မောင်စိန်သော် ● မန်ခါတိုက်ပွဲ (သို့မဟုတ်) ရန်သူ့ထိုးစစ်ကို ရိုက်ချိုးပစ်သည့် တပ်ရင်းချေမှုန်းရေးတိုက်ပွဲ

မောင်စိန်သော် ● မန်ခါတိုက်ပွဲ (သို့မဟုတ်) ရန်သူ့ထိုးစစ်ကို ရိုက်ချိုးပစ်သည့် တပ်ရင်းချေမှုန်းရေးတိုက်ပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၈

(၁)
၁၉၇၉ ခုနှစ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ၇၉ လမ်းစဉ် ချမှတ်သောနှစ်ဖြစ်သလို ပါတီ နှစ် ၄ဝ ပြည့်သည့် ထူးခြားသောနှစ်ဖြစ်သည်။ တိုက်ဆိုင်မှုဆိုရမည်လားမပြောတတ်။ အဲဒီအချိန်က ပါတီဗဟိုဌာနချုပ်ရှိရာ ဝ နယ် ပန်ဆန်းတွင် ရဲဘော်တွေ လူစုံတက်စုံ ရှိနေချိန်ဖြစ်သည်။ ပါတီ နှစ် ၄ဝ မြောက်နေ့ကို ဂုဏ်ပြုသည့် ဒီရေမြင့်သစ်ကိုကြိုဆို-ကပြသီဆိုတဲ့ “မိုးသောက်-ကြယ်နီ အော်ပရာကဇာတ်ကြီး” ကို တင်ဆက်ကပြနိုင်ခဲ့သည်။ တပ်ပေါင်းစုမဟာမိတ်အင်အားများလည်း တော်တော်စုံစုံလင်လင် ရောက်ရှိနေချိန်ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး၊ တပ်တည်ဆောက်ရေးသင်တန်းများတက်၊ လေ့လာ၍ အ ပြန်အလှန်အတွေ့အကြုံဖလှယ်မှုများလည်း လုပ်ကြသည်။ အရှေ့တောင်အာရှနိုင်ငံများမှ ညီနောင်ပါတီတချို့လည်း ရှိနေ သေးသည်။ အဲဒီကာလ ပါတီဗဟိုရှိရာ ပန်ဆန်းသည် တော်လှန်ရေးအင်အားစုများဖြင့် လှုပ်ရှားတက်ကြွနေသည်။ ထိုကာလ က ပြည်တွင်း ပြည်ပတော်လှန်ရေးအခြေအနေသည် ကောင်းမွန်နေသည်ဟုဆိုရမည်။ ရဲဘော်တိုင်း အတွေးအခေါ်အရ ပြင်ဆင်မှုရှိနေပြီး မျှော်လင့်ချက်ကိုယ်စီဖြင့် တော်လှန်ရေးယုံကြည်ချက်များမြင့်မားနေချိန်ဟု ပြောနိုင်သည်။

တချိန်တည်းတွင် စိတ်မကောင်းဖွယ်ဖြစ်ရပ်မှာ ပန်ဆန်းဒေသတဝိုက် ဝ နယ်တောင်ပိုင်းလူထုမှာ စိုက်ပျိုးသီးနှံထွက် မ ကောင်း၍ စားရေရိက္ခာပြတ် အငတ်ဘေးရင်ဆိုင်နေရသည်။ လူအသေအပျောက်ပင် ရှိခဲ့သည်။ ဒီကပ်ဘေးကို အရှေ့မြောက် စစ်ဒေသပါတီကော်မတီက အငတ်ဘေးကယ်ဆယ်ရေး လူထုကူညီရေးလုပ်ငန်းအတွက် ပန်ဆန်းမြို့နယ်အလုပ်အဖွဲ့ ဖွဲ့၍ အမြန်လုပ်ဆောင်ရန် တာဝန်ပေးသည်။ ဒိုင်နယ်မှ ကျေးရွာသမဂ္ဂများထိဆင်းကာ လူထုကူညီရေး ကယ်ဆယ်ရေးလုပ်ငန်း များကို လုပ်ဆောင်ရသည်၊ ကျွန်တော်ကိုယ်တိုင် အလုပ်အဖွဲ့ဝင်တဦးအနေဖြင့် ပါဝင်လုပ်ဆောင်ခဲ့သည်။ ၇၉ ခုနှစ် အောက်တိုဘာလကုန်ပိုင်းလောက်ထင်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ၇၉ လမ်းစဉ်ဆုံးဖြတ်ချက်များကို အရှေ့ မြောက်စစ်ဒေသပါတီသည် ကွန်ဖရင့်တရပ်ခေါ်ယူ၍ အောက်ခြေအဆင့်ဆင့်သော ပါတီအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ ကေဒါများအား ချပြဆွေးနွေးနေသည်။ ထို့ကြောင့် ပန်ဆန်းတွင် ခရိုင်တပ်မဟာနှင့် ဌာနဆိုင်ရာ ကေဒါကြီးများ ကွန်ဖရင့် တက်ရန် ရောက်ရှိနေပါသည်။

ထိုသို့သော နယ်စပ် ဗဟိုအခြေခံဒေသပါတီတွင်း အလုပ်များနေသည့်အခြေအနေကို အခွင့်ကောင်းယူကာ မဆလ စစ်အစိုး ရတပ်များသည် ပါတီဗဟိုဌာနချုပ်တည်ရာ ဝ တောင်ခရိုင်သို့ မင်းရန်အောင် အမည်ဖြင့် တပ်အင်အားအလုံးအရင်းသုံးကာ စစ်ရေးထိုးစစ်ဆင်လာသည်။ ပြည်တွင်းစစ်သမိုင်းတွင် အဲဒီကာလအတိုင်းအတာအရ အကြီးမားဆုံးထိုးစစ်ဟုပင် ဆိုနိုင် သည်။ မဆလစစ်အစိုးရမှာ ထိုအချိန်က OECD အကူအညီများ ရရှိနေ ပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံများရဲ့ ထောက်ခံအားပေးမှုများလည်း ရရှိနေချိန်ဖြစ်သည်။ ဒါကို မဆလစစ်အစိုးရက စီးပွားရေးဦးမော့လာနေပြီဟု ကြွားလုံး တောင်ထုတ်ခဲ့ကြသည် မဟုတ်ပါလား။ နိုင်ငံ့ဘဏ္ဍာငွေ ရေလိုသုံးကာ ပါတီဗဟိုအခြေစိုက်ရာ ပန်ဆန်းကိုဦးတည် ထိုးစစ်ဆင်လာခဲ့သည့် ဤ မင်းရန်အောင် ထိုးစစ်ကို ထိုစဉ်က ကစထမှူး ဗိုလ်ထွန်းရီတို့ ဦးစီးခဲ့သည်။ နောက်ပိုင်း ဗိုလ်ထွန်း ရီသည် တစညပါတီ၏ အတွင်းရေးမှူး ဖြစ်သွားသည်။

(၂)
မင်းရန်အောင်ထိုးစစ်သည် ပန်ဆန်းကို တိုက်ရိုက်ခြိမ်းခြောက်ရန် မြေပြင်အဆက်အသွယ်များ ဖြတ်တောက်၍ ထိုနှစ်မကုန်မီ ပန်ဆန်းကိုအရသိမ်းယူမည် ဆိုသည့်ကြွေးကြော်သံတင်ကာ သံလွင်မြစ်အရှေ့ခြမ်းသို့ စစ်မျက်နှာ ၄ နေရာဖွင့်ကာ ထိုးစစ် ဆင်လာခြင်းဖြစ်သည်။ ပထမစစ်မျက်နှာ ဟုဆိုရမည့် ရန်သူ့တပ်မ ၇၇ သည်၊ မိုင်းရှူးတွင် ရှေ့တန်းတပ်မဌာနချုပ်ထားကာ သံလွင်မြစ်ကို “မတ်လုံ” ကူးတို့ဆိပ်က တိတ်တဆိတ်ဖြတ်ကူး လျက် သံလွင်အရှေ့ခြမ်းရှိ ဝတောင်ခရိုင် မော်ဖာ၊ ယုန် အောဒေသထဲဝင်လာသည်။ ဒုတိယစစ်မျက်နှာမှာ မိမိ၏ ကျိုင်းတုံမြောက်ခြမ်းခရိုင်တွင်းရှိ ပန်ရောင်း၊ ပန်မာကောက် ဒေသ တွင်းသို့ ရန်သူ့တပ်မ ၈၈ အင်အားများသုံး ထိုးစစ်ဆင်သည်။ နောက် တတိယစစ်မျက်နှာမှာ မိမိတို့ ၈၁၅ စစ်ဒေသ ကျိုင်းတုံအရှေ့ပိုင်းဒေသဘက်ကို ရန်သူ ရပခတိုင်းတပ်များနှင့် တပ်မ ၆၆ တပ်များ ပေါင်းစပ် စစ်မျက်နှာဖွင့် ထိုးစစ်ဆင်သည်။ စတုတ္တစစ်မျက် နှာမှာ ရန်သူ ရမခ တိုင်းတပ်များနှင့် တပ်မ ၆၆ တပ်တချို့က တန့်ယန်းမြို့အရှေ့ဘက် သံလွင်တဖက်ကမ်းရှိ မိမိ မန်မန့်ဆိုင်မြို့နယ်အတွင်း တိုးဝင်လာကာ မန်ခါ ဆိုသည့်ဒိုင်နယ်တခုအား ဝင်ရောက်သိမ်းပိုက်သည်။ ရန်သူ ရမခ တိုင်းမှ ခလရ ၂၃၊ ခလရ ၆၇ တို့ပူးပေါင်း၍ ခလရ ၃၃ က ရှေ့ဆုံးမှ နေရာယူသိမ်းပိုက်လိုက် ခြင်းဖြစ်သည်။ ဤ မင်းရန်အောင်ထိုးစစ်တွင် ရန်သူသည် စစ်မျက်နှာ ၄ နေရာစလုံး တပြိုင်တည်းချိန်ကိုက် ထိုးစစ်ဆင် တိုက်ခိုက် လာခြင်း ဖြစ်သည်။ ဝ မြောက်ခရိုင်၊ ကိုးကန့်ခရိုင်နှင့် ကွတ်ခိုင်ခရိုင်များဘက်တွင်လည်း ရောင်ပြထိုးစစ်များလုပ်ခဲ့ သည်။ ရန်သူက ထိုးစစ်တွင် ၇၆ မမ၊ ၁ဝ၅ မမ၊ ၁၂ဝ မမ သုံး၍ လေတပ်ကပါ ထောက် ကူပေါင်းစပ်ကာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။

(၃)
ထိုးစစ်ကို ရန်သူက ၎င်းတို့သတ်မှတ်ရက်ထက် တရက် နှစ်ရက်လောက်စော၍ လက်ဦးမှုယူ တိုက်ခိုက်ခြင်း ဖြစ်သည်။ ရန်သူ့တပ်မ ၇၇ စစ်မျက်နှာဖြစ်သည့် မော်ဖာ၊ ယုန်အောဒေသသည် ပန်ဆန်းနှင့် အနီးဆုံးဖြစ်သည်။ တရက်ခရီးသာ သာလောက်တွင် ရှိသည်။ မော်ဖာ၊ ယုန်အောနယ် မွတ်နိုးဆိုသည့် ဝ ရွာတွင်၊ အလယ်ပိုင်း ဗဟိုဌာနခွဲ၏ ရိက္ခာနှင့်ခဲယမ်း စခန်းထောက်ဂိုဒေါင်ကို ရန်သူဝင်ဝင်ချင်း သိမ်းပိုက်သွားနိုင်သည်။ ထိုအချိန်က ၎င်းဒေသတဝိုက်တွင် မိမိတိုက်ခိုက်ရေးတပ် များများစားစားမရှိ၊ ဒေသတပ်အနည်းငယ်နှင့် ပြည်သူ့စစ်အချို့ သာရှိသည်။ ပန်ဆန်းဘက်တွင် ၄ဝ၄၆ တပ်ရင်းနှင့် စစ်ဒေသကင်းတပ်ရင်း ရှိနေသည်။ လက်နက်ကြီး တပ်ရင်းတရင်း ပန်ဆန်းတွင် ရှိသေးသည်။ ပြည်သူ့တပ်မတော်အဓိက တပ်များသည် တပ်မဖွဲ့စည်းရေးအတွက် အဝေး ရောက်နေခိုက်ဖြစ်သည်။

ရန်သူ တပ်မ ၇၇ မှ တပ်အင်အားများနှင့် ပထမဆုံးထိတွေ့ရသော မိမိဘက်တပ်များမှာ ဒေသခံ ပြည်သူ့စစ်၊ ဒေသတပ်နှင့် ဂိုဒေါင်စောင့်တပ် အနည်းငယ်သာဖြစ်နေသည်။ မိမိဘက် အလစ်အငိုက်မိနေသည်ကို အကဲခတ် မိသောရန်သူက အချက်အချာကျသည့် တောင်ကုန်းတချို့ကို နေရာတက်ယူ တပ်စွဲထားလိုက်နိုင်သည်။ ပွိုင့် ၁၈၃၇ (၆ဝ၂၈) နှင့် မွတ်နိုး၊ ပန်ခါး၊ ပွိုင့် ၅၇၁ဝ စတဲ့စခန်းတို့ဖြစ်သည်။ စစ်မျက်နှာတိုင်းမှာ သေနတ်သံ ညံနေ ပြီး၊ လက်နက်ကြီးပစ်ခတ်သံတွေ လေကြောင်းခြိမ်းခြောက်သံတွေ အတောမသတ်ဖြစ်နေသည်။ ထိုကာလ ပန်ဆန်းအထိ လေယာဉ်နှင့်ခြိမ်းခြောက်မှုများ၊ ကင်းထောက်မှုများ တကြိမ်နှစ်ကြိမ်ဝင်ရောက်လာသည်။ ပစ်ချ မှာကြောက်၍ နိမ့်နိမ့်မပျံရဲ၊ အမြင့်မှအသံပေးခြိမ်းခြောက်ရုံလောက်သာ လုပ်နိုင်သည်။ ပထမပိုင်းတွင် ရန်သူနှင့် ထိတွေ့တိုက်ပွဲကလေးများ ဖြစ်နေပြီး အခြေခံဒေသတွင်းဝင်လာသည့် ရန်သူကို မိမိဘက်မှ ပြောက်ကျားစစ်၊ မိုင်းစစ်များနှင့် ဝင်လာသည့်နေရာတိုင်းက တိုက်ပွဲဆင်နိုင်သည်။ အရှေ့မြောက်စစ် ဒေသဌာနချုပ်တွင် ရန်သူ သေကြေဒဏ်ရာရစာရင်းကို ဘလက်ဘုတ်မှာ ရောင်စုံစာလုံးများဖြင့် နေ့ရက် အချိန်နာရီလိုက် ထုတ်ပြန်ပေး သည်။ ရန်သူသေကြေဒဏ်ရာရစာရင်း ကြောက်ခမန်းလိလိများခဲ့သည်၊ ပါတီအာဘော် ပြည်သူ့အသံ အသံလွှင့် ဌာနကလည်း တိုက်ပွဲသတင်းများ အဆက်မပြတ် လွှင့်ထုတ်ပေးသည်။ တော်လှန်ရေးသီချင်းများ၊ ဇာတ်လမ်းတို များပါ ထုတ်လွှင့်သည်။ အရင်ဆုံး ဝ မြောက်ရှိ မိမိတပ်မဟာ ၁၂ မှ တပ်တချို့ခေါ်ယူ၍ ရန်သူ့ထိုးစစ်ကို တန့်သွားအောင် ကာထားရသည်။ ရက်ပိုင်းအတွင်း ပါတီ၏ အဓိကလက်သီးတပ်ဖြစ်သော တပ်မ ၄၈ တပ်များ ပန်ဆန်းသို့ ဝင်လာသည်။ (ထိုစဉ်က တပ်မဖွဲ့စည်းရေး လုပ်နေဆဲကာလဖြစ်သည်။) ပန်ဆန်းရှိ ဌာနဆိုင်ရာ ရဲဘော်များက အဆိုအကများဖြင့် လည်းကောင်း၊ ရုပ်ရှင်များဖြင့်လည်းကောင်း ဝင်ရောက်လာသည့်တပ်များကို ကြိုဆိုပွဲများလုပ်ကြသည်။ ပန်ဆန်းဒေသလူထု အတွင်း ပေါ်ပေါက်နေသည့် စိုးရိမ်စိတ်များ ပြေပျောက်စေခဲ့သည်။

ထိုစဉ်က ပါတီခေါင်းဆောင်များ စစ်ရေးကေဒါများနှင့် ရဲဘော်များအကြား စစ်ရေးဆိုင်ရာ လွတ်လွတ်လပ်လပ် အမြင်ဖ လှယ်မှုတွေ စိတ်ဝင်စားပုံတွေ ကြားကြရသည်။ မိမိ၏ အဓိကလက်သီးတပ်များဖြင့် ရန်သူ့ထိုးစစ်ကို ခံစစ်သေတည်ပြီး မတိုက်သင့် ဟူသောအမြင်များ ကျယ်ကျယ်ပြန့်ပြန့်ကြားရသည်။ အတိုင်းအတာကြီးမား သည့် ရန်သူထိုးစစ်ကို တွန်းလှန်နိုင်ရန်နည်းမှာ မိမိထိုးစစ်နည်းဖြင့် ရန်သူ့ထိုးစစ်ကို ရိုက်ချိုး ချေမှုန်းပစ်ရေး ဖြစ်သင့်သည် ဟူသောအမြင်များ တူညီကြသည်၊။ ထို့ကြောင့် အဓိကတပ်များ ကောင်းကောင်းအနားယူ အားမွေး၍ ရန်သူ့ပျော့ကွက်ရှာ တိုက်ကွက်ဖန်တီး ရန်သူကို စားပစ်ရေးဖြစ်သည်။

ရန်သူ့ထိုးစစ်စတင်ခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် ကျိုင်းတုံအရှေ့ခြမ်းစစ်မျက်နှာဖြစ်သည့် မိမိတို့ ၈၁၅ စစ်ဒေ သ တပ်များက “ကော်ပါခါးတိုက်ပွဲ" မှာ ရန်သူချင်း သနက ၄ တပ်ရင်း၏ စစ်ကြောင်းတကြောင်းလုံးကို ချေမှုန်း တိုက်ခိုက် ပစ်လိုက်သည့် အောင်ပွဲသတင်းကြားလိုက်ရသည်။ ထိုတိုက်ပွဲတွင် ရန်သူ့ထံမှ လက်နက်မျိုးစုံ အလက် ၈ဝ ကျော်သိမ်းဆည်း ရမိပြီး၊ စစ်ကြောင်းမှူး ဗကအောင်မြင့်အပါအဝင် သုံ့ပန်း ၂ဝ ကျော် ဖမ်းမိခဲ့သည်။ ချေမှုန်းရေးစစ်ပွဲ စတင်လိုက်ပြီ။ ရဲဘော်တွေ အားတက်နေကြသည်။ ရန်သူ့ထိုးစစ်ရိုက်ချိုးရေးတိုက်ပွဲ၏ ပွဲဦးထွက်အောင်ပွဲဟု ဆိုရမည်။ ရန်သူ ရှေ့မတိုးနိုင်၊ ထိုးစစ်တန့်နေသည်။ တလကျော်သည့်တိုင် သေနတ်သံ မစဲ တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်ပွားနေသည်။

၁၉၇၉ ခုနှစ် ဒီဇင်္ဘာနောက်ဆုံးပတ်လို့ထင်သည်၊ ပြည်သူ့တပ်မတော် အဓိကတပ်ဖြစ်သည့် တပ်မ ၄၈ မှ တပ်များကို ပန် ဆန်း၏ အနောက်မြောက်အရပ်လောက်မှာ ရှိသည့် ယုန်တင့်ဒိုင်နယ်ဘက်သို့ ကားများဖြင့် ဆွဲပို့ပေးနေသည်။ ယုန်တင့် ရောက်သည်နှင့် ရဲဘော်များ ကားမှဆင်းကာ ရှေ့ခရီးဆက်ထွက်သည်။ တပ်များဖြတ်သန်း ရာလမ်းမဖြစ်သော ယုန်တင့် ဒိုင်နယ်ရုံးသည် တပ်အသွားအလာများဖြင့် စည်ကားနေသည်။ တပ်မ ၄၈ တပ်များသည် ယုန်တင့်မှ မန်မန့်ဆိုင်ဘက် ဦးတည်ချီတက်နေခြင်းဖြစ်သည်။ အလုပ်အဖွဲ့တာဝန်ဖြင့် ဒိုင်နယ်ရုံးလုပ်ငန်း လုပ်နေရသော ကျွန်တော်သည် ရဲဘော်အောင်ငွေတို့လက်နက်ကြီးအဖွဲ့နှင့် လိုက်ပါခွင့်ရသည်။ ရှေ့တန်း စစ်ဦး စီးအဖွဲ့၏ ရည်မှန်းချက်သည် မိမိနယ်မြေ မန်မန့်ဆိုင် (ဒေသအခေါ် မန့်ရှန်) ဒေသတွင်း တန့်ယန်းဘက်မှတပ် များ သံလွင်မြစ်ဖြတ်ကူး ဝင်ရောက်နေရာယူထားသည့် ရန်သူကို ချေမှုန်းပစ်ရေးဖြစ်သည်။ မန်မန့်ဆိုင်ဘက် ရောက်သည်နှင့် တပ်ဖွဲ့များ သတင်းလုံခြုံရေးအတွက် တချို့ရွာမှာ နေရာချ၊ တချို့ရွာအနီးတောစပ်များတွင် ခိုနေကြရသည်။ ၅ ရက်တဈေးခန့် ကိုယ့်တပ်ဖွဲ့နဲ့ကိုယ် စုဖွဲ့ဝပ်နေကြရသည်။ သတင်းလုံခြုံရေး အရေးကြီးနေ၍ မန်မန့်ဆိုင်ဈေးသို့ ရိက္ခာမှူးများလောက်သာ သွားခွင့်ပြုသည်။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်။

Comments