ဒေါ်အောင်ဆန်းစုကြည်၏ ချင်းအမျိုးသားနေ့ အခမ်းအနားမိန့်ခွန်း


ဒေါ်အောင်ဆန်းစုကြည်၏ ချင်းအမျိုးသားနေ့ အခမ်းအနားမိန့်ခွန်း
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း (အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်မှ)

နေပြည်တော် ဖေဖော်ဝါရီ ၂၀။

 ချင်းအမျိုးသားနေ့ အခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး၊ အထူးသဖြင့် ချင်းတောင်တန်းကနေ ကျွန်မတို့ကို ဖျော်ဖြေဖို့အတွက် ဆင်းလာတဲ့ ချင်းတိုင်းရင်းသားများအားလုံးကို ကြိုဆို နှုတ်ခွန်းဆက်ပါတယ်။ အခုဆိုရင် နေပြည်တော်မှာ ချင်းတိုင်းရင်းသားများနေ့ ကျင်းပတာကို အခေါက်ခေါက်အခါခါ ကျွန်မတက်ရောက်ခဲ့ပါတယ်။ တစ်ခါပဲ ပျက်ကွက်ခဲ့ပါတယ်။ ဒီလိုနေ့မျိုးမှာ ကျွန်မတို့ဟာ အစဉ်အမြဲတည်နိုင်တဲ့ အတွေးအခေါ်တွေနဲ့ ပတ်သက်လို့လည်း ပြောစရာရှိတာတွေကို ပြောတယ်။ ဒါပေမဲ့လည်း မထပ်အောင်လို့ စဉ်းစားပြီးပြောရပါတယ်။ ဒီတစ်ခါလာလည်း ဒီမိန့်ခွန်းပဲ၊ ဒီတစ်ခါလာလည်း ဒီမိန့်ခွန်းပဲဆို အင်မတန်မှ ပျင်းစရာ ကောင်းပါတယ်။ ဒါပေမဲ့လည်း ဘယ်နှခါပဲပြောပြော ပြောလို့မကုန်နိုင်တဲ့ ကိစ္စကတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပတ်သက်တာပဲ ဖြစ်ပါတယ်။

ကျွန်မတို့ဟာ ပြည်ထောင်စုစိတ်ဓာတ်ကိုအားပေးတဲ့ တိုင်းရင်းသားများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ တိုးတက်ရေးအတွက်၊ ပြည်ထောင်စုကြီး ခိုင်မြဲရေးအတွက် ဆိုရင် တိုင်းရင်းသားများအားလုံး ပါဝင်ပြီးတော့ ကူညီဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုအရေးကြီးတာကြောင့် ကျွန်မတို့ရဲ့ ချင်းတိုင်းရင်းသားများရဲ့ ညီအစ်ကိုမောင်နှမစိတ်ကို အင်မတန်မှ တန်ဖိုးထားပါတယ်။ တိမ်ဖျားအထက်ကရှိတဲ့ တောင်တန်းမှာရှိတဲ့ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမများ ဘယ်လိုပဲ၊ ဘယ်နှခါပဲ တွေ့ရတွေ့ရ အပြုံးနဲ့ ကျွန်မတို့ကို ကြိုဆိုခဲ့ပါတယ်။

ချင်းတိုင်းရင်းသားများဟာ ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ အဓိက မဟုတ်ပါဘူး။ သူတို့ရဲ့ နွေးထွေးတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့အပေါ်မှာ ကြိုဆိုချင်တဲ့စေတနာက အဓိကဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဘယ်နှခါပဲ ချင်းတောင်ကိုရောက်ရောက် အခုချင်းပြည်နယ်လို့ ဆိုပေမယ့် ကျွန်မတို့ စိတ်ထဲမှာ ချင်းတောင်ဆိုတာ ပိုပြီးတော့လှပပြီး ပိုပြီးတော့ စွဲလမ်းစရာ အခေါ်အဝေါ်လေးဖြစ်ပါတယ်။ ချင်းတောင်ကို ရောက်တိုင်း ရောက်တိုင်း ကျွန်မတို့ စိတ်ချမ်းသာရပါတယ်။ ဒီလို အချင်းချင်း စိတ်ချမ်းသာမှု ပေးနိုင်တယ်ဆိုတာ ပြည်ထောင်စုသားများရဲ့ အဓိကတာဝန်တစ်ခုလို ကျွန်မတို့ ယူဆပါတယ်။

ချင်းတိုင်းရင်းသူလေးများဆိုတဲ့ သီချင်းကို နားထောင်တဲ့အခါကျတော့ တောင်ပေါ်က ကျွန်မတို့ရဲ့ တိုင်းရင်းသားများက မြေပြန့်ကို ဆင်းလာတဲ့အခါ ကျရင် မိမိတို့ရဲ့ တောင်တန်းတွေကို လွမ်းကြတယ်။ ကျွန်မတို့မြေပြန့်က တောင်ပေါ်တက်သွားတဲ့ တိုင်းရင်းသားတွေကလည်း တောင်ပေါ်ရောက်သွားတဲ့အခါ ကိုယ်ရဲ့မြေပြန့်ကို လွမ်းကြတယ်။

ဒါပေမဲ့ ကျွန်မတို့ တိုင်းရင်းသားအချင်းချင်း လုပ်ပေးရမှာက မြေပြန့်သူတွေက တောင်ပေါ်က ဆင်းလာတဲ့ တိုင်းရင်းသားတွေကို အလွမ်းပြေအောင်လို့ နွေးထွေးမှုနဲ့ မေတ္တာနဲ့ စေတနာနဲ့ ကြိုဆိုပြီးတော့ ဝန်းရံပေးရမယ်။ ထိုနည်းလည်းကောင်းပဲ မြေပြန့်ကနေပြီး တောင်ပေါ်ကို ရောက်သွားတဲ့အခါ ကျရင် တောင်ပေါ်က တိုင်းရင်းသား များက မြေပြန့်က တက်လာတဲ့ ညီအစ်ကို မောင်နှမများ အလွမ်းပြေအောင်လို့ နွေးထွေးမှုနဲ့ ကြင်နာမှုနဲ့ ခြုံလွှမ်းပေးရမှာ ဖြစ်ပါတယ်။ ဒါက နောက်ဆုံးတော့ ကျွန်မတို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အချင်းချင်းအပေါ်မှာ စေတနာ မေတ္တာထားပြီးတော့ အချင်းချင်းရဲ့ အလွမ်းတွေပြေအောင်လို့ ကူညီပေးဖို့ပါပဲ။ ဒီလိုသာ ကျွန်မတို့ လုပ်သွားနိုင်မယ် ဆိုရင် ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးက မလွဲမသွေ တိုးတက်မှာဖြစ်ပါတယ်။ ဘယ်လို စိန်ခေါ်မှုတွေနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ကျွန်မတို့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားပြီးတော့ လိုချင်တဲ့ ကျွန်မတို့ရဲ့ ပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ပန်းတိုင်က ဘာလဲဆိုတော့ အားလုံးအတွက် လုံခြုံမှု၊ တိုးတက်မှု၊ ငြိမ်းချမ်းမှုကို အာမခံနိုင်တဲ့ ပြည်ထောင်စုကြီးတစ်ခုကို ထူထောင်ဖို့ပါပဲ။ ဒီလိုပြည်ထောင်စုကြီးထဲမှာမှ ကျွန်မတို့ ညီအစ်ကိုမောင်နှမများအားလုံး က ကိုယ့်အတွက်တင် မဟုတ်ဘဲ ကိုယ့်ရဲ့ နောင်လာနောက်သားတွေအတွက် စိတ်ချလက်ချ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့သာ တစ်ယောက်နဲ့ တစ်ယောက် အလွမ်းတွေကို ဖြေပေးနိုင်ဖို့ အခွင့်အရေးတွေရမှာ ဖြစ်ပါတယ်။

ထူးခြားတဲ့ ချင်းတိုင်းရင်းသားများရဲ့ အမျိုးသားနေ့အခမ်းအနားနဲ့ ပတ်သက်လို့ ထူးခြားချက်တစ်ခုကတော့ ပထမဆုံး အကြိမ် ကျွန်မတက်ကတည်းက ပညာထူးချွန်တဲ့ ကျောင်းသား ကျောင်းသူလေးများကို ဂုဏ်ပြုပေးရတဲ့တာဝန်ကို ဝမ်းပန်းတသာနဲ့ပဲ ယူခဲ့ရပါတယ်။ ဒီဟာက အခြားအမျိုးသားနေ့တွေနဲ့ မတူဘူး၊ ချင်းတိုင်းရင်းသားများဟာ ပညာကိုအင်မတန်မှ ပိုပြီးတော့ အလေးထားသလို ဖြစ်နေပါတယ်။ ဒီလိုပြောခြင်းအားဖြင့် အခြားတိုင်းရင်းသားတွေ က ပညာကို အလေးမထားဘူးလို့ ပြောလိုတာမဟုတ်ပါဘူး။ ချင်းတိုင်းရင်းသားများ အမျိုးသားနေ့မှာဆိုရင် ဒီဟာလုပ်ခဲ့တဲ့ အစဉ်အလာလေးကို ကျွန်မတို့က တန်ဖိုးထားခြင်းအားဖြင့် ပြောတာဖြစ်ပါတယ်။

အဲဒီလို ချင်းတိုင်းရင်းသားများနေ့မှာဆိုရင် ပညာထူးချွန်တဲ့ လူငယ်များကို ဂုဏ်ပြုတဲ့အခါ ပညာကိုအားပေးရမယ်။ ကိုယ့်တိုင်းရင်းသားတွေတင်မကဘူး။ ပညာဆိုတာဟာ ကျွန်မတို့ ပြည်ထောင်စုတစ်ခုလုံးကို အကျိုးပြုနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်တယ်လို့ ကျွန်မတို့ ဒီလိုပဲ နှလုံးသွင်းထားပါတယ်။ ဒါကြောင့်မို့ အဲဒီလိုဂုဏ်ပြုရတာကို ကျွန်မအနေနဲ့ အများကြီးပဲ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူတယ်။ ကျွန်မတို့ နိုင်ငံရဲ့ရှေ့အနာဂတ်ဟာ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အရည်အချင်းပေါ်မှာ တည်ပါတယ်။

ချင်းပြည်နယ်မှာဆိုရင်လည်း သယံဇာတများပေါကြွယ်ဝတဲ့ အလှအပတွေ အများကြီး ရှိပါတယ်။ ကျွန်မတို့ တစ်နိုင်ငံလုံးဟာ သယံဇာတများပေါကြွယ်ဝတဲ့ လှပတဲ့ ပြည်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ် သယံဇာတကတော့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေပဲ ဆိုတာကတော့ အထူးပြောဖို့မလိုပါဘူး။

ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများရဲ့ အရည်အချင်း တိုးတက်ရေးအတွက် လှမ်းတဲ့ ခြေလှမ်းမှန်သမျှဟာ တကယ့် ပြည်ထောင်စုစိတ်ဓာတ်ပဲလို့ ကျွန်မတို့ ယူဆပါတယ်။ ချင်းတိုင်းရင်းသားနေ့မှာဆိုရင် ကျွန်မ အောက်ချင်းငှက်တွေရဲ့ အကြောင်းကို နှစ်ခါသုံးခါလောက်ပြောပြီးပြီ။ တောင်ဇလပ်ပန်းတွေအကြောင်းလည်း နှစ်ခါ သုံးခါလောက် ပြောပြီးပြီ။

ဒါတွေ ထပ်ထပ်ပြီးတော့ မပြောချင်ဘူး။ သို့သော်ငြားလည်း အောက်ချင်းငှက်ရဲ့ သစ္စာရှိမှုကို ကိုယ်စားပြုတဲ့ စိတ်ဓာတ်၊ တောင်ဇလပ်ရဲ့ လန်းဆန်းလှပမှုကို ကိုယ်စားပြုတဲ့ အတွေးအခေါ် ဒါတွေက ထာဝရတည်ရှိ နေမှာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ဒုတိယသမ္မတကြီး ဦးဟင်နရီဗန်ထီးယူကဆိုရင် အထူးသဖြင့် အောက်ချင်းငှက်များ ပြန်လည်ပြီးတော့ ချင်းတောင်တန်းတွေမှာ ဝဲပျံလှပနေဖို့ အတွက်၊ တောင်ဇလပ်ပန်းတွေ တစ်တောင်ပြီးတစ်တောင် ချင်းပြည်နယ်ဟာ လှနေဖို့အတွက် ကြိုးစားနေတယ်ဆိုတာ သိပါတယ်။ ဒီ့အပြင်လည်း ဒုသမ္မတကြီး အနေနဲ့ သီချင်းထဲကလို ခေါင်ရည်ခါးခါးလေးဆိုတာကို သဘောကျသလား မသိဘူး။ စပျစ်သီး ပျိုးထောင်ရေး ကိုလည်း အင်မတန် စိတ်ပါတယ်လို့ ကျွန်မ နားလည်ပါတယ်။ ဒါကိုလည်း ကျွန်မ အားပေးရမှာပါ။ ဒါခေတ်နဲ့အညီပေါ့။

အရင်တုန်းကတော့ ခေါင်ရည်ခါးခါးလေးပေါ့။ နောက်ပိုင်းတော့ စပျစ်က ချဉ်တယ် ထင်ပါတယ်။ ချဉ်ချဉ်လေးလို့ ပြောရပါမယ်။ ကျွန်မက ခေါင်ရည်နဲ့လည်း သိပ်ပြီးတော့ မကျွမ်းကျင်ဘူး၊ စပျစ်ရည်နဲ့လည်း သိပ်မကျွမ်းကျင်ဘူး။ ဒါပေမဲ့လည်း ကျွန်မတို့ နိုင်ငံကလည်း အဘက်ဘက်က အမျိုးမျိုးအဖုံဖုံ အသစ်အဆန်း တိုးတက်ဖို့၊ တီထွင်ဖို့၊ လမ်းသစ်တွေဖွင့်ဖို့ အင်မတန် လိုအပ်နေပါတယ်။ အဲဒီဟာအတွက် ကျွန်မတို့ရဲ့ ချင်းတိုင်းရင်းသားများကလည်း ဝိုင်းဝန်းကူညီပေးမယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့်တော့ လူငယ်များပေါ့။ ကျွန်မတို့က လူငယ်များကို အများကြီး အားကိုးပါတယ်။

ကျွန်မတို့နိုင်ငံမှာဆိုရင် ၆၀ ရာခိုင်နှုန်းကျော် နိုင်ငံသူ နိုင်ငံသားများဟာ အသက် ၁၅ နှစ်နဲ့ ၃၅ နှစ်ကြားမှာ ရှိတယ်လို့ နားလည်ထားပါတယ်။ ကျွန်မတို့ရဲ့ အနာဂတ်ဟာ လူငယ်များရဲ့လက်ထဲမှာပါ။ ဒါကြောင့်မို့ ကျွန်မတို့ တိုင်းရင်းသား လူငယ်များအားလုံးဟာ ဒီအနာဂတ် လှပဖို့အတွက် ပထမ ဦးဆုံးအခြေခံကတော့ တစ်ဦးပေါ်တစ်ဦး မေတ္တာထားဖို့ လေ့ကျင့်ပေးဖို့လိုပါတယ်။

အဲ့ဒီမေတ္တာပေါ်မှာ အခြေခံပြီးတော့ တစ်ယောက်ကိုတစ်ယောက်ကူညီဖို့ အများကြီးလိုပါတယ်။ တချို့ကတော့ ချင်းပြည်နယ်ဟာ ဆင်းရဲတယ်၊ နွမ်းပါးတယ်။ ဥပမာဆိုရင် ရန်ကုန်တိုင်းဒေသကြီးဟာ ပိုပြီးတော့ ချမ်းသာတယ် ဆိုပေမယ့် တကယ်တော့ ကျွန်မတို့နိုင်ငံဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ချမ်းသာတဲ့နိုင်ငံ အမည်စာရင်းထဲမှာ မပါသေးပါဘူး။ အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကူညီကြရမှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကြားမှာ ပိုပြီးတော့ စည်းလုံးမှုကိုလိုသလို ကျွန်မတို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခု ဖြစ်တာကြောင့်မို့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများဟာ ပိုပြီးတော့စည်းလုံးမှုကို လိုပါတယ်။ တစ်ယောက်နှင့် တစ်ယောက် ကူညီဖို့လိုတယ်။ ကိုယ့်ရဲ့အရည်အချင်းကို မြှင့်တင်ပြီးတော့ အခြားကိုယ့်ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့ ¬ကြိုးစားစေချင်ပါတယ်။ ကျွန်မတို့ဟာ အမျိုးသားနေ့ လာတဲ့အခါမှာ၊ အမျိုးသားစိတ်ဓာတ်ဆိုတာဟာ ကိုယ့်လူမျိုးကို ချစ်တယ်ဆိုပေမယ့် အခြားလူတွေကို မုန်းတဲ့စိတ်ဓာတ်မဟုတ်ပါဘူး။ ကျွန်မတို့ပြည်ထာင်စုစိတ်ဓာတ်ဆိုတာ ကျွန်မတို့ ပြည်ထောင်စုကြီးကို ချစ်ပေမယ့်၊ တခြားနိုင်ငံတွေကို မုန်းတဲ့စိတ်ဓာတ်လည်းမဟုတ်ဘူး။ တစ်ကမ္ဘာလုံးကို စေတနာနဲ့၊ မေတ္တာနဲ့မြင်ပြီးတော့ ကူညီနိုင်အောင်လို့၊ တိုးတက်အောင် လုပ်ပေးနိုင်အောင်လို့ ကျွန်မတို့ကိုယ် ကျွန်မတို့ ပြုစုပျိုးထောင်အောင် လုပ်ပေးချင်တဲ့ စိတ်ဓာတ်ပဲလို့ ကျွန်မတို့ရဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ နှလုံးသားထဲမှာ စွဲပြီးတော့ ထားစေချင်ပါတယ်။

ယခုဆိုရင် (၇၀)ပြည့်နှစ်၊ (၇၀)ပြည့်နှစ်ဆိုတာက ကျွန်မတို့ လွပ်လပ်ရေးရတဲ့ နှစ်နဲ့ တစ်နှစ်ထဲပေါ့။ ကျွန်မတို့ လွတ်လပ်ရေးရတာလည်း နှစ်(၇၀) ရှိပြီ။ ချင်းအမျိုးသားနေ့ကို အသိအမှတ်ပြု ကျင်းပခဲ့တာလည်း နှစ်(၇၀)ရှိပြီ၊ နှစ် ၇၀ ဆိုတာ မနည်းပါဘူး။ (၇၅)နှစ်ဆိုရင် ရာစုနှစ်တွေရဲ့ လေးပုံသုံးပုံဟာ ကုန်သွားပြီးဖြစ်ပါတယ်။ ဒီအခြေအနေထဲမှာ ကျွန်မတို့ ပြည်ထောင်စုကြီး ဘယ်လောက်တိုးတက်ခဲ့သလဲဆိုတာ ဒီလိုအမျိုးသားနေ့တွေ ရောက်လာတဲ့အခါ ပြန်ပြီးတော့သုံးသပ်စေချင်တယ်။ ဒီလိုနေ့မျိုးက အတိတ်ကို ပြန်သုံးသပ်ပြီး အနာဂတ်အတွက် သင်ခန်းစာတွေကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ (၇၅)နှစ်၊ နှစ်(၇၀)ပေါ့နော်၊ ရာစုနှစ်တစ်ခုရဲ့ လေးပုံသုံးပုံလောက် ဒီကြားထဲမှာ ဘယ်လောက်တိုးတက်မှုတွေ ရှိခဲ့သလဲဆိုတာ၊ တိုးတက်မှုတွေရှိဖို့အတွက် ကျွန်မတို့ တစ်ဦးချင်း၊တစ်ဦးချင်း ဘယ်လောက်လုပ်ခဲ့သလဲဆိုတာ ပြန်ပြီးတော့စဉ်းစားစေချင် ပါတယ်။ တချို့တွေက ဥပမာအားဖြင့် အစိုးရဘာလုပ်နေသလဲ။ အစိုးရ ဘာလုပ် နေသလဲဆိုတာ မေးပိုင်ခွင့်ရှိပါတယ်။

အစိုးရများရဲ့ တာဝန်အရ ပြည်သူလူထုက ဒီလိုမေးခွန်းတွေမေးလို့ရှိရင် ရင်ဆိုင်ဖို့ အတွက်ဖြေဆိုတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးရမယ်။ တစ်ဦးချင်း တစ်ဦးချင်းပေါ့။ တို့ဘာလုပ်ခဲ့သလဲ။ တို့ဖြေစရာမရှိဘူး။ တိုးတက်ရေးအတွက် ဘာလုပ်ခဲ့ သလဲ။ ချင်းတိုင်းရင်းသားများဟာ တစ်ဦးချင်း၊ တစ်ဦးချင်း တို့ချင်းပြည်နယ် တိုးတက်ရေးအတွက် ဘာလုပ်ခဲ့သလဲလို့ မေးသလိုပဲ၊ ပြည်နယ်တစ်ခုချင်း တစ်ခုချင်းကလည်း တို့ပြည်ထောင်စုကြီးတိုးတက်ဖို့အတွက် ဘာလုပ်ခဲ့သလဲ။ တို့ရဲ့ပြည်ထောင်စုသားအချင်းချင်း မေတ္တာထားဖို့အတွက် ညီညွတ်မှုခိုင်မာမှုအတွက် ဘာလုပ်ခဲ့သလဲဆိုတာ ပြန်ပြောင်းပြီး စဉ်းစားသုံးသပ်ရမယ့်နေ့မျိုး ဖြစ်တယ်လို့ ကျွန်မအနေနဲ့ယူဆပါတယ်။

အဲဒါကြောင့် ဒီလိုနေ့မျိုးတက်ရတာဟာ ကျွန်မအနေနဲ့တော့ ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်းကြားမှာရှိတဲ့ ဆက်စပ်မှုတွေ၊ မေတ္တာတွေပိုမိုပြီးတော့ ခိုင်မြဲအောင် လုပ်ပေးနိုင်မယ့် အခွင့်အလမ်းတစ်ခုရတယ်လို့ပဲ ယူဆပါတယ်။ ဒီလိုအခွင့်အလမ်းဆိုတာ လူတိုင်းမှာရှိပါတယ်။ ကိုယ်သုံးသပ်ဖို့ပဲ အရေးကြီးတာပါ။ ချင်းတိုင်းရင်းသားနေ့မှာဆိုရင် ကျွန်မတို့အနေနဲ့ ချင်းတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ဆက်စပ်တဲ့ သီဆိုမှုတွေ၊ အကတွေကို ရှုစားရမယ်။ ဒီဟာတွေကို ကြည့်ပြီးတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးရဲ့ မတူကွဲပြားတဲ့လှပမှုတွေ ဘယ်လောက်စုံလဲ၊ ဘယ်လောက် တန်ဖိုးထားဖွယ်ရာကောင်းလဲဆိုတာ ကျွန်မတို့ ခံစားရမှာပါ။

ဒါကြောင့် နေပြည်တော်ထိ ဆင်းလာတဲ့ တောင်တန်းပေါ်က တိုင်းရင်းသားများကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မတို့အနေနဲ့လည်း ချင်းတောင်တန်းပေါ်ကို ရောက်သွားတဲ့ အခါကျလို့ဆိုရင် ကိုယ်နဲ့ရပ်ရွာမတူတဲ့ ရပ်ရွာကို ရောက်နေတယ်လို့ မခံစားရဘဲနဲ့ ထူးထူးခြားခြား အလှအပတွေနဲ့ ပြည့်စုံနေတဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စု ဒေသတစ်ခုကို ရောက်နေတယ်လို့ ခံစားရပါတယ်။ ကျွန်မတို့ ချင်းတိုင်းရင်းသားများက နေပြည်တော်ကိုပဲ ဆင်းလာဆင်းလာ အခြားမြေပြန့်က ဘယ်ကိုပဲဖြစ်ဖြစ် ဆင်းလာဆင်းလာ ကိုယ့်ရဲ့ပြည်ထောင်စုကြီးရဲ့ တစ်စိတ်တစ်ဒေသကို ရောက်လာတယ်၊ ကိုယ့်ရဲ့ ရပ်ရွာနဲ့ မတူပေမယ့်လည်း တူသကဲ့သို့ ကိုယ်နဲ့ဆိုင်တဲ့နေရာဖြစ်တယ်လို့ စိတ်ထဲမှာစွဲစွဲမြဲမြဲ မှတ်ယူစေချင်ပါတယ်။

ဒါကြောင့်မို့ တိုင်းရင်းသားများရဲ့ အမျိုးသားနေ့ အခမ်းအနားများကို ဆင်နွှဲတဲ့အခါမှာ အားလုံးအတူတူ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာထားဖို့၊ ကျွန်မတို့ ပြည်ထောင်စု တိုးတက်ရေးအတွက်၊ ခိုင်မြဲရေးအတွက် ကူညီကြဖို့ မေတ္တာရပ်ခံတဲ့အခါမှာ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ဝိုင်းဝန်းပြီး ပံ့ပိုးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ချင်းအဖွဲ့များက စောစောစီးစီး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးတဲ့ အထဲမှာ ပါပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးတယ်ဆိုတာ ပထမခြေလှမ်းလောက်ပဲ ရှိပါသေးတယ်။ နောက်သွားရမယ့်လမ်းကရှည်တယ်။ ရှည်တဲ့လမ်းမှာ ဆိုရင် အဖော်အပေါင်းတွေနဲ့ လမ်းလျှောက်ရတဲ့အခါကျရင် ရှည်မှန်း မသိပါဘူး။

ဒါကြောင့် ငြိမ်းချမ်းရေးလမ်းဆိုတာက မရှည်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ အကြောင်းကြောင်းကြောင့် ရှည်ခဲ့ရင်လည်း လျှောက်လှမ်းရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လှမ်းနိုင်ဖို့၊ အားလုံးဝိုင်းပြီးတော့ ပံ့ပိုးပေးဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ အခု ငြိမ်းချမ်းရေးကို လျှောက်ခဲ့တာဆိုတာလည်း နှစ်(၇၀)ပေါ့၊ ကျွန်မတို့ လွတ်လပ်ရေးနဲ့ အတူတူပဲ၊ ချင်းတိုင်းရင်းသားများရဲ့ အမျိုးသားနေ့လည်း အတူတူပါပဲ။ နှစ်(၇၀)ရှိပါပြီ။ နှစ်(၇၀)ရှိခဲ့ပေမယ့် ကျွန်မတို့ မရသေးပါဘူး။ ရဖို့ နောက်ထပ်နှစ်(၇၀)စောင့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ ကျွန်မတို့ရဲ့ လူငယ်များဟာ အင်မတန်မှလုံခြုံတဲ့ အနာဂတ် အတွက် အာမခံချက်ရှိအောင်လို့ ငြိမ်းချမ်းရေးရဖို့အတွက် တစ်ဦးချင်း၊ တစ်ဦးချင်းကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မက အခွင့်ကြုံတုန်း မေတ္တာရပ်ခံ လိုပါတယ်။

ကူညီမယ်ဆိုရင် ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်မြဲမယ်၊ သာယာမယ်၊ တိုးတက်မယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စု တိုင်းရင်းသူ တိုင်းရင်းသားများအားလုံးလည်း သာသာယာယာ ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ တိုးတက်မှုကိုရရှိကြမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မထပ်လောင်းပြီးတော့ ညီအစ်ကိုမောင်နှမစိတ်နဲ့၊ ပြည်ထောင်စုစိတ်နဲ့ အားလုံး ဒီချင်း အမျိုးသားနေ့မှာ ငြိမ်းချမ်းရေး ရဖို့အတွက်၊ ပြည်ထောင်စုကြီး ခိုင်မြဲတည်တံ့ဖို့အတွက် ဝိုင်းဝန်းကြိုးစားကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ချချင်ပါတယ်ဟု ပြောကြားခဲ့သည်။

Comments