အီကြာအော် - “ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ထမင်းဝအောင်စားခြင်းတရား”



အီကြာအော် - “ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ထမင်းဝအောင်စားခြင်းတရား”
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈

“ဆရာအော်တယောက် ပျောက်ချက်သား ကောင်းလှချေလားဗျ”

တပည့်ကျော် ဖွတ်ကလေးက သူ့ဆရာ အီကြာအော်တယောက်ကို ခက်သေးရွာလယ်တွင် မတွေ့သည်မှာ ကြာပြီဖြစ်သဖြင့် မေးလိုက်လေသည်။

“အေးလေ….၊ပျောက်ဆို…ငါလည်း အပြင်မထွက်ပဲ အိမ်တွင်းပုန်းလုပ်နေရတယ်”

စာတောင် မရေးရဲတော့ဘူး”

အီကြာအော်က တတ်သမျှ မှတ်သမျှဖြင့် သရော်စာလေးရေးတတ်သည်။

“ဗြိရှကိုကိုပြောင်ကိုတောင် သရော်စာရေးလို့ဆိုပြီး ခပ်ပြောင်ပြောင်နဲ့ တရားစွဲတော့ ငါလည်း ဆင်ခြင်နေရတာပေါ့ကွ”

တလောကပင် ခက်သေးရွာအစောင့်ရွာလူကြီးများက ဗြိရှကိုကိုပြောင်ရေးသော “ကျည်ထောင်ပုသစ္စာ” သရော်စာကို သရော်မှုဖြင့် ပုဒ်မ ၆၆ တပ်ပြီး တရားစွဲလိုက်သည် မဟုတ်ပါလား။

“သရော်စာပါဆို…သရော်တယ်ဆိုပြီး တရားစွဲတော့ သေရောပေါ့ ဖွတ်ကလေးရ”

“ဟုတ်ပါ့ ဆရာအော်ရယ်…၊ ဆရာအော်လည်း ခက်သေးဆရာအော်ဆိုပြီး နာမည်ကြီးသွားနိုင်တယ်

“ရွာလူကြီးတွေက အနာပေါ် တုတ်ကျသွားတာကိုးကွ…၊

ပြီးတော့ တို့ခေတ်သေးရွာမှာက “ယဘစ” လိုင်းကားလည်းမလွယ်…၊ ဒရိုင်ဘာစပယ်ယာကဆဲတာခံနိုင်မှ…၊  တက္ကစီ စီးလည်းမလွယ် အဲကွန်းဖွင့်ခိုင်းမှုနဲ့တောင် အသတ်ခံရတယ်ဆိုတော့ ..ဘယ်မှ မထွက်ရဲတော့ပါဘူးကွာ..”

“အင်း…ဘပြောင်တို့ကတော့ သူတို့ဆင်းသွားရင် ခက်သေးရွာကြီး ဗျောင်းဆန်သွားမယ်လို့ နိမိတ်ဖတ်ထားတာ ဟုတ်နေပြီလား မသိဘူးနော်”

“ဒါတော့ ငါမပါဘူးနော်…၊ ၆၆နဲ့ မိသွားမယ်”

“ဒီမှာ… ဆရာအော်ဝတ်ဖို့ တီရှပ်ကလေး ဆွဲလာတယ်…”

ဖွတ်ကလေးက သူ့အိတ်ထဲမှ တီရှပ်တထည်ကို ထုတ်ပြလိုက်သည်။

“ပြစမ်းပါဦးကွ…..၊ မင်း ဒီလောက် သဘောကောင်းနေရင်တော့ အလကားရတာပဲ ဖြစ်မယ်”

အီကြာအော်က တပည့်ကျော်ဖွတ်ကလေး ကပ်စေးနည်းသည်ကို သိသဖြင့်ပြောလိုက်သည်။

ဖွတ်ကလေးက တီရှပ်တထည်ကို လက်ဆောင်ယူလာခြင်းဖြစ်သည်။

“ဟေ…မြတ်စွာဘုရား…၊ ညစာမစား ...”

အီကြာအော်က တီရှပ်မှ စာတန်းကိုဖတ်ပြီး ကြောက်လန့်တကြား အော်လိုက်လေသည်။

တီရှပ်တွင်“ထမင်းဝအောင်စားထား”ဟု ရေးထားလေသည်။

“ဘာဖြစ်လို့လည်းဆရာအော်ရဲ့ …၊

ကျနော်လည်း ခက်သေးရွာတရားရုံးမှာ အလကားဝေနေတာနဲ့ ဆရာ့အတွက်ပါ အပိုဆွဲလာတာ”

“မင်းဟာကလည်းကွာ….“ထမင်းဝအောင်စားထား”…ဆိုတာ ဘာမှန်း သိလို့လား”

“ထမင်းဝအောင်စား..ဆိုလို့ ကျနော်တောင် ခက်သေးရွာလယ်က ထမင်းအဝစားဆိုင်မှာ ဝင်ပြီးတော့ စားခဲ့သေးတယ်..”

ဖွတ်ကလေးက ပူနေသော သူ့ဗိုက်ကို ပုတ်ပြရင်း ပြောလိုက်လေသည်။

“တရားသူကြီးကတောင် “ထမင်းဝအောင်စားထား”ဆိုတာ ထမင်းကို ဝဝလင်လင်စားခိုင်းတာဖြစ်တဲ့အကြောင်း ရှင်းပြနေသေးတယ်ဆရာအော်”

“မင်းတရားသူကြီးက သူ့ထမင်းအိုး မကွဲချင်ဘူး ထင်ပါတယ်ကွာ”

“ထမင်းအိုးဆိုတာ ကျုပ်မြင်ဘူးတာတော့သတ္တုအိုး ဆိုတော့ ဘယ်လိုလုပ်ပြီး ကွဲမှာလည်း ဆရာအော်ရဲ့ …”

ထမင်းအိုးဆိုလျှင် လျှပ်စစ်ထမင်းအိုးသာ မြင်ဘူးသော အီကြာအော်က အတွန့် တက်လိုက်လေ၏။

“ဒါနဲ့ “ထမင်းအိုးကွဲတယ်”ဆိုတာက ဘာလည်းဗျ..”

“မင်းတို့ ခေတ်ကာလ လူငယ်တွေ တယ်ခက်သကိုးကွ..၊

“ထမင်းအိုးကွဲတယ်”ဆိုတာ အလုပ်ပြုတ်တာကို ပြောတာ…၊ အလုပ်ပြုတ်ရင် ထမင်းစားစရာ မရှိတော့ဘူးလေကွာ..၊  ရှေးခေတ်က တို့ ခက်သေးရွာကြီးမှာ ထမင်းချက်ရင် မြေအိုးနဲ့ချက်တာ..၊ “ထမင်းအိုးကွဲတယ်”ဆိုတာ တင်စားတာကွ….၊ ထမင်းအိုးကွဲတော့ စားစရာမရှိတော့ဘူးပေါ့…”

“အော်…ဒီလိုကိုး…”

အနည်းငယ်သဘောပေါက်သွားပုံရသော ဖွတ်ကလေးက ခေါင်းညိတ်လိုက်သည်။

“ “ထမင်းဝအောင်စားထား” ဆိုတာလည်း အတူတုပဲကွ…..၊ မသေခင်တော့ ထမင်းဝအောင်စားထားဆိုပြီး ပြောကြတာ..၊  ထမင်းဝအောင်စားထားလို့ ပြောရင်.. ထမင်းစားတဲ့သူ ခက်သေးသားတိုင်း သိတယ်ကွ”

“ပေါင်မုန့်စားရင်တော့ မသိဘူးပေါ့နော် ဆရာအော်”

“မင်းကလည်းကွာ….၊ ထမင်းစားတဲ့သူဆိုတာ… လူ…၊ တိရစ္ဆာန်မဟုတ်ဘူး လို့ ပြောတာကွ…၊ မင်းကလည်း ခက်သေးသားပြီပြီ နားဝေးပြီး ခက်လိုက်တာ..”

“ကျုပ်တို့ခက်သေးရွာကလည်း ထမင်းနဲ့ကို အတော်ရှုပ်နေတာပဲနော်…၊ တရားသူကြီးက ပေါင်မုန့်စားတာ ဖြစ်လောက်တယ်”

“တရားသူကြီးက ပေါင်မုန့်စားမစားတော့မသိဘူး..၊ လက်ဘက်ရည်ဘိုးတော့တောင်းလား..၊မတောင်းလားလည်း… အင်း..ငါမသိ.. ပဲပေါ့ကွာ..၊ တို့ခက်သေးရွာမှာကလည်း ထမင်းတနပ်အတွက် လှုပ်ရှားရတာ မလွယ်ပေဘူး”

အီကြာအော်က ခက်သေးသားတို့ ထုံးစံအတိုင်း စကားကိုလှီးလွှဲ ပြောလိုက်သည်။

“အင်းလေ ကျုပ်တို့ ခက်သေးရွာကြီးလည်း နေရာတကာကို ခက်နေတော့တာပဲနော်..”

“တို့ခက်သေးရွာလူကြီးတယောက်တောင် ခက်သေးရွာစီးပွားရေးတက်အောင် “ထမင်းတနပ်ပဲစားပါ” ဆိုတာ မင်းကြားလိုက်သေးတယ် မဟုတ်လား…၊ ဥာဏ်ကြီးရှင် ခက်သေးရွာလူကြီးတွေပေါ့ကွာ…၊  ခက်သေးရွာမှာ “ဘယ်သူတက်တက် တို့အခက်” ဖြစ်နေတယ်..၊ အမေပုခမျာလည်း သနားပါတယ်”

“ကျုပ်တောင် စီးပွားတက်မလားဆိုပြီး တနပ်လျှော့စားကြည့်လိုက်သေးတယ်”

“အဲတော့ မင်းက စီးပွားတက်ရောလား”

“မဟုတ်ပါဘူး ဆရာအော်ရယ်…၊ ထမင်းလျှော့စာတော့ ဗိုက်ဆာဆာနဲ့ ထမင်းအစား ရှမ်းခေါက်ဆွဲတို့ ပေါင်မုန့်တို့ စားမိတော့ ငွေပိုကုန်တာပေါ့..၊ အကြွေးပိုတင်သွားတာပဲရှိတယ်…၊ လက်တွေ့မှာတော့ မလွယ်ပါဘူး”

“အေးလကွာ..၊ ခက်သေးရွာမှာက လွယ်တာဆိုလို့ သေတာပဲရှိတယ်..၊ ဒါပေမယ့် သေရင်တောင် ကိုကျော်သူတယောက် ရှိလို့ပေပဲ.. နို့မို့ရင် တို့ခက်သေးရွာမှာက သေရင်တောင် အကြွေးနဲ့သေရမယ့်ကိန်းပဲ…”

“တရားသူကြီးလည်း တမင်းငတ်မှာကြောက်လို့ ရှေ့မျက်နှာနောက်ထားပြီး ပြောရတယ် ထင်ပါတယ်ကွာ..”

“ရှေ့က မျက်နှာကို ဘယ်လိုလုပ်ပြီး နောက်ရောက်အောင်ထားတာလည်း ဆရာအော်…၊ သူ့ကြည့်တော့ ပုံမှန်ပဲ…”

“မင်းကလည်းကွာ..၊ တို့ခက်သေးရွာမှာက စကားကို တင်စားပြီးပြောလေ့ရှိတာ..၊ “ထမင်း” ကို တင်စားသလိုပဲ..၊ “ရှေ့မျက်နှာနောက်ထား” ဆိုတာက “ပြောရမှာ အားနာလို့မျက်နှာပူပြီး မပြောချင်ပေမယ့် ပြောရတာ မျိုး…ကွ”

“အော်…မှတ်ထားရဦးမယ်”

ဖွတ်ကလေးက သေချာရှင်းပြလိုက်မှ ရေးရေး မြင်သွားပုံရသည်။

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ထွက်လာသော ဒေါ်အွန်မေးက “ကိုအော်ရေ…၊ ဘယ်သူတွေ ထမင်းဝအောင်စားခိုင်းခိုင်း…အိမ်မှာက စားစရာ ဆန်ကုန်နေပြီ..၊ တော့ရဲ့ ထမင်းတရားပွဲလေးကို ခနရပ်၊  တော်လည်း ရှေ့မျက်နှာကလေး နောက်ထားပြီး ကိုခိုနီဆီမှာ ဆန်ကို အကြွေးထပ်သွားယူလိုက်ပါဦး”


“ကဲ ဖွတ်ကလေး..၊ မင်းရဲ့ ကျက်သရေမရှိတဲ့ တီရှပ်ကြီး ပြန်ယူပြီး ကြမ်းသာသုတ်လိုက်ပေတော့..၊ နောက် ဒါမျိုးတွေ “စတူးပစ်” မလုပ်နဲ့ကွာ…၊ ငါလည်း ထုံးစံအတိုင်း ထမင်းစားဖို့ ခြေလှုပ်လက်လှုပ် လှုပ်ရဦးမယ်”

ဤသို့ဆိုရင်း အီကြာအော်တယောက် “ထမင်းစားရရေး ”ဆိုသည့် ခက်သေးရွာသားတိုင်းလိုက်နာရသော တို့တာဝန်ကြီးအရေးတပါးအတွက် ကိုခိုနီ့ဆိုင်သို့ ခြေဦး လှည့်ရလေတော့သတည်း။ ။

သဗ္ဗေသတ္တာ ကမ္မသကာ

အီကြာအော်
0