တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်အမျိုးသားကွန်ဂရက် - အပိုင်း (၈)

 
လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အမျိုးသားကွန်ဂရက် - အပိုင်း (၈)
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၈
တရုတ်ပြည်ကိုအုပ်ချုပ်ခြင်း - အတွဲ (၁) (The Governance of China.Vol  1)

ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်အယူဝါဒ ပေါ်ပေါက်လာတာ အနှစ် (၅ဝဝ) ရှိပါပြီ။

၁။ ၁၅၁၆ ခုနှစ်မှာ သောမတ်မိုးဆိုသူက ယူတိုပီးယားဆိုတဲ့စာအုပ်ကို ထုတ်ဝေလိုက်ပြီး ဆိုရှယ်လစ်ဝါဒအယူအဆတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာ့လူသားတွေရဲ့ ယဉ်ကျေးမှုတိုးတက်ရေးလှုပ်ရှားမှု အတွေးအခေါ်နဲ့စနစ်တမျိုးဖြစ်ပြီး၊ အဲဒီထဲမှာ အလွန်လှပတဲ့ မျှော်လင့်ချက်တွေရှိနေပါတယ်။ ဒါပေမဲ့ ဒါကိုအကောင်အထည်ဖော်မဲ့လမ်းကြောင်းတွေ၊ နည်းနာတွေ ရှာမတွေ့ကြတဲ့အတွက် ဒါကို စိတ်ကူးယဉ်သဘောတရားတရပ်လို့ ပဲသဘောထားခဲ့ကြပါတယ်။ စိတ်ကူးယဉ် ဆိုရှယ်လစ် ဝါဒလို့ ခေါ်ခဲ့ကြပါတယ်။

၂။ ၁၉ ရာစုအစောပိုင်းမှာ အရင်းရှင်စနစ်ဟာ ဖွံ့ဖြိုးတိုးတက်လာပြီး၊ တချိန်ထဲမှာ ပစ္စည်းမဲ့အင်အားစုများဟာလည်း နိုင်ငံ ရေး အင်အားစုတရပ်အဖြစ် ပေါ်ထွက်လာပါတယ်။ ဒါတွေအကြားက လူမှုရေးပဋိပက္ခတွေ၊ နိုင်ငံရေးအပြောင်းအလဲတွေ၊ တော်လှန်ရေးလှုပ်ရှားမှုတွေကို ကားလ်မာက်စ်နဲ့ အိန်ဂျဲလ်တို့က နက်နက်ရှိုင်းရှိုင်းခွဲခြမ်းစိတ်ဖြာပြီး၊ အနိုင်နိုင်ငံမှာပေါ်ပေါက် ခဲ့တဲ့ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒ အမျိုးမျိုးအပေါ်အခြေခံပြီး သိပွံနည်းကျဆိုရှယ်လစ်ဝါဒကို တည်ထောင်လိုက်ပါတယ်။ ဒါဟာ အလွန်ကြီးမြတ်တဲ့ ခုန်ပျံကျော်လွှားမှုတရပ်ဖြစ်ပြီး ဆိုရှယ်လစ်ဝါဒကို စိတ်ကူးယဉ်ဝါဒတရပ်အဖြစ်ကနေ လက်တွေ့ အကောင်အထည်ဖေါ်နိုင်တဲ့ သိပွံနည်းကျ သဘောတရားစနစ်တရပ်အဖြစ်သို့ ရောက်ရှိစေလိုက်ပါတယ်။

၃။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂ဝ ရာစုအစောပိုင်းတွေမှာ အရင်းရှင်စနစ်ဟာ အလွန်ဖွံ့ဖြိုးလာပြီး လက်ဝါးကြီးအုပ် အရင်းရှင်စနစ် နယ်ချဲ့စနစ်သို့ ကူးပြောင်းသွားခဲ့ပါတယ်။ ဒီမှာတင် လီနင်ဟာ မာက်စ်ဝါဒရဲ့ ယေဘုယျမူများကို နယ်ချဲ့စနစ် ခေတ်နဲ့ရုရှား တော်လှန်ရေးရဲ့ အခိုင်အမာလက်တွေ့များနဲ့ ပေါင်းစပ်ခဲ့ရာက လီနင်ဝါဒဖြစ်တည်လာပြီး ရုရှားအောက်တိုဘာဆိုရှယ်လစ် တော်လှန်ရေးကို အောင်မြင်အောင်ဆင်နွှဲနိုင်ခဲ့ပါတယ်။ လီနင်ဟာ သိပွံနည်းကျ ဆိုရှယ်လစ်ဝါဒကို တီထွင်ဖန်တီးမှုရှိစွာ ဆက်ခံပြီး၊ ကာကွယ်ထိမ်းသိမ်းကာ ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။ ဒီလိုနဲ့ဆိုရှယ်လစ်ဝါဒကို သဘောတရားတရပ်မှ လက် တွေ့လုပ်ငန်းတရပ်အဖြစ် ရောက်ရှိစေခဲ့ပါတယ်။ လီနင်ကိုဆက်ခံတဲ့စတာလင်ကလည်း လီနင်ဝါဒကိုဆုပ်ကိုင်ပြီး ဆိုဗီယက်ယူနီယံရဲ့ဆိုရှယ်လစ်ဝါဒပုံစံကို စွဲစွဲမြဲမြဲတည်ဆောက်ပြီး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကိုဖေါ်ဆောင် ပြီးဒုတိယကမ္ဘာစစ် (ဖက်ဆစ်ဆန့်ကျင်ရေး) အောင်ပွဲကို အရယူနိုင်ခဲ့ပါတယ်။ ဇာဘုရင်လက်အောက် အလွန်ဆင်းရဲမွဲတေတဲ့ နိုင်ငံကြီးကို ဆိုဗီယက်ယူနီယံတည်ထောင်ပြီး အနှစ် (၇ဝ) အတွင်း ကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်သို့ရောက်ရှိစေခဲ့ပြီး ဆို ရှယ်လစ်စနစ်ရဲ့အားသာချက်ကို ပြသနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းစွာတည်ဆောက်ရေးကာလအတွင်းပေါ်ပေါက်လာတဲ့အဆောက်အအုံဆိုင်ရာအားနည်းချက်များကိုအချိန်မီမပြုပြင်နိုင်တဲ့အတွက် ဆိုဗီယက်ပုံစံဆိုရှယ်လစ်စနစ်ဟာကျဆုံးသွားပါတယ်။

၎။ ၁၉၄၉ တရုတ်ပြည်မှာအာဏာရလာတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ဆိုရှယ်လစ်စနစ်ကို စီးပွားရေး၊ လူမှုရေးအလွန် ခေတ်နောက်ကျတဲ့ တရုတ်ပြည်လိုနိုင်ငံမျိုးမှာ ဘယ်လိုတည်ဆောက်မလဲဆိုတာကို ဘက်စုံလေ့လာစူးစမ်းရှာဖွေခဲ့ကြပါ တယ်။ အောင်မြင်မှုတချို့ရရှိပေမဲ့ အလွန်ဆိုးဝါးတဲ့ လွှဲချော်ကွေ့ကောက်မှုတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ကျဆုံးမှုများနဲ့ ကြုံရတိုင်း တရုတ်ကွန်မြူနစ်ပါတီဟာ အကြောင်းရင်းများကို နက်နက်ရှိုင်းရှိုင်းရှာဖွေပြီး အမှားများကိုပြင်တတ်ပါတယ်။ တ ခြားနိုင်ငံများ၊ ပါတီများရဲ့အမှားများကိုလည်းသုံးသပ်ပြီး သင်ခန်းစာများအဖြစ်သဘောထားပါတယ်။ ဒီလို အမီခိုကင်းကင်း နဲ့ အဆင့်ဆင့်လုပ်လာရင်း အလွန်တီထွင်ဖန်တီးမှုရှိတဲ့ (တရုတ်ပြည်ရဲ့လက်တွေ့အခြေအနေများနဲ့လည်း ကိုက်ညီတဲ့) တရုတ်ပြည်ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ်စနစ်ဆိုတဲ့သဘောတရားအသစ်ကိုတင်လာပြီး သိပွံနည်းကျ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးမူကို တဆင့်မြှင့်ဖွံ့ဖြိုးစေလိုက်နိုင်တယ်လို့ တရုတ်များက သုံးသပ်ပါတယ်။

ဒီကာလရဲ့ အဓိကကျတဲ့အကြောင်းအရာကတော့ ဆိုရှယ်လစ်စနစ်ဟာ အရင်းရှင်စနစ်နဲ့ အပြန်အလှန်ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပဋိပက္ခ၊ အတိုက်အခံဖြစ်မှုများအကြား၊ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ပြီးပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် နည်းဗျူဟာများ၊ နည်းနာများကိုရှာဖွေ၊ စမ်းသပ်၊ လုပ်ဆောင်ကြည့်တာပါပဲ။ အရင်းရှင်စနစ်ရဲ့ စီးပွားရေး ဂလိုဘယ်လာဇေးရှင်းလှိုင်းကိုစီး၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ပြီး၊ ရရှိလာတဲ့အကျိုးအမြတ်များကိုတတ်နိုင်သမျှ တရားမျှတစွာမျှဝေတဲ့စနစ် (တနည်း ဆိုရှယ်လစ်စနစ်နဲ့အညီ) ကို ကျင့်သုံးတဲ့နည်းများကို လုပ်ဆောင်နေ တာပါ။ (ကိုးကား။ ကမ္ဘာ (၁) ခု၊ စနစ် (၂) ခု၊ အတွဲ (၂)။ မင်းနိုင်ထွန်း၊ ယဉ်မျိုးစာပေ၊ နှာ - ၁၇၉ -၁၈၃)

ဒီသဘောတရားကိုစတင်သူဟာ တိန်ရှောင်ဖျင်ဖြစ်ပြီး၊ ၁၉၇၈ ခုမှာ တံခါးဖွင့် ပြုပြင်ပြောင်းလဲရေးကာလသစ်ကို ဖော်ဆောင် ခဲ့ပါတယ်။ ဒီပေါ်လစ်ီကို တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်အဆက်ဆက်က ဆက်လက်ဖော်ဆောင်လုပ်ဆောင်ရင် အနှစ် (၄ဝ) ကြာပြီးနောက် အခုအခါ တရုတ်ပြည်ရဲ့စီးပွားရေးဟာကမ္ဘာမှာ ဒုတိယအင်အားအကြီးဆုံးဖြစ်လာခဲ့ပါတော့တယ်။



တရုတ်ပြည်ရဲ့စီးပွားရေးအရ အောင်မြင်မှုများက ဆိုရှယ်လစ်ဝါဒကို ပြန်ရေပန်းစားလာစေပါတယ်။ တရုတ်ပြည်ကပြောတဲ့ တရုတ်ပုံစံဖွံ့ဖြိုးတိုးတက်ရေးတို့၊ တရုတ်ဆိုရှယ်လစ်စနစ်အကြောင်း စတာတွေကို တကမ္ဘာလုံးက စိတ်ဝင်စားလာပါတယ်။

ဒီအချိန်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖင်က ဒီသဘောတရားအခြေခံတွေ၊ လက်တွေ့လုပ်ငန်းလမ်းညွှန်ချက်တွေပါတဲ့ သူ့မိန့်ခွန်းတွေ၊ ပြောကြားချက်တွေကိုစုစည်းပြီး တရုတ်ပြည်ကို အုပ်ချုပ်ခြင်း (The Gover namce of China) ဆိုတဲ့စာအုပ် အတွဲ (၂) တွဲကို ထုတ်ဝေလိုက်ပါတယ်။ ပထမတွဲကို ၂ဝ၁၄ စက်တင်ဘာမှာ ထုတ်ခဲ့ပါတယ်။ အခုအခါ ဘာသာပေါင်း (၂ဝ) ကျော်သို့ပြန်ဆိုပြီး နိုင်ငံပေါင်း (၁ဝဝ) ကျော်မှာ စာအုပ်ရေ (၆ . ၆) သန်း ရောင်း ရပြီးဖြစ်ပါ တယ်။ နိုင်ငံအတော်များများက အစိုးရပုံနှိပ်တိုက်များက တာဝန်ခံထုတ်ဝေတာတွေတောင်ရှိပါတယ်။ တချို့နိုင်ငံများ (ဥပမာ ထိုင်း) မှာ အစိုးရဝန်ထမ်းတွေ လေ့လာရေးစာစောင်အဖြစ် သတ်မှတ်တာတောင်ရှိပါတယ်။

အဲဒီစာအုပ်ရဲ့အမှာမှာ ၂ဝ၁၂ နိုဝင်ဘာမှာကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ (၁၈) ကြိမ်မြောက် အမျိုးသားကွန်ဂရက် အပြီး တက်လာတဲ့ ရှီကျင့်ဖင်အမှူးပြုတဲ့ ဗဟိုခေါင်းဆောင်မှုအနေနဲ့ တပါတီလုံးကိုဦးဆောင်ပြီး တရုတ်ပြည်က ရင်ဆိုင်နေရ တဲ့အခက်အခဲအမျိုးမျိုးကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်။ တရုတ်တမျိုးသားလုံးရဲ့အိမ်မက်တွေကို ဘယ်လိုအကောင် အ ထည်ဖေါ်မယ်ဆိုတာကို တကမ္ဘာလုံးက စိတ်ဝင်စားနေကြပါတယ်။ တရုတ်ပြည်ရဲ့အပြာင်းအလဲ၊ တိုးတက်မှုများကနေ ကျန်နိုင်ငံများကို ဘယ်လိုဂရက်လာနိုင်မယ်ဆိုတာကိုလည်း သိချင်နေကြပါတယ်။

နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို ဖြည့်ဆည်းတဲ့အနေနဲ့ရော၊ တရုတ်ပြည်အကြောင်း (တရုတ်အစိုးရရဲ့သဘောတရားတွေ၊ ပြည်တွင်းနဲ့ နိုင်ငံခြားရေးရာပေါ်လစီတွေအကြောင်း) ပိုမိုနားလည်နိုင်စေဖို့အတွက် ဒီစာအုပ်ကိုထုတ်ရပါတယ်။

ဒီစာအုပ်မှာ ရှီကျင့်ဖင် ၂ဝ၁၂ နိုဝင်ဘာ (၁၅) ရက်ကစလို့ ၂ဝ၁၄ ဇွန် (၁၃) ရက်နေ့အတွင်း ပြောကြားခဲ့တဲ့မိန့်ခွန်းတွေ၊ စကားဝိုင်းပြောကြားချက်တွေ၊ တွေ့ဆုံမေးမြန်းခန်းတွေ၊ ညွှန်ကြားချက်တွေ၊ စာပေးစာယူတွေပါဝင်ပါတယ်။ ဒီအထဲမှာ အလွန်ကျယ်ပြန့်တဲ့ပြဿနာများပါဝင်ပြီး၊ ဒါတွေအပေါ် ရှီရဲ့အမြင်တွေ၊ သတ်မှတ်ချက်တွေ၊ တချို့မှတ်တမ်းများမှာ ပါတီနဲ့ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့သဘောတရားရေးဆိုင်ရာနဲ့ လက်တွေ့ပိုင်းဆိုင်ရာပြဿနာများအတွက် ဖြေရှင်း နည်းများပါဝင်ပါတယ်လို့ ရေးထားတာတွေ့ရပါတယ်။ 

ဒီစာအုပ်မှာ ပါဝင်တဲ့အခန်းများကတော့ (၁၈) ခန်းရှိပါတယ်။
၁။ တရုတ်ထူးခြားချက်များနဲ့ ဆိုရှယ်လစ်စနစ်
၂။ တရုတ်အိမ်မက်
၃။ ဘက်စုံတဲ့၊ နက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲရေးများ
၎။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
၅။ တရားဥပဒေစိုးမိုးရေး
၆။ ယဉ်ကျေးမှုအဆင့်အတန်း ရှေ့တန်းရောက်တဲ့ တရုတ်ပြည်
၇။ လူမှုရေးအရ တာဝန်ယူမှုများ
၈။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်မှု
၉။ အမျိုးသားကာကွယ်ရေး
၁ဝ။ တိုင်းပြည်တပြည် စနစ် (၂) ခု
၁၁။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး
၁၂။ အဓိကနိုင်ငံကြီးများအကြား ဆက်ဆံရေးပုံစံသစ်
၁၃။ အိမ်နီးချင်းနိုင်ငံများ သံခင်းတမန်ခင်း
၁၄။ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေး
၁၅။ ဘက်ပေါင်းစုံ (Multilateral) ဆက်ဆံရေး
၁၆။ ပြည်သူလူထုနဲ့ နီိးကပ်စွာဆက်ဆံရေး
၁၇။ လာဘ်ယူ လာဘ်စား တိုက်ဖျက်ရေး
၁၈။ တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်မှုဆိုတဲ့ ခေါင်းစဉ်ကြီးများနဲ့ အခန်းတွေ ခွဲထားပါတယ်။

(မှတ်ချက်။ အခန်းတိုင်းအတွက်လည်း ရှင်းလင်းချက် (မှတ်စု) ဆိုပြီး မိန့်ခွန်းများ၊ ဟောပြောချက်များမှာပါတဲ့ သမိုင်းဆိုင်ရာ အကြောင်းအရာတွေ၊ ရှေးဟောင်းအသုံးအနှုံးတွေ၊စတာတွေကို ရှင်းလင်းပြထားတာတွေပါပါတဲ့အတွက် ဒီစာအုပ်ဟာ ကျမ်း တစောင်လို ခိုင်မာပြည့်စုံပါတယ်။)

အများစုဟာ အရင်အစိုးရအဆက်ဆက်က ဖေါ်ဆောင်လုပ်ကိုင်ခဲ့တဲ့ ပေါ်လစ်ီများသာဖြစ်ပေမဲ့၊ အဲဒီထဲက   ကိုပြည့်စုံအောင် လုပ်တာ၊ ပိုမိုရှင်းလင်းအောင် အဓိပ္ပါယ်ဖွင့်ဆိုတာ၊ အမှားအယွင်းတွေကိုပြင်တာ စတာတွေ တွေ့ရပါတယ်။ ဒီအထဲမှာ အ သစ်အဆန်းအချို့လည်း ပါပါတယ်။ ဥပမာ - တရုတ်အိမ်မက်ဆိုတဲ့ အခန်းမျိုးပေါ့။

တရုတ်ကွန်မြူနစ်ပါတီဟာ မာက်စ်ဝါဒကို အခြေခံတယ်လို့ဆိုထားပေမဲ့ မာက်စ်ဝါဒဟာ ၁၉ ရာစုမှာ ပေါ်ထွက်ခဲ့တာဖြစ် လေတော့ ၁၉ ရာစုမှာရှိတဲ့ သိပ္ပံပညာတိုးတက်မှုအောက်မှာပဲရှိတယ်။ ဒါ့ကြောင့် မာက်စ်ဝါဒ ဆက်လက်ရှင်သန်ဖွံ့ဖြိုးဖို့ဆို ရင် (၂၁ ရာစုရဲ့မာက်စ်ဝါဒဖြစ်ဖို့) ၂၁ ရာစု သိပ္ပံပညာထွန်းကားမှု၊ ခေတ်ကာလနဲ့ကိုက်ညီတဲ့ အဘိဓမ္မာသဘောတရား သစ်တွေ ရှာဖွေသင့်တယ်လို့ ခံယူထားတဲ့အတိုင်း အခုလို အရင်းရှင်စနစ်ကြီး အကြပ်အတည်းတွေ့နေချိန် (၂ဝဝ၈ မှာပေါ် ခဲ့တဲ့ စီးပွားရေးအကြပ်အတည်း၊ အခုထိနလံမထူနိုင်သေးမှု) မှာ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတနိုင်ငံမှာ ဆိုရှယ်လစ်စနစ်ဘယ်လိုတည်ဆောက်ရတယ်ဆိုတာကို တီထွင်ဖန်တီးမှုရှိပြီး၊ တရုတ်တွေရဲ့ အစဉ်အလာယဉ်ကျေးမှုတွေနဲ့ ကိုက်ညီတဲ့ တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်ဆိုတဲ့သဘောတရားတွေကို ဖေါ်ထုတ်လိုက်တာဖြစ်ပါတယ်။



ဒီသဘောတရားတွေရောပြွန်းဖေါ်ပြနေတဲ့ ရှီကျင့်ဖင်ရဲ့အမြင်တွေ၊ အတွေးအခေါ်တွေကို ဒီစာစုများမှာတွေ့ရှိနိုင်ပြီး၊ တရုတ် ပြည်ရဲ့အသွင်အပြင်ကို ဘယ်လိုပြောင်းအောင်လုပ်နိုင်ခဲ့တယ်ဆိုတာလည်း တွေ့ရှိနိုင်ပါတယ်။ တနည်းပြောရရင် တရုတ်အစိုးရသစ်ရဲ့အုပ်ချုပ်မှုဆိုင်ရာ အဘိဓမ္မာတွေပါ။

ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်း ပြည်ပ ပြဿနာများနဲ့ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတော်နှင့် စစ်တပ်ကိုအုပ်ချုပ်ခြင်းများ စတဲ့ ဘက်ပေါင်းစုံက ရှီကျင့်ဖင်ရဲ့အမြင်များ၊ အတွေးအခေါ်များဟာ ခိုင်မာတဲ့ ယုတ္တိတန်မှု၊ အကြောင်းအရာပြည့်စုံကြွယ်ဝမှုနဲ့ အမြင်သန်မှုတွေရှိတဲ့ သိပ္ပံနည်းကျသဘောတရားများဖြစ်တယ်လို့ စာအုပ် ဝေဖန်ချက်ဆောင်းပါးတစောင်မှာ ရေးထားတာတွေ့ရပါတယ်။ ဒီစာအုပ်ထဲက အခန်းတခုကို ဥပမာအဖြစ် ကြည့်ရအောင်ပါ။
(ကိုးကား။ တရုတ်ပြည်ကို အုပ်ချုပ်ခြင်း၊ ရှီကျင့်ဖင် အတွဲ (၁) အင်္ဂလိပ်ဘာသာ)

တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်ဆိုတာဟာ သိပ္ပံနည်းကျဆိုရှယ်လစ်စနစ်ပေါ်အခြေခံပြီး၊ တရုတ်ကွန်မြူနစ်ပါတီရဲ့အဆက်ဆက်သောခေါင်းဆောင်တွေ ဘယ်လိုရှာဖွေခဲ့တယ်ဆိုတဲ့အကြောင်းပြောရာမှာ မော်စီတုန်းအမှူးပြုတဲ့ ပထမမျိုး ဆက် ဗဟိုစုပေါင်း ခေါင်းဆောင်မှုက ခေတ်သစ်သမိုင်းကာလအတွင်း တရုတ်ထူးခြားချက်များနဲ့ ဆိုရှယ်လစ်စနစ်တည် ဆောက်ရေးအတွက် အလွန်တန်ဖိုးကြီးတဲ့အတွေ့အကြုံများနဲ့ သဘောတရားနဲ့ ရုပ်ဝတ္တုအခြေခံများကိုပေးအပ်ပြီး ရှေ့ ဆောင် ရှေ့ရွက်ပြု လမ်းထွင်ပေးခဲ့ပါတယ်။
တိန်ရှောင်ဖျင်အမှူးပြုတဲ့ ဒုတိယမျိုးဆက်က တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးကို စတင်ခဲ့ပါတယ်။   တတိယမျိုးဆက်ခေါင်းဆောင်များဖြစ်တဲ့ ကျန်းစစ်မင်နဲ့ သူ့ကိုဆက်ခံတဲ့ ဟူချင်ထောင်တို့ဟာ ၂၁ ရာစုရဲ့တရုတ်ဆိုရှယ် လစ်စနစ်ကို သမိုင်းအချိန်အခါအသစ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်စေလိုက်ပါတယ်။

တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်ဟာ တရုတ်ကွန်မြူနစ်မျိုးဆက်များရဲ့စိတ်ကူးစိတ်သန်းများ၊ အတွေးအမြင်များ၊ လေ့ လာစူးစမ်းမှုများကို ထုတ်နုတ်ပေါင်းချုပ်ထားတာဖြစ်ပြီး၊ မရေမတွက်နိုင်တဲ့ မျိုးချစ်ပြည်ချစ်များ၊ တော်လှန်ရေးသမား အာ ဇာနည်များရဲ့ဆန္ဒအာသီသများလည်း ဖြစ်ပါတယ်။ ထို့အတူ တရုတ်လူမျိုး အမြောက်အများရဲ့ တိုက်ပွဲများ၊ စွန့်လွှတ်စွန့်စားအနစ်နာခံမှုများရဲ့ အကျိုးဆက်များလည်းဖြစ်ပါတယ်။

တရုတ်ဆိုရှယ်လစ်စနစ်ရဲ့အခြေခံတာဝန်ဟာ ထုတ်လုပ်ရေးအင်အားစုများကို လွတ်မြောက်စေပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ် တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်အာရုံထားပြီး ပြည်သူအကျိုးဦးတည်တဲ့ ဘက်စုံပါင်းစုံ ထိန်းညှိထားတဲ့၊ သင့်တင့်လျှောက်ပတ်တဲ့ ရေရှည်ခံတဲ့ (စဉ်ဆက်မပြတ်) ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရမယ်။ (နှာ ၃ ၁၅)

အဲဒီအခန်းရဲ့အဆုံး  ရှင်းလင်းချက်အပိုင်းမှာ သိပွံနည်းကျဆိုရှယ်လစ်စနစ်အကြောင်း ဒီလိုရှင်းပြထားပါတယ်။

သိပွံနည်းကျဆိုရှယ်လစ်စနစ် (သို့မဟုတ်) သိပ္ပံနည်းကျကွန်မြူနစ်ဝါဒဆိုတာ အကျယ်သဘောအရကတော့၊ မာက်စ်ဝါဒရဲ့အတွေးအမြင်တစုံလုံးကို ရည်ညွှန်းတာဖြစ်ပြီး၊ အကျဉ်းသဘောပြောရရင်၊ မာက်စ်ဝါဒရဲ့ အဓိကအစိတ်အပိုင်းကြီး (၃) ရပ် ထဲက တပိုင်းကို ရည်ညွှန်းတာပါ။ ယေဘုယျ ဒီအဓိပ္ပါယ်နဲ့သုံးနေကြတာပါ။ ၁၈၄ဝ ခုနှစ်များက ကားလ်မာက်စ်နဲ့ ဖရက်ဒရစ်အိန်ဂျယ်တို့ကဖော်ထုတ်တီထွင်ခဲ့တဲ့ သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒဟာ သိပ္ပံပညာရပ်တရပ်ဖြစ်ပြီး၊ ပစ္စည်းမဲ့လူတန်းစား လွတ်မြောက်ရေးလှုပ်ရှားမှုရဲ့ သဘောသဘာဝ၊ အခြေအနေအကြောင်းချင်းရာများနဲ့ အထွေထွေရည်ရွယ်ချက်များကို လေ့ လာ ဆန်းစစ်ထားပါတယ်။ အဲဒီကတင်ပြလာတဲ့ တောင်းဆိုချက်များကတော့၊ တဦးချင်းပိုင်ဆိုင်မှုများကိုဖျက်သိမ်းရန်၊ အ များပိုင်ဆိုင်မှုကို ထူထောင်ရန်၊ ထုတ်လုပ်ရေးများကို အပြင်းအထန်မြှင့်တင်ရန်၊ လူမှုရေး ရုပ်ဝတ္တုပစ္စည်းများ အများအပြား ထုတ်လုပ်ရန်၊ စီမံကိန်းကျစီးပွားရေးစနစ်တည်ဆောက်ရန်၊ အကျိုးအမြတ်အတွက် ထုတ်လုပ်ခြင်း (Commercial Production) နဲ့ ငွေကြေးအလဲအလှယ်လုပ်မှုများကို ဖျက်သိမ်းရေးတို့ ဖြစ်ပါတယ်။ ဒီကနေ "အလုပ်လုပ်သလောက် ရရှိ ရေး” ဆိုတဲ့မူ ပေါ်ထွက်လာပြီး၊ လူတန်းစားများနဲ့ လူတန်းစားကွဲပြားမှုများဟာ ပျောက်ကွယ်သွားလိမ့်မယ်။ လူမျိုးတိုင်းပြည် များဟာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားမှာဖြစ်ပြီး၊ လွတ်လပ်တဲ့လူတဦးချင်းတွေရဲ့လူ့အဖွဲ့အစည်းတရပ်အဖြစ်ပေါ်ထွက်လာလိမ့်မယ်လို့ နိမိတ်ဖတ်ထားပါတယ်။ (နှာ -၂၆)။

ဒါတွေကတော့ ရှီကျင့်ဖင်ရဲ့တရုတ်ပြည်ကို အုပ်ချုပ်ခြင်း။ အတွဲ (၁) ထဲက စာမြည်းအချို့တွေပါ။

အတွဲ (၂) မှာတော့ တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်ဆိုတာနဲ့ပတ်သက်ပြီး ပိုမိုတိကျတဲ့ပြောဆိုချက်၊ လုပ်ငန်းလမ်းညွှန် တွေပါလာပါတယ်။ အပိုင်း (၉) မှာ ဆက်လက်တင်ပြပါ့မယ်။                             


လှကျော်ဇော
၅၊ ၂၊ ၂ဝ၁၈

မှတ်ချက်
- ပုံ (၁) ရှီကျင်ဖင်စာအုပ်၊ တရုတ်ပြည်ကို အုပ်ချုပ်ခြင်း (အင်္ဂလိပ်ဘာသာ)
- ပုံ (၂) တရုတ်နဲ့ ကမ္ဘာဖွံ့ဖြိုးတိုးတက်မှုနှုန်းပြဇယား
- ပုံ (၃) ရှီကျင်ဖင် ကျေးလက်ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းများ စစ်ဆေးနေစဉ်

Comments