ဇာဝါရီ ● လူငယ်များဖတ်ဖို့ (ကိုယ့်အကြောင်း ကိုယ်သိ)

ဇာဝါရီ ● လူငယ်များဖတ်ဖို့ (ကိုယ့်အကြောင်း ကိုယ်သိ)
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈

စာရေးသူ၏ တူ၊ တူမလေးတွေကို ပြောပြဖြစ်တဲ့ အသိပညာပေး ပုံပြင်လေးတွေကို မိုးမခစာချစ်သူ လူငယ်၊ ကျောင်းသူ ကျောင်းသားလေးတွေ ဖတ်ဖို့ မျှဝေလိုက်ပါတယ်။

ချစ်တူ၊တူမလေးတွေ ရေ … ဒီတပတ် ပြောပြချင်တဲ့အကြောင်းက သာယာလှပတဲ့တညနေမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လယ် မှာရှိတဲ့ အဆင့်မြင့်ဆေးရုံကြီးကို နှလုံးရောဂါဝေဒနာ အပြင်းအထန်ခံစားနေရတဲ့လူနာတယောက် အရေးပေါ် ရောက်ရှိလာခဲ့ တယ်။ ဆေးရုံကားပေါ်ကနေ ချက်ချင်း အရေးပေါ်ခွဲစိတ်ခန်းထဲကို လူနာတင်စင်နဲ့ သယ်ဆောင်လာတဲ့လူနာမှာ အသက် (၄၀) ကျော် ရုပ်ရည်အသင့်အတင့်ရှိတဲ့ အမျိုးသမီးတဦး ဖြစ်တယ်။ သူ့ရဲ့ အခြေအနေက အတော်လေး စိုးရိမ်ရတာကြောင့် ဆရာဝန်၊ သူနာပြုတွေက ခွဲစိတ်ကုသမှုကို အချိန်နဲ့တပြေညီ စွမ်းစွမ်းတမံလုပ်ကြတယ်။

လူနာကုတင်ပေါ်မှာ သက်မဲ့အလား ခွဲစိတ်မှုခံယူနေတဲ့ အမျိုးသမီးရဲ့ ဝိညာဉ်က အဲဒီအချိန်မှာ ဘုရားရှင်ကို သွားတွေ့ပြီး .. ကျမ လူ့ဘဝကို စွန့်ရတော့မလား။ ဘာဖြစ်လို့ အခုလို ငယ်ငယ်ရွယ်ရွယ် ရှိသေးတဲ့သူကို ခေါ်ရသလဲလို့ ရှိခိုးတောင်းပန် မေးလေတယ်။ အဲဒီမှာ ဘုရားရှင်က … မင်း မသေရသေးပါဘူး။ ဒီလူ့လောကကြီးမှာ နောက်ထပ် လေးဆယ့်သုံးနှစ်၊ နှစ်လ နဲ့ ရှစ်ရက် နေခွင့်ရှိပါသေးတယ်… လို့ ဖြေကြားပြောဆိုတယ်။

ဒီလိုနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေရဲ့  ခွဲစိတ်ကုသမှု၊ သူနာပြုတွေရဲ့  စောင့်ရှောက်မှုကြောင့် အမျိုးသမီး အသက်ဘေးမှ လွတ်မြောက်ပြီး၊ ပြန်လည်ကျန်းမာလာခဲ့တယ်။ နှလုံးခွဲစိတ်ကုသမှု အောင်အောင်မြင်မြင် ပြီးမြောက်ပြီး၊ လူကောင်ပကတိ အလား ပြန်ဖြစ်လာတဲ့ အမျိုးသမီးက ဆေးရုံမှ ချက်ချင်းမဆင်းသေးဘဲ မျက်နှာနဲ့ ခန္ဓာကိုယ်အလှပြုပြင်ရေးတွေလုပ်ပေးဖို့ တောင်းဆိုတယ်။ မျက်စိ၊ နှာခေါင်း၊ နှုတ်ခမ်းအပါအဝင် မျက်နှာကို ခွဲစိတ်ပြုပြင်၊ ဗိုက်၊ ခါး၊ လက်မောင်းနဲ့ ပေါင်တကြောက အဆီတွေကို စုပ်ထုတ်၊ ဆံပင်၊ ခြေသဲလက်သဲတွေကို ဆေးဆိုးပုံစံသွင်းနဲ့ စိတ်တိုင်းကြ နှစ်ပတ်လောက်အချိန်ယူပြီး လုပ် လိုက်တယ်။

အားလုံးပြီးမြောက်တဲ့အခါ သူ့ပုံစံက ဆေးရုံမတက်ခင်က ပုံဆန်နဲ့ လုံးဝမတူတော့ဘဲ၊ အလွန်လှပနုပျိုတဲ့ အသက်နှစ် ဆယ်ကျော် အပျိုဖြန်းလေးနဲ့တူနေလို့ မှန်နဲ့မခွာ ကြည့်မဝ ကျေနပ်နေခဲ့တယ်။ ဆရာဝန်၊ သူနာပြုတွေနဲ့ အခြားလူနာတွေ ကလည်း သူ့ရဲ့  အလှသစ်ကို ချီးမွမ်းပြောဆိုကြတယ်။ နှစ်ပတ်အကြာ အစစအရာရာ ပြီးမြောက်၊ မိမိရဲ့ ကြီးမားတဲ့ ပြောင်းလဲ မှုကို ကျေနပ်အားရပြီး အားလုံးကို နှုတ်ဆက်၊ ဆေးရုံက ဆင်းလာခဲ့တယ်။

ဆေးရုံတံခါးဝအထွက် လေအဝှေ့နဲ့အတူ ကခုန်နေတဲ့ ရွှေအိုရောင်ဆံပင်တွေကို ခါးရမ်းပြီး၊ နေကာမျက်မှန်ကိုတပ်၊ ဒီဇိုင်း အသစ်နဲ့ ငါ့အလှကို အားလုံးငေးမောကြည့်နေမှာဆိုတဲ့ အတွေးစိတ်ကူးနဲ့ ဆေးရုံရှေ့  မျက်နှာစာလမ်းကို ဖြတ်ကူးလိုက်ချိန်မှာ တဘက်က အရှိန်နဲ့ အရေးပေါ် မောင်းနှင်ဝင်ရောက်လာတဲ့ ဆေးရုံကားရဲ့ရုတ်တရက် တိုက်ခြင်းကို ခံလိုက်ရကာ၊ အဲဒီနေ ရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားလေတယ်။

သူလိုပဲ မင်းတို့ မေးချင်၊ သိချင်ကြလိမ့်မယ် … ဘုရားရှင် … လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က အရှင်ဘုရားပြောတော့ ကျမအနေနဲ့ ဒီလူ့ဘဝကြီးမှာ နောက်ထပ် နှစ်လေးဆယ်ကျော် နေရအုံးမယ်ဆို … အခုတော့ ဘယ်လို ဖြစ်ရပြန်ပြီလဲ။ ပြော ပါအုံး … လို့ ဒေါနဲ့မောနဲ့ ငိုယိုပြီး မေးလေတယ်။

အဲဒီမှာ ဘုရားရှင်က … အလို ချစ်သမီး မင်းနဲ့ မတွေ့မဆုံဘူးသေးပါ။ မင်းဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဘုရားရှင်ကျွန်ုပ် မမှတ်မိပါ … လို့ ပြန်လည်ဖြေကြားတယ်။

ကဲ ပုံပြင်လေးက ဒီလောက်ပါပဲ။

ဒီပုံပြင်လေးက မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါ (မည်သူမည်ဝါ) မသိသူတွေ၊ ကိုယ့်မှာရှိတဲ့ အရည်အချင်း၊ ပိုင်ဆိုင်မှုကို တန်ဖိုးမထားတတ်သူတွေ၊ မရှိတာနဲ့ ကြွားဝါချင်သူတွေ၊ သိမ်ငယ်စိတ်ရှိသူတွေ - အထူးအားဖြင့် မိမိကိုယ်ပိုင်အလှကို တန်ဖိုး မထား၊ အတုအပအလှတွေနဲ့ ဘဝကို မဖျက်ဆီးမနစ်မွန်းစေဖို့ ပြောလို့တဲ့ ပုံပြင်လေးပါ။

အာဖရိကတိုက်မှာရှိတဲ့ ကွန်ဂိုလ်လီစ်လူမျိုးတွေရဲ့မှတ်သားစရာ စကားပုံတခုက “သစ်သားချောင်းကို ရေထဲမှာ ဆယ်နှစ် လောက်ထားလဲ ဘယ်တော့မှ သစ်သားကနေ မိကျောင်းဖြစ်လာမှာမဟုတ်ဘူး” လို့ မဖြစ်နိုင်တာ၊ မလုပ်သင့်တာကို ကြံဖန် မလုပ်ဖို့၊ မစဉ်းစားဖို့ကို ဆုံးမပြောဆိုကြတယ်။

လူတယောက်အနေနဲ့ မိမိကိုယ်ပိုင် အတွေးဆုံးဖြတ်ချက်နဲ့ ဘဝကို မရင်ဆိုင်ဘဲ၊ သူများ ပြောသမျှ လိုက်လုပ်နားယောင်နေရင် အဲဒီလူက သူတပါးရဲ့  ကျေးကျွန်သဖွယ် ဖြစ်နေတတ်တယ်။ အောင်မြင်သူတွေကို အားကျတုပတာ အတိုင်းအတာတခုအရ ကောင်းပါတယ်။ ဒါပေမဲ့ သူတပါးကို အမြဲအားကျ၊ သူ့ခြေရာအတိုင်း နင်းမလျှောက်ဘဲ ဘဝမှာ ကိုယ်ပိုင်ခြေရာ ကျန်ရစ်အောင် ကိုယ်တိုင် လမ်းသစ်ဖောက်လျှောက်နိုင်အောင် ကြိုးစားလုပ်ရမယ်။ No one ever became great by imitation: imitation is limitation. ဘယ်သူမှ သူများပုံတူကူးချပြီး ကြီးမားတဲ့ အောင်မြင်မှုကို မရကြဘူး။ ပုံတူကူးချ အတုအပက ကန့်သတ်မှုရှိတယ်။

ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုပြောတဲ့စကားနဲ့ အဆုံးသတ်ရရင် … ကျနော့်အမေက ပြောတယ် … မင်း စစ်သားလုပ် မယ်ဆိုရင် စစ်ဗိုလ်ကြီး ဖြစ်အောင်လုပ်၊ ဘုန်းကြီးဝတ်မယ်ဆိုရင် ပုပ်ရဟန်းမင်းကြီးလောက် ဖြစ်အောင်လုပ်လို့ ပြောတယ်။ ဒါနဲ့ ကျနော် နှစ်ခြိုက်စိတ်ဝင်စားတဲ့ ပန်းချီပညာကို အပတ်တကုတ် ကြိုးစားသင်၊ မနားမနေဆွဲလိုက်တာ ဒီနေ့ ပီကာဆို ဖြစ်လာခဲ့တယ်။

ကဲ … ဒီလောက်ပါပဲ။ နောက်တော့ မှတ်သားစရာ၊ စိတ်ဝင်စားစရာတွေ ဆက်ပြောကြတာပေါ့။

Comments