မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၃)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၃)
(မိုးမခ) မတ်လ ၁၂၊ ၂ဝ၁၈
ဗြိတိသျှရာဇဝင်သင်ရ၍ ဘောလုံးပွဲကြည့်တတ်လာခြင်း

(၁)
ဓာတ်ပုံထဲက ကလေးငယ်သည် Carabao Cup Final တွင် သူကြိုက်သော Arsenal အသင်း Manchester City ကို ၃ ဂိုး ပြတ်နှင့် ရှုံးသွား၍ ငိုနေခြင်းဖြစ်ပါသည်။ သူ့အရွယ်က ကျွန်တော်ဘောလုံးပွဲ မကြည့်ဖူးသေးပါ။ Euro 2008 ကာလ ကျွန်တော် လန်ဒန်ရောက်သွားစဉ် ကိုကျော်စွာ၏သားလေးလည်း သူအားပေးသည့် Chelsea ဂိုးမရ၍ ငိုပုံ မြင်ဖူးခဲ့သည်။

Spain Laliga ပွဲများတွင်လည်း ငိုနေကြသော စပိန်အမျိုးသီးကြီးငယ်များလည်း မရှား။

ပွဲအပြီးရှုံးသွားသည့် ဘောလုံးသမားများ ငိုကြသည်ကိုလည်း မမြင်ချင်မှအဆုံး။ Arsenal အသင်း၏ (၁၃၂) နှစ်အတွင်း အဆိုးဆုံးအရေးနိမ့်မှုမို့ ဘိုးစဉ်ဘောင်ဆက် အားပေးလာဟန်တူသော ကလေးငယ်ငိုနေခြင်း ဖြစ်ပေလိမ့်မည်။ London Wimbley ကွင်းက ထိုဖြစ်ရပ်ကို Virginian ပြည်နယ် TV ထဲကနေ ကျွန်တော် (၃) ကြိမ်မြင်လိုက်ရ၏။

ထိုနှစ်သင်း နောက်တစ်ကြိမ်ကစားအပြီး Manchester City ဂိုးသမား Ederson သည်၊ Arsenal ကိုအားသည့် ကလေးငယ် တဦးအား သူ့အင်္ကျီချွတ်ပြီးသွားပေးရာ ထခုန်မတတ်ဝမ်သာသွား၏။ ငိုချင်ငိုကြ၊ ပျော်ချင်ပျော်ကြ-- သူတို့ဘောလုံးပွဲကို ချစ်ကြသည်။

ကျွန်တော်လည်း ဘောလုံးပွဲကိုချစ်၏။

(၂)
ဘောလုံးပွဲ ပထမဆုံး ကြည့်ဖူးစဉ် ကျွန်တော့်အသက် (၁ဝ) နှစ်လောက်ရှိနေပါပြီ။

မုပ္ပလင်နှင့် ကျွန်တော်တို့ စစ်တောင်း ချစ်ကြည်ရေးကစားကြခြင်းဖြစ်သည်။ အမျိုးသမီးကြီးများ အပါအဝင် လူကြီးတွေများ ပါဘိ။ ကလေးတွေ ဘောလုံးမှန်မယ်၊ နောက်ကနေဆို၍ လူကြီးခြေထောက်ကြား ချောင်းကြည့်ရ၏။ ဘာမှရေရေရာရာ မမြင်လိုက်ရ။ ပွဲပြီးသွားတော့မှ ရှေ့ထွက်ခွင့်ရ၊ ဘောလုံးသမားများနှင့် ဘောလုံးကိုမြင်ဖူးရတော့သည်။

ပြည်တွင်းစစ်ကြေင့် ပဲခူးသို့ ထွက်ပြေးလာခဲ့ကြရသည်။

ပီအေအေ ဘောလုံးကွင်တွင် ဝင်ကြေး ၂၅ ပြား၊ အထူးတန်း ပြား (၅ဝ) တဲ့။ ကျွန်တော်ရောင်းနေသည့် သစ်ခြသီးလှော်ကလည်း တစ်ကန်တော့ (၂၅) ပြားမို့ ပိုက်ဆံခိုးပြီး ဝင်ကြည်ရကောင်းလေမလား။ သို့သော် မီးအပူဒဏ်ခံနေရသည့် အမေ့မျက်နှာ ပေါ်လာ၍ မခိုးရက်၊ ဘောလုံးပွဲလည်းမကြည့်ဖြစ်။

သည်လိုနှင့် ကျွန်တော်လည်း တက္ကသိုလ်ဝင်တန်း ကျောင်းသားဖြစ်လာ၏။

၁၉၅၂ ခု၊ နှစ်ကုန်လောက်တွင် ရန်ကုန်မြို့ လေတပ် (BAF) က ဘောလုံးအသင်းတသင်း ပဲခူးတွင် ချစ်ကြည်ရေး လာကစား သည်။ တကယ့်အသင်းကြီးမဟုတ်၊ တပ်ခွဲတခုခုက ဖြစ်ပါလိမ့်မည်။ အိမ်ရှင်အသင်းက ၂ ဂိုး ၁ ဂိုးနှင့် နိုင်လိုက်သည်။ အခမဲ့ ပွဲမို့ ကွင်းစပ်အအထိ ကျွန်တော်တို့ကြည့်လိုက်ရ၏။ ပွဲအပြီးတွင် လေတပ်အသင်း captain က အင်္ဂလိပ်လို ပြောပြီး ကျန် ဘောလုံးသမားများကလည်း အင်္ဂလိပ်လို သံပြိုင်အော်ကြသည်။

ထိုအတိုင်း (၃) ကြိမ်တိတိပါ။

(၃)
ကွှန်တော်တို့ နားမလည်ပါ၊ သိချင်ပါ၏။ နောက်နေ့ ဗြိတိသျှရာဇဝင် သင်သောဆရာအား မေးကြည့်ရာ လေတပ်အသင်း captain က Three cheers for the winning team ဟုတိုင်ပေးခြင်းဖြစ်သည်၊ ကျန်ဘောလုံးသမားများက Hu Rah ဟု ဝိုင်းဆိုကြခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာမူ အနိုင်ရသွားတဲ့အသင်းကို သုံးကြိမ်ကောင်းချီးပေးကြပါစို့ဟု တိုင်ပေးပြီး၊ အောင်ပါ စေဟု ဆိုလိုကြောင်း ရှင်းပြသည်။

ဘောလုံးပွဲဟူသည်၊ အားကစား၊ ယဉ်ကျေးမှုဟု ဆရာကပြောပြီး ဆက်လက်ရှင်းပြသေး၏။

အင်္ဂလိန်နှင့်ပြင်သစ် စစ်ဖြစ်လျှင်လည်း အနိုင်အရှုံးရှိ၏။ သေနိုင်သလောက်သေ--ပျက်စီးနိုင်သလောက် ပျက်စီးအောင် အစွမ်းကုန်တိုက်ကြသည်။

သို့သော် အင်္ဂလန်ဘောလုံးအသင်းနှင့် ပြင်သစ်ဘောလုံးအသင်းတို့ ကန်လျှင်မူ ဘောလုံးစည်းကမ်းအတိုင်းသာ ကန်ကြရ သည်။ အနိုင်ရလိုကြသော်လည်း ပိုတော်သောအသင်းကသာ နိုင်သည် (Better team wins) ဟုလည်း ဆရာပြောပြ၏။

(၄)
၁၉၅၃ ခု၊ နှစ်တွင် ကျွန်တော်ရန်ကုန်တက္ကသိုလ် ရောက်လာသည်။

ထိုနှစ်မှာပင် ဆန်စက်ပိုင်ရှင်များအသင်း ပထမတန်း ရှုံးထွက်ပြိုင်ပွဲ၌ ရန်ကုန်တက္ကသိုလ်အသင်း ခြေစွမ်းပြနေသည်။ တက သရှေ့တွင် နဂါးဘတ်စ်ကား များတန်းစီထား၏။ ဘောလုံးပွဲကြည့်လိုသူများအား အောင်ဆန်းကွင်းသို့ ပို့ပေးရန်နှင့်၊ ပွဲအပြီး ပြန်ခေါ်လာရန်ဖြစ်သည်။

ကားတက်စီးပြီး မြောက်ဘက်တန်းကနေ ပြား (၃ဝ) ပေးကာကြည့်ရ၏။ အောင်ဆန်းကွင်း၌ အထမဆုံး ကြည့်ဖူးသောပွဲ၊ ကန်သည်ကလည်း မိမိတို့တက္ကသိုလ်အသင်း။ ကောင်းလေစွ။ ထိုနည်းနှင့် (၄)ပွဲတိတိပါ။ ကျွန်တော်သည် MCFT က ထောက်ပံ့သော တလ ၆ဝိ/- အနက် အဆောင်ခ ၄၃ိ/- ပေးပြီး ကျန် ၁၇ိ နှင့် ချွေတာသုံးနေသည့်ကြား ဘောလုံး ပွဲကြည့် ခြင်းဖြစ်ပါသည်။

ကျောက်တိုင်အထိ အသွားအပြန် ပြား (၃ဝ) စီ၊ ဝင်ကြေး ပြား (၃ဝ) နှင့် စုစုပေါင်း ပြား (၉ဝ) သုံးလျှင် ဘောလုံးပွဲတပွဲကြည့်ရ၏။ တခါမှာတော့ ဘယာကြော်အသေးလေးတွေ ဝါးသီတံနှင့်ထိုး ထိပ်က ကြက်သွန်နီ (၁ဝ) ပြားဖိုး ဝယ်စားလိုက်၏။ အကောက် ခွန်နှင့်ကြည်းတပ်ပွဲက ကောင်းလွန်း၍ ငွေတကျပ်ကုန်ပါစေ။ ကျေနပ်ပါ၏။

(၅)
အတန်းကြီးလာသောအခါ ဝင်ကြေး ၁ိ ပေးပြီး အရှေ့ဘက်ပွဲကြည့်စင်မှ ကြည့်ဖူးပြီ။ စမူဆာ၊ အာလူး၊ မဆလာ ပဲဟင်းရည်နှင့် ဘယာကြော်သုတ် (၂၅) ပြားတန် စားလိုက်သေးသည်။ အတော်ကြာတော့မှ အထူးတန်းက ကြည့်ဖူးပြီး ဆိတ်သားကင်ပါသည့် ပြား (၅ဝ) တန် ဘယာကြော်သုတ်လည်း စားဖူးပြီ။ အပေါင်းအသင်းများနှင့် ဘောလုံးပွဲကြည့်ရင်း အော်တတ်လာ၏။

ရန်ကုန်တက္ကသိုလ်အသင်း လေ့ကျင့်ရာဘောလုံးကွင်းများသို့ ကျွန်တော်တို့သွားကြည့်ကြ၏။

အဝေးကသာ လှမ်းကြည့်ရသော ဘောလုံးသမားများအား အနီးကပ်မြင်ရလေပြီ။ မကြာခဏ သွားကြည့်ရင်း မျက်မှန်းတန်း မိ၏။ သဘောကောင်းသူများနှင့်လည်း မိတ်ဆွေဖြစ်ရ၏။ နောက်တော့ အားကစားအရာရှိ ဆရာငြိမ်းနှင့်ပင် အသိဖြစ်ခွင့်ရ လိုက်၏။

ဘောလုံးပွဲကြည့်ရင်း အော်ချင်သလောက်အော်--ဟစ်ချင်သလောက်ဟစ်--၊ ဒါပေမယ့် မဆဲရဘူး၊ ဘောလုံးပွဲဆိုတာ ရန်ပွဲမှ မဟုတ်တာဟူသော ဆရာငြိမ်း၏ ဆုံးမစကားသည် ဘောလုံးပွဲကြည့်တိုင်း ကျွန်တော့် နားထဲအလိုလိုကြားယောင်လာသည်။

(၆)
၁၉၅၉ ခု၊ နှစ်တွင် ကျွန်တော် မြန်မာအသံတွင် အလုပ်ရ၏။

(၃) နှစ်ခန့်အကြာ၌ ဘောလံးပွဲမှ တိုက်ရိုက်အသံလွှင့်ရန် ရွေးချယ်လေ့ကျင့်ပေးသည့်ထဲ ပါဝင်၏။ ပြောပုံဆိုပုံတို့ကို ဦးကျော် ညိန်း။ ဦးတင်ဦးထံမှ--၊ ဘောလုံးစည်းမျဉ်းဥပဒေတို့ကို အား/ကာဌာနက ဦးလှကြည်၊ ဦးမောင်မောင်တို့ထံမှ-- သင်ယူလေ့ လာကြရသည်။ ကြီးကြပ်သူ ဦးကြီးတင် (English Program Officer နောက်ပိုင်း ဒုတိယ ညွှန်ကြားရေးမှူး) ကစားနေသည့် ဘောလုံးသမားအား ဘယ်သောအခါမှ မလှောင်နှင့် သတိပေးမှားကြားခြင်းကလည်း အဖိုးတန်လှပါဘိ။

Radio Moscow တွင် အလုပ်သွားလုပ်ရင်း FIFA World Cup 1966 ကိုTV ကနေကြည့်ရ၏။

ချစ်ကြည်ရေး လာကစားသော ပြင်သစ်၊ ပိုလန်၊ အရှေ့ဂျာမနီအသင်းတို့မှသည် မြန်မာလူငယ်အထိ ဘေားလုံးပွဲများ ကြည့် ခွင့်ရလိုက်သည်။ ၁၉၆၈ ခု၊ လန်ဒန်သို့ ပထမကြိမ်သွားစဉ် Chelsea ကွင်း၌ Spurs အသင်းလာကစားသည်ကို ကြည့်ဖူး လိုက်၏။

Euro 2008  ကာလ၊ ဒုတိယအကြိမ် ရောက်သွားပြန်တော့ Old Traford သို့သွား မိတ်ဆွေ မန်ယူကို အားပေးကြသူများအတွက် လက်ဆောင်ပစ္စည်းများဝယ်၊ ဓာတ်ပုံရိုက်၏။ Mancester City အသင်းကလည်း ရန်ကုန်တက္ကသိုလ်ကဲ့သို့ အပြာနုရောင် ဝတ်၍ ဝင်ရောက်လေ့လာခဲ့၏။

FIFA ကလုပ်သော ပြိုင်ပွဲများ၊ ဥရောပ၊ တောင်အမေ၊ အာဖရိက တိုက်တို့ကပြိုင်ပွဲများ မလွတ်တမ်း၊ အင်္ဂလန်၊စိပန်၊ အီတလီ၊ဂျာမနီ၊ ပြင်သစ်က တို့ကဘောလုံးပွဲများကြည့်သည်။ ကျွန်တော့်ဘဝတွင် တနေ့တည်း ရုပ်ရှင် (၂)ပွဲသာကြည့်ဖူပြီး၊ ဘောလုံးပွဲ (၃) ပွဲဆက်တိုက်ကြည့်သည့် ရက်တွေကများပါဘိ။ လစဉ်ရသည့်ဝင်ငွေအနက် (၁) နေအိမ်အတွက် လစဉ် ဘဏ်တိုး၊ (၂) ကျန်းမာရေးအမခံ အတွက်ဖယ်ပြီး ဘောလုံးပွဲကြည့်ဖို့ အများဆုံးသုံး၏။

(၇)
ဆရာများကျေးဇူးကြောင့် ကျွန်တော်ဘောလုံးပွဲ ကြည့်တတ်လာခဲ့သည်။

ဘောလုံးသမား ရူနီနှင့်ဇီဒန်း ကို၊ ချာချီ၊ ဒီဂေါလ်တို့နှင့် ခွဲမြင်၏။ ထိုင်းနှင့်မြန်ဘောလုံးကန်ရာသို့ ဗန္ဓုလလိုဝတ် ဝါးရင်းတုတ်နှင့် စစ်သွားတိုက်ဟန် ရူးကြောင်ကြောင် ပေါတောတော လုပ်ကြပုံကဟားစရာ။

ကမ္ဘာပေါ်တွင် ဘောလုံးကစာခြင်း စကတည်းက အနိုင်အရှုံးကရှိခဲ့ပါ၏။ မိမိအသင်းနိုင်ရေး ပြိုင်ဘက်ကို နောက်ပြောင်ခြင်း ကလည်း သဘာဝပါ။ သို့သော်လည်း Face Book ကနေ ဆဲရေးတိုင်းထွာ ညစ်ညမ်းစွာ ရေးနေကြခြင်းကို မြင်တွေ့ရသောအခါ ကျွန်တော်မည်သို့ နားလည်ရမည်မသိ။

ယခု ကျွန်တော်သက် (၈၂) နှစ်ကျော်ခဲ့ပါပြီ။

ဘောလုံးပွဲ ရာပေါင်းများစွာကြည့်ခဲ့ပါပြီ။ အားကစား အစီအစဉ်များစွာ အသံလွှင့်ခဲ့၊ ဆောင်းပါးများစွာ ရေးခဲ့ပါပြီ။ ဦးဂွမ်ရှိန်၊ ဗိုလ်မှူးကြီး ကျော်စိန်ထွန်း၊ ဦးဘရွှေ စသူတို့နှင့် ရင်းနှီးပွင့်လင်းစွာ အကြိမ်ကြိမ်ပြောခဲ့ပြီ။ ဦးစိန်လှုင်နှင့်ဆို ပိုလို့တောင်များ သေး။ ဘောလုံးသမားများ--၊ အလုပ်သဘော တာဝန်အရထက် ပိုပါ၏။ ကျွန်တော်ဘောလုံးကို ချစ်ကြောင်းသူတို့ သိကြ သည်။ သူတို့ကိုယ်တိုင်ကလည်း ဘောလုံးကိုချစ်သကိုး။ ဘောလုံးကိုချစ်လျှင် ဘောလုံးပွဲကြည့်တတ်ဖို့လိုသည်။

ကျွန်တော်လည်း သူတကာနည်းတူ အမေမွေးတုန်းက အူဝဲဟုသာ အော်တတ်တာပါ။

ဘောလုံးပွဲကြည့်တတ်၍ လည်း ကြည့်တိုင်းအရသာရှိ၏။ အဲဒီလိုနှင့် ပဲခူးက အခမဲ့ပွဲမှသည် ဆရာတို့ သွန်သင်သည့် ကျေးဇူး ကြောင့် ယခုအခြေသို့ ရောက်လာသည်ဟုတွေးမိကြောင်းပါ။

၂ဝ၁၈ ခု၊ မတ်လ (၁ဝ) ရက်နေ့။
0