သျှင်မှူး (ပဲနွယ်ကုန်း) ● ဗိုလ်ချုပ်ပေးတဲ့ တိုက်ပုံ

သျှင်မှူး (ပဲနွယ်ကုန်း) ● ဗိုလ်ချုပ်ပေးတဲ့ တိုက်ပုံ
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၈

လူတယောက်က အမှတ်တရ အထိမ်းအမှတ်ပစ္စည်းတွေကို တယုတယ သိမ်းထားတတ်ကြသည်။ ထင်ပေါ်ကျော်ကြား သူတို့ကပေးတဲ့ လက်ဆောင်တွေဆို ပိုမိုမြတ်နိုးတတ်ကြပါသည်။ ကျွန်တော်မှာလည်း ဗိုလ်ချုပ်ပေးသည့် တိုက်ပုံရှိပါသည်။ အလှူဧည့်ခံပွဲနှင့် အစည်းအဝေးတွေသွားရင်တိုက်ပုံ ဝတ်လေ့အကျင့်မရှိသော ကျွန်တော့်အတွက် ထိုတိုက်ပုံကြီးက ကျွန်း ဗီဒိုကြီးထဲမှာသာ အိပ်စက်အနားယူလျက်ရှိပါသည်။ ဗိုလ်ချုပ်ပေးတဲ့တိုက်ပုံ ဘယ်လိုရလာခဲ့လည်း ဖြစ်ကြောင်းစုံလင် ရှင်း ပြပါအံ့။
**

၂၀၁၅ ခုနှစ် တနိုင်ငံလုံး အတိုင်းအတာနှင့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော်တွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြပါသည်။ ကျွန်တော့်ဇာတိ ပဲနွယ်ကုန်းမြို့မှာလည်း နှစ် ၁၀၀ ပြည့်နေ့တည့်တည့်မှာ မွေးတဲ့ သားသမီး မိခင်ကို မွေးစားရိတ်ထောက်ပံ့ ပေးခြင်း၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊မိန့်ခွန်းပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဓါတ်ပုံပြပွဲ၊ ဈေးပွဲတော်၊ အနုပညာဖျော်ဖြေမှုစတဲ့ ပွဲလမ်းသဘင်တွေကျင်းပပြီး ဗိုလ်ချုပ်ရာပြည့်ကို ကြိုဆိုဂုဏ်ပြုကြပါသည်။ အနုပညာဖျော်ဖြေပွဲမှာ ပထမညက မြန်မာ သံစဉ်နှင့် အငြိမ့်၊ ဒုတိယညက ခေတ်ပေါ်စတိတ်ရှိုး။ သည်အစီစဉ်တွေကြားတဲ့ ကျွန်တော့်အဖေဖြစ်သူက ပထမည မြန်မာသံစဉ်နှင့်အငြိမ့်ကြားမှာ  စာရေးဆရာ နတ်မောက်ဘုန်းကျော်ရဲ့ ဗိုလ်ချုပ်ဆောင်ပါးတခုကို သရုပ်ဖော်ပြဇာတ်လေး ၁၅ မိနစ် ၂၀ မိနစ်လောက် ဗိုလ်ချုပ်အလွမ်းပြေဖျော်ဖြေဖို့ တိုက်တွန်းပါသည်။ ကျွန်တော်ကလည်း တတ်သည့်ပညာ မနေ သာဆိုသည့်အတိုင်း မူရင်း ရွပိုးဇရှိနေသောအခါ  ဗိုလ်ချုပ်ကျောင်းသာဘဝ၊ တော်လှန်ရေးသမားဘဝ၊ ဒေါ်ခင်ကြည်နှင့် မင်္ဂလာအခမ်းအနား၊ နောက်ဆုံးအတွင်းဝန်ရုံးမှာ ကျဆုံးတဲ့အခန်းအထိ (၁) နာရီနီးပါး ပြဇာတ်ရှည်ကြီးကပြဖို့ လုပ်ချလိုက် ပါသည်။ အဖေက သူ့ပြဇာတ်အခန်းနေရာလေးသာ ဇာတ်တိုက်တုန်း လာကြည့် ဖြည့်စွပ်သွားပြီး ကျန်တဲ့ဇာတ်ရုပ်အတွက် ဇာတ်တိုက်၊ လိုအပ်သော အဝတ်အစား၊ ဆက်တင်အတွက်ပြင်ဆင်နေရသော ကျွန်တော်က ဖတ်ဖတ်ကို  မောပါတော့သည်။

ပြဇာတ်ကသောနေ့ရောက်သောအခါ ယခင်နေ့က နည်းနည်းစီစုထားသော အလုပ်တွေအားလုံး ပွဲနေ့မှာ တယောက်တည်း ဒိုင်ခံဖြစ် အလုပ်တွေ ပိကုန်သည်။ ကပြမည့် ရွှေနွယ်မြေပညာဒါနက ကျောင်းသား ကျောင်းသူလေးတွေကလည်း ညဘက် ဖျော်ဖြေရမည်ဆိုတော့ မိဘများပါ ခေါ်လာခိုင်းရပြန်သည်။ နောက်ခံ ပရိုဂျက်တာ ဆလိုက်မီး၊ အလှည့်ကျထည့်ရမည့် DVD အခွေက အစ ဇာတ်ခုံအောက်က အလုပ်များကို တူတော်မောင်ဖြစ်သူကို လွှဲထားရသည်။ လိုအပ်သော စက်တင်ပစ္စည်းတွေကို အခန်းလိုက် သရုပ်ဆောင်မည့်ကလေးများကိုပဲ အတူပြင်စင်ခိုင်းထားရသည်။ နောက်ခံစကားပြော လူငယ်ကြည်ခိုင် (ဇာတ် မင်းသားနှင့် အမည်တူခြင်းသာ) ကိုလည်း ဈာန် (Mood) အသွင်းလွန်ရင် များသွားမှာဆိုးသည့်အတွက် ပုလင်းပြေးဖွတ် ထားရသေးသည်။

ရှေ့မှာ မြန်မာ ဇာတိမာန်သီချင်း၊ ဗိုလ်ချုပ်အောင်ဆန်းသီချင်းများ ဖျော်ဖြေပြီးသည့်နောက်ပိုင်းမှာတော့ဖြင့် သူလိုလူ ပြ ဇာတ်ကြီးစတင်ကပြ အသက်ဝင်လာပါသည်။ အခန်းတခုနှင့်တခုအကြား ပရိသတ်လက်ခုပ်သံများကလည်း တဖြောင်း ဖြောင်း။ သရုပ်ဆောင်တဲ့လူငယ်တွေရဲ့ မိဘတွေက အားပေးချက်။ သူတို့ သားသမီးအမည်များတောင် အောက်က လှမ်းခေါ် အားပေးသည်အထိ အောင်မြင်လှပါသည်။ အခန်းအကူးအပြောင်းနှင့် နောက်ခံတေးဂီတ ဆိုင်းဆရာအောင်ဗိုလ်မင်း ကလည်း ဇာတ်ဝင်အလိုက် တီးလုံးများက ကွက်တိ။ စစ်ချီတေးဆိုလျှင်လည်း ဘင်ခရာ ပုလွေသံတွေ မြိုင်ဆိုင်စွာဖြင့်။ နောက်ဆုံး အလွမ်း အဆွေး ရင်ထုမနာ ဖြစ်ရမည့်အခန်း ရောက်လာပါပြီ။

အတွင်းဝန်ရုံးပုံစံခင်း ဒီးဒုတ်ဦးဘချို ဆရာကြီးဦးရာဇာတ် မိုင်းပွန်စော်ဘွားကြီးတို့တွက် ထင်းကနဲမြင်နိုင်သော အဝတ်အစား ပြင်ဆင်မှုများ၊ ဗိုလ်ချုပ်နှင့် အစည်းအဝေးပြုလုပ်နေပုံများက အသက်ဝင်လှပါသည်။ နောက်ခံစကားပြောသူကလည်း အာဇာနည်နေ့ ဂုဏ်ပြုကဗျာကိုရွတ်ဆိုပြီး ၁၉၄၇ ဇူလိုင်လ ၁၉ ရက် နေရာ အတွင်းဝန်ရုံး အချိန်ကား နံနက် ၁၀ နာရီ ၃၇ မိနစ် '' ပစ်'' ဆိုတဲ့အသံနှင့်အတူ စစ်အဝတ်အစား ဝတ်ထားသူများက သေနတ်တွေနှင့် ဝင်လာကာ ကျည်ဆံ အသံများအဖြစ် ဗြောက်အိုးတွေ အဆက်မပျက် ဖောက်ခွဲလိုက်သည်။ အာဇာနည်ခေါင်းဆောင်များအဖြစ် သရုပ်ဆောင်သူများကလည်း အတုံးအရုံး။ ဇာတ်ခုံတခုလုံးလည်း ယမ်းခိုးတွေဝေလာခါမှ စတိတ်မီးတွေကိုပိတ်။ ဒေါ်မေလှမြိုင်ရဲ့ အလေးပြုပါတယ်  အာ ဇာနည်နေ့ ဂုဏ်ပြုသီချင်းကို တေးသံရှင်မိရွှေစင်က ဇာတ်ခုံဘေးကနေ သီချင်းဆိုရန် ရှေ့ထွက်အလာ မီးဆရာဦးခင်စိုးက သူမ တယောက်တည်းကိုပဲ  Search  မီး ကွက်ထိုးထား။ ထိုအခိုက်မှာ ပုဏ္ဏားကွယ်နောက် ကျွန်တော်တားနေသည့်ကြားထဲက သေနတ်သမားအဖြစ် သရုပ်ဆောင်တဲ့ ကျောင်းသားလေးက သူ့လက်ထဲမှာ စိန်ရောင်ခြည် ဗြောက်အိုးတလုံးကျန်နေသေး လို့ အာဇာနည်များ  ကျဆုံးတဲ့နေရာနောက်ကို ဖောင်းကနဲ လှမ်းပစ်လိုက်ပါသည်။ တီးလုံးသံနှင့် သိပ်မကြားလိုက်ရသလို အောက်က ပွဲကြည့်ပရိသတ်ကို အကဲခက်တော့လည်း ဇာတ်အချိန် သီချင်းအချိန်ကြားထဲမှာ မျောပါနေသည့်ပုံ။
* *

  ပြဇာတ်ကပြီးလို့ရလာသည့် ဆုငွေများကို သရုပ်ဆောင် ကျောင်းသားကျောင်းသူအား ပွဲဈေးမှာ မုန့်လိုက်ဝယ်ကျွေးလိုက်သည်။ သူတို့လေးတွေ ပရိသတ်အားပေးမှုရကြသည့်အခါ ပျော်ရွှင်နေကြသောကြောင့် စောစောက ဗြောက်အိုးကိစ္စလည်း မေ့သွား ကြပါသည်။  (နောက်မှာ ကျောင်းသားတွေပြန်ပြောလို့ ကြားရသည်။ ဂဠုန်ဦးစောတပည့် လူသတ်သမားလည်း လုပ်ခိုင်းသေး သည်။ ပြဇာတ်မှာလည်း တစ်ခန်းတည်းပဲပါရသည့်အတွက် တမင်လုပ်ထည့်လိုက်တယ်လို့ ပြန်ကြားရသည်။)

နောက်တနေ့ မိတ်ဆွေအပေါင်းအသင်းဆရာများနှင့်တွေ့သည့်အခါ ညကပြဇာတ်ကို ချီးကျူးစကားဆိုကြသည်။ နောက်ဆုံး အခန်း အားရကြောင်း၊ သေနတ်သံတွေကြား အာဇာနည်ရှစ်ဦး ကျဆုံးပြီး၊ မီးခိုတွေဝေနေချိန် မီးအမှောင်ချ၊ ဒေါ်မေလှမြိုင် သီချင်းနှင့်ထွက်အဆို (သည်နေရာမှာ သူတို့ဘာဆက်ပြောမလဲ၊ ကျွန်တော် ချွေးပြန်လာပါသည်။) နောက်ဆုံး ကျည်ဆံသံ တချက်က ပိုရင့်နင့်သွားစေပြီး ငါတို့သိလိုက်တယ်။ ဒါ ရဲဘော်ကိုထွေးကို ပစ်သွားတာဆိုလေမှ။ အမလေးဗျာဟု အသံ ထွက် မအော်မိရုံမှတပါး ဘာဆက်ပြောမလဲ နားထောင်နေသည့်ကျွန်တော် သည်နေရာမှာ  ဗြောက်အိုးဖောက်ပေးခဲ့သော ကိုယ်တော်ကို ပြေးဖက်ချင်မိလာသည်။
* *

သည်လိုနှင့် ဇာတ်လမ်းက မပြီးသေးပါ။ သရုပ်ဆောင်သူများကို အဝတ်အစားလျှော်ဖွတ်ပြီးမှ ပြန်ပို့ပေးပါလို့ခိုင်းသည်နှင့် နှစ် ရက်ကျော်လောက်ကြတော့ လာပို့ကြသည်။ အဝတ်အစားအများဆုံးဝတ်ရသည့် ဗိုလ်ချုပ်သရုပ်ဆောင်သူ မင်းသုခက မျက်နှာမကောင်းစွာအထုတ်တွေနဲ့ ရောက်ရှိလာသည်။ ဘာဖြစ်တာလဲမေးကြည့်သည့်အခါ နောက်ဆုံးအခန်းမှာဝတ်တဲ့ တိုက်ပုံ အနက်ရောက်က ယမ်းမီးပေါက်ပြီး လက်သည်းခွံတဝက်စာလောက် မီးပေါက်သွားပါသည်။ သူက လျော်ပေးရမလား ပြောသော်လည်း ဘယ်လျော်ခိုင်းရက်ပါ့မလဲ။ သူ့ကြောင့်မှမဟုတ်တာ။ သည်လိုမျိုးတွေကဖြစ်တတ်ပါတယ်ဆိုပြီး အဒေါ်ဖြစ် သူအား အပေါက်နေရာကို အပ်ချည်အနက် အပ်ချုပ်စက်ဖြင့် ယက်ခိုင်းပါသည်။ ပိုင်ရှင်ဖြစ်သူ ရှေ့နေကို အကျိုးအကြောင်း ပြောပြလိုက်သည်။ သူကလည်း တိုင်း၊ ခရိုင်သွားသည့် တိုက်ပုံအသစ်ကို ထုတ်ပေးလိုက်တာပါ။ အကိုမို့လို့ ခင်လို့ အား နာနာနဲ့ ငှားလိုက်ပါသည်ဟုပြောနေမှဖြင့် တသောင်းခွဲတန်တိုက်ပုံအနက်တထည် ဝယ်ပေးလိုက်ပါသည်။

ထို့ကြောင့် ကျွန်တော်တွင် ဂဠုန်ဦးစောတပည့် လူသတ်သမားတို့ ဖောက်သွားသော ရာပြည့်ပွဲတော်ပြဇာတ်မှ ဗိုလ်ချုပ်ပေးတဲ့ တိုက်ပုံအနက်ကြီးတထည်  အမှတ်တရ အထိမ်းအမှတ်အဖြစ် ကျန်ရှိနေပါသည်။

သျှင်မှူး (ပဲနွယ်ကုန်း)
၂၃၊ ၁၁၊ ၂၀၁၇

Comments