင့်ဦးထွက်လာပြီး ခေါင်းညွှတ်လိုက်၍ မတ်တတ်ရပ်ကာ လက်ဆွဲနှုတ်ဆက်ကြသည်။ ဘာပါလိမ့်၊ ထူးထူးဆန်းဆန်းမို့ ဝိုင်းကြည့်နေကြ၏။

"ဟိုက်၊ အိမ်သာတက်ခဲ့ပြီး လက်မဆေးခဲ့မိဘူး" ဟူသောအသံနှင့်အတူ လူဆိုးသုံးယောက် နှာခေါင်းရှုံ့ရမလို လက်ကိုနမ်း ကြည့်ရမလို ဖြစ်ကုန်ပုံကို ရယ်မောကြသူများက "လဒမဟုတ်ဘူးကွ၊ လင်းယုန်ဟေ့ လင်းယုန်ထိုးနှက်လိုက်ပြီ" ဟုသြဘာ ပေးကြ၏။ ပျော်လိုက်ကြပါဘိ။ နှစ်များနှင့်အတူ အပြောင်းအလဲ များလည်းလိုက်ပါလာလေပြီ။

(၃)
၁၉၅၇ ခု၊ စာတော်သော ကျော်သာထွန်း ပညာသင်ဆုရ၍ အနောက်ဂျာမနီသို့ ထွက်သွား၏။ ၁၉၅၈ ခု၊ ညွန့်ကြူး ဆိုဗီ ယက်ယူနီယံသို့သွားရ၏။ ၁၉၅၉ ခု၊ ကျွန်တော်မြန်မာ့အသံတွင် အလုပ်ရ၏။ ၁၉၆ဝ ခု၊ ကိုမြင့်ဦး BA အောင်၏။ ၁၉၆၁ ခု၊ ဝေလာ ဦးဆုံးမိန်းမရ၊ တက္ကသိုလ်ဆရာမို့ သူလည်းဘွဲ့ရမှဖြစ်တော့မည်။

နာမည်ကြီးကဗျာဆရာ မောင်လင်းယုန် (ရှမ်းပြည်) ၏ နှလုံးသားတွင်လည်း နုပျိုသူလေးတဦး ပုံရိပ်ထင်လာ၏။ ဆိုဗီယက် ဘာသာပြန်ဌာန၌ အရာရှိဖြစ်နေသူကြီး၊ ပြီးတော့စိတ်ကောင်း ရိုးသားသူကြီးမို့ အခက်အခဲမရှိ၊ အချစ်ကဗျာတွေ ပို၍ပို၍ထွက်လာ၏။သို့သော်နောက်မကျချင်။

၁၉၆၂ ခု၊ဖေဖော်ဝါရီလ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် ကံ့ကော်ရနံ့နှင့် ဥသြသံသာတို့၏ ကာရံထက် စာမေးပွဲဖြေပြီးသွား သူလေး မြောက်ဘက်စွန်း ဒေသဆီမပြန်ရေး ဘယ်လိုလုပ်ရမည်ကို ကဗျာဆရာမသိ။ တိုင်ပင်ဖို့လူရှာရာ လူဆိုးဝေလာ ကိုတွေ့၊ အင်းသူ့ခမျာကလည်း ကြင်ယာသာစုံ ပညာမစုံသေးသမို့ ဇနီး၏မျက်စိအောက် BA စာမေးပွဲဖြေရေး စာကျက် နေရရှာ၏။

သို့သော်လည်း သည်လိုကိစ္စဘယ်နေလိမ့်မတုန်း။ ဝေလာလည်း အသာလျှိုထွက်ကာ ရဲဘော်လှမြိုင်ကိုခေါ် သတို့သမီးနှင့် အတူ သုံးဘီးကားနှင့် အင်းစိန်တရားရုံးဘက် အပြေးနှင်ကြ၏။ တရားသူကြီးရှေ့မှောက် သက်သေခံလက်မှတ်ရေးထိုးကြရာ ဇနီးကိုယ်စီနှင့် ဖြစ်လာကြပြီ။

(၄)
မကြာလိုက်ပါ၊ ၁၉၆၂ ခု၊ မတ်လ (၂ )ရက်နေ့၌ စစ်တပ်က အာဏာသိမ်းလိုက်၏။ မေလ (၉) ရက်နေ့၌ ရန်ကုန်တက္ကသိုလ် အက် ဥပဒေကို ရုပ်သိမ်းလိုက်၏။ ကျယ်ပြန့်သောကောင်စီိကို အစားထိုးလိုက်ခြင်းသည် တကသ အဖို့နိမိတ်ဆိုး။ ဇူလိုင်လ (၇) ရက်နေ့တွင် ကျောင်းသားများ တကသ ရှေ့၌ ပစ်သတ်ခံကြရ၏။

ဇူလိုင်လ (၈) ရက်နေ့မနက် အသံကြီးမြည်ဟီး၍ အပြေးသွားကြည့်ရာ ကျွန်တော်တို့ကွန်းခိုရာ သမိုင်းဝင် တကသ အ ဆောက်အအုံကြီးကား အုတ်ကျိုးအုတ်ပဲ့ ပုံကြီးဖြစ်နေလေပြီ။ ကျွန်တော်တို့တတွေ တကသမရှိတော့၍ ယခင်ကကဲ့သို့ မှန်မှန်မဆုံနိုင်ကြတော့။ သို့သော် ရသလောက် ကျောင်းသားရေး၊ နိုင်ငံရေး၊ စာပေ စသည်တို့ကို တိုးတိုးပြောဆိုကြ၊ စိတ်ထဲ ကသာ ငြင်းခုံကြနှင့် မသေသေးပဲ အရှင်လပ်လပ် ဘဝပြောင်းကုန်ကြပြီလော။

၁၉၆၃ ခု၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများပျက်သွားပြီးနောက် ဝေလာ အဖမ်းခံရး၏။ ၁၉၆၅ ခု၊ ဒီဇင်ဘာတွင် ကျွန်တော်ဆိုဗီယက်ယူနီယံသို့သွားရ၏။ ၁၉၆၈ ခု၊ ဇူလိုင်လ ပြန်ရောက်လာ၊ မမေ့နိုင်သော ဖြစ်ရပ်ကား နိုဝင်ဘာလ၌ မြန်မာပြည် သို့ အလည်ရောက်နေသူ ဆိုဗီယက် ကဗျာဆရာကြီး ယက်ဗ်တူရှင်ကို (Yevtushenko ) ရွတ်သောကဗျာကို မောင်လင်းယုန် (ရှမ်းပြည်)က ဘာသာပြန်ပြခြင်းပါ။

(၅)
သူနှင့်အတူလုပ်ဖူးသူ လူသာကျော်၏ကျေးဇူးကြောင့် ဒီဇင်ဘာလ အနုပညာပုံရိပ်မဂ္ဂဇင်းမှ ပုံရိပ်ပြန်ထင် မြင်ခွင့်ရလာ၏။ ၈-၈-၈၈ ကာလလျှပ်တပြက်ရောင်နီ သန်းလိုက်ပြီးနောက် ၁၉၉၁ ခု၊ ဝေလာ အင်းစိန်ထောင်ထဲ ဒုတိယအကြိမ်ဝင်ရ၏။ တော တွင်းပြန်ကျောင်သားလေးကို စာသင်ပေ၍ ထောင်ထဲရောက်နေနှင့်သူ ကိုမြင့်ဦးနှင့်ဆုံကြ၏။ တကသ မဟုတ်၍ မျက်လုံးချင်းပင် ဆုံခွင့်မရ။

၁၉၉၂ ခု၊ အာဟာရချို့တဲ့ (ငတ်ပြတ်သည်ကို ယဉ်ကျေးစွာသုံးခြင်း) ၍ ကျွန်တော်လည်း ဘန်ကောက်ရောက်၊ သတင်း ထောက်လုပ်နေစဉ် ထောင်ထဲ တတိယအကြိမ် သွားနိုင်စွမ်းမဲ့ ဝေလာလွတ်မြောက်လာ၏။ နောက်တော့သူ့ဇနီးရှိရာ အမေရိကန်သို့ ခရီးဆက်သည်။

၃ နှစ်အကြာ တရားဝင် သို့သော် ခိုးကြောင်ခိုးဝှက်နှင့် ကျွန်တော်ရန်ကုန်ခဏပြန်ခိုက် လမ်းဘေး လက်ဖက်ရည်ဆိုင်၌ ကိုမြင့်ဦးတို့ညီအကိုနှင့်ဆုံ၏။

သတင်းသမား ကိုမောင်မောင်ကျော်ဝင်းနှင့် ခြေဟန်လက်ဟန်နှင့် ပြောနေကြသည်ကို တွေးနေငေးနေသူကြီးက "ဘာတွေ ပြောနေကြတာလဲ" ဟုမေး၏။ နောက်ဆုံးကြားခဲ့ရသော သူ့အသံ နောက်ဆုံးမြင်ခဲ့ရသော သူ့မျက်နှာ။
(၆)
၁၉၃၃ ခု၊ ဖေဖေါ်ဝါရီလတွင်မွေး--- ၁၉၆၂ ခု၊ဖေဖေါ်ဝါရီလတွင် မိန်းမရ--၊ ၂ဝ၁၆ ခု၊ဖေဖေါ်ဝါရီလတွင် ခေါင်းချသွားသော ကိုမြင့်ဦးသည် အင်းစိန်တရားရုံးတွင် လက်ထပ်၊ အင်းစိန်မှာနေ အင်းစိန်မှာမသေမီ အင်းစိန်ထောင်ထဲ ရောက်လိုက်သေး၏
ကိုမြင့်ဦးကြီးနှင့် ဖေဖေါ်ဝါရီလ၊ ကိုမြင့်ဦးကြီးနှင့် အင်းစိန်ဒေသ ဘယ်လိုတွေး ဘယ်လိုရေးရပါ့။ ကျွန်တော်တို့လူဆိုးတွေကို ချစ်သော အနွံအတာခံသော အချိန်တွေဘယ်လောက်ညောင်းညောင်း၊ အခြေအနေတွေ ဘယ်လောက်ပြောင်းပြောင်း သူ့ယုံကြည်ချက်ကို ဆုပ်ကိုင်သွားသူကြီးမို့ တောင်ပံခတ်ဆဲ ပျံသန်းမြဲ မောင်လင်းယုန် (ရှမ်းပြည်) ဟူ၍ တင်းစားသင့်သည်ဟု တွေးမိကြောင်းပါ။

၂ဝ၁၈ ခု၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့။


ဓာတ်ပုံ - စိုးဝင်းငြိမ်း
0