ဇော်အောင် (မုံရွာ) ● ဆန်ဖရန်စစ္စကို တံတားကြီး

ဇော်အောင် (မုံရွာ) ● ဆန်ဖရန်စစ္စကို တံတားကြီး
(မိုးမခ) မတ်လ ၆၊ ၂ဝ၁၈

● ပြည်သူလူထုအတွက် ရေရှည်အကျိုးရှိသောစီမံကိန်းများ (PPP/B.O.T)
ဂိုးဒင်းဂိတ်တံတားကြီးဟာ အလွန်လှပပြီး ဆောက်ပြီးချိန် ၁၉၃၇ တုန်းက ကမ္ဘာပေါ် အမြင့်ဆုံး၊ အရှည်ဆုံး ဖြစ်ခဲ့ပါတယ်။ အဓိကတော့ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိခေါင်းဆောင်များက ငွေမရှိတဲ့ကြားက အစိုးရငွေလုံးဝမသုံးပဲ ပြည်သူလူထု ငွေနဲ့ဆောက်လုပ်တဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။

ဒီစီမံကိန်းကြီး အကောင်ထည်ဖော်ပါမှ ပြည်သူလူထု၊ စီးပွားရေးတိုးတက်ကောင်းမွန်မယ်၊ ဒေသဖွံ့ဖြိုးမယ်ဆိုတဲ့ စိတ် ကောင်း၊ စေတနာကောင်း၊ မေတ္တာနဲ့ ကြံစည်ကြိုးစားရင်း အများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်တဲ့ အဖြစ်ပျက်တခုပါ။ ကာလီဖိုးနီးယားမြို့၊ ဆန်ဖရန်စစ္စကို ပင်လယ်အော်ကိုဖြတ်သန်းတဲ့ တံတားအမြင့်ကြီးဆောက်ဖို့ အင်ဂျင်နီယာတယောက် လူသိအောင် စတင်ရေးသားလှုံ့ဆော်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၁၆ (နှစ်ပေါင်း ၁ဝဝ) က ဂျိမ်းစ်ဝီကင် (James Wikins) ဆိုတဲ့ အင်ဂျင်နီယာလေးတဦးဖြစ်ပါတယ်။ သူ့အိုင်ဒီယာကို San Francisco Bulletin စာစောင်မှာ ဆောင်းပါး စတင်ရေးသားခဲ့ပါ တယ်။ သူလဲမလုပ်နိုင်တဲ့ စီမံကိန်းတခုအကြောင်း၊ ထုံးစံအတိုင်း What Why When Where How စတဲ့အချက်အလက်များနဲ့ ဆောက်လုပ်တဲ့ကုန်ကျငွေ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကုန်မယ်ထင်ကြောင်း၊ တခြား တကယ်ကျွမ်းကျင်တဲ့ အင်ဂျင်နီ ယာများကို ဒီထက်ကုန်ကျစရိတ်သက်သာအောင် ကြံဆ၊ ဒီဇိုင်းလုပ်ပေးကြဖို့ တိုက်တွန်းရေးသားခဲ့ပါတယ်။ ဒီဆောင်းပါးကို တကယ်ဆောက်နိုင်တဲ့ မြို့ပြ လမ်းတံတား အင်ဂျင်နီယာ ဂျိုးဇက်စထရပ်စ် (Joseph Strauss) ဆိုတဲ့ အတွေ့ကြုံရှိပြီး၊ က ဗျာဆရာလည်းဖြစ်တဲ့သူကစိတ်ဝင်စားပြီး အကြောင်းပြန်ခဲ့ပါတယ်။ ၁၉၃၇ခု တကယ်ဆောက်ပြီးစီးတော့ ဒေါ်လာ ၂၃ သန်း ပဲ ကုန်ကျခဲ့ပါတယ်။

ပထမတော့ ဆပ်စပင်းရှင်း တံတားဒီဇိုင်းနဲ့ ဒေါ်လာ ၁၇ သန်းပဲ ကုန်ကျမယ်လို့ ပညာရှင်အနေနဲ့ တွက်ချက်ပေးပါတယ်။ တန်ဖိုး အများကြီးလျော့နည်းခန့်မှန်းပါတယ်။ အဲဒီအချိန်မှာ ဂျိုးဇက်စထရပ်စ်က ကုန်းတွင်းတံတားပေါင်း ၄ဝဝ ကျော် ဆောက်ခဲ့ပြီးပေမဲ့ ဒါမျိုးတံတား အတွေ့အကြုံ မရှိပါဘူး။ ၁၉၁၇ ခုနှစ်မှာ မြို့ပြအစိုးရ အင်ဂျင်နီယာအဖွဲ့နဲ့စတင်ဆွေးနွေးခဲ့ ကြပါတယ်။ ဒေသအစိုးရက ဆပ်စပင်းရှင်းတံတား ပရိုဖက်ရှင်နယ်များနဲ့ ဒီဇိုင်းဆက်လက်လုပ်ဖို့ပြောတဲ့အတွက် ဂျိုးဇက် စထရပ်စ်က ၁ဝ နှစ်ကျော် ဒီဇိုင်းရရှိရေး၊ ကုန်ကျစရိတ်တွက်ချက်ခြင်းနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ရင်းနှီးမြှုတ်နှံငွေကို ကြံဖန် ရပါတယ်။ ၁ဝ နှစ်ကျော် အချိန်များစွာပေးဆပ်ခဲ့ရပါတယ်။ အဓိကကန့်ကွက်မှုကတော့ ထုံးစံအတိုင်း စီးပွားရေး နောက်ကွယ် ကလက်မဲပဲ ဖြစ်ပါတယ်။ ရေလက်ကြားကို ဖယ်ရီဘုတ်တွေနဲ့သယ်ယူပို့ဆောင်လုပ်ငန်းကြီးက သူတို့စီးပွားရေးထိုခိုက်မှာမို့ ကန့်ကွက်ပါတယ်။ ပတ်ဝန်းကျင်ပျက်စီးမှာ၊ တံတားဆောက်နေတုံး ခရီးလမ်းကြပ်မှာ စသဖြင့်ကန့်ကွက်ကြပါတယ်။ နောက် ဆုံးတော့ ဒေသဖွံ့ဖြိုးရေးအမျှော်အမြင်ရှိတဲ့ အစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။ ခွင့်ပြုပေမဲ့ ဆောက်ဖို့ငွေမရှိပါဘူး။

● ဘယ်လိုရင်းနှီးမြှုတ်နှံငွေ ရှာဖွေမလဲ
စနစ်တကျ ကုန်ကျစရိတ်ခန့်မှန်းတော့ ဒေါ်လာ ၃၅ သန်း ကုန်ကျမယ်။ McClintic-Marshall Construction Co. ဆောက် လုပ်ရေး ကုမ္မဏီနဲ့ပရိုဂျက်ပြီးစီးဖို့ Project Management စနစ်တကျ စီမံပါတယ်။

၁၉၁၇ ခေတ်ကာလ စီးပွားမကောင်းတော့ အစိုးရမှာ ပိုက်ဆံလည်း မတတ်နိုင်သလို၊ လာရောက်ရင်းနှီးမဲ့ ကုမ္ပဏီနဲ့ ငွေကြေး အဖွဲ့အစည်းများလည်း လုံးဝမရှိပါဘူး။ သူတို့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးမတတ်နိုင်ပေမဲ့ စိတ်ဓါတ်ကောင်း တဲ့ ပရိုဖက်ရှင်နယ်များ၊ အစိုးရခေါင်းဆောင်များ မဆုတ်မနစ် ကြိုးစားကြပါတယ်။

တမိုင်ရှည်တဲ့ ဆန်ဖရန်စစ္စကို ရေလက်ကြားကို ၁.၇ မိုင်အရှည်၊ ပေ ၉ဝ အကျယ် ဆပ်စပင်းရှင်း၊ သံမဏိကြိုးတံတား ရင်းနှီး ငွေက ဒေါ်လာ ၃၅ သန်း ရရှိဖို့အာမခံငွေ Bond များကိုရောင်းခြင်းနဲ့ ဂျိုးဇက်စထရပ်စ် အင်ဂျင်နီယာအဖွဲ့က ၁၉၂၈ ခုနှစ်မှာ ဒီဇိုင်းစတင်ရေးဆွဲခဲ့ပါတယ်။ အစိုးရမှာလည်း ငွေမရှိ၊ ရင်းနှီးမြှုတ်နှံမယ့် ပုဂ္ဂလိကဘဏ်များလည်းမရှိတော့ ပြည်သူလူထုကိုပဲ အားကိုးရပါတယ်။ ဘွန်းတွေ လူထုကို ရောင်းချရပါတယ်။ ၁၉၃ဝ မှာ ဆောက်လုပ်ခွင့်ပါမစ်ကျပေမဲ့ ဘွန်းတွေရောင်းမရလို့ ငွေအခက်ခဲကြောင့် မဆောက်နိုင်ခဲ့ပါဘူး။ ၃ နှစ်ကြာအောင် ဘွန်းတွေ ရောင်းမရဖြစ်နေပါတယ်။ နောက်ဆုံး ဆန်ဖရန်စစ္စကို အခြေစိုက် Bank of America ဘဏ်ကြီးက ဘွန်းအားလုံးဝယ်ပေးလိုက်ပြီး၊ ၁၉၃၃ ခုနှစ်မှ ဆောက်လုပ်ရေးလုပ်ငန်း စတင် နိုင်ခဲ့ပါတယ်။ ၄ နှစ်ကြာဆောက်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီခေတ်က ဘွန်းရောင်းချငွေ ဒေါ်လာ ၂၃ သန်း ကန်ထရိုက်နဲ့ ကုမ္ပဏီများစွကို အသုံးပြုခဲ့ရပါတယ်။ ၂ဝ၁၇ ခုနှစ်ဆို အနှစ် ၈ဝ ပြည့်ပါပြီ။ ခန့်မှန်းတဲ့ ဒေါ်လာ ၃၅ သန်း ထက် အများကြီးနည်းသွားတာ အံ့သြဘွယ် စံနမူနာယူရမှာပါ။

နှစ် ၄ဝ ကြာတဲ့ ၁၉၇၁ ခုနှစ်မှာ လူထုကိုရောင်းချထားတဲ့ ဘွန်းများ Construction Bonds တွေဟာ သက်တမ်းကုန်ဆုံးသွား ပြီဖြစ်ပါတယ်။ တံတားဖြတ်သန်းခ Toll Fee ကောက်ခံရငွေများနဲ့ ဘွန်းရောင်းချငွေ ဒေါ်လာ ၂၃ သန်းကို အတိုးအရင်း ပြန်ဆပ်ငွေ စုစုပေါင်း ဒေါ်လာ ၃၉ သန်း ကျသင့်သွားပါတယ်။

နိုင်ငံတော်၊ ပြည်နယ် ငွေတပြားတချပ်မှမစိုက်ထုတ်ပဲ လူထုယုံကြည်မှုနဲ့ ရင်းနှီးမြှုတ်နှံမှုငွေရှာပြီး ဂိုးဒင်းဂိတ်တံတားကြီး တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ငွေပိုလျှံနေတဲ့ဒေသခံများက ဘွန်းဝယ်ကြတယ်။ ဘွန်းအတွက်ရတဲ့ အမြတ်အစွန်းက ဘဏ်ထဲအပ်ထားသလောက်ပဲ ရပါတယ်။ ဒါပေမဲ့ ပြည်သူလူထုအကျိုး စီမံကိန်းမှန်းသိလို့၊ အစိုးရကိုလည်း ယုံကြည်တယ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဂျိုးဇက်စထရပ်စ်ကိုလည်း ယုံကြည်တဲ့အတွက် ပြည်သူလူထုငွေနဲ့ အောင်မြင်စွာ ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပါတယ်။

● ဆောက်လုပ်ရေးအခက်ခဲများစွာ
အလုပ်သမားမလုံလောက်လို့ တရုတ်နိုင်ငံက အလုပ်သမားများစွာ ခေါ်ယူအသုံးပြုရပါတယ်။ လိမ့်ကျသေဆုံးမှု ပစ္စည်းဆုံးရှုံး မှု နည်းပါးအောင် ဆောက်လုပ်နေတဲ့ တံတားအောက်မှာ ပိုက်ကြီးခံထားပြီး ဆောက်လုပ်ရပါတယ်။ တံတားဆောက်ပြီးးခါနီး ၁၉၃၇မှာ ပလက်ဖောင်းတခု ပိုက်အပေါ်ပြုတ်ကျတာ ပိုက်မခံနိုင်လို့ မီတာ ၅ဝ အမြင့် ရေခဲရေထဲ လူ ၁၂ ယောက်အပါဝင် ကျသွားခဲ့ပါတယ်။ ၂ ယောက်ပဲ အသက်ရှင်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၁ဝ ဦးသေဆုံးမှုအပါအဝင် စုစုပေါင်း ၁၁ ဦးသာ သေ ဆုံးခဲ့ရပါတယ်။ တံတားဆောက်ပြီးတဲ့နောက်မှာ မိမိကိုယ်ကိုအဆုံးစီရင်သူများစွာ ခုန်ချတဲ့နေရာ ဖြစ်မှန်းမသိဖြစ်လာပါတယ်။ တရုတ်ပြည် ယန်စီမြစ်တံတားကြီးပြီးရင် ဒုတိယအများဆုံ မိမိကိုယ်အဆုံးစီရင်တဲ့သူပေါင်း ၁၅ဝဝ ကျော်သွားပြီဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် ဒေါ်လာသန်း ၂ဝဝ အကုန်ခံပြီး အလွယ်တကူခုန်မချနိုင်တဲ့ အဆီးအတား ဆောက်လုပ်ထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၈ဝ တုန်းကတည်းက အမေရိကန်တွေ ပြည်သူလူထုငွေနဲ့ အစိုးရကောင်း၊ ကုမ္ပဏီကောင်းတွေ ယုံကြည်မှု တည်ဆောက်ပြီး နိုင်ငံတည်ထောင်ခဲ့တဲ့ ဂိုးဒင်းဂိတ်တံတားကြီးဆောက်လုပ်ရေးအကြောင်းပါ။ အခုအချိန်မှာတော့ တံတား ကြီးကို ပြုပြင်ထိန်းသိမ်းဖို့ ခေတ်ကာလအရ ငွေများစွာလိုလာပါတယ်။

တချိန်က ကမ္ဘာ့အရှည်ဆုံး အမြင့်ဆုံး တံတားကြီးဖြစ်ပေမဲ့ ယခုအခါမှာ အလားတူတံတားကြီးများစွာ တကမ္ဘာလုံးမှာ ရှိနေ ပါပြီ။ ဆန်ဖရန်စစ္စကိုမှာပဲ အလားတူတံတားတွေ ဆောက်ပြီးလို့၊ အထူးသဖြင့် တရုတ်နိုင်ငံက လမ်းတံတားပညာရပ်မှာ အလွန်ဈေးချိုစွာ လျှင်မြန်စွာ တည်ဆောက်ပြနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မြစ်ကူးတံတားပေါင်းများစွာ ဆောက် ပြီး နေပါပြီ။

● အစိုးရငွေ မသုံး၊ ချေးငွေ မသုံးနည်းလမ်း
ပြည်သူလူထုအတွက် ရေရှည်အကျိုးရှိသောစီမံကိန်းများ (PPP/B.O.T , Public Private Partnership / Built-Operate-Transfer)

အခုခေတ်ကာလ ရင်းနှီးငွေရှာခြင်းကိုလုပ်ကိုင်တဲ့ ကုမ္ပဏီများစွာ ပေါ်လောက်လာပါတယ်။ ၁၉၉ဝ နောက်ပိုင်းမှာ ခေတ်စား လာတဲ့ နိုင်ငံအခြေခံအဆောက်အဦများကို ကုမ္ပဏီကြီးများက တာဝန်ယူဆောက်လုပ်လာပါတယ်။ လမ်းတံတား၊ လျှပ်စစ် ဓါတ်အား၊ ဆေးရုံ၊ မြို့ပြတည်ဆောက်ခြင်း အစရှိတဲ့ လုပ်ငန်းများကို အစိုးရဘတ်ဂျတ်ငွေလဲမသုံး၊ ချေးငွေလဲမသုံး၊ ပြည်သူ လူထုထံက ဆန်ဖရန်စစ္စကိုတံတားလို ဘွန်းတွေရောင်းပြီး ငွေရှာတဲ့လုပ်ငန်းလဲမလုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

အခုခေတ်မှာ ငွေကြေးဈေးကွက်က ကျယ်ပြန့်လွန်းပြီး ကုန်ထုတ်စွမ်းအား ဂျီဒီပီ GDP ကလည်း အလွန်များပြာပါတယ်။ ငွေပိုလျှံနေတဲ့ အဖွဲ့အစည်းများစွာ ကမ္ဘာလှည့် ငွေရင်းနှီးဖို့ ကြိုးစားနေကြပါပြီ။ ဆန်ဖရန်စစ္စကိုတံတားလိုမျိုးကို ဆောက်ရင်  ဒေါ်လာ ၁.၅ ဘီလျံကုန်မယ် ခန့်မှန်းပါတယ်။ အစိုးရမှာ ငွေကြေးမရှိရင်တောင် အလွန်ပိုက်ဆံချမ်းသာတဲ့ ကုမ္ပဏီကြီးများ၊ အဖွဲ့အစည်းများက နှစ်ရှည် ရင်းနှီးမြှုတ်နှံခြင်းများ P.P.P/ B.O.T စနစ်တွေနဲ့ ရင်းနှီးမြှုတ်နှံလာကြပါမယ်။ သူတို့ရင်းနှီးငွေ မဆုံးရှုံးနိုင်အောင် အင်တာနေရှင်နယ်ဥပဒေများနဲ့ အကာအကွယ်ပေးထားပါတယ်။ ဒီစနစ်ကို အလွဲသုံးမိတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သြစတြေးလျားတို့မှာ P.P.P/B.O.T လျှပ်စစ်ဓါတ်အားစက်ရုံများက အလွန်ဈေးကြီးစွာ လျှပ်စစ်ကို ပြည်သူလူထုထံ ရောင်းချပေးနေရပါတယ်။ ပြည်သူကမခံနိုင်တော့ အစိုးရကပဲ လျှပ်စစ်တယူနစ် ဈေးနှုန်းလျှော့ဖို့ ပံ့ပိုးနေရပါတယ်။ ဒါက တော့ P.P.P / B.O.T နည်းနဲ့လုပ်မယ်ဆိုရင် အစိုးရခေါင်းဆောင်များ အားနည်းချက်ကြောင့် နှစ်ပေါင်း ၃ဝ၊ ၄ဝ၊ ၅ဝ နှစ်ရှည် ကာလ ပြည်သူလူထုက မတန်မဆ ပေးနေရတာပါ။ ဥပမာ မြန်မာပြည်က ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းဆို အနှစ် ၅ဝ တဖက်သတ်စာချုပ် ချုပ်ထားပါတယ်။

အာဏာရှိလာရင် အဂတိငွေနဲ့တမဟုတ်ချင်း ချမ်းသာကြွယ်ဝလာတာ ဆင်းရဲတဲ့နိုင်ငံများမှာ ပိုလွယ်ကူပါတယ်။ အထူးသဖြင့် အလွန်ကြီးမားတဲ့ စီမံကိန်းကြီးများကို ဆင်းရဲနိုင်ငံခေါင်းဆောင်များဆုံးဖြတ်ရင် အဂတိများစွာ ဖြစ်ပေါ်မှာပါ။ တားဆီးလို့ လည်း မလွယ်လှပါ။ တရုတ်နိုင်ငံကတော့ အာဏာရှိသူများရဲ့ သားသမီးများ အကြီးအကျယ် ချမ်းသာကြွယ်ဝသွားကြပါတယ်။ အာဏာမရှိတော့ရင် အဂတိနဲ့ ဖမ်းဆီး ပိုင်ဆိုင်မှု သိမ်းကြပါတယ်။

● နိဂုံး (ဂိုးဒင်းဂိတ်တံတား)
ဂိုးဒင်းဂိတ်တံတားကို အခုခေတ် ၂ဝ၁၈ မှာဆောက်မယ်ဆိုရင် ပတ်ဝန်းကျင်စောင့်ရှောက်ရေးတွေ ကန့်ကွက်မှု၊ အစိုးရစုံ စမ်းစစ်ဆေးမှုတွေလုပ်ရမှာကြောင့် ဒီခေတ်ကြီးမှာ ဆောက်မယ်ဖို့ခွင့်ပြုချက်တောင် မလွယ်ဘူးလို့ ဆိုပါတယ်။ ကုန်ကျ စရိတ် ဒေါ်လာ ၂၃ သန်း (၁၉၃၂) ငွေကို ငွေဖောင်းပွနှုန်းနဲ့တွက်မယ်ဆိုရင် တန်ဖိုးက ဒေါ်လာ ၃၈ဝ သန်း (၂ဝ၁၇) နဲ့ ကိုက် ညီပါတယ်။ ဒါပေမဲ့ ခေတ်ပေါ်ဆောက်လုပ်ရေးစရိတ်များကြောင့် တကယ်ဆောက်မယ်ဆိုရင် ဒေါ်လာသန်း ၁၅ဝဝ ကုန်ကျ မယ်၊ အဲဒီငွေကို အနှစ် ၂ဝ ကြာအောင် ပြန်ဆပ်မယ်ဆိုရင် စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၆၅ဝဝ လောက် အတိုးအရင်း၊ ကုန်ကျသွားနိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းပါတယ်။

ဂိုးဒင်းဂိတ်တံတားကို ကြည့်ရင် တံတားဖြတ်သန်းခက ပျှမ်းမျှ ၇.၅ ဒေါ်လာ ယူပါတယ်။ လူနှစ်ယောက်စီးလာရင် Car Pool အဖြစ် ၅ ဒေါ်လာပဲ ယူပါတယ်။ နေ့စဉ် ကားပေါင်း ၁ သိန်း ၁ သောင်းဖြတ်သန်းတဲ့အတွက် တနှစ်ကို ဝင်ငွေ ဒေါ်လာ ၂၈ သန်းလောက်ရမှာဖြစ်ပါတယ်။ ဖြတ်သန်းခ ဈေးကြီးမကြီးအောင် တံတားပေါ်မှာ ကြော်ငြာတွေ စိုက်ထူခွင့်ပေးဖို့ အစီအစဉ် အစား ဖြတ်သန်းခပဲ တိုးကောက်ပါတယ်။ ကြော်ငြာများများတွေ့ရင် လူတွေ စိတ်ဂရောက်ဂရက်ဖြစ်မှာကြောင့် ထင်ပါ တယ်။ Bill Board ကြော်ငြာကြီးများက ဆင်းရဲတဲ့နိုင်ငံများမှာ ပိုပေါများပါတယ်။

တံတားကူးခ ၇ ဒေါ်လာ (မြန်မာငွေ ကျပ် ၉ဝဝဝ) ဆိုတာတော့ မြန်မာနိုင်ငံမှာ တချိန်မှာဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာ တော့ မြန်မာအစိုးရကပဲ အရှုံးခံပေးနေရပါတယ်။ တရုပ်ပြည်မှာတော့ အစိုးရက အရှုံးမခံပါဘူး။ အမေရိကန်နိုင်ငံမှာ လူတ ယောက် တနာရီ ၁၃ ဒေါ်လာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အလုပ်အကိုင်ကိုင် ကောင်းကောင်း ရရင် အဆင်ပြေတယ်။ အလုပ်အကိုင်မကောင်းရင် လူနေမှုစရိတ်ကြီးလှတော့ ငွေပိုမရှိတော့ပါ။ သူတို့နိုင်ငံမှာ အလုပ်အကိုင် ပေါများတာ အားသာချက်ပါပဲ။

ဇော်အောင်
၁ မတ်လ ၂ဝ၁၈

ကိုးကား
* Golden Gate ဝီကီအချက်အလက်များ
* PPP/B.O.T အချက်အလက်များ
* အမေရိကန်ပညာရေးစနစ် နဲ့တရုတ်ပြည်ပြုပြင်ပြောင်းလဲရေး
* ဗီယက်နမ် ပြုပြင်ပြောင်းလဲရေး
* ဘီလူးကျွန်းတံတားနဲ့ ဂိုးဒင်းဂိတ်တံတားအကြောင်း https://goo.gl/S1QKV4
* Construction Contracts and Cost https://goo.gl/CNJj7f

Comments