မင်းခိုင် ● လငပုပ်ကြီးကို မော့ကြည့်ခြင်း

မင်းခိုင် ● လငပုပ်ကြီးကို မော့ကြည့်ခြင်း
(မိုးမခ) မတ်လ ၅၊ ၂၀၁၈

ကလေးဗဟိုပြုသင်ကြားရေး (Child-Centered Approch/Child-Centered Eduation) ဆိုတဲ့ စကားလုံးဟာ ခုချိန်မှာတော့ အရပ်သားတွေတောင် နားရည်ဝနေလို့ ကိုယ့်သားသမီးပညာရေးအကြောင်းပြောရင် ထည့်ထည့်ပြောတတ်တဲ့ စကားလုံး တလုံး ဖြစ်လာပါပြီ။

အများစုကလည်း မြန်မာ့ပညာရေးဟာ ဆရာဗဟိုပြုပညာရေး (Teacher-Centered Education) လို့ လက်ခံထားပြီး တယ် သဘောမကျပါဘူး။ ကလေးဗဟိုပြုပညာရေးကမှ ပိုပြီးခေတ်မီတယ်လို့လည်း မှတ်ယူကြပါတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။ ဆရာဗဟိုပြုသင်ကြားရေးဆိုတာ ဆရာပြောသမျှ မှတ်သား၊ နာယူ၊ ကျက်မှတ်ဆိုတဲ့ အငြိမ်သင် နည်းကိုး။ ကျောင်းသားတွေရဲ့ ဦးနှောက်တံခါးတွေကို ဖွင့်မှ မဖွင့်နိုင်ပဲကိုး။ သင်ကြားရေးဖြစ်စဉ် (learning process) မှာ ကျောင်းသားကိုယ်တိုင် တက်တက်ကြွကြွပါလာအောင်မှ မလှုံ့ဆော်နိုင်ပဲကိုး။

ဒါပေမဲ့ အဲလိုပြောလို့လည်း ဆရာဗဟိုပြုသင်ကြားရေးက သုံးစားမရတဲ့စနစ်လားဆိုတော့လည်း မဟုတ်ပြန်ဘူးဗျ။ သူ့မှာ လည်း သူ့ကောင်းကွက်လေးတွေ ရှိတယ်။ ဥပမာ ဆရာပေါ်မှာ ဗဟိုပြုတာဖြစ်လို့ ဆရာကသာ တော်ထက်ခဲ့မယ်ဆိုရင် ထိ ရောက်မယ့်စနစ်ကိုးဗျ။

အဲလိုပါပဲ ကလေးဗဟိုပြုသင်ကြားရေးမှာလည်း ကောင်းကွက်တွေပဲ ရှိတာမဟုတ်ပါဘူး။ သူ့မှာလည်း အားနည်းချက်လေး တွေနဲ့ပါ။ (ဆရာဒေါက်တာသိန်းလွင်ကတော့ ကလေးဗဟိုပြုသင်ကြားရေးဟာ မြန်မာနိုင်ငံနဲ့ မကိုက်ညီဘူးလို့ မှတ်ချက်ချ ထားပါတယ်)

အဓိကက ဆရာပဲ ဗဟိုပြုပြု၊ ကျောင်းသားကိုပဲ ဗဟိုပြုပြုသင်ကြားရေးမှာ ကျောင်းသားကိုယ်တိုင်ပါဝင်လာတဲ့ active learning ဖြစ်ဖို့ပါပဲ။

ဒါကြောင့် နောက်ပိုင်းမှာတော့ သင်ကြားရေးဗဟိုပြု (Learning-Centered Education) ဆိုတဲ့ အယူအဆကို ပြောလာကြ ပါတယ်။

ဝမ်းနည်းဖို့ကောင်းတာက ကျနော်တို့ဆီမှာ Learning-Centered မပြောနဲ့ Child-Centered ဆိုတာတောင် မပီဝိုးတဝါးပါ။

ပြီးတော့ အများထင်သလို ကျနော်တို့ပညာရေးဟာ Teacher-Centered အဆင့်တောင် မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆရာတွေဟာ သူတို့အစွမ်းရှိသလောက် သင်လို့မရပါဘူး။ တနည်းအားဖြင့် ဆရာကိုဗဟိုပြုပြီး တပည့်တွေ ဖွံ့ဖြိုးတိုးတက် အောင် အားသွန်ခွန်စိုက် လုပ်လို့မရပါဘူး။

Why ... ဘာလို့ပါလဲ။

စာမေးပွဲဆိုတော့ ချောက်ကမ်းပါးကြီးက တားဆီးထားလို့ပါ။ တကယ်တော့ ကျနော်တို့ ပညာရေးဟာ EXAM-CENTERED Education ပါ။

မင်းနှယ်ကွယ် ... စာသင်တာ စာမေးပွဲမရှိရဘူးလားဆို ရှိရပါတယ်။ ဒါပေမဲ့ ကျနော်တို့စာမေးပွဲက သူများနဲ့မတူ ထူးပြီး ဖင် မှာ ဂျို (ချို) ပေါက်နေလို့ပါပဲ။

နမူနာတစ်ခုပဲ ပြောပါ့မယ်။

တတ်အောင် သင်မှာလား၊ အောင်အောင် သင်မှာလား။
ဘာသာရပ်ကျွမ်းကျင်အောင် သင်မှာလား၊ အမှတ်ကောင်းအောင် သင်မှာလား .. ။

ဒါ .. မြန်မာပြည်မှာ ကျောင်းဆရာလုပ်တော့မယ်ဆိုရင် ရင်ဆိုင်ရမယ့် ပြဿနာပါ။

အံ့ဖွယ်သနင်းပါ။
အလွန့် အလွန်ကို အံ့ဖွယ်သနင်းပါ။
ထူးခြားဖြစ်စဉ်ပါ။
မဟာ့ မဟာ ထူးခြားဖြစ်စဉ်ပါ။

တတ်တာနဲ့ အောင်တာနဲ့ မတူဘူးတဲ့ (တတ်တိုင်းလည်း အောင်ချင်မှ အောင်မယ်တဲ့)
ဘာသာရပ်ကို နားလည်ကျွမ်းကျင်တာနဲ့ အမှတ်ကောင်းတာနဲ့ မတူဘူးတဲ့ (နားလည်ကျွမ်းကျင်တိုင်းလည်း အမှတ်ကောင်း ချင်မှ ကောင်းမယ်တဲ့)

ဘာလို့လဲဆိုတော့ မေးခွန်းပုံစံနဲ့ အမှတ်ပေးစည်းမျဉ်းကြောင့်ပဲ။

ဟဲ့အကောင် ... အမှတ်ခြစ်တာ အမှတ်ပေးစည်းမျဉ်း မရှိလို့ ရမလားဟ၊ နင့်အဖေ နိုင်ငံတွေမှာလည်း ရှိတာပဲဆို .. ဟုတ်ကဲ့ ရှိပါတယ်။ အမှတ်ပေးစည်းမျဉ်းဆိုတာတော့ ရှိပါတယ်။ ရှိရပါတယ်။

ဒါပေမဲ့ သူရို့ဆီက အမှတ်ပေးစည်းမျဉ်းဆိုတာ ဥပမာ current ကို မေးတယ်ဆိုရင် current တန်ဖိုးရရင် အမှတ်ရတာပဲ။ by Ohm's Law လို့ ပါမှတို့ ဘာတို့လို မယောင်ရာ ရေမန်းတု တောက်တာ မဟုတ်ဘူး။

နောက် အရေးကြီးတဲ့တစ်ခုက သူရို့အမှတ်ပေးစည်းမျဉ်းဆိုတာ လျှို့ဝှက်မဟုတ်ဘူး။ ဥပမာ Cambridge က စစ်တဲ့ GCE (ICGES) စာမေးပွဲတွေဆို မေးခဲ့သမျှ မေးခွန်းပေပါတွေနဲ့ အမှတ်ပေးစည်းမျဉ်းကို အွန်လိုင်းမှာ တင်ထားတာ။ ဘယ်သူ ယူကြည့်ကြည့်ရတယ်။

ဒီမှာတော့ ဘာလို့မှန်းမသိ အထူးလျှို့ဝှက်ဖြစ်နေတယ် (တကယ်ဘာလို့မှန်းမသိ)။

ဘယ်ဆရာမှ စံအဖြေ (အမှတ်ပေးစည်းမျဉ်းနဲ့အညီ ဖြေဆိုထားပါတယ်ဆိုတဲ့ အဖြေ) ကို ပြောင်းပြီး မဖြေရဲဘူး။
(ကျနော်လည်း မဖြေရဲဘူး)

ဘာလို့လဲဆိုတော့ ကိုယ့်ကလေး အမှတ်မရမှာစိုးလို့ ... ။

ဆရာတင် စာမေးပွဲကို ဗဟိုပြုတာလားဆိုတော့ မဟုတ်၊ ကျောင်းသားကလည်း စာမေးပွဲကို ဗဟိုပြု၊ မိဘကလည်း စာမေးပွဲကို ဗဟိုပြု ... အားလုံးအားလုံးဟာ စာမေးပွဲကို ဗဟိုပြု ... ။ ဒါကြောင့် ပြောပါတယ် ... ကျနော်တို့ပညာရေးဟာ Exam-Centered Education ပါ။

အဲတော့ ဘာဖြစ်လဲ ... ။

ဘာမှမဖြစ်ပါဘူး။
နိုင်ငံတကာပညာရေးရပ်ဝန်းမှာ မကြားရတဲ့ စပေါ့လိုက်၊ ခန့်မှန်းမေးခွန်းဝယ်ရောင်း၊၊ ကျမ်းရောင်းကျမ်းဝယ်၊ ကျောင်းသား ဝယ်၊ စာခိုးချဆိုတဲ့ စကားလုံးတွေ ကြားရတာပေါ့။

အထက်မှာမေးခဲ့သလို တတ်အောင်သင်မှာလား၊ အောင်အောင်သင်မှာလားလို့ ရွေ့းရတော့တာပေါ့။

ပါစကယ်လောပုစ္ဆာတွေမှာ ကျေသွားမယ့် ယူနစ်တွေကို SI unit တွေ ပြောင်းသင့်/မပြောင်းသင့်ဆိုတာ ဆွေးနွေးငြင်းခုံ စရာကြီး ဖြစ်လာတာပေါ့။

By Snell's Law တို့ By Archimedes' principle တို့ တပ်သင့် မတပ်သင့်ဆိုတာ လေ့လာစရာ မှတ်သားနာယူစရာကြီး ဖြစ်လာတာပေါ့။

g တန်ဖိုးကို 10 နဲ့ သုံးရမှာလား၊ 9.8 နဲ့ သုံးရမှာလားဆိုတာ တွေဝေစရာကြီး ဖြစ်လာတာပေါ့။

closed organ pipe အတွက် fn ပုံသေနည်းကို ပုံနှိပ်မှာ ပေးမထားလို့ သုံးသင့်/မသုံးသင့်ဆိုတာ မဟာပြဿနာကြီး ဖြစ်လာ တာပေါ့။

ဟိုလိုဖြေရင် အမှတ်ရမှာလား၊ ဒီလိုဖြေရင် အမှတ်ရမှာလားဆိုတာ .... အရေးတကာ့ အရေးအကြီးဆုံးဖြစ်လာတော့တာပေါ့။

အဲတော့ ဘာဖြစ်လဲ။

ဘာမှမဖြစ်ပါဘူး။

သူများတွေက ပညာရေးကို Decentralization လုပ်နေချိန်မှာ ကိုယ်တွေက Strong Centralization ဖြစ်လာတာပေါ့။

သူများတွေက Teacher-Centered, Student-Centered ကနေ Learning Centered ကို သွားနေတဲ့အချိန်မှာ ကိုယ်တွေက Exam-Centered ကနေ (နိုင်ငံတကာမှာမရှိတဲ့) Tuition-Centered အဲဒီကနေ Study Guide - Centered ကို ပျော်ပျော် ပါးပါးကြီး သွားကြတာပေါ့။

Learniing Process မှာ Knowledge (အချက်အလက်)ဆိုတာ အခြေခံအဆင့်ပါ။
အဲဒီကနေမှ Comprehension (နားလည်သဘောပေါက်)
အဲဒီကနေမှ Analysis (အချက်အလက်သရုပ်ခွဲ)
အဲဒီကနေမှ Synthesis (အချက်အလက်သီအိုရီတွေကို ပေါင်းစပ်အသုံးချ)
အဲဒီကနေမှ Evaluation (ဝေဖန်အကဲဖြတ်)

ဟုတ်ကဲ့ ... လက်ရှိ Exam-Centered Education နဲ့ ဒီ Learniing Process တွေကို ဖန်တီးလို့ ရမရဆိုတာတော့ ... ။

Comments