လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အမျိုးသားကွန်ဂရက် - အပိုင်း (၉)


လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ  (၁၉)  ကြိမ်မြောက် အမျိုးသားကွန်ဂရက် - အပိုင်း (၉)
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၈
တရုတ်ပြည်ကို အုပ်ချုပ်ခြင်း အတွဲ  (၂)   (The Governance of China Vol - 2) 

၂ဝ၁၇ အောက်တိုဘာလအတွင်းပေကျင်းမှာကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ (၁၉) ကြိမ်မြောက်အမျိုးသား ကွန်ဂရက် မှာ ပါတီအထွေထွေအတွင်းမှူး (သမတလည်းဖြစ်တဲ့) ရှီကျင်ပင်ရဲ့အစီရင်ခံစာမှာ စကားလုံးအသုံးအနှုန်းအသစ်အဆန်း တွေပါလာပါတယ်။  ဥပမာ- တရုတ်ထူးခြားချက်များနဲ့ ဆိုရှယ်လစ်စနစ်ရဲ့ခေတ်သစ်ကာလဆိုတာမျိုး။  ဒါ့အပြင် အဲဒီကွန်ဂ ရက်မှာပဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဖြည့်စွက်ချက်အဖြစ်   တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်ရဲ့ခေတ်သစ်ကာလ ဆိုင်ရာ ရှီကျင်ပင်ရဲ့အတွေးအခေါ်များရဲ့လမ်းညွှန်မှုကို ခံယူရမယ်ဆိုတာ ပါလာပါတယ်။ 









ဒီတော့ ဒီအသုံးအနှုန်းတွေအပေါ် ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ အလွန်စိတ်ဝင်စားလာကြပါတယ်။  ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်၊  ဒီစကားလုံးများနောက်ကွယ်က မူအပြောင်းအလဲတွေ၊ ပေါ်လစ်ီအပြောင်းအလဲတွေ၊ ဘာတွေရှိ နိုင်တယ်။  ဘယ်လိုဂရက်တွေရိုက်နိုင်တယ်။  စတာတွေကိုပြောဆို၊ လေ့လာသုံးသပ်ကြတာတွေ ပေါ်ထွက်လာပါတယ်။

ဒါတွေကို အဖြေပေးတဲ့အနေနဲ့  နိုဝင်ဘာမှာ တရုတ်ပြည်ကိုအုပ်ချုပ်ခြင်းအတွဲ (၂) ကို တရုတ် - အင်္ဂလိပ် နှစ်ဘာသာနဲ့ထုတ် လိုက်ပြီး မရှေးမနှောင်းမှာ တခြားဘာသာပြန်များလည်း ထွက်လာပါတယ်။  (အခုအချိန်ထိ စာအုပ်ပေါင်း (၁ဝ) သန်း ကျော် ရောင်းရပြီးလို့ ဆိုပါတယ်) ဒီအထဲမှာ ၂ဝ၁၄ သြဂုတ်လမှ၂ဝ၁၇ စက်တင်ဘာ (၁၉ ကြိမ်မြောက်ကွန်ဂရက်မတိုင်မီကာလအထိ) အတွင်းက ရှီကျင့်ပင်ရဲ့မိန့်ခွန်းတွေ၊ အမေးအဖြေတွေ၊ အပြန်လှန်ဆွေးနွေးချက်တွေ၊ စာပေးစာယူတွေ၊ ညွှန်ကြား ချက်တွေ စုစုပေါင်း ၉၉ စောင်ပါပြီး အခန်း (၁၇) ခန်း ခွဲထားပါတယ်။

အဲဒီစာအုပ်မှာပါဝင်တဲ့အခန်းများကတော ...
၁။ တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်နဲ့ တရုတ်အိမ်မက်။
၂။ ဘက်ပေါင်းစုံက အတော်အသင့်ချမ်းသာကြွယ်ဝတဲ့ အဖွဲ့အစည်းတရပ်။
၃။ ပို၍နက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲရေး။
၎။ တရားဥပဒေစိုးမိုးရေး။
၅။ တင်းကြပ်တဲ့စည်းကမ်းနဲ့ ပါတီကိုအုပ်ချုပ်ခြင်း။
၆။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အယူအဆအသစ်များ။
ရ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ပုံမှန်အသစ် (New Normal)။
၈။ ဆိုရှယ်လစ်ဒီမိုကရေစီ။
၉။ ယဉ်ကျေးမှုဆိုင်ရာယုံကြည်ချက်။
၁ဝ။ ပြည်သူလူထုသက်သာချောင်ချိရေး။
၁၁။ သာယာလှပတဲ့ တရုတ်ပြည်။
၁၂။ စစ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု။
၁၃။ တိုင်းပြည် (၁) ခု၊ စနစ် (၂) ခု။
၁၄။ အင်အားကြီးနိုင်ငံတရပ်အဖြစ်တရုတ်ရဲ့သံခင်းတမန်ခင်း။
၁၅။ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနဲ့ တခြားနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေး။
၁၆။ စင်္ကြံပတ်လမ်းအစီအစဉ် (The Belt and Road Initiative)
၁၇။ အနာဂါတ်တွေ မျှဝေထားတဲ့အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။ (ပထမတွဲအတိုင်း၊ ရှင်းလင်းချက်များနဲ့ ဓာတ်ပုံများလည်း ပါပါတယ်)

ဒီစာအုပ်ကို နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းမှာကျင်းပတဲ့ နိုင်ငံတကာနိုင်ငံရေးပါတီများနဲ့ တရုတ်ကွန်ုမြူနစ်ပါတီနှီးနှောဖလှယ်ပွဲကြီးနဲ့ အချိန်ကိုက်ထုတ်ဝေလိုက်တာဖြစ်လေတော့၊ နိုင်ငံတကာမှာ ပိုမိုပျံ့နှံ့သွားပါတော့တယ်။ (တရုတ်ကလည်း ဒါ ကိုလိုလားခဲ့တာပါ) ဒီအစည်းအဝေးကြီးကိုလာတက်ကြတဲ့ပါတီများထဲမှာ နိုင်ငံအသီးသီးမှာအာဏာရထားတဲ့ပါတီများပါ သလို၊ အာဏာရရေးကြိုးပန်းနေကြတဲ့ အတိုက်အခံပါတီများလည်းပါပါတယ်။ (ဗမာပြည်က ဒီချုပ်ပါတီရော၊ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီကရော ကိုယ်စားလှယ်များ လာတက်ပါတယ်) ဒါ့ကြောင့် နိုင်ငံတိုင်းအနေနဲ့ တရုတ်ပြည်ရဲ့တရှိန်တိုးတိုးမြှင့်လာတဲ့စီးပွားရေးအခြေအနေကိုကြည့်ပြီး (တရုတ်တွေကလည်း သူတို့စီမံကိန်းအမျိုးမျိုးရဲ့အောင်မြင်မှုများကိုလည်း ပြခန်းကြီး တွေနဲ့ ပြထားတာပါ) ကိုယ့်နိုင်ငံအတွက် ဘာတွေလေ့လာနိုင်မလဲဆိုတာ အတော်သိချင်နေကြပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုး ဆဲနိုင်ငံများက မိမိတို့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ခြင်းသိပ်မကွာတဲ့ တရုတ်ပြည်ရဲ့ လုပ်နည်း လုပ်ဟန် ပေါ်လစီတွေ ကို နားလည်ချင်ကြပါတယ်။ ထို့အတူဖွံ့ဖြိုးပြီးနိုင်ငံများကလည်း တရုတ်စီးပွားရေးတိုးတက်မှုဆီက မိမိတို့အတွက် စီးပွား ရေးအရ အခွင့်အရေးကောင်းတွေ ဘာတွေရလာနိုင်မလဲဆိုတာ စိတ်ဝင်စားကြပါတယ်။ ဒါ့ကြောင့် အဲဒီအစည်းအဝေးတက်တဲ့ ကိုယ်စားလှယ်များ အဲဒီစာအုပ်ကို အလုအယက်ဝယ်ကြ၊ ဖတ်ရှုဝေဖန်ကြ၊ အပြန်အလှန်ဖလှယ်ကြ၊ မရှင်းတာတွေကို တ ရုတ်အရာရှိများကို မေးကြမြန်းကြနဲ့ အတော်ပွဲစည်သွားခဲ့ပါတယ်။

 

ဒါ့ကြောင့်ပဲ ဒီစာအုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ ဝေဖန်ချက်စာတမ်းတွေ အများအပြားထွက်လာပါတယ်။ ခွန်းဖေါင်ဒေး ရှင်း ဥက္ကဌ (တရုတ်ပြည်အရေးကျွမ်းကျင်သူ ရောဘတ်ခွန်းက ဒီလိုပြောပါတယ်။  (ကိုးကား (BeijingReview—2 11 2017) /  ဒီစာအုပ်ဟာ ရှီရဲ့နိုင်ငံရေးအဘိဓမ္မာနဲ့ စဉ်းစားနည်းတွေကိုဖေါ်ပြထားတဲ့အပြင် နိုင်ငံရေးခေါင်းဆောင်တယောက်အဖြစ်အခိုင်အမာပေါ်ထွက်လာတဲ့လက္ခဏာတရပ်လည်းဖြစ်ပါတယ်။ ရှီရဲ့အရေးအပါဆုံး အုပ်ချုပ်မှုအကဏ္ဍများထဲမှာ  ၄ ဖက်စုံညီလှမ်းရေးသေနင်္ဂဗျူဟာတခုပါ ပါတယ်။ ဒီထဲမှာ ပစ်မှတ်လေးခုပါပါတယ်။

(က) ဘက်စုံက အတော်အသင့်ချမ်းသာကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ပြီးစီးရေး
(ခ)  ပြုပြင်ပြောင်းလဲရေး ပြည့်စုံနက်ရှိုင်းရေး
(ဂ) တရားဥပဒေစိုးမိုးရေး
(ဃ) ပါတီရဲ့စည်းမျဥိးစည်းကမ်းများကို ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရေးတို့ ဖြစ်တယ်။

ဒီမဏ္ဍိုင် (၄) ရပ်မှာ တသီးတခြားသဘာဝတွေ ရှိနေပါတယ်။
(က) ဘက်စုံချမ်းသာတဲ့အဖွဲ့အစည်းတည်ဆောက်ရေးဆိုတာ ရည်မှန်းချက်ဖြစ်ပါတယ်။
(ခ)  ပြုပြင်ပြောင်းလဲရေးဆိုတာ နည်းနာဖြစ်ပါတယ်။
(ဂ) တရားဥပဒေစိုးမိုးရေးဆိုတာ မူဖြစ်ပါတယ်။
(ဃ) ပါတီရဲ့တင်းကြပ်တဲ့စည်းကမ်းဆိုတာကတော့ လုပ်ဟန်ဖြစ်ပါတယ်။

အချက်တိုင်းဟာလည်း အဓိကပေါ်လစီများဖြစ်ပြီး အဆက်ဆက်ခေါင်းဆောင်များကညွှန်းဆိုခဲ့ ထောက်ခံခဲ့တဲ့ အချက်များ ပါလို့ ထောက်ပြထားတာတွေ့ရပါတယ်။ ဒါ့အပြင် ခွန်းက ဒီစာအုပ်မှာ ရှီကျင့်ဖင်ရဲ့အတွေးအမြင်တွေ ဘယ်လိုပေါ်ထွက် လာတယ်။ တဖြည်းဖြည်းနဲ့ ဘယ်လိုဖွံ့ဖြိုးစုစည်းတိုးတက်လာပြီး တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်ရဲ့ခေတ်သစ်ကာလအတွက် ရှီကျင်ဖင်ရဲ့အတွေးအခေါ်များအဖြစ် အထင်အရှားဖြစ်တည်လာတယ်ဆိုတာ မြင်တွေ့နိုင်တယ်လို့လည်း ဆို ထားပါတယ်။

ဟူစတင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျွန်တေလာကတော့ ဒီလိုထောက်ပြထားတာတွေ့ရပါတယ်။ (ကိုးကား။ Beijing Review 25 1 2018) /   ဒီိစာအုပ်ဟာ အလွန်အသုံးဝင်ပြီး မှတ်သားဖွယ်ရာတွေပါဝင်ပါတယ်။

၁။ စာဖတ်သူများအနေနဲ့ တရုတ်ပြည်ဟာ ဘယ်လိုနဲ့ဘယ်နေရာကို ရှေ့ရှုနေတယ်ဆိုတာနဲ့ပတ်သက်တဲ့ ရှီရဲ့အတွေးအ မြင်တွေကို သိရှိနိုင်စေပါတယ်။
၂။ လွန်ခဲ့တဲ့ (၃) နှစ်အတွင်းတရုတ်ခေါင်းဆောင်တယောက် တရုတ်ပြည်ကို ဘယ်လိုစဉ်းစားပြီး ဘယ်လိုအုပ်ချုပ်ခဲ့တယ်။ ဆိုတာ စာဖတ်သူများ သဘောပေါက်သိရှိနိုင်ပါတယ်။
၃။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဘာဖြစ်လို့ ရှီကျင်ဖင်ရဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍကို အလေးအနက်ထားပြီး၊ တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်ရဲ့ခေတ်သစ်ကာလပိုင်းဆိုင်ရာ ရှီအတွေးအခေါ်များရဲ့လမ်းညွှန်မှုကို ခံယူရတယ်ဆို တာတွေကို နားလည်စေပါတယ်တဲ့။ 



ဒါ့အပြင် သူကဆက်ပြီး အုပ်ချုပ်ခြင်းဆိုရာမှာ  ထိန်းသိမ်းကြီးကြပ်ခြင်း။  (Control)  လမ်းညွှန်ခြင်း။  (Guidance) နဲ့ ကျင်ကျင် လည်လည် ကိုင်တွယ်ခြင်း။  (Manipulation)  လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါ့ကြောင် ပုံစံအမျိုးမျိုးနဲ့ အစိုးရတိုင်းဟာ မိမိတို့ တာဝန်တွေထမ်းဆောင်ရာမှာ မိမိတို့တိုင်းပြည်နဲ့လူမျိုးတို့ရဲ့ကိုယ်ပိုင်ထူးခြားချက်များအပေါ်အခြေခံပြီး နိုင်ငံရေးအရ၊ လူမှု ရေးအရ တည်ငြိမ်မှုများကို အားပေးလုပ်ဆောင်ပြီး၊ ထိရောက်မှုရှိတဲ့အဆောက်အအုံအဖွဲ့အစည်းများနဲ့ အုပ်ချုပ်မှုစနစ် ရှိတဲ့ တာဝန်ယူမှု (Accountability) များ ရှိရပါမယ်။ ဒီအချက်တွေအားလုံးကို ဒီစာအုပ်က ရှင်းပြထားပါတယ်တဲ့။

ဒီစာအုပ်မှာ တရုတ်ပြည်တွင်းရေးရာအတွက်ရော၊ နိုင်ငံတကာအတွက်ပါ အပြင်းအထန် တောင့်တနေကြတဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာသဘောတရားများနဲ့လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာ အရေးကြီးအချက်များ ဖေါ်ပြထားတာပါ။ ဒါ့အပြင် တရုတ်ကွန် မြူနစ်ပါတီရဲ့ဦးဆောင်မှုနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှုဟာ တရုတ်ရဲ့ဒီမိုကရေစီနိုင်ငံရေးပုံစံကိုမြှင့်တင်ပေးပြီး၊ ထိရောက်တဲ့ အုပ်ချုပ်မှုအတွက် အဆောက်အအုံဆိုင်ရာရေခံမြေခံ (Institutional platform) ကိုပေးအပ်တဲ့အပြင် အများဆိုင်ရာမူဝါဒများ ရေးဆွဲရာမှာပါဝင်တဲ့ ပါတီရဲ့အခန်းကိုလည်းမြှင့်တင်ပေးတာတွေကိုပေါ်လွင်အောင် ရှီကဖေါ်ပြထားပါတယ်တဲ့။

ဒါတွေကတော့ စာအုပ်နဲ့ပတ်သက်တဲ့ အမြင်အချို့ဖြစ်ပါတယ်။

တကယ်တော့ ဒီအတွဲ (၂) ဟာ အတွဲ (၁) မှာ ရှီ  ညွှန်းဆိုပြောဆိုခဲ့တဲ့ အခြေခံများသာဖြစ်ပြီး၊ ပိုမိုပြည့်စုံအောင်၊ အကျယ် ရှင်းလင်းပြထားတာတွေပါ။ ပိုမိုတိကျပြီး အသေးစိတ်ကျတဲ့အချက်အလက်များ အလုပ်လမ်းညွှန်များပါဝင်လာတဲ့သဘောပါ။ ရှီရဲ့အတွေးအခေါ်တဖြည်းဖြည်း ဘယ်လိုပုံပေါ်လာတယ်ဆိုတာ သိနိုင်ပါတယ်။

ဒီနေရာမှာ အတွဲ (၂) ထဲက စာမြည်းတချို့ကြည့်ရအောင်ပါ။

(ကိုးကား။ The Governance of China Vol (2) Pg404) (တရုတ်ကွန်မြူနစ်ပါတီ  ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ရဲ့ဆဌမကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာပြောကြားခဲ့တဲ့ ရှီမိန့်ခွန်းထဲက ကောက်နုတ်ချက်။ ၂၇ ၁ဝ ၂ဝ၁၆)

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်ဆုံးရည်မှန်းချက်ကတော့  ပြည်သူလူထုရဲ့နေထိုင်မှုဘဝအာမခံချက်ရှိရေးနဲ့ တိုးတက် မြင့်မားရေးပဲဖြစ်ပါတယ်။

ဥက္ကဌမော်က ၁၉၃၄ က ဒီလိုပြောခဲ့ပါတယ်။ လူထုလက်တွေ့ရင်ဆိုင်နေရတဲ့ နေထိုင်စားသောက်ရေးပြဿနာမှန်သမျှဟာကျွန်တော်တို့ဂရုစိုက်သင့်တဲ့ ပြဿနာတွေချည်းဖြစ်တယ်။ တကယ်လို့ ကျွန်တော်တို့ဟာ ဒီပြဿနာတွေကိုဂရုစိုက်ရင် ဖြေ ရှင်းပေးရင် လူထုရဲ့လိုအပ်ချက်ကို ဖြည့်စွမ်းလိုက်ရင် ကျွန်တော်တို့ဟာ လူထုရဲ့နေထိုင်စားသောက်မှုကို စီမံပေးသူများတကယ်ဖြစ်လာလိမ့်မယ်။ လူထုလည်း တကယ်ပဲ ကျွန်တော်တို့ပတ်ပတ်လည်မှာ တစည်းတလုံးတည်းရှိပြီး ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးကြလိမ့်မယ်တဲ့။

ပြည်သူတွေရဲ့နေထိုင်မှုဘဝတိုးတက်ရေးအတွက် ကျွန်တော်တို့လုပ်ငန်းများ ဒီနေ့ရင်ဆိုင်နေရတာတွေကတော့ သဘာပတ် ဝန်းကျင် အကြီးအကျယ်ပြောင်းလဲမှုများနဲ့ လိုအင်ဆန္ဒအဆင့်အတန်းများဖြစ်ပါတယ်။ အရင်ကတော့ လူတွေအနေနဲ့ အစား အသောက်လေးဖူဖူလုံလုံရှိဖို့၊ တက်စရာကျောင်းရှိဖို့၊ အမိုးအကာလုံလုံလေးနဲ့နေရဖို့လောက် လိုချင်ခဲ့ကြတာပါ။ အခုအချိန် မှာတော့ လူတွေရဲ့လိုအင်ဆန္ဒတွေက အထွေထွေအပြားပြားဖြစ်လာပါပြီ။ ဝင်ငွေတဖြည်းဖြည်းတိုးလာဖို့ မျှော်လင့်ကြတယ်။ ကောင်းမွန်တဲ့ဆေးဝါးကုသမှု၊ စောင့်ရှောက်မှုတွေလိုချင်လာကြတယ်။ ပညာရေးမှာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေရ ချင်လာကြတယ်။ အိုးအိမ်ကောင်းကောင်းနဲ့ နေချင်လာကြတယ်။ သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လေကောင်းလေ သန့်တွေ ရှုချင်လာကြပါတယ်။

အဲဒီအပြောင်းအလဲများနဲ့ ကိုက်ညီစေဖို့၊ ကျွန်တော်တို့လုပ်ငန်းတွေကို ပြုပြင်လုပ်ဆောင်ရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အခြေခံအကျဆုံး လိုအပ်ချက်များကို ပြည့်စုံအောင်လုပ်ဆောင်ပေးရပါမယ်။ သူတို့ရဲ့ အကြောင့်ကျဆုံး ပြ ဿနာတွေအပေါ်အာရုံပြုပြီး သက်ဆိုင်တဲ့ပေါ်လစီများကို တိုးတက်အောင်လုပ်ပေးရပါလိမ့်မယ်။ တချိန်တည်းမှာပဲ၊ ပြည် သူလူထုကို လက်တွေ့ကျတဲ့ ကျိုးကြောင်းဆီလျှော်တဲ့ ဘဝမျှော်လင့်ချက်တွေထားဖို့ ညွှန်ပြရပါလိမ့်မယ်။ ကျွန်တော်တို့ ဟာ ပြည်သူတွေရင်ဆိုင်နေရတဲ့ လက်ငင်းပြဿနာတွေ အစိုးရိမ်ဆုံးပူပန်မှုတွေက စတင်ရမယ်။ ကျယ်ပြန့်တဲ့အတိုင်းအတာနဲ့အောင်မြင်နိုင်ဖို့၊ ထိရောကိမှုရှိတဲ့၊ တိုက်ရိုက်ကျတဲ့၊ ပစ်ကွင်းအတိအကျရှိတဲ့ (Targeted) လုပ်ငန်းအစီအစဉ်များကို လုပ်ဆောင်ရပါမယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့အခြေခံနေထိုင်စားသောက်ရေး ဘဝတိုးတက်လာရေးအတွက်အာရုံထားပြီး၊ ပိုမိုကောင်းမွန်တဲ့ပညာရေးရဖို့၊ ဝင်ငွေခွဲဝေရာမှာညီမျှဖို့၊ အလုပ်အကိုင်များရရှိဖို့၊ လူမှုဖူလုံရေးဆိုင်ရာအခွင့်အရေးများရရှိဖို့၊ အချိန်မီဆေးကုသမှုခံယူနိုင်ဖို့နဲ့ နေထိုင်စရာရှိဖို့၊   စတာတွေအာမခံနိုင်ဖို့၊ ကျွန်တော်တို့လုပ်ငန်းတွေကို စနစ်တကျ စီစဉ်ညှိနှိုင်းလုပ်ဆောင်ရပါလိမ့်မယ်။

ကျွန်တော်တို့အနေနဲ့ တည်ငြိမ်တဲ့အလုပ်အကိုင်တွေရရှိဖို့ အထူးဂရုပြုသင့်ပါတယ်။ ဒီအတွက်ဆိုရင် ကုန်ပစ္စည်းများအလွန်အကျွံပိုလျှံမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားရသူတွေ၊ အလုပ်ရွှေ့ပြောင်းလိုက်ရသူတွေအတွက် လမ်းကြောင်းအမျိုးမျိုးနဲ့ သင့်တော်တဲ့ အစီအစဉ်များ ပေးလုပ်ရမယ်။ အထူးခက်ခဲသူများကိုအလုပ်အကိုင်သစ်များရဖို့ ကူည်ီရမှာဖြစ်ပြီး၊ အလုပ် အကိုင်မရှိတဲ့ အိမ်ထောင်စုတိုင်း၊ အနည်းဆုံးတဦး တည်ငြိမ်တဲ့အလုပ်ရရေးကို အာမခံရမယ်။ ပင်စင်လစာများကို အချိန်မီ အပြည့်အဝ ထုတ်ပေးရမယ်။ ဘယ်သူတဦးတယောက်ကိုမှ ပစ်ပယ်မထားရဘူး။ ဘယ်နေရာဘယ်အချက်ကိုမှ လစ်လျူ မရှုရဘူး။ ကျွန်တော်တို့ဟာ လုပ်ငန်းအစီအစဉ်များကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရမှာဖြစ်ပြီး၊ သင့်တော်တဲ့တာဝန်ယူမှု တာဝန် ခံမှုစနစ်နဲ့အညီ ဆင်းရဲမှုပပျောက်ရေးစီမံကိန်းတွေမှာ ခိုင်မာတဲ့တိုးတက်မှုတွေရစေရမယ်။ ဆင်းရဲတွင်းနေနေရသူများရဲ့အခြေခံလိုအပ်ချက်များကို ထောက်ပံ့ပေးရမယ်။ သဘာဝဘေးအန္တရာယ်ခံရတဲ့သူများကို သင့်တော်တဲ့အစီအစဉ်များလုပ် ဆောင်ပေးပြီး အမြန်ဆုံးသာယာကောင်းမွန်တဲ့၊ တည်ငြိမ်တဲ့ဘဝများ ပြန်လည်ရရှိရေးအတွက် ပြန်လည်တည်ဆောက်ပေးရ မယ်တဲ့။ 



ဒါကတော့ ရှီကျင့်ပင် မိန့်ခွန်းကောက်နုတ်ချက်တချို့ဖြစ်ပါတယ်။ သူ့မိန့်ခွန်းကိုကြည့်ရင် အလုပ်လမ်းညွှန်တွေပါ ပါလာတာ တွေ့ရပါတယ်။ ဒါ့အပြင် တချို့မရှင်းလင်းတဲ့အချက်များကို သီးခြားရှင်းလင်းချက်များကို ထုတ်တတ်ပါသေးတယ်။ ဥပမာ    ပစ်ကွင်းအတိအကျရှိတဲ့ ဆင်းရဲမှုပပျောက်ရေးလုပ်ငန်း    (Targeted Poverty Allevation)  ဆိုပါတော့။ ဒီစကားလုံးကို ရှီ က၂ဝ၁၃ ကစသုံးခဲ့တာဖြစ်ပြီး၊ အဲဒါကို အဓိပ္ပါယ်ဖွင့်ဆိုရာ ပစ်ကွင်းရှိတဲ့အစီအစဉ်များကို အခိုင်အမာလက်တွေ့ကျတဲ့ အ ခင်းအကျင်းများပေါ် အခြေခံရမှာဖြစ်ပြီး၊ ကြွေးကျော်သံသက်သက်မဖြစ်စေရဘူးလို့ ဆိုထားပါတယ်။ ပစ်ကွင်းရှိတဲ့ဆိုတာဟာ တဦးချင်း လိုအပ်ချက်အပေါ် အခြေခံတဲ့မူများရေးဆွဲဖို့ဖြစ်ပါတယ်။ ဆင်းရဲမှုအဆင့်သတ်မှတ်ချက်များကို ဒေသအလိုက် သတ်မှတ်ပြီး မူဝါဒများကိုလည်း သင့်တော်စွာပျော့ပျောင်းစွာ စီစဉ်ပေးတဲ့စနစ်ပါ။ အစိုးရအဆင့်ဆင့် (ဗဟို၊ ပြည်နယ်၊ မြို့၊ ခရိုင်၊ ကျေးလက် ၅ ဆင့်) မှာ ဆင်းရဲမှုပပျောက်ရေးအတွက် တာဝန်ခံတယောက်ပါရမယ်။ လုပ်ငန်း ၅ မျိုး လုပ်ရမယ်။ လုပ်ငန်းကိုင်ငန်းများ၊ ရေရှည်ခံတဲ့အသေးစားစီးပွားရေးလုပ်ငန်းများတီထွင်ပေးခြင်း၊ ပြန်လည်နေရာချထားပေးခြင်း၊ ဝေးလံ တဲ့အရပ်များမှလူများကို သင့်တော်တဲ့အရပ်များသို့ ပြောင်းရွှေ့ပေးခြင်း၊ ပညာရေးလေ့ကျင့်ရေးများရရှိရေး၊ လူမှုဖူလုံရေးလုပ် ငန်းများ၊ ဆေးဝါးကုသမှုရရှိရေး၊ အလုပ်မလုပ်နိုင်သူများထောက်ပံ့ကြေးပေးရေး  စတာတွေပါပါတယ်။ ဒါတွေကို အတိအကျ အချိန်သတ်မှတ်တာ၊ အဆင့်သတ်မှတ်မှုများပါ ပါရှိပါတယ်။ အစိုးရဝန်ထမ်းများရာထူးတိုးမြှင့်ရေးကိုစဉ်းစားရာမှာ၊ ပေးအပ်ထားတဲ့တာဝန်ဘယ်လောက်ကျေပြွန်သလဲဆိုတဲ့ သတ်မှတ်ချက်ပါ ထည့်သွင်းထားလာပါတယ်။

ဒီလိုနည်းနဲ့ တရုတ်ပြည်သူ တနှစ်ကို ၁ဝ - ၁၂ သန်းလောက်ကို ဆင်းရဲတွင်းက ဆွဲတင်နေတယ်လို့ဆိုကြပါတယ်။

တကယ်တော့ ဆင်းရဲမှုပပျောက်ရေးဆိုတာ ၁၉၄၉ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းကစတင်ခဲ့တဲ့ မဟာဗျူ ဟာ စီမံကိန်းကြီးဖြစ်ပါတယ်။ ပါတီအဆက်ဆက်ခေါင်းဆောင်များက ဦးစားပေးလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းကြီးလည်းဖြစ်ပါ တယ်။ တောက်လျှောက်စဉ်ဆက်မပြတ်လုပ်ခဲ့တဲ့ ဒီလုပ်ငန်းကြီးဟာ ဒီနေ့ဒီအချိန်အခါမှာ အောင်မြင်နိုင်မယ့် အခွင့်အလမ်း တွေ အများကြီးတွေ့လာနေရပြီလို့ ဆိုနေကြပါပြီ။

ရှီကိုယ်တိုင်ကလည်း ၂ဝ၂ဝ မှာဆင်းရဲသားတယောက်မှ မကျန်စေရဘူးလို့ ကတိပြုထားပါပြီ။ စီမံကိန်းများကိုလည်း ရေ ပက်မဝင်အောင် ဘက်စုံကလုပ်ဆောင်ထားပြီးပါပြီ။ ဒီနေရာတွေမှာ ရှီရဲ့တီထွင်ဖန်တီးမှုရှိတဲ့ အတွေးအမြင်တွေကိုတွေ့ နိုင်ပါတယ်။ အရင်ကအမှားများအပေါ်သင်ခန်းစာတွေယူ၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်တာလည်းတွေ့ရပါတယ်။

တကယ်လက်တွေ့အကောင်အထည်ပေါ်မပေါ်စောင့်ကြည့်ရမှာဖြစ်ပြီး၊ တခြား (ဗမာပြည်အပါအဝင်) ဆင်းရဲတွင်း
နက်နေသေးတဲ့နိုင်ငံများက ဘာတွေအတုယူလေ့လာနိုင်ပါသလဲ။

အပိုင်း (၁ဝ) မှာ ဆက်လက်တင်ပြပါ့မယ်။

လှကျော်ဇော
၁၇၊ ၂၊ ၂ဝ၁၈

ပုံအညွှန်း
(၁) ရှီရဲ့အတွဲ (၂) စာအုပ်များ
(၂) အသေးစားစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဖန်လုံအိမ်နဲ့ မှိုစိုက်ပျိုးရေး
(၃) အိမ်တွင်းစီးပွားရေးလုပ်ငန်း (အမျိုးသမီးများ၊ ဒုက္ခိတများအတွက်)
(၄) ၂ဝဝ၈ စစ်ချွန်ငလျင်ဒဏ်ခံရတဲ့ ဝင်ချွန်မြို့ ပြန်လည်ထူထောင်မှု

Comments