လင်းငယ် ● ရေပြာပြာ ဘဝနက်နက်

လင်းငယ် ● ရေပြာပြာ ဘဝနက်နက်
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈

● အလှ
ပင်လယ်ပြာပြာကြီးကို ငေးကြည့်နေရင်း သဲဖြူဖြူ ကမ်းခြေရဲ့ အစပ်နားမှာ ထိုင်ခုံတစ်လုံး၊ ရွက်ထီးတစ်ချောင်း မိုးထားတဲ့ အောက်မှာ အေးအေးဆေး စာဖတ်လိုက်၊ ကော်ဖီသောက်လိုက်လုပ်ရင်း အားလပ်ရက်ကို ဖြုန်းတီးရခြင်းက သူသိပ်ကြိုက် သည့် အခိုက်အတန့်များ။ ပင်လယ်ပြင်ဆိုပေမယ့် လခြမ်းပုံသဏ္ဍာန်ကွေ့ဝိုက်နေတဲ့ ကမ်းစပ်ဖြူဖြူရဲ့ အစိတ်အပိုင်းတစ်ခု မျှသာဖြစ်ပြီး ဘယ်ညာအစွန်းနားတွေမှာ တောင်ကမူလေးတွေနဲ့ အနားသတ်ထားသည်။ လူသိထင်ရှားသည့် အပန်းဖြေစခန်း မဟုတ်သည့်အတွက် ခရီးသွား ဧည့်သည်များလည်း များများစားစား မရှိ။ မြို့လေးရဲ့ အစွန်ဘက်မှာ ဟိုတယ်တစ်လုံး နှစ်လုံးလောက်နဲ့ ရပ်တည်နေတဲ့ သဘာဝဆန်လွန်းသည့်ကမ်းခြေ။ ရှေ့တူရှုမှာ ပင်လယ်ပြင်ကြီးက ပြာလဲ့လဲ့ကြီးနဲ့ သဲဖြူဖြူကမ်းစပ်၊ ရေစပ်နားက ကျောက်စရစ်ခဲ ဖြူဖြူလေးတွေက ဒီကမ်းခြေရဲ့အမှတ်အသား အလှတရားဖြစ်သည်။ ဖွေးဖြူဥနေသည့် ကျောက်ဖြူလေးတွေကို ညနေတိုင်း လမ်းလျှောက်ရင်း သူကောက်စုထားသည်ပင် တော်တော်များနေပြီ။

ဒီလောက်လှပတဲ့ သဘာဝ ပင်လယ်ပြင်ကြီးနားမှာ နေရတဲ့သူတွေ ဘယ်လောက်ကံကောင်းလိုက်လဲလို့ တွေးမိသည်။ ဟိုးအဝေးက တံငါလှေကလေးကို တွေ့မိပြန်တော့ သူတို့က ပင်လယ်ကြီးပြာပြာကြီးက လှတယ်ဆိုတာကို တွေးမိကြပါ့ မလား။ သူတို့အတွက်တော့ ပင်လယ်ပြင်ဆိုတာ ဘဝဖြစ်မှာပေါ့။ နေ့စဉ် အသက်ရှင်သန်ရေးအတွက် ထောက်ကူပေးသည့် ဝမ်းရေးရှာရာ နေရာတစ်နေရာ၊ အားကိုးအားထားမှုပြုနေရတဲ့ ရပ်တည်ရာဖြစ်မှာပေါ့။

သူလည်း အတွေးတွေကို အပေါ်ယံ အမြင်အလှအောက်ကနေ ပင်လယ်ကြမ်းပြင်ကြီးဆီ ငုပ်လျှိုးလိုက်မိသည်။ မကုန်နိုင် မခန်းနိုင်သည့် ပမာဏဟု ယူဆရလောက်သည့် အသားဓါတ်များလို့ မြင်ကြည့်ရမလား၊ သဘာဝ ဆန်းပြားတဲ့အလှတရား လို့ပြောရမလား မသိ။ အရင်းအမြစ်လို့ လုံးထွေးခေါ်ဝေါ်လိုက်တဲ့ လူ့အသက်ရှင်ရေး အထောက်အကူပေးနေသည့်၊ သူ့ဖြစ်တည်ခြင်းအတွက် သူ့ဘာသာ ပြန်လည် ထိန်းကြောင်းရှင်သန်နေသည့် ရေသယံဇာတ၊ သဘာဝ အရှိတရားတွေကို တွေ့ရသည်။ စိတ်ကူးတွေကို ခပ်ဝေးဝေး ကမ်းလွန်ပြင်ထိ ဖြန့်ကျက်ကြည့်မိတော့ သဘာဝ ဓါတ်ငွေ့သိုက်တွေ၊ ဓါတ်ငွေ့တွေ ထုတ်ယူနေတဲ့ လုပ်ငန်းကြီးတွေကို မြင်ရသည်။ ရွှေဂတ်စ်တဲ့။ ပညတ်ပြုထားသည့် နာမည်က တောက်ပလွန်းသည်။ မနီးမဝေးကျွန်းပေါ်မှာတော့ ရေနက်ဆိပ်ကမ်းကြီးတစ်ခုအတွက် ဟန်ပြင်နေတာ၊ ရေနံသိုလှောင်ရုံတွေနဲ့ ဧရာမ မြွေကြီး တစ်ကောင်လို ပိုက်လိုင်းကြီးတစ်ခုက ခေါင်းစိုက်နေတာကို တွေ့ရသည်။ သူ့စိတ်တွင် အဖြစ်အပျက်များပင် တွဲစပ် မြင် ယောင်လာမိသည်။ မတူကွဲပြားသည့် လူများက ဒီဒေသကိုရောက်လာပြီး ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကို လုပ်ကိုင်ကြသည်။ ဒေသခံများကတော့ နဝေတိမ်တောင်နှင့် ဆုံးရှုံးမှုများ ကြုံတွေ့လာရချိန်မှ တန်ပြန်ရန် ကြိုးစားလာကြသည်။ ဆန္ဒတွေပြကြ သည်။ ကန့်ကွက်ပွဲတွေ လုပ်ကြသည်။

စိတ်ညစ်စရာအဖြစ်အပျက်တွေနဲ့ ဝန်းရံနေတာတောင်မှ ဘေးနား ပတ်ဝန်းကျင်အမြင်က သူ့နှလုံးသားကို နုညံ့စေလောက် အောင် လှပနေပြန်တော့ သူကဗျာတစ်ပုဒ်တော့ ရေးခြစ်ထားလိုက်သည်။ သောက်လက်စ ကော်ဖီခါးခါးကို တကျိုက်ယူ သောက်လိုက်သည်။ ပြီးရင် ဖတ်လက်စစာအုပ်ဆီ အာရုံကို ပြန်ပို့လိုက်သည်။ ညနေရောက်ရင် ဒေသခံလူငယ်တွေနဲ့ သောင်ပြင်ပေါ်မှာ ဘောလုံးအတူကန်ရဦးမည်ဆိုတော့ အခုချိန်မှာ စာကိုဖတ်ထားရမည်လေ။

● တရား
သဘာဝအရင်းအမြစ်တွေ ထုတ်ယူကာ သုံးစွဲခြင်းသည် ဆိုကျိုးရှိသလို ကောင်းကျိုးရှိသည်။ နိုင်ငံအတွက်ဆိုသည့် ဆုပ် ကိုင်မရသည့် ခေါင်းစဉ်အောက်တွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည်ဟု အကြောင်းပြကြသည်။ သို့ သော် ဘယ်လိုတိုးတက်မှုလဲ။ မျှမျှတတ ဖြစ်ရဲ့လား။ တရားမျှတမှုရှိမရှိကို ရှုထောင့်သုံးခုနှင့် ကြည့်နိုင်သည်ဟု ဆိုသည်။ ပထမဆုံးတစ်ခုက ခွဲဝေခြင်းဆိုင်ရာ တရားမျှတမှုလို့ ပြောရင်ရမည်။ အရင်းအမြစ်တွေ ထုတ်ယူရာက ရရှိသည့် အကျိုး အမြတ်နဲ့တွဲပါလာတဲ့ ဆိုးကျိုးတွေ ဘယ်လိုမျှဝေသလဲ။ ဘယ်သူတွေက ကောင်းကျိုးရပြီး ဘယ်သူတွေက ဆိုကျိုးရ သွားတာလဲ။ ဘယ်လိုဆိုးကျိုးကောင်းကျိုးတွေလဲ။ ဆိုကျိုးကောင်းကျိုးတွေကို ဘယ်လို မူတွေနဲ့ ညီမျှမျှဖြစ်အောင် ဝေမျှကြ သလဲဆိုသည့် မေးခွန်းများ။
ဒုတိယတစ်ခုက လုပ်ထုံးလုပ်နည်းဆိုင်ရာ တရားမျှတမှုဟု ဆိုသည်။ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်မှာ ဘယ်လို မျှတအောင် ဆောင်ရွက်ကြသလဲ။ အားလုံး တန်းတူညီမျှ ပါဝင်ခွင့် (အထူးအားဖြင့် ဒေသခံ ရွာသူရပ်သားတို့ ပါဝင်ခွင့်)၊ ပွင့်လင်းမြင် သာကာ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်ချတဲ့ လုပ်ထုံးလုပ်နည်းများကို စနစ်တကျ အကောင်အထည်ဖော်ခြင်းက အရေးပါသည်။ သတင်းအချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် သိနေဖို့လည်း လိုမည်။ ဒါမှသာ လူတစ်စုက လူအများကြီး ကို လိမ်လည်လှည့်ဖျားလို့မရမှာ။ ပိုကောင်းတဲ့ စနစ်မျိုးမှာ မကျေနပ်ရင် ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ခွင့်ရှိရမည်။ ခွင့်ပြုရ မည်။ ဘာတွေကို ဘယ်လို ဆုံးဖြတ်ချက် ချသလဲဆိုတဲ့ အဆင့်ဆင့်ကို လူအများက သိနေရဲ့လား။ အမှတ်တကယ် ပါဝင်ခွင့်ရရဲ့လား ဆိုသည့် မေးခွန်းများ။

နောက်ဆုံးတစ်ချက်က အသိအမှတ်ပြုမှုဆိုင်ရာ တရားမျှတမှုတဲ့။ သဘာဝတရားကြီးကို မှီခိုနေထိုင်တဲ့လူတွေနဲ့ သဘာဝ တရားကြီးရဲ့ တန်ဖိုးကို လေးစားအသိအမှတ်ပြုမှု ရှိရဲ့လား။ လူတွေကို ခွဲခြား နှိမ်ချ မဆက်ဆံဘဲ အသိအမှတ်ပြုကြောင်း ပြသရဲ့လား။ ဒါကတော့ တန်ဖိုးပိုင်းကို ပိုပြီး ရည်ညွှန်းသည်။ ပင်လယ်ကြီးပေါ်မှာ ရှင်သန်နေတဲ့သူတွေအတွက် ပင်လယ်ဟာ ရှင်သန်မှု သက်သက်အတွက်မဟုတ်တော့။ ပင်လယ်ဟာ သူတို့ဘဝ၊ သူတို့ကိုယ်တိုင်ဟာ ပင်လယ်။ တသားတည်း။ တရာ မျှတမှူကို တောင်းဆိုတဲ့နေရာမှာ အထူးတလည် ထည့်မပြောသော်ငြား ကြီးကြီးမားမား ပါဝင်နေတတ်တာမျိုးဖြစ်သည်။ မကျေနပ်မှုတွေ တောင်းဆိုဆန့်ကျင်မှုတွေ တော်တော်များများက ငါတို့ကို လူရာမသွင်းကြလေခြင်းဆိုတဲ့ နာကျင်စိတ်မှာ အခြေခံတတ်သည်တဲ့။ ငါတို့ကို သောက်ဂရုတောင် မစိုက်ဘူးလား မေးနေရရင် ဒီဖွံ့ဖြိုးရေးနာမည်ခံ လုပ်ငန်းဟာ တစ်ခုခု မှားယွင်းနေတာ သေချာပြီ။ ဒီဖွံ့ဖြိုးရေးဟာ လူတွေကိုမှ ဂရုမစိုက်ရင် ဘယ်လို ဖွံ့ဖြိုးရေး ဖြစ်မလဲ။

တရားမမျှတဘူးလို့ ပြောတဲ့အခါ ဘာကိုရည်ရွယ်ပြီး ဘယ်လိုကိုင်တွယ် ချိန်ဆရမလဲဆိုတဲ့ အကြောင်း သူဖတ်မိနေတော့ ဒီပင်လယ်ကြီးရော တရားမျှတမှုကို ရရဲ့လား။ ဟိုးနားက ကိုတံငါတို့ရော တရားမျှတမှုကို ရရဲ့လား တွေးမိစေပြန်သည်။

● သောက
ကိန်းဂဏန်းတွေက ပြောသော ဘာသာစကားကို သူမုန်းသည်။ သူဖတ်သည့်စာများသည် ကိန်းဂဏန်းများပါလာလျှင် ကျော်ပစ်တတ်သည်။ သို့သော်လည်း ပကတိအရှိကို ကိန်းဂဏန်းတွေက တဆင့် မြင်နိုင်ပြန်တော့ ဂဏန်လုံးလေးတွေကို စေ့ငုကြည့်မိပြန်သည်။ အရင်ညက အလုပ်အတွက် ဖတ်ထားတဲ့ အစီရင်ခံစာ တစ်ပုဒ်ထဲက အချက်အလက်တချို့က လွယ်ကွယ်ကူကူပဲ ပေါ်လာသည်။ မြန်မာအစိုးရဟာ ရွှေဂတ်စ်ပိုက်လိုင်းနဲ့ ဓါတ်ငွေ့ပိုက်လိုင်းကနေ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၈ သန်းကျော် ဝင်ငွေရနေမည်။ သဘာဝ ဓါတ်ငွေ့ကုဗပေ ၅၆၀ နေ့စဉ်ထုတ်လုပ်နေပြီး ၄၀၀ ကျော်ကို တရုတ်ကို တင်ပို့နေချိန် ရခိုင်ပြည်နယ်က လူ ၈၈ ရာခိုင်နှုန်းက လျှပ်စစ်မီး မရဘဲ နေနေရသည်။ ရေနက်ဆိပ်ကမ်းအတွက် မြေဧက ၁၀၀၀ ကျော်က သိမ်းဆည်းပြီး၊ စက်မှုဇုန်အတွက်က ၄၀၀၀ ကျော် ဆက်လက် သိမ်းဆည်းရန် ရှိသေးသည်။ မြန်မာပြည်ရဲ့ အခြားနေရာတွေနည်းတူ မြေသိမ်းခံရသူတွေက ပြည့်ဝလုံလောက်တဲ့ လျော်ကြေးမရကြ။ တစုံတရာအတွက် ဒေသခံတွေရဲ့ အသံကို အာဏာလက်ရှိတို့ ကြားရစေဖို့ ဆန္ဒထုတ်ဖော်ပြန်တော့ ဥပဒေနဲ့ မညီဟုဆိုကာ တရားရင်ဆိုင်ရပြန်သည်။

ပင်လယ်သောင်ပြင်ပေါ်က ဂဏန်းလုံးလေးတွေက ဘေးတိုက်ရွေ့လျားနေသည်။ သို့သော် ဦးတည်ရာ သူတို့တွင်းဝကိုတော့ တန်းပြီး ရောက်သည်။ အစုလိုက် အဖွဲ့လိုက် စနစ်တကျ ရှိလှသည်။ စာရွက်ပေါ်က ဂဏန်လုံးတွေကတော့ ဦးတည်ရာမဲ့ ခုန်လွှားပြေးကစားနေကြသည်။ ဘယ်တွင်းထဲကို ဘယ်ပုံဝင်မယ်ဆိုတာ လူအများစုကြီးက သိခွင့်မရှိသေး။ နိုင်ငံ့ဝင်ငွေဟု အကြောင်းပြသည့် ငွေများသည် နိုင်ငံ့အိပ်ကပ်ထဲ ဝင်လေသလား၊ လူတချို့ အိပ်ကပ်ထဲ ဝင်လေသလားဆိုတာက ဒေသခံတွေရဲ့  နှစ်ရှည်ကြာငြောင်း မေးခွန်းတစ်ခု။ အသူတရာ နက်သော ဘဝများအတွက် လက်လှမ်းမမှီသော မြင့်မိုရ်တောင်ထိပ်က မေးခွန်းများ ဖြစ်နေမလား။

● ဘဝ
လက်ရှိပစ္စက္ခကို ဆင်ခြင်ကြည့်တော့ မြေသိမ်းခံတွေက တန်ရာတန်ကြေးကို တောင်းဆိုသည်။ ကိုတံငါတို့က သဘောင်္တွေ ဝင်ထွက်ချိန် ငါးဖမ်းခွင့် ပျောက်ဆုံးသွားခြင်းအတွက် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကို တင်ပြကြသည်။ တတ်သိပညာရှင်များက ပျက်စီးလတ္တံသော သဘာဝ သန္တာကျောက်တန်းများ၊ သဘာဝ အရံအတား လမုတောများ ပျက်စီးခြင်းမှသည် အထွေထွေသော သဘာဝပတ်ဝန်ကျင်များအရေးကို ဖော်ထုတ်ဝေဖန်ကြသည်။ ပြောသူက ပြောကြ သည်။ နားထောင်ရမည့်သူက ကြားကြပါသလား။ စီးပွားရေးသမားများနှင့် အာဏာလက်ရှိ လူတချို့ကတော့ ဒီလူတွေလို အပ်နေတာ ငွေကြေးတွေလို့ ထင်ကြမလား။ အလျော်အစား အပေးအယူတွေလို့ ထင်ကြမလား။

တစိတ်တပိုင်းတော့ ပါပါလိမ့်မည်။ ထိုထက်ပိုသော အကြောင်းအရာများကိုတော့ သတိမူကြဟန်မတူ။ ထိုအရာက ပျောက် ဆုံးနေသော တရားမျှတမှုပင်ဖြစ်သည်။ သူတို့တောင်းဆို ဝေဖန်ချက်များသည် တရာမျှတမှု မရှိခြင်းမှာ အခြေခံနေသည်ကို ရှင်းရှင်းလင်းလင်း မြင်ရမည်။ ထိုတရားမျှတမှုသည်ပင် သူတို့၏ ဘဝဖြစ်သည်။ ထိုတရားမျှတမှုသည်ပင် “ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဖက်ဒရယ် ဒီမိုကရေစီ” ဆိုသည့် ခေါင်းစီးကြီး၏ အနှစ်အသား ဖြစ်မည်။

● ခြောက်အိပ်မက်
ထိုည ပင်လယ်လှိုင်းပုတ်သံနဲ့ သာယာစွာ အိပ်စက်နေကျ ညသည် အိပ်မက်ဆိုးတို့ဖြင့် ပြည့်ခဲ့သည်။ ပင်လယ်ပြင်ကြီးပေါ်မှာ အမဲရောင် တစ္ဆေကြီးတစ်ကောင်ပေါ်လာသည်။ ပွက်ခနဲ သွေးမဲမဲတွေ အန်ထုတ်လိုက်သည်။ အပြာရောင်ပင်လယ်ကြီးဟာ တမုဟုတ်ချင်း နက်မှောင်မဲကြုတ်သွားသည်။ ဒေါသမုန်တိုင်းထန်လာသလို လှိုင်းလုံကြီးများဖြင့် ခြောက်ခြားဖွယ်ရာ ကြမ်းတမ်းလာသည်။ တံငါလှေတွေကို ဆွဲနှစ်ပစ်လိုက်သည်။ ကျောက်တုံးဖြူဖြူလေးတွေက သွေးရောင်ပြောင်းကုန်၏။ သဲသောင်ဖြူဖြူများပေါ်တွင် လူတွေက ငိုကြွေးနေကြသည်။ ထိုသူများက ပြေးထွက်လို့ရပါလျက် ပြေးမထွက်သွားကြ။ လက်ရုံးတန်းကာ ပင်လယ်ဘက်က တစ္ဆေကြီးကို ပြန်အော်သူက အော်နေကြသည်။ မကြာမီသူတို့က ပင်လယ်လှိုင်းလုံးကြီးက ဝါးမျိုသွားတော့မည်။ သူတားဆီးဖို့ ကြိုးစားသော်လည်း မရ။ သူအားအင်ကုန်ခမ်းစွာဖြင့် နိုးထလာတော့ သူ့ရင်တို့ တလှပ် လှပ်။

တရေးနိုးအတွေးမှာ အိပ်မောကျနေဆဲ သတ္တလောကကြီးကို မြင်ရသည်။ အိပ်မောကျနေဆဲ အမှောင်လောကသားတွေကို မှန်းဆ၍ရသည်။ သူတို့ ထွေးပွေ့ထားသည့် ပိုင်ဆိုင်မှုများက ရုပ်ပိုင်းဆိုင်ရာ အိပ်စက်ချင်စဖွယ် ဖန်တီးပေးထားနိုင်သည်။ တချို့တွေက ပင်ပန်းနွမ်းနယ်စွာ အိပ်မောကျနေသည့်အတွက် အိပ်မက်ပင် မမက်နိုင်ကြ။ ပင်ပန်းနွမ်းလျတဲ့ သူတို့ဘဝတွေကို အမြဲခြောက်လှန့်နေမည့် အိပ်မက်ဆိုးကြီးကို သူတို့ မြင်ကြပါစ။ ပင်လယ်ပြင်ကြီးပေါ် မက်ဆဲ၊ မက်လတ္တံ့သော အိပ်မက်ဆိုးကို တွန်းလှန်ဖို့ သူတို့မှာ လုံလောက်တဲ့ အင်အားများ ဘယ်ဆီက ရနိုင်ပါလိမ့်။

စာပြီး
ည ၁၀း၄၀ ၁၁
ဒီဇင်ဘာ ၂၀၁၇
BKK

0