မောင်စွမ်းရည် ● စစ်အစိုးရလက်ထက်မှာ ဖျက်ခဲ့တဲ့ရန်ကုန်ရဲ့ မြို့ပြလက္ခဏာ

မောင်စွမ်းရည် ● စစ်အစိုးရလက်ထက်မှာ ဖျက်ခဲ့တဲ့ရန်ကုန်ရဲ့ မြို့ပြလက္ခဏာ
(မိုးမခ) မတ်လ ၁၂၊ ၂ဝ၁၈

ပြည်ပကို ကျွန်တော်ရောက်နေခဲ့တာ ၁၄-၅ နှစ်ကြာခဲ့ပြီ။ ဒါ့ကြောင့် ဗမာပြည်ရဲ့ မြို့တော်(ဟောင်း) ရန်ကုန်နဲ့ကင်းကွာနေခဲ့ တာလဲ ၁၄-၅ နှစ်ကြာခဲ့ပြီပေါ့။ ၁၄-၅ နှစ်အတွင်းမှာ အပြောင်း အလဲတွေဟာ အများကြီးဖြစ်နိုင်ပါတယ်။ အပြောင်းအလဲတွေက လဲများခဲ့တာကိုး။

ရန်ကုန်မြို့ကြီးဟာဆိုရင် ဘေးကိုကားထွက်လာသလို၊ အထက်ကိုလည်း မြင့်တက်လာပါတယ်။ ရန်ကုန်မြို့အဝင်မှာ ရပ် ကွက်ကျယ်ကြီးတွေ၊ အုတ်တံတိုင်းအရှည်ကြီးတွေနဲ့တွေ့ရတယ်။ သင်ပုန်းကြီးတွေပေါ်ကစာတွေကို ဖတ်ကြည့်တော့ တပ်နယ်မြေတွေဖြစ်နေတယ်။ တပ်နယ်မြေတွေကတော့ အထက်တန်းမချဲ့ဘူး။ ဘေးကိုချဲ့တယ်။

ရန်ကုန်မြို့ကိုဝင်တော့ သစ်ပင်မျိုးစုံစိမ်းစိုလာနေတာတွေ့ရလို့ စိတ်ထဲမှာ စိမ်းလန်းသွားတယ်။ သစ်ပင်တွေများတာ ကောင်း တယ်။ သစ်ပင်က လူတွေရှူရှိုက်ရတဲ့လေထုထဲက လူတွေအတွက် မသင့်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ရှူသွင်းပြီးအစာ ချက်သတဲ့။ အစာချက်ရင်း အောက်ဆီဂျင်တွေကို ထုတ်လုပ်ပေးသတဲ့။ အောက်ဆီဂျင်ဆိုတာက လူရဲ့အသက်ဓာတ်လေ။

မြို့ကြီးအတွင်းမှာ လူဦးရေကတိုးလာတော့ တိုက်တာအိမ် ခြေတွေလည်း တိုးလာရတာပေါ့။ မြို့ထဲကလူတွေက ဘေးမထွက် ချင်တော့ အိမ်တွေကိုအထက်မြင့်ဆောက်တယ်။ ခုနစ်ထပ်တိုက်တွေ၊ ၁၅ ထပ်တိုက်တွေ အများကြီးတိုးလာတယ်။ မြို့ကြီး ပြကြီးနဲ့တူလာတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေကတိုက်တွေလို ဖြူသန့်မနေဘဲ ရေညှိတွေနဲ့ မဲညစ်နေတော့ မြို့ကြီးက သစ်လွင်မနေဘဲ အိုစာနေလေရဲ့။ တချို့တိုက်တွေမှာတော့ ညောင်ပင်တွေ၊ မြက်ပင်တွေတောင်ပေါက်လို့။ အိမ်ရှင်တွေက ဘာဖြစ်လို့ နုတ်မပစ်သလဲ မသိ။ တချို့က ငှားနေတဲ့ လက်လှမ်းမိတဲ့အပင်လေးတွေကိုတောင် နုတ်ပစ်ဖော်မရဘူး။

စပ်မိလို့ပြောရရင် ရန်ကုန်တက္ကသိုလ်နယ်မြေကြီးကလည်း တောထလို့။ ဓမ္မာရုံတော၊ တကသတောတွေအပြင် အဆောင် တွေမှာလည်းမြက်တော့ကြီးတွေ ဝန်းရံလို့။ အဆောင်တွေပေါ်မှာလည်း သစ်ပင်တွေပေါက်လို့။ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေကလည်း ယာယီတဲထိုးရောင်းကြတာဆိုတော့ မီးဘေးဒုက္ခသည်စခန်းကြီးကျလို့။ ဘယ်တော့ပြင်ကြမှာ လဲမသိ။

မြို့ထဲကလမ်းတွေဟာ အားလုံးကွန်ကရစ်လမ်းတွေဖြစ်ကုန်လို့ သပ်ရပ်သွားတယ်။ ဒါပေမဲ့လမ်းတွေက မူလကတည်းက ကျဉ်းတော့ ချဲ့မရဘူး။ လမ်းဘေးကတိုက်တွေက လမ်းနဲ့ကပ်ပြီး အခိုင်အမာဆောက်လုပ်ထားနေကြပြီကိုး။ လမ်းကားမြောင်း တွေကိုထုပါ ကွန်ကရစ်ပြားတွေနဲ့ဖုံးထားတော့ မြောင်းထဲကို အမှိုက်ပစ်လို့မရတော့ဘူး။ ကျုပ်တို့ဗမာတွေက ရေမြောင်းတွေ ဟာ အမှိုက်ပစ်စရာနေရာလို့ ထင်မှတ်ထားကြတာကိုး။ ခွေးသေပုတ်၊ ကြောင်သေပုတ်တွေတောင် ပစ်ချကြသေးတယ်။ လမ်းဘေးမှာ မြောင်းရှိတဲ့နေရာတွေ၊ တံတားတွေဘေးနေရာတွေနဲ့ မီးရထားလမ်းပေါ်မှာတော့ ကြံကြိတ်ဖက်များစု၊ ဂုံနီ အိတ်စုတ်၊ ဖိနပ်စုတ်၊ ခွေးသေ၊ ကြောင်သေတို့ တွေ့ရမြဲပါပဲ။ လူသေမတွေ့လို့ တော်သေး။

လမ်းတွေကကျဉ်းရတဲ့အထဲ လမ်းဘေးမှာ အိမ်တိုင်းလိုလိုက အိမ်ဆိုင်လေးတွေ ဖွင့်ထားကြလေရဲ့။ ငှက်ပျောဖီးတွေ၊ ရော်ဘာဖိနပ်တွေ၊ ငါးခြောက်ပြားတွေ တွဲလောင်းချလို့ပေါ့။ လမ်းဘေးစင်္ကြန်ပေါ်ကို ဈေးဆိုင်မဖွင့်လို့ စည်ပင်အဖွဲ့က ကြေ ညာထားဟန်တူပါရဲ့။ ဒါပေမဲ့ စင်္ကြန်အထက်မှာတော့ မိုးကာစနဲ့ အဖီချထားကြတာများတယ်။ အပေါ်မှာတော့ ရောင်းကုန် တွဲလာင်းတွေရှိတာပေါ့။ အမှိုက်ပုံးတွေ နေရာတကာရှိနေတာကတော့ ဟန်ကျတယ်။ ရပ်ကွက်ငယ်တွေထဲမှာ ညနေတိုင်းအမှိုက်သိမ်းလှည်းကားလာပြီ၊ ဂလိုင်လှုပ်ရင် အမှိုက်ထုပ်ကလေးတွေ လူတွေထွက်လာကြပြီး အမှိုက်ပစ်ကြတာ တွေ့ရပါ တယ်။ ကောင်းပါ့။

လမ်းဘေးမှာ သစ်ပင်တွေရှိတာတော့ ဟန်ကျတယ်။ မျက်စိ အေးတာပေါ့ လေထုလည်းသန့်တာပေါ့။ မိုးမရွာတဲ့အခါမှာတော့ သစ်ရွက်တွေမှာ ဖုံတွေအုပ်နေလို့ အရွက်တွေသိပ်မစိမ်းနိုင်ကြဘဲ ညစ်မွဲမွဲတွေ ဖြစ်နေကြလေရဲ့။ အပင်တွေကတော့ မြို့ထဲ မှာ ပိုစုံလာလာတယ်။ ခရေပင်၊ ရေတမာပင်၊ ပိတောက်ပင်၊ တမာပင်၊ အလဲ ရာဘောစတိုင်ပင်တွေအပြင်၊ ချို့နေရာမှာ အထူးစိုက်ထားပုံရတဲ့ ကျွန်းပင်နဲ့ ထင်းရူးပင်တွေတောင်တွေ့ရသေးရဲ့။ အလေ့ကျပေါက်တာတွေလည်း များပုံရပါတယ်။ လမ်းလယ်ဘောင်တန်းတွေမှာတော့ ထန်းပင်လေးတွေက ကျက်သရေရှိလှပေတယ်။

မြို့ပြလက္ခဏာမှာ ဆေးရုံ၊ ဈေး၊ စာသင်ကျောင်း၊ စာကြည့် တိုက်၊ ပန်းခြံ၊ ကစားကွင်း၊ ရဲစခန်း၊ အကျဉ်းထောင်စသဖြင့် အစုံ ရှိရတယ်။ ဝမ်းနည်းစရာကောင်းတာက စာကြည့်တိုက် ကစားကွင်းနဲ့ပန်းခြံတွေကို အရင်အရပ်သားအစိုးရလက်ထက် ဖန်တီးထားခဲ့ပေမယ့် စစ်အစိုးရလက်ထက်မှာ လူထုဆန္ဒပြပွဲတွေလုပ်မှာ အားလုံးဈေးဆိုင်တွေ ဆောက်ပစ်ခဲ့ကြတယ်။ ရပ် ကွက်တိုင်းမှာ ကလေးတွေနဲ့ ပန်းခြံလေးတွေပြန်ဖော်ဖို့ အမြန်လုပ်သင့်ပါတယ်။ ကလေးတွေ လမ်းပေါ်ရောက်ရင် ကားတိုက် တတ်တယ်။ ခရီးသည်တွေမှာလည်း ကလေးတွေကို ရှောင်ရတာနဲ့ ဒုက္ခများမှာပေါ့။ စစ်တပ်က စစ်အကျိုးပဲကြည့်တယ်။ ပြည်သူ့ရှုဒေါင့် လုံးဝမကြည့်။

ကမ္ဘာ့အံ့ဖွယ်တရပ်ကတော့ မြို့တော်ရန်ကုန်ဘဝမှာ အမျိုးသားစာကြည့်တိုက်ဆိုတာ နေရာမရှိခဲ့လို့ ကိုယ်ပိုင်အဆောက် အဦးမရှိခဲ့တာပါ။ ဒါမျိုးဟာ ကမ္ဘာမှာ ဗမာပဲရှိတဲ့ အံ့ဖွယ်သုတပါ။ ဗိုလ်ခင်ညွန့်က စာကြည့်တိုက်ကို နေရာပေးခဲ့ဖူးတယ်။ တာမွေသင်္ချိုင်းထဲ အမျိုးသားစာကြည့်တိုက်ဆိုတာ မြို့လယ်မှာ လူအများ လာရောက်ဖို့ လွယ်ကူတဲ့နေရာလိုဟာမျိုးမှာ ရှိရ မှာပေါ့။ စာကြည့်တိုက်မှူးများ အစည်းအဝေးမှာ စာကြည့်တိုက်ပညာရှင်တဦးက ထပြီးအကြံပေးတော့ ''ဒါ ခင်ဗျားကိစ္စ မဟုတ်ဘူး။ မပြောနဲ့။ ထိုင်တဲ့။ စာကြည့်တိုက်ကိစ္စကို စာကြည့်တိုက်မှူးက တက္ကသိုလ်ပညာရပ်တခုအနေနဲ့ သင်ယူဆည်း ပူးထားရတာခင်ဗျ။ စစ်ဗိုလ်တွေက စစ်ပညာသင်ရသလိုပေါ့။ စာကြည့်တိုက်မှူးက စစ်ပညာမသိဘူး။ ဝင်မစွက်ဘူး။ အဲ သလိုပဲ စစ်သားက စာကြည့်တိုက်ကိစ္စကို နားမလည်ဘဲ ဝင်မစွက်ရဘူးလို့ စစ်ဗိုလ်တွေက မစဉ်းစားတတ်ဖူးပေါ့။  မသိ။ ''အ ကောင်းဆုံးဟူသမျှ ကလေးများဖို့'' လို့ ကုလသမဂ္ဂက ကြွေးကြော်သံထုတ်ဖူးတယ်။ ဗမာစစ်တပ်က အကောင်းဆုံးဟူသမျှ စစ်သားများဖို့လို့ပဲ ခံယူတယ်။ စစ်ယူနီဖောင်းဝတ်ထားပြီး သင်္ကန်းဝတ်လို ကန်တော့ခံချင်လို့ မဖြစ်ဘူးလေ။

တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားကြနဲ့တဲ့။ တောင်းပန် ဝန်ခံခိုင်းတာလည်း အခါခါ။ သူတို့က အာဏာသိမ်းငွေတွေသိမ်း ပစ္စည်းတွေသိမ်း၊ ကျောင်းသားနဲ့ဘုန်းကြီးတွေသတ်ခဲ့တာ တောင်းပန်ရမယ်။ ကျေနိုင်ရိုးလား ''တော်တော်'' တို့ရေ။

မောင်စွမ်းရည်
၂ဝ၁၈ ဖေဖော်ဝါရီ

Comments