ထွန်းဝင်းငြိမ်း - သခင်ဇင် (၁၉၁၂ - ၁၉၇၅) အပိုင်း (၃)

သခင်ဇင် (၁၉၁၂ - ၁၉၇၅)
အပိုင်း (၃) 

ထွန်းဝင်းငြိမ်း ပြုစုသည်
(မိုးမခ) မတ် ၁၅၊ ၂၀၁၈

လက်နက်ကိုင်တော်လှန်ရေးသို့

တိုင်းပြည်လွတ်လပ်ရေးရတဲ့အခါ ဖဆပလထဲက ဆိုရှယ်လစ်တွေရဲ့အကောက်ကြံမှုကြောင့် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့ရပါတယ်။ သခင်ဇင်လည်း ဗကပဗဟိုခေါင်း ဆောင်တွေနဲ့အတူ ပဲခူးရိုးမကိုတောခိုခဲ့ပါတယ်။ အဲဒီလိုတောခိုပြီး ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ဗဟို ကော်မတီအစည်းအဝေးမှာ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သခင်ဇင်ဟာ သခင်သန်း ထွန်း၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ ရဲဘော်လှသောင်း၊ သခင်သန်းမြိုင်တို့နဲ့အတူ ပေါ်လစ်ဗြူရို အဖွဲ့ဝင်ဖြစ်ခဲ့ ပါတယ်။

သခင်ဇင်တောခိုသွားချိန်မှာ ဇနီးဖြစ်သူဒေါ်ကြည်ကြည်ဟာ ကိုယ်လေးလက်ဝန်ရှိနေတာကြောင့် ရန်ကုန် မြို့၊ စမ်းချောင်း၊ ရှင်စောပုလမ်းမှာ နေရစ်ခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်၊ မေလ ၁ဝ ရက်မှာ ဒပ်ဖရင်(Dufferin) လို့ခေါ် တဲ့ ဗဟိုအမျိုးသမီးဆေးရုံ ကုသိုလ်ဖြစ်အခန်းမှာ သားကြီးကိုဝ(ဦးကျော်ထူး) ကို မွေးဖွားခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် သားဦး ၁၁ လအရွယ်မှာ ဒေါ်ကြည်ကြည်ဟာ ခင်ပွန်းသည်သခင်ဇင်ရှိရာကို လိုက်သွားပါ တော့တယ်။

အဲဒီအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပဲခူးရိုးမမှာ အခြေစိုက်လှုပ်ရှားနေတဲ့ကာလ ဖြစ်ပါတယ်။ ဒေါ် ကြည်ကြည်က သခင်ဇင်ရှိနေတဲ့ ဒိုက်ဦးမြို့နယ် သုံးခွရွာမှာ သားကြီးကိုဝနဲ့အတူ သခင်ဇင့်အစ်မဖြစ်သူ ဒေါ်ပုအိမ်မှာနေကြရပါတယ်။ ဒိုက်ဦးမြို့နယ် သုံးခွရွာနားကဆင်ရွာမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အောက် ဗမာပြည်တိုင်းရုံး ဖွင့်ခဲ့ကြပုံနဲ့ အဲဒီကာလ အတူနေထိုင်ကြရတဲ့ သူတွေအကြောင်းကို ဒေါ်ခင်လက်ျာက ဒေါ်ကြည် ကြည်ဆောင်းပါးမှာ အခုလိုရေးသားခဲ့ပါတယ်။

''သုံးခွရဲ့ ဟိုဘက်မှာရှိတဲ့ ဆင်ရွာမှာ အောက်ဗမာပြည် ပါတီအစည်းအဝေး လုပ်ကြပြီးနောက် ဆင်ရွာမှာ အောက်ဗမာပြည်တိုင်းရုံးလုပ်ဖို့ စီစဉ်ကြပြန်တယ်။ ပါတီအစည်းအဝေးဆိုတော့လည်း လူတော်တော်စုံပါ တယ်။ သခင်ဇင်၊ သခင်ချစ်၊ ဆရာရာဂျန်(ဦးအောင်နိုင်)၊ ဦးဖြူဝင်း၊ ကိုတုတ်၊ ကိုသက် (ဝေါ)၊ ကိုကျော် သန်း(ရွှေကျင်)၊ ဗိုလ်ရဲမောင်(နောင်-လက်နက်ချ)၊ ကိုထိန်ဝင်း၊ မောင်ဖုန်း(သုံးခွ)နဲ့ကိုထွန်းရီတို့ ဖြစ်တယ်။ ပါတီရုံးမှာ အမြဲရှိနေသူတွေထဲမှာတော့ သခင်ဇင်၊ သခင်ချစ်၊ ဦးသက်နဲ့ ဦးတင်မြ(အလံနီမှ သခင်တင်မြ) တို့တွေ ဖြစ်ပါတယ်။ ခင်ပွန်းသည်များကို အထောက်အကူပြုဖို့ သခင်ဇင်ရဲ့ဇနီး အန်တီကြည်ကြည်နဲ့ သခင် ချစ်ဇနီး ဒေါ်ချစ်မေတို့ နှစ်ယောက်ကတော့ ရိက္ခာနဲ့ ကျန်းမာရေးကို တာဝန်ယူခဲ့ကြတယ်။''

၁၉၅ဝ ခုနှစ်မှာ သခင်ဇင်ဟာ အောက်ဗမာပြည်ဌာနခွဲမှ ပျဉ်းမနားမြို့နယ်မှာ ရှိတဲ့ ဗကပဗဟိုဌာနချုပ်သို့ ပြောင်းရွှေ့တာဝန်ယူခဲ့ပါတယ်။ အဲဒီကာလအတွင်း တောတွင်းပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ဗဟိုစည်းရုံး ရေးကော်မတီဝင် ဖြစ်ခဲ့ပါတယ်။

၁၉၅၁ ခုနှစ်၊ မတ်လ ၂၈ရက်နေ့ ပျဉ်းမနားမြို့နယ်၊ ရမည်းသင်းခရိုင် အင်ကြင်းစခန်းမှာ သခင်ဇင်နဲ့ ဒေါ် ကြည်ကြည်တို့ရဲ့ ဒုတိယသားဖြစ်တဲ့ ကိုရ(ဦးကျော်ထူး)ကို မွေးဖွားခဲ့ပါတယ်။ ၁၉၅၂ နှစ်ဦးပိုင်းမှာ သခင် ဇင်ဟာ ဗကပမြစ်ဝကျွန်းပေါ်တိုင်းကို စုံစမ်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ် သွားရောက်ခဲ့ရပါတယ်။ ၁၉၅၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ယောနယ်၊ ပုံတောင်ပုံညာဒေသမှာ ကျင်းပခဲ့တဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော် သုံးပါတီညီညွတ်ရေးကွန်ဖရင့်မှာ ဗကပကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ မတ်လမှာ သခင်ဇင်ဟာ တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ နိုင်ငံရေးမှူးကြီး အဖြစ် ယာယီတာဝန်ယူခဲ့ရပါတယ်။

၁၉၅၃ ခုနှစ်မှာတော့ တပ်ကုန်းအနောက်ဘက်က ပဲခူးရိုးမမှာရှိတဲ့ချောင်းခွဲ ပိန်းချောင်းကမ်းနဘေးက သံပုရာရုံ၊ ကြို့ကြောင်းလေးစတဲ့ရွာတွေမှာ ပါတီတပ်နဲ့အတူ လှည့်လည်တာဝန်ယူခဲ့ပါတယ်။ ၁၉၅၄ ခု နှစ်မှာ ကြို့ကြောင်းလေးရွာကနေ ဒိုက်ဦးနားက သုံးခွရွာ၊ နောက်တော့ ဒုံဇရစ်ရွာတွေမှာ ပါတီတပ်နဲ့အတူ အခြေချ နေထိုင်ခဲ့ပါတယ်။ ဒုံဇရစ်မှာ ပါတီခရိုင်ရုံးစိုက်ထားပြီး ဆေးရုံလည်း ရှိပါတယ်။ ၁၉၅၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ သခင်ဇင်နဲ့ဒေါ်ကြည်ကြည်တို့ရဲ့ တတိယမြောက်ရင်သွေး မဒုံ(ဒေါ်ခင်ညိုလွင်)ကို မွေးဖွားခဲ့ပါတယ်။

မဒုံမွေးဖွားချိန်မှာ ဒေါ်ကြည်ကြည်ရဲ့မိခင် ဒေါ်လွင်ကွယ်လွန်သွားကြောင်း သခင်ဇင်သိခဲ့ပါတယ်။ သွေးနု သားနုနဲ့ဇနီးသည် စိတ်မကောင်း ဖြစ်မှာစိုးတဲ့အတွက် ဒေါ်ကြည်ကြည်ကို ပြောမပြခဲ့ပါဘူးလို့ ဒေါ်ခင် လက်ျာရေးတဲ့ ဒေါ်ကြည်ကြည်အကြောင်းမှာ တွေ့ရပါတယ်။

၁၉၅၅ ခုနှစ်မှာ သခင်ဇင်ဟာ ပါတီဗဟိုကော်မတီအစည်းအဝေးအပြီးမှာ ပဲခူးရိုးမပါတီဌာနချုပ်ကို တာဝန် တခုနဲ့ သွားရောက်ခဲ့ရပါ တယ်။ အဲဒီတာဝန်က ''ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်'' ကို အောက်ခြေပါတီဝင်ထုကိုတင်ပြဖို့နဲ့ မဟာမိတ် ပါတီတွေကို ရှင်းလင်းတင်ပြဖို့ ဖြစ်ပါတယ်။

အဓိကကတော့ မွန်ပြည်သူ့တပ်ဦး(အဲဒီအချိန်က မွန်ပြည်သစ်ပါတီ မဖြစ်သေး)၊ ကေအဲန်ယူတပ်ဦးပါတီနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတို့ရဲ့ နိုင်ငံရေး သဘောတူညီချက်တွေကို တိုင်းပြည်သို့တင်ပြရန်အတွက် ဖြစ်ပါ တယ်။ အဲဒီသဘောတူညီချက်တွေအရ သခင်ဇင်ဟာ မဟာမိတ်ပါတီတွေနဲ့ ပူးတွဲကြေညာချက်တရပ်ကို ၁၉၅၇ ခု၊ မေလ ၂၁ ရက်နေ့စွဲနဲ့ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

''---ပြည်တွင်းစစ် ရပ်စဲသည်နှင့်အမျှ လမ်းပန်းဆက်သွယ်ရေးအားလုံးမှာ သာယာချောမွေ့ပြီး အခြား စစ် ဘေးစစ်ဒဏ်များမှ ကင်းလွတ်ပါလိမ့်မည်။ ထို့ကြောင့် ပြည်သူတရပ်လုံးသည် ပြည်တွင်းစစ်ရပ်စဲရေး အတွက် စေ့စပ်ဆွေးနွေးရေး ဖြစ်မြောက်ရေးအတွက် တခဲနက်အုံကြွ အရေးဆို၍ ဆက်လက်တိုက်ပွဲဝင်ကြ ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ (ပုံ) နိုင်ရွှေကျင်၊ ဗဟိုကိုယ်စားလှယ်၊ (မွန်ပြည်သူ့ပါတီအဖွဲ့ ခေါင်းဆောင်)၊ သခင်ဇင်၊ ဗဟိုကိုယ်စားလှယ်(ဗမာပြည်ကွန်မြူနစ်ပါတီ အဖွဲ့ခေါင်းဆောင် )၊ စောမျိုးသွေး၊ ဗဟိုကိုယ်စားလှယ်၊ (ကေအဲန်ယူပါတီ အဖွဲ့ခေါင်းဆောင်) ဆိုပြီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သခင်ဇင်ဟာ ဖဆပလအစိုးရနဲ့ စေ့စပ်ဖို့အတွက်လည်း မဟာမိတ်ပါတီတွေနဲ့ မနားမနေ အစွမ်းကုန် ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်ေ လာက်ကတည်းက ဇနီးသားသမီးများနဲ့အတူ ပဲခူးရိုးမ ပိန်း ချောင်းဘေးက ဇဟားရွာမှာ မကြာမကြာ လာရောက်နေထိုင်ခဲ့ပါတယ်။ ဒေါ်ကြည်ကြည် စတုတ္ထကိုယ်ဝန် ဆောင်နေစဉ်မှာ တိုက်ဖွိုက်(အူယောင်ငန်းဖျား)ရောဂါဖြစ်ပြီး မကြာခဏအဖျားတက်နေတာကြောင့် ဆေး ထိုး ထိုးပြီးနေရတဲ့အခြေအနေပါ။

အဲဒီအနေအထားမှာ သခင်ဇင်က ပျဉ်းမနား တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲသွားရမယ့်အချိန်နဲ့ တိုက်နေပါတယ်။ သခင်ဇင်တာဝန်အရ စခန်းကထွက်သွားတာကို နောက်ကလိုက်ပြီး ဇနီးဖြစ်သူရောဂါ ကြောင့် နေ့မစေ့၊ လမစေ့ဘဲ မွေးတော့မယ်ဆိုတာကိုအကြောင်း ကြားကြပါတယ်။

သခင်ဇင်ကပြန်လာခဲ့ရင်လည်း ကိုယ်တိုင် ဘာမှလုပ်ကိုင်ပေးနိုင်မှာ မဟုတ်တဲ့အတွက် ကိုယ်ရေးကိုယ်တာ ထက် တာဝန်ကိုဦးစားပေး ဆုံးဖြတ်ချက်ချခဲ့ပုံကို ဒေါ်ခင်လက်ျာရေးတဲ့ ဒေါ်ကြည်ကြည်ဆောင်းပါးမှာ အခု လို တင်ပြထားပါတယ်။

''သခင်ဇင်နဲ့အတူပါသွားတဲ့ ဆေးမှူးဒေါ်တင့်(နိုင်ရွှေကျင်၊ မွန်ပြည်သူ့ ပါတီခေါင်းဆောင်ရဲ့ဇနီး)ကိုပဲ မီးဖွား ရာမှာ ကူညီမီးဖွားပေးဖို့ ပြန် လွှတ်ပေးတာက အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ မိမိရှေ့ကိုဆက်မသွားခဲ့ရင် တောင်သူလယ်သမားအစည်းအဝေးက ပျက်သွားလိမ့်မယ်။ ပျဉ်းမနားမှာစောင့် နေကြမယ့် တောင်သူလယ်သမားများထံသို့ အရောက်သွားတာက ပိုအကျိုးရှိမယ်လို့ စဉ်းစားပြီး သခင်ဇင် က ဆေးမှူးကို အန်တီဒေါ်ကြည်ကြည်ရှိတဲ့ရွာကို အချိန်မီ ပြန်ပို့ပေးလိုက်တယ်။''

သမီးအငယ်ဆုံး မဟား (ဒေါ်ခင်အေးလွင်) ကို နေ့မစေ့လမစေ့ဘဲ ၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် နေ့ ဇဟားရွာမှာ မွေးဖွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ 

သခင်ဇင်ဟာ ၁၉၅၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နေ့စွဲနဲ့ ''ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လမ်းပွင့် စေသော ဦးနု၏သုံးခွန်းသောစကားကို ခရီးကြိုဆို ပြုပါ၏'' ခေါင်းစဉ်ဖြင့် ဝန်ကြီးချုပ်ဦးနုထံသို့ ပူးတွဲ ပေးစာတစောင်ကို ပေးခဲ့ပါတယ်။ အဲဒီပေးစာကို သခင်ဇင်က ဗကပဗဟိုကော်မတီကိုယ်စား၊ မန်းရှန် ဖလေ့က ကေအဲန်ယူတပ်ဦးပါတီ ဗဟိုကော်မတီ ကိုယ်စား၊ နိုင်ရွှေကျင်က မွန်ပြည်သူ့တပ်ဦးပါတီ ဗဟိုကော်မတီ ကိုယ်စားအသီးသီး လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် နေ့စွဲနဲ့လည်း ကေအဲန်ယူ တပ်ဦးပါတီနဲ့ ပူးတွဲပြီး မေတ္တာရပ်ခံ ချက် ထုတ်ပြန်ခဲ့ပါတယ်။

''မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့အနေနှင့် ယနေ့ရင်ဆိုင်နေရသော အကြပ်အတည်းအမျိုးမျိုးနှင့် စိုးရိမ်စရာ အခြေအနေကို ကျော်လွှားရန် ပြည်တွင်း ငြိမ်းချမ်းရေးကို မရမနေ အစွမ်းကုန်ကြိုးစားမည်သာ ဖြစ်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရေးနှင့်ပတ်သက်၍ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့သို့ ကျွန်တော်တို့နှစ်ပါတီ၏ မေတ္တာရပ်ခံချက်ကို သိရှိရန် ပေးပို့ပါသည်။ ငြိမ်းချမ်းရေးတိုက်ပွဲတွင် ပါဝင်ကူညီကြပါရန်လည်း လေးစားစွာ ဘိတ်ခေါ်ပါရစေ---။

ပြည်တွင်းငြိမ်းချမ်းရေးသို့----။

သခင်ဇင်၊ ဗဟိုကော်မတီကိုယ်စား၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇံ၊ ဗဟိုကော်မတီကိုယ်စား၊ ကေအဲန် ယူတပ်ဦးပါတီ'' ဆိုပြီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

သခင်ဇင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည် သူလူထု အလွှာအသီးသီးပါဝင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေက ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အထူးဝါယမစိုက်ထုတ်ပြီး ဆောင်ရွက်နေချိန် မှာပဲ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် နေ့မှာ ဖဆပလဝန်ကြီးချုပ်ဦးနုဟာ ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးအပ်လိုက်ရပြီး အိမ်စောင့်အစိုးရပေါ်ထွက်လာပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရက ၁၉၅၉ ခု၊ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြည် သူ့လွှတ်တော်ကိုဖျက်သိမ်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပစ်ပယ်ကာ တော်လှန်ရေး အင်အားစုအားလုံးကို ထိုးစစ်ဆင်ပါတော့တယ်။

ကွဲကွာခဲ့ရတဲ့ မိသားစုဘဝ

၁၉၅၉ ခုနှစ်မှာ သခင်ဇင်နဲ့ ဗကပဗဟိုခွဲဟာ ပဲခူးရိုးမတောင်ပေါ် ၁၄ ရွာ ဝါမီးရွာအနီးမှာ စခန်းချထားပါတယ်။ သခင်ဇင်တို့တပ်က ရွာနဲ့ ခပ်လှမ်း လှမ်းမှာနေပြီး မိသားစုတွေကို ဝါမီးရွာထဲမှာaနစေပါတယ်။ ဖဆပလ အစိုးရရဲ့ စစ်ဆင်ရေးထိုးစစ်တွေကြောင့် ၁၉၅၉၊ မတ်လ တတိယပတ် aလာက်မှာ သခင်ဇင့် ဇနီးဒေါ်ကြည်ကြည်ဟာ သားသမီးလေးယောက် ကိုဝ (၁၁ နှစ်)၊ ကိုရ(၈ နှစ်)၊ မဒုံ(၅ နှစ်)နဲ့ တစ်နှစ်ခွဲ သာရှိသေးတဲ့ မဟားတို့ကိုခေါ်ပြီး ရွာသားတွေနဲ့အတူ တောထဲကို ထွက်ပြေးပုန်း aရှာင်ခဲ့ရပါတယ်။

ဒေါ်ကြည်ကြည်ဟာ ကလေး ၄ ယောက်နဲ့ တောထဲမှာ တစ်ပတ်တိတိ ပုန်းအောင်းနိုင်ခဲ့ပေမယ့် အစိုးရစစ်ဆင်ရေးတပ်တွေက မိသားစု ငါး ယောက်ကို ဖမ်းမိသွားပါတော့တယ်။ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပဲနွယ် ကုန်း သံလမ်းဘုန်းကြီးကျောင်း၊ အဲဒီကနေ ပဲနွယ်ကုန်းအချုပ်ကို ပို့လိုက်ကြပါတယ်။ ပဲနွယ်ကုန်းအချုပ်ကနေတောင်ငူအုတ်ကြွပ်တန်း အချုပ်ကို မိသားစုလိုက် ပို့ပြန်ပါတယ်။ တောင်ငူအချုပ်ကထုတ်ပြီး ရထားနဲ့ ညောင်လေးပင်ကို ပြောင်းပို့ ပြန်ပါတယ်။ ညောင်လေးပင်အချုပ်ကနေ ပဲခူးထောင်မှာ ခဏထားပြီး ရန်ကုန်ထောင်မှာ ထောင် ၂ နှစ် ချတာ ခံခဲ့ရပါတယ်။ ကိုဝ၊ ကိုရ၊ မဒုံတို့ကို အဘိုးဖြစ်သူက ခေါ်သွားပေမယ့်ငယ်သေးတဲ့ မဟားကတော့ မိခင်နဲ့အတူ ရန်ကုန်ထောင်ထဲမှာ ၁၉၆၁ ခုနှစ် ထောင်က လွတ်သည်အထိ အတူနေခဲ့ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ထွန်းဝင်းငြိမ်း
(သခင်ဇင် စာအုပ်၊ ယဉ်မျိုး စာအုပ်တိုက်၊ ၂၀၁၆ မှ)

Comments