မောင်ရစ် – အမေရိကန်က အခွန်ဥပဒေ အသစ် ၂၀၁၈ အကြောင်း

မောင်ရစ် – အမေရိကန်က အခွန်ဥပဒေ အသစ် ၂၀၁၈ အကြောင်း
(အတွေးအမြင်မဂ္ဂဇင်း၊ မတ် ၂၀၁၈) မတ် ၁၊ ၂၀၁၈


၂၀၁၇ ၊ ဒီဇင်ဘာ ၂၀၊ ညနေ အမေရိကန်အရှေ့ခြမ်း စံတော်ချိန်မှာ အမေရိကန်လွှတ်တော် ၂ ရပ်လုံးက အမေရိကန်အခွန်ဥပဒေ ပြင်ဆင်ပြဌာန်းမှုကို အတည်ပြုလိုက်ပါတယ်။ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့် စာပွဲပေါ်ရောက်တာနဲ့ ထရန့်ကလည်း လက်မှတ်ထိုး ထောက်ခံဖို့ အဆင်သင့်ပါပဲတဲ့။ အတိုက်အခံ ဒီမိုကရက်တွေကတော့ ဒီအခွန်ဥပဒေပြင်ဆင်မှုဟာ အမေရိကန်တွေကို အကြွေးတွေ ပိုပိစေပြီး ခရိုနီတွေကို သာ၍ ကောင်းစားစေမှာ ဖြစ်တယ်လို့ ပြန်လှန်ပြစ်တင်လိုက်ပါတယ်။ လွှတ်တော် ၂ ရပ်လုံးက ဒီမိုကရက်အမတ်တွေက ကန့်ကွက်ဆန္ဒမဲပေးခဲ့ကြပေမယ့် မဲအသာစီးရနေတဲ့ ထရန့်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေက အတည်ပြုနိုင်ခဲ့ကြပါတယ်။

အမေရိကန်ဥပဒေသက်တမ်းထဲ အနှစ် ၃၀အတွင်း အခွန်ဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်ခဲ့တယ်လို့ ရီပတ်ဘလစ်ကန်အမတ်တွေက အပြင်းအထန် ဂုဏ်ယူလိုက်ကြပါတယ်။ အခွန်ဥပဒေပြင်ဆင်မှုကနေ အခွန်တော်ငွေ ၁.၅ ထရီလျံကို လျော့ချလိုက်နိုင်တာ ဖြစ်တဲ့အတွက် တနည်းအားဖြင့် အစိုးရဘဏ္ဍာနဲ့ အသုံးစာရိတ်ထဲကနေ ၁.၅ ထရီလျံ လိုငွေပြ (အကြွေးတင်) သွားမှာ ဖြစ်ပါတယ်။

သူတို့အခွန်လျော့ပေးလိုက်တာက အဓိက လုပ်ငန်းရှင်ကြီးများ ကုမ္မဏီကြီးများ ထမ်းဆောင်နေရတဲ့ အခွန်တော်နှုန်း ဖြစ်ပါတယ်။ ၁၀၀ မှာ ၃၅ ကျပ် အမြတ်ခွန်ကောက်နေရာကနေ ၂၁ ကျပ်ပဲ ကောက်တော့မယ်လို့ အသေသတ်မှတ်ထာ ဖြစ်ပါတယ်။ အသေသတ်မှတ်တယ်ဆိုတာက ဘယ်တော့မှ ပြန် မပြင်ဆင်တော့ဘူး၊ အမြဲတန်း ၂၁ ကျပ်ပဲ အခွန်ကောက်မယ်လို့ ဆိုတာပါ။ သို့သော် တဦးချင်း မိသားစုလိုက် ၀င်ငွေခွန်ကိုတော့ ယာယီ ၈ နှစ်တာ လျော့ချပေးတယ်လို့ ဆိုပါတယ်။ အောက်ပါအတိုင်း လျော့ချပေးတယ် ဆိုပါတယ်။

2018 Income Tax Brackets

Rate Individuals Married Filing Jointly
10% Up to $9,525 Up to $19,050
12% $9,526 to $38,700 $19,051 to $77,400
22% 38,701 to $82,500 $77,401 to $165,000
24% $82,501 to $157,500 $165,001 to $315,000
32% $157,501 to $200,000 $315,001 to $400,000
35% $200,001 to $500,000 $400,001 to $600,000
37% over $500,000 over $600,000

လူတွေပေါ်ကောက်တဲ့ ၀င်ငွေခွန်က မူလကထက် ၂% ကနေ ၃% အထိ လျော့ပေါ့ပေးလိုက်တာ ဖြစ်ပါတယ်။ လုပ်ငန်းတွေရဲ့ အမြတ်ခွန်ကတော့ မူလ ၃၅%ကနေ ၂၁% အထိ အများကြီး လျော့ချပေးလိုက်တာ ဖြစ်ပါတယ်။ သို့သော် လက်ယာစွဲ ရီပတ်ဘလစ်ကန်အမတ်တွေနဲ့ အစိုးရကတော့ ဒီအခွန်တော်ဥပဒေပြင်ဆင်မှုဟာ အောက်ခြေနဲ့ လူလတ်တန်းစားတွေကို အကြီးအကျယ် ကောင်းကျိုးဖြစ်စေတယ်လို့ ၀ါဒဖြန့် ကြွေးကြော်လိုက်ပါတယ်။ ဒီမိုကရက်တွေနဲ့ အတိုက်အခံတွေကတော့ အခွန်တော်ပြင်ဆင်မှုဟာ ခရိုနီတွေနဲ့ အရင်းရှင်တွေကိုသာ အကျိုးရှိစေတယ်၊ ၀န်ထမ်းတွေ လခစားတွေ နေ့စားတွေကို ဘာမှ ထူးခြားမှု မရှိစေဘူးလို့ ဝေဖန်လိုက်ကြပါတယ်။

ရီပတ်ဘလစ်ကန်တွေက အခွန်ဆောင်တွေရဲ့ Deductible လို့ခေါ်တဲ့ အခွန်မဆောင်ခင် ကြိုတင်နှုတ်ထားခွင့်တွေကို (သက်သာခွင့်) – Standard deduction တိုးမြှင့်ပေးလိုက်တယ်။ တဦးချင်းဆိုရင် မူလ ၆ထောင်ကနေ ၁သောင်း ၂ထောင်၊ မိသားစုအလိုက်ဆိုရင် မူလ ၁သောင်း၂ထောင်ကနေ ၂သောင်း၎ထောင် deductible ပေးပါတယ်။ ဒီခံစားခွင့်ကနေ လူတွေက အခွန်သက်သာစေမယ်လို့ ပြောလိုက်ပါတယ်။

ကုမ္မဏီကြီးတွေကတော့ အခွန်တော်သက်သာလို့ ပိုတိုးလာတဲ့အမြတ်ငွေတွေကနေ လူတွေကို လစာတိုးပေးမယ်၊ အမေရိကန်ပြည်တွင်းမှာ လုပ်ငန်းတွေ ပိုတိုးချဲ့မယ်လို့ (တချို့က) ထုတ်ပြန် ကြပါတယ်။ အမြတ်တွေ ပိုထွက်လာလို့ အကျိုးအမြတ်ခံစားကြရတဲ့ စတော့ရှယ်ယာပိုင်ဆိုင်သူ အမေရိကန်တွေကလည်း ပိုပြီး သုံးစွဲကြတာတော့ အမေရိကန်စီးပွားရေး ပိုတက်လာဦးမှာလို့လည်း အကောင်းမြင်ကြပါတယ်။

သည်လိုအခွန်တော် လျော့ချကောက်ခံလိုက်တဲ့အတွက် နစ်နာတာကတော့ အစိုးရအသုံးစာရိတ်ဖြစ်ပါတယ်။ နိုင်ငံတော်က အကုန်အကျခံ သုံးစွဲနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးသူငယ်ကျန်းမာရေး၊ ပညာရေးထောက်ပံ့မှု၊ သက်ကြီးရွယ်အို လူမှုဖူလုံရေး ခံစားခွင့်၊ လမ်းပမ်း ဆက်သွယ်ရေး အထွေထွေ အစိုးရ၀န်ဆောင်မှု ဆောက်လုပ်မှု၊ စစ်မှုထမ်းဟောင်းများ ထောက်ပံ့မှုတွေမှာ ဘတ်ဂျက်တွေ အသီးသီး လျော့ချရတော့မှာ ဖြစ်တဲ့အတွက် အဲသည်စနစ်ကို ခံစားနေတဲ့ ၀င်ငွေနည်း နိုင်ငံသားများကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

ယခုလို အမေရိကန်အခွန်တော်ဥပဒေပြင်ဆင်ပြဌာန်းမှုဟာ အမေရိကန်ပြည်တွင်းက ဆင်းရဲ ချမ်းသာ ကွာဟမှု ကို ပိုမိုကြီးမားသွားစေတယ်လို့ ဝေဖန်ကြပါတယ်။ နဂိုကတည်းက ချမ်းသာပြည့်စုံပြီးသား လူတွေကို ပိုမို ကြွယ်ဝသွားစေပြီးတော့ အောက်ခြေလူတန်းစားတွေရဲ့ ၀င်ငွေတိုးလာမှု သက်သာချောင်ချိမှုကို တိုက်ရိုက်ကူညီတာ မဟုတ်တဲ့အတွက် ဆင်းရဲတဲ့သူတွေကတော့ ဆက်ပြီး ဆင်းရဲကြပ်တည်းနေမြဲ ဖြစ်တယ်လို့ ဝေဖန်ခံရပါတယ်။

နောက်အရေးကြီးတဲ့ တချက်ကတော့ ပြည်ထောင်စုအခွန်တော် လျော့ချတာနဲ့အတူ ပြည်နယ်အလိုက် သီးခြားအခွန်တော်နဲ့ အခွန်သက်သာခွင့်တွေကို ဗဟိုအစိုးရက ကန့်သတ်ထိန်းချုပ်တာတွေ လုပ်လိုက်ပါတယ်။ အမေရိကန်မှာ ဗဟိုအခွန်စနစ်ရှိသလို ပြည်နယ်အလိုက် မြို့နယ်အလိုက် စည်ပင်သာယာရေး အခွန်စနစ်ရှိတာကြောင့် အဲသည်အခွန်စနစ်ကိုပါ လိုက်ပြီး ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဥပမာတွေကတော့ ပြည်နယ်အလိုက် ပညာရေးထောက်ပံ့မှုတွေ ရန်ပုံငွေတွေအတွက် အခွန်တော်ထဲက နှုတ်ပိုင်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ ပညာသင်စာရိတ်အတွက် ကုန်ကျငွေတွေကို အခွန်သက်သာခွင့်မပေးရင် ပညာသင်စာရိတ်အတွက် အတိုးနှုန်းတွေဟာ စာသင်သားတွေ မိဘတွေကို ပိုပိစေမှာ ဖြစ်ပါတယ်။

ပြီးတော့ ပြည်နယ်အလိုက် လမ်းပမ်းတံတားဆောက်လုပ်ရေးတွေကိုလည်း အခွန်သက်သာခွင့်က ထိခိုက်စေပါတယ်။ ဗဟိုနဲ့ မဆိုင်ပဲ ပြည်နယ်ကနေ သီးခြား local tax တွေနဲ့ ဖွံဖြိုးရေးလုပ်ဖို့ ဘဏ္ဍာငွေ နည်းပါးသွားစေပါတယ်။

ဒါ့အပြင် လူတဦးချင်း ၀င်ငွေမြှင့်ပေးဖို့အတွက် အစိုးရက မဆောင်ရွက်တဲ့အတွက် လုပ်ငန်းရှင်တွေသာ အမြတ်ထွက်စေပြီး ၀န်ထမ်းတွေကတော့ လုပ်ငန်းရှင်တွေ တိုးပေး(ချင်)မှ ရမယ့် လစာကိုသာ မျှော်လင့်ခိုင်းသလို ဖြစ်သွားပါတယ်။ အစိုးရက အကယ်၍ earned income credit လို့ ဆိုတဲ့ လစာဝင်ငွေခွန် ဆောင်ရသူတွေအပေါ် အခွန်သက်သာမှု တိုးမြှင့်ပေးဖို့ လိုပါတယ်။

ဥပမာတခုကတော့ အမေရိကန်မှာ အကြီးဆုံးပေးဆပ်သူ ပြည်နယ် ၂ ခု ရှိပါတယ်။ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်ပါ။ သူတို့ကနေ ဗဟိုအစိုးရကို ပေးတဲ့ အခွန်ဟာ ကျန် ပြည်နယ် ၄၈ ခုထက် မြင့်ပါတယ်။ သူတို့ပြည်နယ်ကို သူတို့ပြည်နယ်က ပြည်နယ်ခွန်တွေ စည်ပင်သာယာခွန်တွေနဲ့ လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ပါတယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးထောက်ပံ့မှုမှာ သူတို့ပြည်နယ်သားတွေကို သူတို့ဖာသာသူတို့ စောင့်ရှောက်ထားနိုင်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ ပြောချင်တာက အမေရိကန်ဗဟိုအစိုးရရဲ့ အခွန်တော်ထဲကနေ ပြန်လည်ထောက်ပံ့ခံရမှု အနည်းဆုံး အလွတ်လပ်ဆုံးဖြစ်တယ်လို့ ဆိုချင်တာပါ။ သူတို့ကိုယ်သူတို့ donor states လို့ ခေါ်ပါတယ်။ အဲသည်ပြည်နယ်တွေက အစိုးရအခွန် ပြည်နယ်အခွန် အပေးရဆုံးနဲ့ သူများထက် ချမ်းသာတဲ့ ပြည်နယ်တွေဖြစ်ပါတယ်။ အစိုးရကို အမှီအခိုလည်း ကင်းပါတယ်။

အဲသည်ထဲမှာ ဆင်းရဲတဲ့ ပြည်နယ်တွေဆိုတာကတော့ သူတို့အခွန်ပေးတာထက် ဗဟိုအစိုးရဆီက ထောက်ပံ့မှု ပြန်ပြီး ရယူနေထိုင်တဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။ သူတို့တွေက taker states တွေပါ။ အစိုးရကို မှီခိုရသူတွေလို့ ဆိုပါတယ်။ အဲသည်ပြည်နယ်တွေဟာ ရယ်စရာကောင်းစွာပဲ ရီပတ်ဘလစ်ကန် အားကောင်းတဲ့ ပြည်နယ်တွေ ဖြစ်နေပါတယ်။ အစိုးရအခွန်တော်ကို အကြီးအကျယ်လျော့ချပြီး အခွန်မပေးလိုတဲ့ လူတွေ အများဆုံးနေထိုင်ကြပြီး သူတို့ပြည်နယ်တွေကနေ လွှတ်တော်ထဲကို ရီပတ်ဘလစ်ကန်အမတ်တွေ အများဆုံး တင်ပို့ထားတဲ့ ပြည်နယ်တွေ များပါတယ်။ သည်တော့ သူတို့ထောက်ခံတဲ့ အစိုးရနဲ့ လွှတ်တော်က အခွန်တော်တွေ လျော့ချတာကို သူတို့က ၀မ်းသာအဲလဲ အပြင်းအထန်ထောက်ခံနေကြသော်လည်း သူတို့ မရိပ်မိတာက သူတို့ စားသောက်ရပ်တည်နေတာက ပြည်နယ်ဝင်ငွေဆိုတာထက် ဗဟိုအစိုးရထောက်ပံ့ငွေ (ဗဟိုအစိုးရအခွန်ငွေ) တွေနဲ့ဆိုတာ ဖြစ်နေပါတယ်။ အစိုးရသာ အကြွေးတင်ပြီး အခွန်တော် လျော့ရင် သူတို့တွေပဲ ဒုက္ခခံစားကြရဦးမှာ ဖြစ်တယ်ဆိုတာပါ။ ထရန့်ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန် အစိုးရနဲ့ လွှတ်တော် ၂ ရပ်ကတော့ အခွန်တော်ပြင်ဆင်ပြဌာန်းလိုက်ပါပြီ။ အခွန်တွေ လျော့ပြီး ထောက်ပံ့ကူညီတာတွေကို ကန့်သတ်လိုက်ပါပြီ။ အခွန်သက်သာခွင့်တွေကိုလည်း လျော့ချလိုက်ပါပြီ။ ခရိုနီများ အရင်းရှင်ကြီးများက အောင်ပွဲခံနေကြပါတယ်။ ဘာမှန်း ညာမှန်းမသိ လူပြိန်းတွေကလည်း အစိုးရဆိုတာ အခွန်ပေးစရာ ဘာလို့ လိုမှာလဲ၊ အခွန်မပေးရလေ ကောင်းလေလို့ ကြွေးကြော်ပြီး ၀မ်းသားအားရ ထောက်ခံလိုက်ကြပါတယ်။ နောက် အစိုးရအသစ်တရပ် မတက်မချင်းတော့ ဥပဒေတွေဆိုတာ အာဏာတည်မြဲနေဦးမှာပါပဲ။ ဆက်လက်စောင့်ကြည့်ကြရုံသာ။
0