ဇော်အောင် (မုံရွာ) ● Three Gorges Dam လျှပ်စစ်


ဇော်အောင် (မုံရွာ) ● Three Gorges Dam လျှပ်စစ်
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၈

● တရုတ်ပြည်ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာ (၄) လျှပ်စစ်ကဏ္ဍ
မိတ်ဆွေတဦး ရေးတဲ့စာလေးကို သတိရနေပါတယ်။ မြန်မာနိုင်ငံကလဲကွာ လျှပ်စစ်တယူနစ်ကို ၃ဝ ကျပ်လောက် အစိုးရ က အရှုံးခံတယ်၊ တယူနစ် ၃၅ ကျပ်နဲ့ရောင်းတော့.. များများသုံးနိုင်တဲ့လူ အစိုးရဆီက ငွေများများရနေသလိုပဲ.. မီတာခ တလ ၅ထောင်ပဲ ကုန်တဲ့အိမ် အစိုးရထောက်ပံ့ကြေး တလ၅ထောင်ရတယ်။ မီတာခ တလ ၁ သိန်းသုံးနေတဲ့ သူဌေးက အစိုးရဆီက တလ ၁ သိန်း ထောက်ပံ့ကြေးရနေတယ်။ စနစ်ကြီးအကြောင်း ဖတ်လိုက်ရပါတယ်။ ဒီဆောင်းပါးမှာ စနစ်နဲ့ လူအကြောင်း အနည်းငယ်သုံးသပ်ပါမယ်။

Three Gorges Dam ကမ္ဘာပေါ်မှာ အကြီးဆုံး ရေအားလျှပ်စစ် ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ အရှည်ဆုံးဖြစ် ယန်ဇီမြစ်ပေါ်က ဟူပေပြည်နယ် ဆန်းတုန်ဖိန့်မြို့အနီး၊ တရုတ်ပြည်ရဲ့ အရှည်ဆုံး ယန်ဇီမြစ်ပေါ်က ပိတ်ပြီးဆောက်ထားတဲ့ ရေကာတာ လျှပ်စစ်ဓါတ်အားစက်ရုံ ဖြစ်ပါတယ်။ မြစ်ကျဉ်းသုံးသွယ်ရေကာတာ လို့အဓိပါယ်ရပါတယ်။ အမြင့်ပေ ၅၉၄ ပေ မြင့်ပါတယ်။

အင်္ဂလိပ်၊ ဂျပန် အုပ်စိုးစဉ်ကတည်းက ရေအားလျှပ်စစ်ထုတ်ဖို့ တိုင်းတာ၊ စီမံကိန်းတွေ လုပ်ခဲ့ပြီး၊ ၁၉၄၉ တရုတ်ကွန်မြူနစ်များ အာဏာရလာချိန်မှာ ခေါင်းဆောင်မော်စီတုန်းက စိတ်ဝင်စားခဲ့ပါတယ်။ ယန်ဇီမြစ် နှစ်စဉ်ရေလွမ်းမိုးလို့ လူနဲ့သီးနှံတွေ ပျက်စီးခြင်းကိုလဲ ကာကွယ်လိုပါတယ်။ ၁၉၅၈ခုနှစ်မှာ Hundred Flowers Campaign ဆိုပြီး အင်ဂျင်နီယာကြီးများအပါအဝင် အကြီးအကျယ် ကန့်ကွက်ကြလို့ ရပ်နားသွားခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၈ဝ ခုနှစ်မှာ စီမံကိန်းပြန်ပေါ်လာပြီး ၁၉၉၂ ကွန်မြူ နစ်ပါတီကွန်ကရက်မှာ ဆွေးနွေးမဲခွဲတော့ ထောက်ခံမဲ ၁၇၆၇ နဲ့ ကန့်ကွက်မဲ ၁၇၇၊ ကြားနေမဲ ၆၆၄ နဲ့ အတည်ပြု လိုက်ပါ တယ်။ ၁၉၉၄ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တည်ဆောက်ရေးလုပ်ငန်း စတင်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၂.၅ ဘီလျံ ကုန် မယ် ခန့်မှန်းခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ ပထမဆုံး တာဘိုင်၆လုံးကနေ လျှပ်စစ် 8.607 Twh ထုတ်လုပ်ရောင်းချရင်း အဆင့်ဆင့် နှစ်စဉ် လျှပ်စစ်တာဘိုင်များ တပ်ဆင်၊ လျှပ်စစ်ထုတ်လုပ်ခဲ့တာ ၂ဝ၁၂ ခုနှစ်မှာ စုစုပေါင်း တာဘိုင်အလုံးရေ ၃၂ခု အားလုံး တပ်ဆင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ စုစုပေါင်းထုတ်လုပ်မှု 98.100 TWh (98100 million KWh) ထုတ်လုပ်ပြနိုင်တဲ့ ကမ္ဘာပေါ်အကြီးမားဆုံး ရေအားလျှပ်စစ် ဖြစ်ပါတယ်။

မူလက တနိုင်ငံလုံးလိုအပ်ချက်ရဲ့ ၁ဝ ရာခိုင်နှုန်း ရည်မှန်းခဲ့ပေမဲ့လည်း တကယ်အခြေအနေက 2016 ခုနှစ်မှာ ၁.၇ ရာခိုင်နှုန်း လောက်ပဲ ဖြစ်သွားပါတယ်။ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားစက်ရုံတွေ အမြောက်အများ တည်ဆောက်ကြလို့ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံမှာ အလွန်များပြားလှတဲ့ ကျောက်မီးသွေးသိုက်ကြီးများရှိလို့ ကျောက်မီးသွေးဓါတ်အားစက်ရုံ အမြောက် အများ တပြိုင်တည်း တည်ဆောက်ရင်းနဲ့ ကျောက်မီးသွေးလျှပ်စစ်က တနိုင်ငံလုံးရဲ့ ၆၅ ရာခိုင်နှုန်း အထိ အသုံးပြုနေပါတယ်။ ၂ဝ၁၆ တနိုင်ငံလုံး လျှပ်စစ်သုံးစွဲမှု 5930 TWh (installed 1646000 MW) မှာ ကျောက်မီးသွေးက 64.9 ရာခိုင်နှုန်း ၊ ရေအား 19.6 ရာခိုင်နှုန်း၊ လေရဟတ်၊ နေရောင်ခြည်၊ ဘိုင်အိုမက်စ် စုစုပေါင်း 6.2 ရာခိုင်နှုန်း၊ နျူကလီယာ 3.5 ရာခိုင်နှုန်း၊ ဓါတ်ငွေ့ ၃.၁ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲကြပါတယ်။


 

● တရုတ်နိုင်ငံခေါင်းဆောင် လီပင်း Li Peng
Three Geoges Dam ရေအားလျှပ်စစ် စီမံကိန်းကို ဦးဆောင်တည်ဆောက်ခဲ့တဲ့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ တရုတ်ပြည် Tiannamen Protest အရေးအခင်းကြီးကို အကြမ်းဖက်နှိမ်နင်းဖို့ ဦးဆောင်ခဲ့တဲ့ လီပင်း Li Peng ဆိုတဲ့ နိုင်ငံခေါင်းဆောင်တဦး ဖြစ်ပါတယ်။ လီပင်း ဟာ မြို့ပြအင်ဂျင်နီယာတဦးဖြစ်ပြီး နာမည်ကျော် ရေအားလျှပ်စစ် Three Geoges’ Dam (22,500 MW, hight 594ft) ကိုဦးဆောင် တည်ဆောက်ခဲ့ပါတယ်။ ၁၉၉၂ စီမံကိန်းစတင်ချိန်ကတည်းက အဂတိပြသနာနဲ့၊ အမြတ်အစွန်းရရှိရန် နဲ့ အဂတိပြသနာတို့ကို ကာကွယ်ဖို့ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် China Three Georges Corporation ကို စတင်တည်ထောင် လုပ်ကိုင်စေပါတယ်။

● ယန်စီမြစ်ကြီးရေအားလျှပ်စစ်ကုမ္ပဏီ China Three Georges Corporation
လီပင်းဟာ ဒီစီမံကိန်းကြီးကို အထူးအချိန်ပေး ဆောင်ရွက်ပြီး၊ နောက်ပိုင်းမှာ ယန်စီမြစ်ကြီးအထက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်း ၉ခု ကို ဒီကုမ္ပဏီက ဦးဆောင်တည်ဆောက်ခဲ့ပါတယ်။ အများပိုင်ကုမ္ပဏီအဖြစ် ကြေငြာပြီး နှစ်စဉ် အမြတ်အစွန်း များစွာ ရရှိနေပါတယ်။ ကွန်ကရက်ဥက္ကဌ ၁ဝနှစ်လုပ်ကိုင်စဉ် တရုတ်ပြည်ကြီးရဲ့ လျှပ်စစ်လုပ်ငန်း ၇၂ ရာခိုင်နှုန်းကို သူ့မိသားစုပုံစံ State Power Corp က အုပ်စီးခဲ့ပါတယ်။ သူ့ဆွေမျိုးများရဲ့ ကြီးစိုးမှုကိုလို Li Power Company ပြောဆိုကြ ပါတယ်။ လီပင်းဟာ တရုတ်နိုင်ငံ စွမ်းအင်ပေါ်လစီအတွက် ၁၉၉၂ နောက်ပိုင်းမှာ အချိန်များစွာပေးပြီး ကြိုးစားရေးဆွဲခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် တရုတ်နိုင်ငံကွန်ကရက်ဥက္ကဌ တာဝန်က အနားယူသွားပြီးမှာ တရုတ်အစိုးရက လီပင်း သားသမီး၊ ဆွေမျိုးများ ကြီးစိုးတဲ့ State Power Corp ကို ပါဝါထုတ်လုပ်တဲ့ ကုမ္ပဏီကြီး (၅) ခုနဲ့ ပါဝါဂရစ် ဖြန့်ချိရေးကုမ္ပဏီကြီး ၂ ခု ခွဲထုတ်ပြီး၊ လက်ဝါးကြီးအုပ် လျှပ်စစ်လုပ်ငန်းကြီး ရပ်ဆိုင်းသွားခဲ့ပါတယ်။

● အရင်းကြေသွားပြီ

စုစုပေါင်း ကုန်ကျစရိတ်ငွေအားလုံး ငွေအတိုး၊ အရင်းအားလုံးကို ပုဂ္ဂလိကကုမ္ပဏီအဖြစ် China Three Georges Corporation ကို စတင်တည်ထောင်ပြီး တာဝန်ယူ ဆောက်လုပ်ပါတယ်။ တရုတ်အစိုးရက ပြည်တွင်းပြည်ပ ဘဏ်များကနေ ချေးယူသုံးစွဲခဲ့ပြီး လျှပ်စစ်ရောင်းချငွေများလဲ ရင်းနှီးမြှတ်နှံခဲ့ပါတယ်။ ဆောက်လုပ်ရေးစရိတ်က စုစုပေါင်းကုန်ကျစရိတ်က ၃၅ ရာခိုင်နှုန်း ဖြစ်ပြီး၊ လူပေါင်း ၁.၂သန်းကို ရွှေ့ပြောင်းစရိတ်က ၃၈ ရာခိုင်နှုန်း ကုန်ကျပါတယ်။ ဘဏ်တိုးနဲ့စရိတ်က ၈ ရာခိုင်နှုန်း ကုန်ကျပြီး၊ ၂၈နှစ်အကြာမှာ ၂ဝ၁၂ ခုနှစ်မှာ စီမံကိန်း ချေးငွေ အကြွေးအားလုံးကို အပြီးအပိုင် ပေးဆပ်ပြီး ဖြစ်ပါ တယ်။ Three Geoges Corporation တိုးချဲ့ကြီးထွားလာပြီး ၂ဝ၁၄ ခုနှစ်မှာ ပိုင်ဆိုင်မှု US$ 77.3 billion ဖြစ်လာပြီး အမြတ်ငွေ US$ 4 billion ခွဲဝေပေးနိုင်ခဲ့ပါတယ်။.

● ဗိုလ်ကျကြီးစိုး တရုတ်အစိုးရပိုင်ကော်ပိုရေးရှင်း ရပ်တံ့စေခြင်း

၁ဝနှစ်ခန့် အချိန်ယူရပါသည်။ တရုတ်ခေါင်းဆောင် လီပင်း အာဏာမရှိတော့ချိန် ၂ဝဝ၂မှာ တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်းကို အုပ်စုများအဖြစ် ခွဲပစ်လိုက်ပြီး၊ တခုနှင့်တခု အပြိုင်အဆိုင် လုပ်စေခဲ့ပါတယ်။ ယခုအခါ အစိုးရ လျှပ်စစ် ထုတ်ရောင်းသည့် အကြီးစားကုမ္ပဏီကြီးများ SOE (State Owned Enterprise), IPP (Independent Power Provider) အားလုံးဟာ အများပိုင် စတော့အိတ်ချိန်းများမှာ ဝင်ထားကြတဲ့ ပုဂ္ဂလိကကုမ္ပဏီကြီးများဖြစ်နေပါတယ်။ အဂတိ အလွန်ခဲ ယဉ်းသွားပြီဖြစ်ပါတယ်။ ငွေစာရင်းနဲ့ စီမံကိန်းများကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နေကြပါတယ်။

● လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း
အုပ်စုများ ၅ခုကတော့ Datang Group, Guodian Group, Huadian Group, Huaneng Group နဲ့ CPI Group တို့ဖြစ်ပါ တယ်။ ဟောင်ကောင်၊ ရှန်ဟိုင်း ၊ ဥရောပ၊ အမေရိက စတော့ဈေးကွက်များအထိ တင်ထားကြပါတယ်။ Datang Group, အဓိက China Datang Corporation ကို China Energy Investment Corporation လို့ အမည်ပြောင်းပြီး ကွန်မြူနစ်ပါတီက တိုက်ရိုက်အုပ်ချုပ်ပါတယ်။ ကျန်တဲ့အုပ်စုများ အစိုးရမပါဝင်ပဲ လက်အောက်ခံ Subsidiaries အများပိုင်၊ ကုမ္ပဏီအမြောက် အများ ပါရှိကြတယ်။ CPI Group ကတော့ မြန်မာနိုင်ငံမြစ်ဆုံ ရေအားလျှပ်စစ် ရင်းနှီးမြှတ်နှံတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Subsidiary ကုမ္ပဏီတခုဆို ဒေါ်လာဘီလျှံများစွာ တန်ဖိုးရှိပါတယ်။

● လျှပ်စစ်ဖြန့်ဖြူးခြင်း
State Grid Corporation ဆိုတဲ့ ဧရာမ မဟာဓါတ်အားလိုင်းကုမ္ပဏီကြီး ရှိပါတယ်။ နောက်ကုမ္ပဏီအငယ်တခုကတော့ China Southern Power Grid Company ဖြစ်ပါတယ်။ စီးပွားရေး အမြတ်အစွန်း ရဖို့ ပြိုင်ဆိုင်လုပ်ရတော့.. အမြတ် အစွန်းသေချာတဲ့ ဘဏ်နဲ့ငွေကြေးလုပ်ငန်းများ၊ အာမခံလုပ်ငန်းများလည်း အကြီးအကျယ်လုပ်ကိုင်တဲ့အပြင်၊ နိုင်ငံခြား တိုင်းပြည်များအထိ MNC ကုမ္ပဏီကြီးများကို အပြိုင်လုပ်နိုင်ဖို့ တရုတ်နိုင်ငံအစိုးရ ပေါ်လစီ၊ မဟာဗြူဟာများနဲ့ ပံ့ပိုးပေး လျှက်ရှိပါတယ်။

ထုတ်လုပ်ပြီး လျှပ်စစ်ဓါတ်အားများကို ဖြန့်ဖြူးရေး ကုမ္ပဏီကြီး နှစ်ခုထံ ရောင်းချပါတယ်။ ရောင်းချတဲ့ ဈေးနှုန်းကတော့ ပြည်နယ်ပေါ်မူတည်ပြီး US$ 32.6 - $57.2 per MWh စသဖြင့် ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းချပါတယ်။ တယူနစ်ကို 3.2 - 5.7 cents ဈေးနဲ့ကျသင့်ပါတယ်။ တရုတ်တနိုင်ငံလုံးရဲ့ လျှပ်စစ်ဈေးနှုန်းကိုတော့ အစိုးရက သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံမှာ လျှပ်စစ်ကို အလွန်ဈေးချိုစွာ (ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးဈေးနှုန်း) နဲ့ ထုတ်လုပ်ရောင်းချနေပါတယ်။ တယူ နစ် ပျမ်းမျှရောင်းဈေးနှုန်းက စီးပွားရေး Commercial 6.8 cents , အိမ် residential 8.98 cents, စက်ရုံ Industrial 4.8 cents ဖြစ်ပါတယ် (2017 rate)။ လိုအပ်ရှင် လျှပ်စစ်ဓါတ်အား ကုမ္ပဏီများကို အခွန်အတုတ် လျှော့ပေါ့သတ်မှတ်ပေးလေ့ ရှိပါတယ်။

State Grid Corporation ဆိုတဲ့ ဧရာမ လျှပ်စစ်ဖြန့်ဖြူးရေး မဟာဓါတ်အားလိုင်း ကုမ္ပဏီကြီး၊ ၂ဝဝ၂ ခုနှစ်မှာ အစိုးရကော်ပို ရေးရှင်းကနေ သီးခြား ခွဲထုတ်ရပ်တည်စေပါတယ်။ ၂ဝ၁၇ တရုတ်နိုင်ငံ China Top 500 Enterprises စာရင်းမှာတော့ အကြီးဆုံး ဖြစ်ပြီး အမေရိကန်နိုင်ငံ ဖော်ကျွန်းမဂ္ဂဇင်းက ထုတ်ပြန်တဲ့ 2017 Fortune Global 500 မှာလည်း Walmart ပြီးရင် ဒုတိယအကြီးဆုံး ကုမ္ပဏီဖြစ်နေပါတယ်။ ဝန်ထမ်းပေါင်း ၉ သိန်း ၂ သောင်းကျော် ရှိပါတယ်။ revenue of $315.1986 billion ရှိပြီး China, Philippines, Australia, Brazil, Italy, Portugal နိုင်ငံများမှာ ဓါတ်အားဖြန့်ဖြူးလုပ်ငန်းများ လုပ်ကိုင်နေပါတယ်။ ဓါတ်အားဖြန့်ဖြူးရေး ဒီစီမဟာဓါတ်အားလုပ်ငန်းကြီး ကမ္ဘာပထမဆုံး ±800 kV UHVDC project အောင်မြင်ပြီးစီးခဲ့တယ်လို့ ကြေငြာထားပါတယ်။

● ရေကာတာ ကောင်းကျိုးများ
အဓိက မြစ်ရေကြီးခြင်းနဲ့ စိုက်ပျိုးရေးအတွက် ရေနည်းချိန် ရေလှောင်ကန်မှ ရေများလွှတ်ပေးခြင်းကြောင့် မြစ်အောက်ပိုင်းက စိုက်ပျိုးရေးလုပ်ငန်းများကို များစွာ အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ၁၉၉၈ နဲ့ ၂ဝဝ၉ ရေအလွန်ကြီးချိန်များမှာ ရေလှောင် ကန်အားဖြင့် ရေအမြောက်အများ အောက်ဖက်ကို စိးဆင်းမသွားစေလို့ ရေလွှမ်းမှု သက်သာရစေပါတယ်။ အသက်၊ အိုးအိမ်၊ စိုက်ပျိုးသီးနှံ ဆုံးရှုံးမှု နည်းပါးစေပါတယ်။ လျှပ်စစ်ဓါတ်အား စရိတ်သက်သာစွာ ထုတ်လုပ်နိုင်တဲ့အပြင်၊ ကျောက်မီးသွေး သုံးရင်ပျက်စီးမဲ့ လေထုညစ်ညမ်းမှုများ သက်သာစေပါတယ်။ ဘေးမှာတည်ဆောက်ထားတဲ့ သင်္ဘောသွားတဲ့ Ships Lock လမ်းကြောင်းများကြောင့် ယန်ဇီမြစ်မှာ ကုန်စည် ၆ဆ ပိုပြီး သယ်ဆောင်နိုင်ပါတယ်။

● ရေကာတာ ဆိုကျိုးများ

မြန်မာနိုင်ငံ မြစ်ဆုံဆည် ကန့်ကွက်စဉ်ကအတိုင်းပါပဲ။ ယန်ဇီမြစ်ကမ်း ဘေးတလျှောက်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လူနေကွက်သစ်များ၊ ရေအောက်နစ်မြုပ် သွားခဲ့သလို လူဦးရေ ၁.၃သန်းခန့် ဌာနေကို စွန့်ခွာပြီး ရွှေ့ပြောင်းရ ပါတယ်။ မြေပြိုခြင်းလို ပတ်ဝန်းကျင်အပြောင်းအလဲ အန္တရယ် ပိုကြီးမားလာစေပါတယ်။ ရေကာတာကြီးကြောင့် သဘာဝပတ် ဝန်းကျင် ပျက်စီးမှုများ၊ ပထဝီမြေအနေထား ထိခိုက်မှုများ၊ စီးပွားးရေးပြဿနာများရှိနေကြာင်း တရုတ်အစိုးရကလည်း ဝန်ခံထားပါတယ်။.

မြစ်နှုံးမြေများ ဆက်မစီးဆင်းနိုင်ပဲ မြစ်အညာဖက်မှာ ကမ်းပါး ၈ဝ ရာခိုင်နှုန်း ပြိုကျနေတယ်၊ အနယ်များ စုပုံလာတဲ့ပြီး ၊ရေစီး နှုန်းလဲ နည်းသွားလို့ မြစ်အောက်ဖက်ပိုင်း တွေမှာ မြစ်ကမ်းပါးတွေ မြေပြိုမှုပိုမိုဖြစ်စေနိုင်တယ်။ ရှန်ဟိုင်းမြို့ဟာ သဲနုန်း မြေများပေါ် ရပ်တည်နေတာ သဲနုန်းများ ရောက်မလာရင် ရှန်ဟိုင်းမြို့ ရေကြီးမှုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ရေလှောင် ကန်ကြီးရဲ့ ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဧရာမ မြေပြိုမှုကြီးများ ဖြစ်လာနိုင်တယ်။ ၂ဝဝ၉ ခုနှစ်မှာ ဧရာမမြေပြိုမှု ၂ကြိမ်ဖြစ်ခဲ့ပါတယ်။ ရေလှောင်တဲ့နေရာက သစ်တောမျာ ၁ဝ ရာခိုင်နှုန်း ပိုပြီးရေမြုတ်သွားခြင်းက မြစ်ရေမထိမ်းနိုင်ပဲ ရေကြီးမှုများ ဖြစ်ပေါ်စေပါတယ်။ မြစ်ညှာဖက်မှာ ရေလှောင်ကန်ကြောင့် သစ်တောများ ရေမြုတ်ခြင်းကြောင့် သဘာဝ ရှားပါးသစ်ပင်၊ တောကောင်၊ ကျေးငှက်များ မျိုးပြုန်းသွားမယ်လို့ မဆောက်ခင်ကတည်းက သတိပေးခဲ့ပါတယ်။ သတိပေးခဲ့တဲ့အတိုင်း ရှားပါး အပင်၊သတ္တဝါ မျိုးနွယ်များစွာ မျိုးတုန်းသွားခဲ့ရပါတယ်။ အစိုးရိမ်ရဆုံးကတော့ ၅၉၄ပေ (အထပ်၆ဝ တိုက်လောက်မြင့်တဲ့) ရေကာတာကျိုးပေါက်သွားခြင်း၊ သို့မဟုတ် ဖောက်ခွဲ ဖျက်ဆီးခံရခြင်း ဖြစ်ပါတယ်။



● မြန်မာနိုင်ငံ လက်ရှိနှင့် အနာဂတ်ရေအားလျှပ်စစ်
ပတ်ဝန်းကျင်ထိန်းသိမ်းမှု အဖွဲ့များက ကန့်ကွက်လို့ ရေအားနဲ့၊ ကျောက်မီးသွေးစီမံကိန်းများ ရပ်ဆိုင်း ထားရပါတယ်။ အရင်အစိုးရက ချုပ်ဆိုခဲ့တော့ လုံးဝ (လုံးဝ) မတရားတဲ့ တဖက်သတ် စာချုပ်များ ဖြစ်ပါတယ်။ ၂ဝ၁၂ ခု သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ရပ်ဆိုင်းထားပါတဲ့ ရေအားလျှပ်စစ်နှစ်ခု ၁။ မြစ်ဆုံ Myitsone စီမံကိန်း ၊ ဧရာဝတီမြစ်မှ 3600 MW ထုတ်လုပ်ရန် တရုတ်နိုင်ငံသို့ အားလုံးရောင်းချရန်၊ ၂။ တာစန် TaSang စီမံကိန်၊ သံလွင်မြစ်မှ 7110 MW ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ အားလုံးရောင်းချရန် တို့ဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁၇ ခုနှစ် မြန်မာတနိုင်လုံး လျှပ်စစ်ထုတ်နိုင်စွမ်းက 7144 MW သာရှိပြီး၊ ရေအားလျှပ်စစ်က 3857 MW (၅၄ ရာခိုင်နှုန်း) ထုတ်လုပ်နေပါတယ်။ ကျန်တာတော့ ဓါတ်ငွေ့စက်ရုံသစ် များစွာရှိပြီး ကျောက်မီးသွေး လျှပ်စစ်စက်ရုံက စီမံကိန်းအဆင့်ပဲ ရှိပါသေးတယ်။ ရေအားလျှပ်စစ် အရင်းအမြစ် စုစုပေါင်း 46,330 MW ရှိတော့ အားရစရာပါ။

ပညာရှင်များရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၆နှစ်အတွင်း မိမိဖာသာ တည်ဆောက်နိုင်တဲ့ ရေအားလျှပ်စစ် များစွာကို တင်ပြထားပါတယ်။ သဘောတူညီချက်များက အခက်အခဲပါ။ ဒါကြောင့် NEP National Electric Plan မှာ သဘာဝဓါတ်ငွေ + ဓါတ်ငွေရည် LNG ၊ ကျောက်မီးသွေး နဲ့ နေရောင်ခြည်၊ ရေအား စတဲ့ မီနီဂရစ်များကို မဟာဓါတ်အားလိုင်းပြင်ပ ထုတ်လုပ်ဖို့ အားပေးနေပါတယ်။ ၂ဝ၁၆ ကျမှ အစိုးရသစ်က မြန်မာနိုင်ငံစွမ်းအင် မဟာဗြူဟာချမှတ်ဆောင်ရွက်နေပြီး ဒေသတွင်းနိုင်ငံများရဲ့ အကောင်းဆုံး ပုဂ္ဂလိကလျှပ်စစ် နည်းလမ်းယူပြီး၊ ထုတ်နိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံအားလုံး တရုတ်၊ ထိုင်း၊ အိန္နိယ များကလဲ သူတို့ပိုလျှံ ရေအားလျှပ်စစ်တွေ ရောင်းချင်နေပါတယ်။

နိုင်ငံတော်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လျှပ်စစ်ကဏ္ဍ တိုးတက်ဖို့ဦးဆောင်နေပြီ ဖြစ်ပေမဲ့၊ အစိုးရပိုင် ပွင့်လင်းမှုမရှိသေးတဲ့ မြန်မာလျှပ်စစ်ဝန်ကြီးဌာန အရှုံးချည်း ဖြစ်နေပါတယ်။ စနစ်နဲ့လူတွေကို ပြုပြင်ပြောင်းလဲရပါမယ်။ လူမှန်နေရာမှန် လိုအပ်နေပါတယ်။ မလိုအပ်သူများကို အနားပေးရပါမယ်။ Three Geoges ရေအားလျှပ်စစ်နဲ့ တရုတ်နိုင်ငံ လျှပ်စစ်ပြုပြင်ပြောင်းလဲမှု ပုဂ္ဂလိကနဲ့ အစိုးရပေါ်လစီများ ထိမ်းကျောင်းပုံကို နမူနာယူရပါမယ်။ ရေအားလျှပ်စစ်ကို ယခင်စာချုပ်များ ဖျက်သိမ်းပြီး တရားမျှတတဲ့ စာချုပ်များနဲ့ အမြန်ဆုံးပြန်လည် အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

မှတ်ချက်
(ခေါင်းဆောင်ပျိုးထောင်ခြင်း) တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မြန်မာ (၅) မှန်ကန်တဲ့ မျိုးချစ်စိတ်ရှိသူများအလိုရှိသည် ဆောင်းပါးကို အဆုံးသပ် တင်ပြပါမယ်။

ဇော်အောင်
၁၆ ဖေဖော်ဝါရီ ၂ဝ၁၈

Comments