![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkDw1mQQHw-9YbUAvnWHOWJ6eWf20GLinSWl21k3-bRmg3Bx3zQpA_XKP6UAZ_e6BeM37EfU49EJTB4GfYKH1PSNgfaa21t23uQvW5dl3KEUTCVqCIAHnGFrrXdas8t5HF7ynRme8vZg36/s320/pepuek8g.jpg)
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၆၁)
(မိုးမခ) မတ်လ ၁၉၊ ၂ဝ၁၈
(မိုးမခ) မတ်လ ၁၉၊ ၂ဝ၁၈
● ၁ဝ၁ စစ်ဒေသ
တရုတ်ပြည်မှ ပြန်ထွက်လာပြီး KIA ဌာနချုပ်သို့ အရောက်တွင် KIA ခေါင်းဆောင် လထော်ဇော်တူးနှင့် ဇခုံတိန့်ယင်းတို့ နောက်တကြိမ်သဘောထားကွဲလွဲမှု ထပ်မံဖြစ်ပွါးသည်။ လထော်ဇော်တူး၏အကို KIO ဥက္ကဌ လထော်ဇော်ဆိုင်းမှာ ထိုစဉ်က ထိုင်းနယ်စပ်သို့ရောက်ရှိနေသည်။ လထော်ဇော်ဆိုင်းသည် ထိုင်းနယ်စပ်တွင် ကူမင်တန်အပါ ကွန်မြူနစ်ဆန့်ကျင်ရေး အုပ်စုများနှင့်ချိတ်ဆက်မိပြီး အမေရိကန်အကူအညီရယူရန် စိုင်းပြင်းနေသည်ဖြစ်ရာ တရုတ်ကွန်မြူနစ်နှင့် CPB တို့ ပူးပေါင်းခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ လထော်ဇော်တူးတို့ကလည်း လထော်ဇော်ဆိုင်း၏ဆုံးဖြတ်ချက်နှင့် အညီလုပ်ဆောင် ရန် သဘောတူကြသည်။
ဇခုံတိန့်ယင်းကတော့ တရုတ်ပြည်နယ်စပ်တွင် ရပ်တည်နေသော ၎င်းတို့အနေနှင့် တရုတ်ကွန်မြူ နစ်ဆန့်ကျင်ရေးလုပ်သည် မှာ မဖြစ်နိုင်၊ မိမိတို့အတွက် အကျိုးယုတ်နိုင်သည်ဟု ယူဆသည်။ တရုတ်၊ CPB တို့နှင့် ပေါင်းရန်အားသန်သည်။ လထော် ဇော်တူးက လက်မခံ။ တချိန်တည်းတွင် တရုတ်ကအပြန် လက်နက်တပ်ဆင်လာသော ဇခုံတိန့်ယင်း စစ်ကြောင်းအင်အား၁၂ဝ ခန့်မှ အင်အား ၁ဝဝ ခန့်၎င်း၏ကွပ်ကဲမှုအောက်သို့ ပြောင်းလိုက်ပြီးဇခုံတိန့်ယင်းအား ဌာနချုပ်သို့ တပ်ထောက်အဖြစ် ပြောင်းရွှေလိုက်တော့သည်။
ဤအကြိမ်တွင်တော့ ဇခုံတိန့်ယင်းသည် CPB နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။ KIA ဌာနချုပ်သို့ မပြောင်းရွှေ့ပဲ ၎င်း ဒေသ ဖီမော်သို့ပြန်၍ မိန်းမယူခွင့်ပြုရန် လထော်ဇော်တူးထံဟန်ဆောင်ခွင့်တင်ပြီး ထွက်လာခဲ့သည်။ လထော်ဇော်တူးခေါ် သွားသော ၎င်း၏တပ်ဖွဲ့ဝင်များအား ၎င်းနောက်လိုက်ခဲ့ရန် လျှို့ဝှက်အကြောင်းကြားခဲ့ရာ ၎င်း၏တပ်ဖွဲ့ဝင်ဟောင်းများက လည်း လိုက်ပါလာခဲ့ကြပြီး ၁၉၆၈ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဖရယ်တောင်ကြား (နယ်စပ်ကျောက်တိုင် အမှတ် ၅ နှင့် ၆ အနီး) မှ တရုတ်ပြည်ထဲသို့ဝင်ရောက်သည်။ ဤသို့ဖြင့် ဇခုံတိန့်ယင်းခေါင်းဆောင်သော အင်အား ၁၈၅ ဦးခန့်သည် KIA မှ ပထမဆုံး စတင်ခွဲထွက်ခဲ့ကြသည်။ ထို့နောက် လယောက်ဇလွန်းဦးစီးသည့် စစ်ကြောင်းမှ အင်အား ၂ဝဝ ခန့်သည်လည်း ကောင်း၊ ပန်ဝါတောင် ကြားတွင်နောက်ချန်ထားသည့် အင်အား ၆ဝ ခန့်သည်လည်းကောင်း၊ စသည်ဖြင့် ထပ်မံ၍ လိုက်ပါပူး ပေါင်းခဲ့ကြရာ စုစုပေါင်း အင်အား ၅ဝဝ နီးပါး KIA မှ ခွဲထွက်၍ တရုတ်ပြည်သို့ ဝင်ရောက်ခဲ့သည်။
ထိုအင်အားများ KIA မှ ခွဲထွက်လာခြင်းသည် တရုတ်နှင့်ပေါင်းရေးမပေါင်းရေး၊ CPB နှင့် ပေါင်းရေး မပေါင်းရေးဆိုသည့် နိုင်ငံရေးအမြင်ကွဲလွဲမှုအပြင် ကချင်တိုင်းရင်းသားအတွင်း လူမျိုးစုများကြား ကွဲလွဲမှုများကြောင့်လည်း တစိတ်တပိုင်းပါဝင်ပုံ ရသည်။ ထိုစဉ်က KIA တွင် ကချင်လူမျိုးများအတွင် လူဦးရေအများစုဖြစ်သော ဂျင်းဖေါက လွှမ်းမိုးမှု ရှိပြီး ကျန်လူမျိုး စုများနှင့် ပဋိပက္ခအတန်ငယ်ရှိနေသည်။ ၁၉၆၅ ခုနှစ်တွင် ပူတာအို၊ ခေါ်ဘူဒဲ (ခေါင်လန်ဖူး) ဘက်တွင် KIA နှင့် ရဝမ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အတူ မေခမြစ်အရှေ့ဖက်ကမ်း ချီဗွေ၊ ဆော့လော်၊ ဖီမော်ဒေသသည် လချိတ်နှင့် လော်ဝေါ်တိုင်းရင်းသားဒေသများဖြစ်ကြသည်။ ဇခုံတိန့်ယင်းနှင့် လယောက်ဇလွန်းတို့မှာ လချိတ်နှင့်လော်ဝေါ်တိုင်းရင်းသားများဖြစ်ပေရာ ဂျင်းဖေါတို့၏လွှမ်းမိုးမှု အောက်မှ ရုန်းထွက်လိုခြင်းသည်လည်း အကြောင်းတချက် ဖြစ်ပုံရသည်။ သို့နှင့် လချိတ်တိုင်းရင်းသား ဇခုံတိန့်ယင်းနှင့် လော်ဝေါ်တိုင်းရင်းသား လယောက်ဇလွန်းတို့ ခေါင်းဆောင်သော လချိတ်နှင့်လော်ဝေါ်တပ်ဖွဲ့များနှင့်လချိတ်နှင့် လော်ဝေါ်တိုင်းရင်းသားဒေသသည် CPB ၁ဝ၁ စစ်ဒေသအတွက် ရေခံမြေခံဖြစ်လာတော့သည်။ ထို့အတူ ဇခုံတိန့် ယင်းသည် KIA အတွက် သစ္စာဖောက်တဦးဖြစ်ခဲ့ပြီး CPB အတွက် သူရဲကောင်းတဦးဖြစ်ခဲ့ပေတော့သည်။
တရုတ်ပြည်တွင်းသို့ရောက်လာသော ဇခုံတိန့်ယင်းနှင့် လယောက်ဇလွန်းဦးစီး အင်အားများထဲမှ အတန်ငယ်အသက်ကြီးသူ ၆ဝ ခန့်ကို ထုတ်နှုတ်၍ ဒေသလုပ်ငန်းများအတွက် လေ့ကျင့်ပြီး ကျန်အင်အားစုအားလုံးကိုထိန်ခြုံးမြို့အနီး ကူတုန်ရှိ ၁ဝ၅ တပ်ဖွဲ့စခန်းတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်သည် CPB နှင့်တရုတ်တို့ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၁ဝ၅ တပ်ဖွဲ့မှာ အိန္ဒိယနိုင်ငံမှ အစိုးရအားပုန်ကန်နေသည့် နာဂတပ်ဖွဲ့များအားလည်း တရုတ်တို့ လေ့ကျင့်ပေးသည့်စခန်းလည်းဖြစ်သည်။
လေ့ကျင့်မှု များပြီးဆုံးသည့်အခါ CPB နှင့် ဗိုလ်နော်ဆိုင်းတပ်မှ ရဲဘော်ဟောင်းများဖြင့် အင်အားဖြည့်တင်းပြီး ၁ဝ၁ တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းသည်။ နိုင်ငံရေးမှူးအဖြစ် ရဲဘော်ဘိုစိန် (စစ်ချွမ်းရဲဘော်ဟောင်း)၊ တပ်မှူးရဲဘော်ဇခုံတိန့်ယင်း၊ ဒုနိုင်ငံ ရေးမှူး ရဲဘော်ဆွန်လွတ်နော် (ကွေ့ကျိုးရဲဘော်ဟောင်း)၊ ဒုတပ်မှူးရဲဘော်လယောက်ဇလွန်း၊ စစ်ဦးစီးမှူးရဲဘော်ထွန်းမောင် တို့ဖြင့် ခေါင်းဆောင်မှုကို ဖွဲ့စည်းပြီး တပ်ဖွဲ့အား တပ်ခွဲ ၆ ခွဲဖြင့် ဖွဲ့စည်းခဲ့သည်။
၁၉၆၉ ခုနှစ်မေလတွင် မြန်မာပြည်တွင်းသို့ ဖီမော်ဒေသမှ ပြန်လည်ဝင်ရောက်ခဲ့သည်။ ထိုချိန်ကာလက တရုတ်ပြည်တွင်း၌ လည်း ထိန်ချုံးမှ သံလွင်မြစ်ဘေးရှိ လုခိုး (လီဆူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ) ထိသာ ကားလမ်းပေါက်သေးသည်။ လုခိုးမှ တရုတ်ပိုင်ဖီမော်ထိ ကားလမ်းမပေါက်သေးပေ။ ၁ဝ၁ တပ်ဖွဲ့သည် လုခိုးမှဖီမော်တောင်ကြောအားဖြတ်၍ လမ်းလျှောက်ချီ တက်ကာ ဖီမော်ဒေသသို့ ၁၉၆၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့သည်။
ထိုအချိန်က ထိုဒေသရှိ အစိုးရတပ်စွဲထားသည့် ထန်တုန်နှင့် ဖျင်လို့အား ၁၉၆၉ ခုနှစ် မေလ ၂၅ ရက်တွင် စတင်၍ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၁ဝ၁ စစ်ဒေသအား စတင်ဖွင့်လှစ်ခဲ့သည်။ ထန်တုန်တိုက်ပွဲအပြီး ဖီမော်ရှိ ရဲစခန်းလည်းဆုတ်ခွါသွားရာ၁ဝ၁ စစ်ဒေသသည် ထိုဒေသအား ငဇွန်ဘောင်မြို့နယ်အဖြစ် သတ်မှတ်၍စတင်ထိမ်းချုပ်နိုင်ခဲ့သည်။ ထိုနောက် ငေါချမ်းခ မြစ်ရိုး အတိုင်း ဆက်လက်လှုပ်ရှားပြီး နယ်မြေတိုးချဲ့ခဲ့သည်။ နောက်ပိုင်း အစိုးရတပ်ဖွဲ့များကပြန်လှန်ထိုးစစ်ဆင်လာခဲ့ပြီး ငေါ့ချမ်း ခ မြစ်ရိုးတလျှောက် အပြန်အလှန်တိုက်ပွဲများဖြစ်ပွားပြီး တက်လိုက်ဆုတ်လိုက်ဖြင့် စစ်ကစားနေခဲ့ကြသည်။
၁၉၇ဝ နောက်ပိုင်းတွင် ၁ဝ၁ စစ်ဒေသဌာနချုပ်အား ပန်ဝါတောင်ကြားသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ပန်ဝါသို့ ဌာနချုပ်ပြောင်း ရွှေ့ဖွင့်လှစ်ခဲ့သည့် အကြောင်းတချက်မှာ တရုတ်မှပေးပို့သော ထောက်ပို့ပစ္စည်းများ လက်ခံရန်အတွက် လွယ်ကူသည့်နေရာ ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပန်ဝါတောင်ကြားသည် ယူနန်ပြည်နယ် ထိန်ချုံးခရိုင်မြို့၏ မြောက်ဖက်တွင်ရှိပြီး ထိုစဉ်က ကားလမ်းကြမ်းပေါက်နေပြီဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ကန်ပိုင်တီ (ဆဒုံးမြို့အရှေ့ဖက်နယ်စပ်) သို့ ၁ဝ၁ တပ်ဖွဲ့များ စတင် ဝင်ရောက်အခြေချ လှုပ်ရှားခဲ့သည်။ ကန်ပိုင်တီဒေသသို့ ဝင်ရောက်လာခြင်းမှာ အဓိကအားဖြင့် ဝိုင်းမော်နှင့်ချီဗွေကားလမ်းတလျောက်အား ထိမ်းချုပ်လှုပ်ရှားနိုင်ရန်ဖြစ်သည်။ ကန်ပိုင်တီသို့ဝင်ရောက်လာသော ၁ဝ၁ တပ်ဖွဲ့များသည် အစိုးရတပ်ဖွဲ့ များနှင့်သာမက KIA ရင်း ၃ တပ်ဖွဲ့များ၏ ချောင်းမြောင်းပစ်ခတ်မှုကိုလည်း ရင်ဆိုင်ခဲ့ကြရသည်။ ၁၉၇၆ ခုနှစ် KIA နှင့် CPB တပ်ပေါင်းစုဖွဲ့နိုင်သည့်အခါမှသာ အပစ်ရပ်ပြီး နယ်မြေခွဲခြားသတ်မှတ်နိုင်ခဲ့ကြသည်။
၁ဝ၁ တပ်ဖွဲ့များ ကန်ပိုင်တီသို့ ဝင်ရောက်အခြေချနိုင်ခဲ့ပြီးနောက်ဝိုင်းမော်၊ ချီဗွေကားလမ်းကို ကောင်းစွာနှောက်ယှက်တိုက်ခိုက်နိုင်ခဲ့ကြသည်။ ငဇွန်ဘောင်ဒေသသို့ ထိုးစစ်ဆင်မည့် အစိုးရတပ်ဖွဲ့များသည် မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဗွေ ကားလမ်း အတိုင်း လူ၊ လက်နက်၊ ရိက္ခာများကို ဖြည့်တင်းစေလွှတ်ရသည်ဖြစ်ရာ ၁ဝ၁ စစ်ဒေသအတွက် အဆိုပါလမ်းကြောင်းဖြတ်တောက်ရေးသည် အရေးပါသည်။ အဆိုပါလမ်းကြောင်းတလျောက်ရှိနမ့်မလီ၊ ဒွန်ဘန်၊ ချောင်းဆုံ၊ ရှငေါ်၊ တံငါစခန်း၊ မန်ကြိုင် စသည့် နေရာများစွာတွင် အစိုးရတပ်ဖွဲ့များက လမ်းလုံခြုံရေး၊ တံတားလုံခြုံရေးများအတွက် စခန်းနေရာယူထားခဲ့ရသည်။ ထိုစခန်းများ တံတားအားလုံးလိုလိုအား ၁ဝ၁ တပ်ဖွဲ့က အကြိမ်ကြိမ် ဝင်ရောက်ဝင်ရောက်နှောက်ယှက်တိုက်ခိုက်ခြင်း တံတားချိုးခြင်းတို့အား ပြုလုပ်နိုင်ခဲ့ကြသည်။ အစိုးရတပ်များအနေနှင့် မြစ်ကြီးနားအခြေစိုက် ခလရ ၃၇၊ ခလရ ၅၈၊ မိုးညှင်း အခြေစိုက် ခလရ ၁၅ တို့နှင့် ၁ဝ၁ စစ်ဒေသတပ်ဖွဲ့များ ရင်ဆိုင်ခဲ့ရသည်။
ထင်ရှားသည့် တိုက်ပွဲအချို့မှာ ၁၉၇၁ ခုနှစ်တွင် ချီဗွေမြို့ အနီးတွင် ဖြစ်ပွါးသော ရှစ်ဇော်တိုက်ပွဲပါဝင်သည်။ ထိုတိုက်ပွဲတွင် အစိုးရတပ်ဖက်မှ၁ဝ ယောက်ကျ ပြီး ၄ ဦးဖမ်းဆီးရမိခဲ့သည်။ ၁ဝ၁ တပ်ဖွဲ့မှ ၂ ဦးဒဏ်ရာရရှိခဲ့သည်။ နောင်ထပ်အကျ အဆုံးများသော တိုက်ပွဲတခုမှာ ပန်ဝါနှင့် ရှငေါ်ကြားတွင် ဖြစ်ပွားသော မကောင်တိုက်ပွဲဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲဖြစ်သည်။
၁၉၇၂ ခုနှစ် မိုးမကျမီဖြစ်ပွားသော တိုင်ပွဲဖြစ်သည်။ ခလရ ၁၅ နှင့် ခလရ ၅၈ တို့၏စခန်းဖြစ်သည်။ အစိုးရတပ်ဖက်မှ ၂ဝ ခန့်ကျပြီး သုံ့ပမ်း ၂ဝ ခန့်ဖမ်းဆီး ရမိသည်။ ၇၅ မမ နောက်ပွင့်တလက်အပါ လက်နက်မျိုးစုံ ၅ဝ ခန့်သိမ်း ဆည်းရမိခဲ့သည်။ ၁ဝ၁ ဖက်မှလည်း တပ်ခွဲနိုင်ငံရေးမှူးရဲဘော်နော်ဆိုင်း(ကွေ့ကျိုးရဲဘော်ဟောင်း) အပါ ၊ ဒုခွဲမှူး၊ တပ်စုမှူးများအပါ ၁ဝ ဦးခန့် ကျဆုံးခဲ့သည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာလတွင် ဆော့လော်မြို့ အားတိုက်ခိုက်ခဲ့သည်။ အစိုးရတပ်နှင့် ရဲမှ ၁ဝ ယောက် ခန့်ကျဆုံးပြီး ၄ ဦးဖမ်းမိကာ လက်နက် ၂ဝ ခန့် သိမ်းဆည်းရမိခဲ့သည်။ ၁၉၇၅ နှင့် ၁၉၇၆ များတွင်လည်း ရှစ်ဇော်၊ ဆော့ လော်နှင့် ချီဗွေ၊ ဝိုင်းမော်ကားလမ်းတို့တွင် တိုက်ပွဲငယ်များစွာဖြစ်ပွားခဲ့သေးသည်။
ထိုအချိန်တွင် ၁ဝ၁ စစ်ဒေသ၌ အင်အား ၇ဝဝ ကျော်ခန့်အထိရှိလာပြီး တပ်ရင်း ၃ ရင်း၊ လက်နက်ကြီးတပ်ခွဲတခွဲ၊ အမျိုးသမီးတပ်ခွဲတခွဲလည်းဖွဲ့စည်းခဲ့ပြီး စစ်မြေပြင်ထောက်ကူပြု ရန်စီစဉ်ခဲ့သည်။ ခြေလျင်တပ်ရင်း ၂ ရင်းကို အဓိက ကန်ပိုင် တီဒေသမှတဆင့် ဝိုင်းမော်၊ ချီဗွေကားလမ်း တလျောက်လှု ပ်ရှားစေခဲ့သည်။
ဒေသအုပ်ချုပ်ရေးအတွက် ကန်ပိုင်တီ အခြေပြုသည့် ဆဒုံးမြို့နယ်၊ ဝိုင်းမော်၊ ချီဗွေကားလမ်းတလျောက်၌ မန်ကြိုင်မြို့နယ်၊ ပန်ဝါအခြေပြုသည့် ချီဗွေမြို့နယ်၊ ငေါချမ်းခမြစ်အထက်ပိုင်းအား ငဇွန်ဘောင်မြို့နယ်၊ ငေါချမ်းခမြစ်အောက်ပိုင်းအား ဆော့ လောမြို့ နယ်၊ အီမောဘွမ်မြောက်ဖက်ခြမ်းအား မန်ကျီမြို့နယ်ဟု အုပ်ချုပ်ရေးမြို့နယ်များ ဖွဲ့စည်းခဲ့သည်။ အထက်ပါ အခြေအနေသည် ၁၉၇၇/၇၈ ခန့်က ပန်ဝါအခြေစိုက်သည့် CPB ၁ဝ၁ စစ်ဒေသ၏ အခြေအနေဖြစ်ပါသည်။
၁ဝ၁ စစ်ဒေသအတွက် ကြီးမားသည့်အခက်အခဲမှာ ပြင်းထန်သည့် ရာသီဥတုဖြစ်သည်။ ဒေသတွင်း ပေတသောင်းကျော်မြင့် သည့် တောင်တန်းများသည် အစဉ်မြဲလို ရေခဲဖုန်းလွှမ်းနေသည်။ နေရောင်အောက်တွင် ရေခဲတောင်များက တလက်လက် တောက်ပနေ၍ ထိုတောင်များအား မှန်တောင်ဟုဒေသခံများက ခေါ်ကြသည်။ နယ်စပ်ကျောက်တိုင် အမှတ် ၄ တွင်ရှိသည့် ပန်ဝါတောင်ကြားပင်လျင် ပေ ၇ဝဝဝ ကျော်မြင့်သည်။ ဆောင်းရာသီတွင် ဆီးနှင်းများဖုံးလွှမ်း၍ မြက်ပင်၊ ငှက်ပျောပင်များ နှင်းကိုက်၍ သေဆုံးကြသည်။ ရိက္ခာရှားပါးပြီး ထင်းရူးတောများသာဖုံးလွှမ်းနေသည်။ ဆောင်းတွင်း၌ တတောလုံး တတောင် လုံး ဆီးနှင်းဖြူ များဖုံးလွှမ်းနေပြီ ဂျီကဲ့သို့တောကောင်များပင် ဖြူဖွေးနေသည်။ ကျန်ရှမ်းပြည် ကချင်ပြည်နယ်ရှိ အခြေခံဒေသ များလည်း အေးမြသည်ဆိုပေမင့် ပန်ဝါဒေသတော့ မမီပေ။ ဒေသခံ လချိတ်၊ လော်ဝေါ်ရဲဘော်များဖြစ်၍သာ ဆိုးဝါးသည့် ရာသီဥတုကို ခံနိုင်ရည်ရှိသည်ဟု ဆိုရပါမည်။
ထို့ပြင် ၁ဝ၁ စစ်ဒေသသည် နယ်စပ်ဒေသရှိတပ်ဖွဲ့ဖြစ်သော်လည်း ၁၉၆၃ ခုနှစ်မှ ၁၉၇၃ ခုနှစ်ထိ CPB မှ လက်နက်ခဲယမ်းနှင့် စစ်ယူနီဖေါင်းတပ်ဆင်ပေးသော်လည်း ရိက္ခာဆန်နှင့် ငွေကြေးထောက်ပံ့ခြင်းမရှိ၍ ဒေသခံလူထုထံမှ အခွန်အကောက်ဖြင့် ရပ်တည်ခဲ့ရသည့်တပ်ဖွဲ့ဖြစ်သည်။ ဒေသခံလူထုမှာလည်း များစွာကြွယ်ဝခြင်းမရှိ၍ ကနဦးကာလများတွင် ၁ဝ၁ စစ်ဒေသမှ ရဲဘော်များသည် ရိက္ခာနှင့်ပတ်သက်ပြီး ချို့ချို့ငဲ့ငဲ့ ဖြတ်သန်းခဲ့ရသည်။၁၉၇၃ ခုနှစ်နောက်ပိုင်း တပ်အင်အား တစတစကြီးထွားလာပြီးနောက်မှသာဗဟိုမှ ရိက္ခာထောက်ပံ့ခဲ့သည်။ ထို့ပြင် စစ်ဆင်ရေးစီမံကိန်းများနှင့် လက်နက်ခဲယမ်းထောက်ပံ့မှု များလည်း ဗဟိုမှထိမ်းချုပ်ထားပြီး ဗဟိုခွင့်ပြုချက်နှင့်သာ ဆောင်ရွက်ခွင့်ရှိကြသည်။ KIA မှ ခွဲထွက်လာသည့် တပ်ဖွဲ့ဖြစ်၍ CPB ဗဟိုမှ အပြည့်အဝ ယုံကြည်မှုမရှိသေး၍လော စဉ်းစားဘွယ်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၁၉၇၇ ခုနှစ်ကာလပိုင်းတွင် ၁ဝ၁ စစ်ဒေသတပ်ဖွဲ့များသည် ဖီမော်၊ ဂါလန်၊ ကန်ဖန်ဒေသ၊ ပန်ဝါ တောင်ကြားနှင့် ကန်ပိုင်တီတို့တွင် စတင်အခြေပြုနိုင်ခဲ့ပြီး ချီဗွေနှင့် ဝိုင်းမော်ကြားကားလမ်းအား ထိမ်းချုပ်နှောက်ယှက်နိုင်ခဲ့ပြီဖြစ်သည်။
ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
ဓာတ်ပုံ - လယောက်ဇလွန်း
Comments