ဇော်ဝင်းအေး ● ကျွန်တော့်တို့ရဲ့ ထာဝရကြီးကြီး

ဇော်ဝင်းအေး ● ကျွန်တော့်တို့ရဲ့ ထာဝရကြီးကြီး
(မိုးမခ) မတ်လ ၈၊ ၂၀၁၈

● အစောဆုံး သတိရချက်များ
မှတ်မိသလောက်ဆိုရင် အဲဒီနေ့က အမေ့ရင်ခွင်ကိုမှီပြီး ဘတ်စ်ကား အပြင်ကို ငေးမောကြည့်နေမိတယ်။ အပြင်က မိုး ကောင်းကင်ကင်ဟာ အရမ်းကို ပြာပြီး ကြည်လင်လှပနေတယ်။ တောင်တန်းကြီးတွေ သစ်ပင်ကြီးတွေဟာ မျက်စိရှေ့ကနေ တဝေါဝေါ ဖြတ်သန်းသွားနေတယ်။ ပြန်တွေးကြည့်လိုက်တော့ ဘာအကြောင်းကြောင့်မှန်းတော့မသိ။ အဲဒီနေ့က မိုးကောင်း ကင်ရဲ့အပြာရောင်ဟာ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ အတောက်ပဆုံးနဲ့ အလှဆုံး အပြာရောင်ဖြစ်နေတယ်။


၁၉၉၅ ခုနှစ်၊ နယ်စပ်ရွာလေးတရွာမှာတွေ့ရတဲ့ ဆရာမကြီးနဲ့ကလေးတသိုက် (ရှေ့တန်းညာစွန်က ကလေးမှာ ဆောင်းပါး ရှင်ဖြစ်သည်)

ကျွန်တော် သီချင်းတွေ အော်ဆိုနေတယ်။ ဘာသီချင်းတွေ ဆိုနေတာလဲ မသိတော့ဘူး။ အကြာကြီးပါပဲ။ ဘယ်လောက်ထိ အောင် ကြာသလဲဆိုရင် ကျွန်တော့်ကို ပွေ့ချီထားတဲ့ အမေတောင် တားယူရတယ်။ “သားတဲ့၊ တော်ပါတော့တဲ့။ ခရီးသွားဖော် ဦးဦးတွေ၊ ဒေါ်ဒေါ်တွေ အိပ်နေကြတယ်။ သားလည်း ခဏအိပ်လိုက်ဦး” တဲ့။ အဲဒီအချိန်မှာပဲ အမေ့ဘေးမှာ ထိုင်နေတဲ့ ကြင်နာဖော်ရွေတဲ့မျက်နှာထားနဲ့ အဒေါ်ကြီးတယောက်ဟာ အမေရဲ့စကားကို ကြားဖြတ်ပြောလိုက်တာကို ကျွန်တော့်မှတ် ဉာဏ်ထဲမှာ မှုန်ဝါးဝါးမှတ်မိနေတယ်။ “ဆိုပါစေ အေးရဲ့။ သူတို့တတွေလည်း နားထောင်နေကြတယ်” တဲ့။ အဲဒီနောက် ကျွန်တော် ထပ်ဆိုမဆို မမှတ်မိတော့ဘူး။ ထပ်မှတ်မိနေတာကတော့ အမေ့အသံ။ “အဲဒါ မင့်ကြီးကြီး။ ကြီးကြီးလို့ ခေါ်တဲ့”။
                      
“ကြီးကြီး”လို့ ခေါ်ခိုင်းလိုက်တဲ့ အဲဒီအချိန်အခါတုန်းက ကျွန်တော်တို့ စီးသွားနေတဲ့ ဘတ်စ်ကားဟာ ကိုယ့်ပြည်ကိုယ်မြေပေါ်မှာ ပြေးသွားနေတာ မဟုတ်ဘူးဆိုတာ မသိနိုင်သေးသလို၊ ဒီကြီးကြီးဟာ ကျွန်တော်မွေးစကတည်းက တောက်လျှောက် ကျွန် တော့ကို ကြီးပြင်းအောင် စောင့်ရှောက်ခဲ့သူ၊ အသိဉာဏ်ပညာ သင်ကြားပေးခဲ့သူဆိုတာ မသိနိုင်သေးဘူး။ ဒီခရီးကြမ်းကြီးရဲ့ ငြိုငြင်မှုများကို အပြည့်အဝခံစားခဲ့ရတဲ့ ကြီးကြီးဟာ ဆက်လက်ပြီး နောင်အချိန်ကာလတွေမှာ ကျွန်တော့်ကို သူမြေးအရင်းတ ယောက်လို စောင့်ရှောက်ဆုံးမပေးခဲ့သူဆိုတာ ပိုမသိနိုင်ခဲ့ဘူး။
              
ဒါပေမဲ့ ကြီးကြီးဟာ သူ့အသက်ဆုံးတဲ့အထိ၊ ကျွန်တော့ အသက် ၂၅ တိတိ အထိ။ သူဟာ ကျွန်တော့် တသက်လုံးရဲ့ ကြီး ကြီးပါ။ ထာဝရကြီးကြီးပါ။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ (၁) နှစ်သားကျော်ကျော် အရွယ်လောက်။ အဲဒီနေ့ဟာ ကျွန် တော့်ရဲ့ အစောဆုံး သတိရချက်ပါပဲ။

● အစလို့ဆိုရတဲ့ နေ့ရက်များ
တိုင်းတပါး နယ်ခြားမြေခြားမှာ နေရတဲ့နေ့ရက်တွေဟာ အလွန်ငြီးငွေ့ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ … .. ကျွန်တော်တို့ဟာ အပေါ်ရွာ၊ အောက်ရွာရှိတဲ့ ကချင်ရွာလေး နှစ်ရွာအနက် အောက်ရွာလေးမှာ နေတာပါ။ ကျွန်တော်တို့ နေတဲ့ ခြံဝိုင်းကြီးဟာ အလွန် ကျယ်ဝန်းပါတယ်။ ခြံဝိုင်းထဲမှ အသီးပင် အမျိုးမျိုး စိုက်ထားသလို ဟင်းသီး ဟင်း ရွက်တွေလည်း စိုက်ထားပါတယ်။ နေတဲ့ မိသားစုတွေကလည်း မနည်းလှ။ ငယ်ပေါင်း သူငယ်ချင်းတွေနဲ့ ဝိုင်းထဲ မွေးမြူထားတဲ့ ကြက်တွေဘဲတွေနဲ့ ဦးဦးတွေ ဒေါ်ဒေါ်တွေ၊ ကလေး တွေ ရယ်မောသံ၊ ငိုသံတွေ ကြား ကျွန်တော် ပျော်မှပျော်။ ခြံစည်းရိုးတွေပေါ် ကျော်တက်။ ဖြတ်သွားတဲ့ ကျွဲအုပ်ဆိတ်အုပ်ကြီးတွေ ဒါမှမဟုတ် မောင်းဖြတ်သွားတဲ့ ထော်လာကျီတွေတွေ့ရင် အကြီးအကျယ် ကုန်းအောက်လိုက်ကြ တဲ့ ကျွန်တော်တို့တတွေ ချွေးကို ပြန်လို့။ အဖြူအမည်း ရုပ်မြင်သံကြားစက် အစုတ်တလုံး။ လိုင်းမိအောင် ဟိုဦးလေးက ဝါးလုံးခုတ် တိုင်ထောင်။ ဒီဦးလေးက ဒယ်အိုးအဖုံးအစုတ်တလုံးကို ဓာတ်ကြိုးသွယ်။ အမေနဲ့ ကလေးတွေက တယ်လီဗေးရှင်း ရှေ့မှာထိုင်။ ရုပ်တော့ပေါ်မလာ၊ အသံတော့ ကြားနေရတယ်။ တခွန်းမှလည်း နားမလည်။ အပေါ်ရွာက အစ်ကိုတွေ၊ အစ်မတွေလည်း လာလည်။ ဝိုင်းကျယ်ကြီးထဲ တူတူပုန်းတမ်း ကစားကြ။ အပင်ပေါ်တက်နိုင်တဲ့လူက အသီးခူး။ မတက်နိုင်တဲ့ ကောင်က အောက်ကနေ အသံကုန် ဟစ်အော်ငို။ ပြီးတော့ သူတို့ခူးတဲ့ အချဉ်သီးတွေ ငရုတ်သီးတွေနဲ့ တို့စား။ ပါးစပ်တွေ ပူ၊ နှပ်ချီးတွေထွက်။ ကျွန်တော်တို့ ကလေးတွေ မြူးခဲ့တဲ့ နေ့ရက်များ။

                       
ဒီလိုနဲ့ ကြီးကြီးရဲ့ မျက်စိအောက်မှာ ပျော်ခဲ့ပါးခဲ့ပြီး ရှင်သန်လာခဲ့တဲ့ ကျွန်တော်ဟာ ငယ်စဉ်တုန်းက ကျန်းမာရေး အတော် မကောင်းလှဘူး။ ဆေးရုံမှာ ချစ်အမေကျေးဇူးကြောင့် သေမင်းဆီမှ ပြန်လုပြီး ကျွန်တော် အခုလို ဆက်လက်အသက်ရှင် သန်ခဲ့တာပါ။ နောက်ဆုံးမှာတော့ အမေနဲ့ကြီးကြီး၊ ကြီးကြီးနဲ့အမေ တလှည့်စီ လူပြန်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တာပါ။ အဲဒီလို ကျွန်တော် ငရဲပြည်က ငရဲမင်းထံ တလှမ်းလောက် ဝေ့လိုက် လို့လား မသိ။ ငယ်စဉ်ဘဝတုန်းက ကျွန်တော်ဟာ ဆော့မှဆော့၊ သောင်းကျန်းလွန်းလို့၊ နယ်လည်းမခြား မြေလည်းမခြား ဆော့လို ကောင်းလွန်းလှတယ်။               
ကျွန်တော်တို့ ငယ်ငယ်တုန်းက တက်ခဲ့တဲ့ ကျောင်းကို (၁ဝ) မိုင်လောက်တောင် ဝေးတယ်လို့ ခံစားနေမိတယ်။ ကျွန်တော်တို့ ကျောင်းသွားဖို့ဆိုတာ လူကြီးမိဘတွေ အ စောကြီးထ၊ ထမင်းဟင်းချက်၊ ထမင်းဘူး ဟင်းဘူး ထုပ်ထည့်ပေးပြီး ကျောင်းကို မိုး မလင်း တလင်း အိမ်ကထွက် ခဲ့ရတာပါ။ တလမ်းလုံး ကျွန်တော်တို့တတွေ ပျော်မြူးအော် ဟစ်နေ တာပါ။ ကျောင်းခန်းထဲမှာ ကျွန်တော့်ကို တတန်းလုံးက ဗမာပြည်သားမှန်း သိကြတယ်။ လာလာ စကြတယ်။ ရယ်စရာ လုပ်ကြတယ်။ ကြာလာတော့ စည်းကျော်လာတယ်။ အနိုင်ကျင့်လာကြတယ်။ ကျွန်တော်က ယောက်ျားလေးဆိုတော့ လာထားလေ၊ နပန်းလုံး ရန်တွေဖြစ်ကြလို့ နောက်ဆုံးတော့ ဆရာမက တခွန်းပဲ မှာလိုက်တယ်။ “မိဘခေါ်ခဲ့”တဲ့။ အဲဒီလိုမျိုး နေ့ရက်တွေဆိုရင် အိမ်ပြန်လမ်းမှာ တလမ်းလုံး မျက်နှာကို စူပုပ်ပြီး သွားတွေ ယားလို့။ ဒီကောင်တွေကို မုန်းမှမုန်း။ အိမ်ပြန်ရောက်တော့ ဗိုက်ကဆာ၊ အမေက ဆူ၊ ဘယ်လိုပဲ ကိုယ့်ကိုကိုယ် မခံချင်စိတ် ဖြစ်နေနေ ဖော်ရွေချိုသာတဲ့ ကြီးကြီးရဲ့ မျက်နှာ ကျွန်တော့်ရှေ့မှာ ပေါ်ထွက်လာတဲ့ အချိန်အခါတိုင်း ရင်ထဲမှာ နွေးထွေးသွားပြီး၊ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်သွားသလို ခံစားလိုက်ရတယ်။ ဒီအချိန်ခါမှာ ကျွန်တော် အငြိမ်သက်ဆုံး အချိန်ခါပင် ဖြစ်နိုင်လိမ့်မယ် ထင်တယ်။ ဒီအကြင်နာဆုံး မျက်လုံး ဒီအကြင်အနာဆုံး မျက်နှာဟာ ကျွန်တော့်ရဲ့ ခွန်အားတွေပါ။                       
ကလေးတွေရဲ့ ကမ္ဘာဆိုတာ ဘယ်အချိန်ခါမဆို၊  အိပ်မက်ထွေပြားတဲ့ ပုံပြင်ပါပဲ။ ဘဝခရီး ရှေ့ဆက် လေလေ၊ ဒီပုံပြင်တွေ ဒီအိပ်မက်တွေ ပိုမိုပြီးထွေပြားလေလေပါပဲ။ ကျွန် တော့်ရဲ့ မခံချင်စိတ်တွေကလည်း ဒီကလေးဘဝမှာ ထွေပြားပြီး ပျော်ရွှင်မှုတွေကို ဖုံးလွှမ်း လာသလိုလို။ တခေါက် အမေ ကျောင်းကဆရာမနဲ့ ကျွန်တော့်ကိစ္စတွေ ရှင်းပြပြီးခဲ့တဲ့ နောက် ကြီးကြီးက ကျွန်တော့်ကို သူ့ရှေ့ခေါ်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ပြောတယ်။ “သားသား မင်းကျောင်းခန်းထဲမှာ တတန်းလုံးက ကျောင်းသူကျောင်းသားတွေ မင်းကို နားမလည်နိုင်ပဲဖြစ်နေတာကို မင်းကိုယ်တိုင် ဘာတွေ လုပ်သင့်တယ်ဆိုတာ မင်းနား လည်ထားမှ ဖြစ်မယ်။ ဘယ်လိုပဲ ဖြစ်နေနေ မင်း သူတို့တွေကို ခွင့်လွှတ်နိုင်ရမယ်။ သူတို့ကို ခွင့်လွှတ်ပေး နိုင်တယ်ဆိုတာ မင်းကိုယ့်ကိုကိုယ် ခွင့်လွှတ်ပေးတာနဲ့ အတူတူပဲ”တဲ့။ ရွာမှာ ကြီးပျင်းခဲ့တဲ့ ကာလတွေဟာ ကျွန်တော့် ကလေးဘဝမှာ အပျော်ရွှင် ဆုံးနေ့ရက်တွေပဲ။ မခံချင်စိတ်တွေ စတင်ပေါက်ဖွားခဲ့ပေမယ့် ရှိသမျှနဲ့ ပျော်ရွှင်နေလို့ရတဲ့ ကလေးဘဝမှာ ပျော်ရွှင်နေခဲ့တာပါ။ ကြီးကြီးမှာကြားခဲ့တဲ့ စကားလုံးလေးတွေကို အဲဒီ အချိန်အခါမှာ သိပ်နားမလည်သေးခဲ့ပေမယ့် အနည်းဆုံးတော့ ရင်ထဲမှာ ကြီးကြီးကို အမြဲ တမ်းပဲ လွမ်းတပြီး အမှတ်ရမိနေတတ်တယ်။

ကံကြမ္မာအကြောင်းအမျိုးမျိုးကြောင့် ကြီးကြီးတို့ဟာ ကာလတခု ရွာမှာနေနေရာက မြို့ငယ်လေးရဲ့ မြို့ဆင် ခြေပုန်း နေရာလေးတနေရာကို ပြောင်းရွှေ့သွားတယ်။ နောင်အချိန် ကာလတွေမှာ ကျန်တဲ့အိမ် ထောင်စုတွေ လည်း တသုတ်ပြီးတသုတ် ရွာမှ ထွက်ခွာသွားပြီး သားသမီးတွေရဲ့ ပညာရေးအတွက် စီးပွားရေးရှာကြံလုပ်ကြရတယ်။ ကျွန်တော်တို့ ကလေးတွေလည်း လူကြီးမိဘတွေ ပြောင်းလဲသွားမှုနောက်ကို လိုက်ပါသွားကြရပြီး အချင်း ချင်း တနေရာဆီ ကွဲကုန်ပါတော့တယ်။ တချို့ ကြီးမှသာ ပြန်ဆုံတွေ့ကြရတယ်။ ကျွန်တော် တို့ အိမ်လည်း ရွာကနေ နောက်ဆုံးတော့ ထွက်ခွာခဲ့ရတယ်။ အဖေနဲ့ အမေ မြို့ပေါ်တက် စီးပွားရှာကြရတယ်။ အဲဒီလို မိဘတွေ စီးပွားရေးအတွက် ရုန်းကန်နေခဲ့တဲ့ အချိန်မှာ ကျွန် တော် ကြီးကြီးနဲ့ ကာလတချို့ ပြန်နေခဲ့ရတယ်။ နောက်ဆုံးတော့ အိမ်က စီးပွားရေးက အဆင်မပြေ၊ ညီမလေးနဲ့ ကျွန်တော်တို့ မိသားစု ရွာကို ပြန်ရောက်ခဲ့ရပြန်တယ်။
          
ကံကြမ္မာဆိုတာ ပြောင်းလဲပစ်လို့ရတယ်။ ပြောင်းလဲပစ်လိုက် ချင်တယ်ဆိုတာဟာ ဒီကံကြမ္မာကို သူမယုံနိုင်လို့ပေါ့။ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အခန်းကဏ္ဍကနေ ကိုယ်လုပ်နိုင်သလောက် လုပ်ခဲ့တာဟာ ကိုယ့်ကြမ္မာပဲပေါ့။ ဒါဟာ မကြိုးစားခဲ့တာ အားထုတ် မလုံးပန်းခဲ့တာ မဟုတ်ဘူးနော်။

ကြီးကြီးက ငယ်စဉ်ဘဝကတည်းကနေ တော်လှန်ရေးထဲ ရောက်ခဲ့တာပါ။ တော်လှန်ရေးထဲမှာပဲ ကြီးပြင်း တော်လှန်ရေးထဲမှာပဲ လူ့ဘဝရဲ့ နေ့ရက်တွေကို အဓိပ္ပာယ်ရှိရှိ အသုံးချသွားခဲ့တာပါ။ ကြီးကြီးနဲ့ ဒီတချီ အတူနေကြရ တော့ ကြီးကြီးက ဒီတော် လှန်ရေး ဘဝထဲက ပျော်ရွှင်မှုဘဝလေးတွေကို ရွေးပြီး ကျွန်တော့်ကို ပြောပြခဲ့ပါ တယ်။ ကြီးကြီးရဲ့ ငယ်စဉ်ဘဝက ဘယ်လို။ ကျွန်တော်တို့ ငယ်စဉ်ဘဝ သူထိန်းခဲ့တုန်းက သူ စာသင်ပေးခဲ့ တုန်းက ဘယ်လို။ အမေတို့ အမျိုးသမီးတသိုက်က ဘယ်လို။ ပါတီရဲ့ လွတ်မြောက်ဒေသ ပန်ဆန်းမှာတုန်းက ဘယ်လို။ အဖြစ်အပျက်မျိုးစုံကို ပျော်ရွှင်စရာကောင်းတဲ့ စကားလုံး လေးတွေနဲ့ သဘောပေါက်နားလည်အောင် ပြောပြပေးခဲ့ဖူးတဲ့ ကြီးကြီးပါ။ ကျွန်တော်လည်း ဒါတွေကို‘ပုံပြင်’ကလေးတွေ နားထောင်ရသလို ပျော်ပါးပြီး  ကြီးကြီးရဲ့ ‘ပုံပြင်’တွေကိုပဲ တမ်းတနေမိပါတယ်။

ဒါပေမဲ့ ကျွန်တော် သဘောပေါက်ပါတယ်။ ဘယ်နိုင်ငံက တော်လှန်ရေး ပုံပြင်ပဲ ဖြစ်ဖြစ် ပျော်ရွှင်စရာ ဘဝတွေနဲ့ချည်း ရေးဖွဲ့ထားတာ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည် ကိုယ့် အမျိုးသားတွေရဲ့ ကံကြမ္မာဆိုးကို ရှေ့ဆက်မဖြစ်စေချင်ကြလို့ အသက်သွေးချွေးများစွာ စတေးပြီး ဒီ‘ပုံပြင်’တွေကို ရေးခြယ်ခဲ့ကြတာပါ။ တော်လှန်ရေးဘဝထဲမှာ ကြီးကြီးလို ငယ်စဉ်ဘဝထဲကနေ ဖြတ်သန်းခဲ့တဲ့လူတွေ မြောက်မြားစွာ ရှိခဲ့ပါတယ်။ နောက်မျိုးဆက် တွေကို ဒီလို ‘ပုံပြင်’တွေ ပြောပြပေးနိုင်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင် လမ်းလျှောက်ချီတက်ပြီး ‘ပုံပြင်’ကို လက်တွေ့ ရေးဆွဲနိုင်မှ သာလျှင် ‘ပုံပြင်’ဆိုတာ ရှိနိုင်ခဲ့မယ်မဟုတ်လား။ နောင် လူငယ်မျိုးဆက်တွေလည်း နောင်ဒီလိုမှသာ ဒီသမိုင်းအဖြစ်အပျက် ‘ပုံပြင်’တွေကို နား ထောင်ပြီး တန်ဖိုးထားနိုင်မယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော် ဒီပုံပြင်တွေကို ဘယ်လိုမှ နားထောင်လို့ မဝနိုင်ပါဘူး ကြီးကြီး။ ကျေးဇူးတင်ပါတယ် ကြီးကြီး။   

ငယ်စဉ်ဘဝတုန်းက တခါ ကြီးကြီးနဲ့အတူ ညနေစောင်း လမ်းလျှောက် ထွက်တာကို ပြန်မြင်ရောင်နေမိတယ်။ အဲဒီနေ့ ညနေခင်းဟာ မှတ်မှတ်ရရ ကောင်းကင်ကြီးပေါ်မှာ တိမ်လွှာတွေ ရဲရဲနီတောက်ပြီး လှပလို့ နေဆဲ … …
                  
ကြီကြီးတိမ်တွေ နီရဲနေလိုက်တာ။  မိုးရွာတော့မှာလား …. မုန်တိုင်း ကျတော့မှာလား ….             မဟုတ်ဘူး သားသား၊ မနက်ဖြန် ကောင်းကင်ကြီးနဲ့ ရာသီဥတုတွေ ကောင်းမွန် နေမှာ …. 

                 
● နောက်ဆုံးမျက်နှာ  
နှစ်တွေလတွေဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးခဲ့တယ်။ ကြီးကြီးလည်း အသက် အရွယ်ကြီးလာပြီး ကျန်းမာရေးလည်း တစုံတရာ ချို့တဲ့လာတယ်။ မျက်စိခွဲတယ်။ ကျောက်ကပ်တွေ စစ်ဆေးခဲ့ရတယ်။ တခါတုန်းက လမ်းလျှောက်ရင်း ချော်လဲလို့ ကံကောင်း လို့ မကျိုးတာ။ ဒါပေမဲ့ ကြီးကြီးဟာ အဝေးရောက်နေတဲ့ ကျွန်တော်တို့ လူငယ်တွေကို ဘယ်တော့မှ တကူးတက အကြောင်းမကြားဘူး။ ကြီးကြီးကို ကျွန်တော်တို့တတွေ လာ ကြည့်ရှုပြုစုမှာကို သူ့မှာ အားနာနေရှာတယ်။ “ကလေးတွေလည်း အလုပ်တွေများကြ တယ်။ နေပါစေတဲ့”။ ဒီစကားလုံးတွေတောင် ကျွန်တော် အမေ့ဆီက တဆင့် ပြန်ကြား ရတာ။ကြီးကြီးဘာကြောင့် မိုလို့ ဒီလိုရောဂါ ဝေဒနာ ခံစားနေရတဲ့အချိန်မှာ သူမြေးအရင်း တွေဖြစ်ကြတဲ့ ကျွန်တော်တို့တတွေကို အားနာနေရတာလဲ။ အဲဒီတုန်းက ကျွန်တော် သဘောမပေါက်ခဲ့ဘူး။               
ငယ်စဉ် နီတာရဲ ပေါက်စကလေးကတည်းက ကြီးကြီးလက်ပေါ် ကြီး။ ကြီးကြီး လက်ပေါ် ရှင်သန်။ ကြီးကြီး မျက်စိအောက်မှာပဲ အရွယ်ရောက်။ ကိုယ်အချစ်ဆုံး ကြီးကြီး ဆိုပြီး အစစအရာရာ ကိုယ့်ကြီးကြီးကို နားလည်သဘော ပေါက်ခဲ့မိတယ်လို့ ဆိုပြီး ထင်ခဲ့မိတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ ကျွန်တော်တို့တတွေ ငယ်စဉ်ဘဝကတည်းက ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်နဲ့ ခွဲခွာပြီး အခြားနိုင်ငံမှာ ကြီး၊ အခြားနိုင်ငံမှာ ပညာသင်၊ အခြားနိုင်ငံရဲ့ ယဉ်ကျေးမှု အတွေးအခေါ်တွေနဲ့ ရောထွေးရှုပ်ပွနေပြီး တွေဝေနေခဲ့မိတယ်။ အာရုံတွေ များနေခဲ့တယ်။ လုပ်ငန်းပေါင်းစုံ ရွှေ့ပြောင်းလုပ်ခဲ့ဖူးတယ်၊ ဒီလူလောကကြီးကို တစုံတရာ နားလည်နေပြီ။ ဒီခေတ်ဒီအခါ ရှေ့ရေးနောက်ရေး အများအပြားကို သဘောပေါက်နေပြီ။ ပညာတွေ တစုံတရာ တတ်နေပြီဆိုပြီး နောက်ဆုံးတော့ အလုပ်တွေ ရှုပ်နေတယ်၊ အလုပ် များနေတယ်။ ဒီအချိန်မရှိဘူး၊ ဟိုအချိန်မလောက်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အကြောင်း အမျိုးမျိုးပြကာ ငေးမောနေမိခဲ့တယ်။ 

                     
အဲဒီလိုနဲ့ပဲ ကိုယ့်ရဲ့ဝိညာဉ်ထဲ လုံးဝကို အပြည့်ပေးစပ်ခဲ့တဲ့ အဲဒီအစစ်မှန်ဆုံး ကြီးကြီးရဲ့ ချစ်မေတ္တာတွေ ကို ရုတ်တရက် သတိမထား၊ ဂရုမပြုမိလိုက်နိုင်ခဲ့တာ။ ကြီးကြီးရဲ့ နောက်ဆုံးနေ့ရက်များမှာကိုတောင် ကျွန်တော် နံဘေးမှာ မရှိလိုက်နိုင်ခဲ့တာ။ အခုတော့ ကျွန်တော် သဘောပေါက်လိုက်မိပါပြီ။ ကြီးကြီးထွက်ပေါ် လာတဲ့  အားနာမှုတွေ ဆိုတာ ကျွန်တော့်အမှားပါ။ ကျွန်တော် မှားတာပါ။   

၂ဝ၁၄ ခု ဖေဖော်ဝါရီလထဲမှာ ကျွန်တော် လက်မှတ်ကိစ္စလုပ်ပြီး ကြီးကြီး နေအိမ်ကို ရောက်ခဲ့တယ်။ အဲဒီနေ့ က ကြီးကြီးတယောက် တည်း။ ကျွန်တော်ရောက်တော့ ကြီးကြီးဟာ မုန့်တွေ၊ ကော်ဖီတွေ ချပေး၊ သကြားလုံးတွေ ချပေးနဲ့။ ကြီးကြီးနေပါ။ လောက်ပါပြီလို့ ဘယ်လိုတားလို့မှ မရဘူး။ ကြီးကြီးက ကျွန်တော် ငယ်စဉ်ဘဝ အကြောင်းတွေကို ပြန်ပြောပြတယ်။ ကျွန်တော် ဘယ်လိုဖျားနာခဲ့တယ်။ ဘယ်လို အဆော့သန် တယ်။ အမေက ဘယ်လို ပြုစုခဲ့ရတယ်။ တချို့နေရာတွေမှာ ငယ်စဉ်ဘဝက ဟာသလေးတွေ ပြောပြီး မြေးဘွားနှစ်ယောက်သား တဟားဟားနဲ့ ရယ်မောနေခဲ့ကြသေးတယ်။ ကြီးကြီး ပြောတဲ့ စကားလုံးတွေ အကြိမ်ပေါင်းများစွာ နားထောင်ခဲ့ဖူးပေမယ့် ကျွန်တော်ပြန်ကြားခဲ့ ရတိုင်း ရင်ထဲမှာ ကြည်နူးနေမိပါတယ်။ မဖြစ်နိုင်မှန်းသိလျက်နဲ့ လောကကြီးထဲက ဒီနာရီပိုင်း အချိန်လေးကို ရပ်ဆိုင်းထားလိုက်ရရင် ဘယ်လောက် ကောင်းလိုက် မလဲလို့ ကျွန်တော် တွေးမိတွေးရာ တွေးနေမိသေးတယ်။ ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော့် အ သက်အရွယ် ဘယ်လောက်ပဲ ရှိလာရှိလာ၊ မုတ်ဆိတ်တွေ ဘယ်လောက်ပဲ ရှည်ထွက် လာလာ၊ ကြီးကြီးရဲ့ ရင်ထဲမှာ တလျှောက်လုံး ကျွန်တော်ဟာ သူ့လက်ပေါ်မှာ ကြီးပြင်းခဲ့တဲ့ ကလေးငယ် တယောက် သာပါပဲ။                                          
ကြီးကြီးက ပြောတယ်။ သား-မင်းလုပ်ခဲ့တဲ့ လက်မှတ်ကလေး ပြပါဦးတဲ့။ ကျွန်တော့် လက်မှတ်ကလေး ကို ကြီးကြီးထံ ပေးလိုက်တယ်။ ကြီးကြီးက မှန်ဘီလူးကိုင်ပြီး ဘယ်ညာလက်ပြောင်း ရွှေ့လိုက်ပြီး ခဏကြည့်လိုက်တယ်။ ဒါကို ကျွန်တော်မြင်လိုက်ပေ မယ့် သတိကောင်းကောင်း မထားလိုက်မိဘူး။ နောက်မှ၊ ဪ æ ကြီးကြီးဟာ ဆေးရုံမှာ ဟိုတုန်းက မျက်လုံးခွဲပြီးတဲ့နောက် မျက်လုံးတဖက်ဟာ အဲဒီအချိန်ကတည်းက မမြင်ရတော့ ဘူးဆိုတဲ့ဟာကို သိရှိရတယ်။ ကျွန်တော် အလွန်အံ့အားသင့်သွားတယ်။ ကြီးကြီးဟာ အဲဒီလောက်ထိတောင် ရောဂါတွေ ဆိုးဝါး နေတာပါလား။           
ညနေစောင်းတော့ ဘဘပြန်ရောက်လာတယ်။ ကျွန်တော်လည်း ပြန်ရတော့ မယ်ဆိုတော့ ကြီးကြီးက အိမ်ဝိုင်းတံခါးပေါက်ဝ အထိ လိုက်ပို့မယ်တဲ့။ “အမေ့ကိုလည်း အားရင် လာလည်ပါဦး”တဲ့ဆိုပြီး ကျွန်တော်နဲ့ မှာလိုက်တယ်။ ပြီးတော့ အပေါက်ဝထိ ကျွန်တော့်ကို လိုက်ပို့တယ်။ ကျွန်တော် အိမ်ဝိုင်းတံခါး အပြင်ရောက်ပြီး “ကြီးကြီးရပါပြီ၊ ကျွန်တော် ပြန်လိုက်ဦးမယ်နော်” ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။

အဲဒီအချိန်လေးဟာ ကျွန်တော့် ဒီဘဝ ဒီတသက် ဘယ်လိုမှ နောက်ထပ် တွေ့ရ တော့မှာ မဟုတ်တဲ့၊ ကျွန်တော့်ကို အပေါက်ဝထိ လိုက်ပို့မယ်ဆိုပြီး လိုက်ပို့လိုက်တဲ့ ကြီးကြီးရဲ့ နောက်ဆုံး မျက်နှာ ဆိုတာကို ကျွန်တော့်ဘယ်လိုမှ မထင်မှတ်ခဲ့မိဘူး။
  
မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်နှာ …                          
ချစ်ခင်ကြင်နာမှုတွေ ပြည့်ဝနေတဲ့ မျက်နှာ …                      
ချိုသာမှုတွေ ဖော်ရွေမှုတွေ ပြည့်ဝနေတဲ့ မျက်နှာ ….                      
ပန်းလို နူးညံ့ပြီး အမွှေးနံ့ကလေးတွေ လွှင့်ပျံနေခဲ့တဲ့မျက်နှာ …                  
နှင်းဆီလို မွှေးကြိုင်နေပြီး ပြုံးရယ်နေတဲ့မျက်နှာ …                      
အားအင်တွေ အပြည့်အဝ ပေးခဲ့ဖူးတဲ့ မျက်နှာ …                  
ယုံကြည်ချက်တွေ အပြည့်အဝ ပေးခဲ့ဖူးတဲ့မျက်နှာ …
ဘယ်လိုမှ မမေ့ရက်နိုင်တဲ့ မျက်နှာ …  
ထာဝရ ကြီးကြီးရဲ့ မျက်နှာ။

● ဒါအဖြေလား
ကျွန်တော်တို့တတွေဟာ မြောင်းအိုင်တွေထဲမှာ ကျရောက်နေတာပါ။ ဒါပေမဲ့ အဲဒီထဲက တချို့ လူတွေဟာ ခေါင်းမော့ပြီး ကောင်းကင်ပေါ်က ကြယ်တွေကို ကြည့်ရှုနေ တတ်တယ်။ (We are all in the gutter, but some of us are looking   at the stars - Oscar Wilde Ireland) ဘဝတွေမှာ မထင်မှတ်တာတွေ ရုတ်တရက် ပေါ်ထွက်လာ တတ် တယ်။ ၂ဝ၁၄ မတ်လ ၈ ရက်၊ ကမ္ဘာ့အမျိုးသမီးများနေ့မှာ ကြီးကြီးဟာ အမျိုးသမီးများနဲ့ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ ရှိလို့ ရောက်လာတယ်လို့ ကြားလိုက်မိတယ်။ ကျွန်တော်လည်း အလုပ်ချိန်ပြီးရင် ကြီးကြီးနဲ့ သွားတွေ့ဖို့ စိတ်ကူးထားလိုက်တယ်။ ဒါပေမဲ့ ဘယ်လိုမှ မထင်လိုက်မိဘူး။ ည သန်းခေါင်ကျော်မှာ ကြီးကြီးဆေးရုံမှာ ဆုံးသွားပြီဆိုတဲ့ သတင်း ကြားလိုက်ရတယ်။ ဖုန်းချလိုက်ကတည်းက လူက မူးသွားသလိုပဲ။ ချက်ချင်း ကမန်းကတန်း ဆေးရုံဘက်ကို တန်းသွားလိုက်တယ်။ လမ်း တဝက်လောက် ရောက် တော့ ဘယ်လိုမှ မထိန်းနိုင်တော့ဘူး။ ဆိုင်ကယ်ကို လမ်းဘေးထိုးပြီး ပလက်ဖောင်း ပေါ် ငုတ်တုတ်ထိုင် တယောက်တည်း ဝမ်းနည်းနေမိတယ်။
                          
အဲဒီည ကောင်းကင်ပေါ်မှာ မြောက်မြားလှတဲ့ ကြယ်တွေထဲက ကြယ်တပွင့်ဟာ အင်မတန်တောက် ပနေသလိုပဲ။ တချို့လူတွေဟာ ဝမ်းလျားမှောက် ချော်လဲမိမှ ခေါင်းပေါ်က မိုးကောင်းကင်ကို တချက်လောက် ပြန်လှည့်ကြည့်မိတတ်တာကိုး။ ကျွန်တော်လည်း အခုမှပဲ ကောင်းကင်ကို မော့ကြည့်လိုက်မိတော့တယ်။
                   
ကြီးကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ပြီးတော့ အရိုးပြာတွေကို အရိုးပြာသေတ္တာထဲ ထည့်တဲ့အချိန်မှာ မီးသင်္ဂြိုဟ် စက်က လုပ်သားရဲဘော်ကြီးက အဲဒီ အရိုး ပြာခွက်ထဲကို ကြည့်ပြီး “အရိုးတွေ အတော်ကြေမွနေတာပဲနော် အသက် အတော်ကြီးပြီး ကျန်းမာရေး အတော်မကောင်းလောက်ဘူး ထင်တယ်”လို့ ပြောလိုက်တယ်။
      
ဒီတော့မှ ကြီးကြီးရဲ့ မျက်လုံးတဖက်ဟာ လုံးဝမရတော့ဘူးဆိုတဲ့စကားကို အရင်က ကြားခဲ့မိဖူးသလို ကြီးကြီးရဲ့ ကျောက်ကပ် နှစ်ခုလုံးဟာ အစောကြီးကတည်းက အလုပ်မလုပ်တော့ဘူးလို့ ကြီးနွယ်နဲ့ စကားစပ်မိပြီး သိထားတာတွေ ခေါင်းထဲပြန် ပေါ်လာ တယ်။

အမှန်တကယ်တော့ ကြီးကြီးရဲ့ ရောဂါနဲ့ ပတ်သက်လို့ အတော်များများကို ကျွန် တော် မသိလိုက်ခဲ့ဘူး။ ကြီးကြီးကလည်း ဘယ်တုန်းကမှ လူငယ်တွေနဲ့ သူ့ရောဂါအ ကြောင်း မပြောဖူးဘူး။ အမြဲတမ်း ပြုံးပြနေတာပါ။ ဒီကိစ္စတွေကို ကျွန်တော် တယောက် တည်း ပြန်တွေးမိလိုက်တိုင်း “မင်း ဒီလောက် အရ၊ နရသလား။ မင်းဒီလောက်တောင် အခြေအနေ မသိဘူးလား” အကြိမ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။
              
ကြီးကြီးဟာ ၁၅ နှစ်သမီးကတည်းက ကြမ်းတမ်းလှတဲ့ တော်လှန်ရေးဘဝထဲကို ရောက်ရှိခဲ့ တာဖြစ်တယ်။ သူတို့ခေတ် သူတို့ကာလရဲ့ ဗမာပြည်ကြီးရဲ့ မတိုးတက် ခေတ်နောက်ကျပြီး ပြည်သူတွေ ဆင်းရဲဒုက္ခကျရောက်နေတာ၊ အမျိုးသမီးတွေ ဘဝ မလွတ် မြောက်တာကို ခံစားတွေ့မြင်ခဲ့တယ်။ ဒီအခါ များပြားလှတဲ့ လူငယ်တွေ အမျိုးသမီးတွေဟာ တော်လှန်ရေးထဲ ပါဝင်လာကြတယ်။ ဘဝတခုလုံး တော်လှန်ရေးထဲမှာ မြှုပ်နှံခဲ့ကြတယ်။ တဘဝလုံး ရေရှည်တော်လှန်ရေးအတွက် ပေးဆပ် ခဲ့ကြတယ်။

အသက် ၂ဝ တောင် မပြည့်သေးတဲ့ အမျိုးသမီးငယ်တယောက်ဟာ ဘယ်လို အင်အားတွေကြောင့် မိဘနဲ့ ဇာတိမြေကို စွန့်ခွာပြီး မဆုတ်မနစ် တော်လှန်ရေးလမ်းပေါ်ကို လျှောက်လှမ်းနိုင်ခဲ့ရတာလဲ။

ဘယ်လိုအင်အားတွေကြောင့် ဒီလို ဆုံးဖြတ်ချက်ကို ချလိုက်နိုင်ရတာလဲ။     အသက်အရွယ်ကြီးရင့် ပြင်းထန်တဲ့ ရောဂါဝေဒနာတွေ ခံစားနေရတဲ့ အဘွားအို တယောက်ဖြစ် တော့လည်း ဘယ်လိုအင်အား တွေကြောင့် ဒီလောက်စိတ်ဓာတ် ခိုင်မာ နေရတာလဲ။

ဘယ်လို အင်အားတွေကြောင့် ဘဝနဲ့တောင် ရင်းပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို တန်ဖိုးထားခဲ့တာလဲ။

ဘယ်လိုအင်အားတွေကြောင့် သူ့ရဲ့ နောက်ဆုံးအချိန်တွေထိတောင် တလျှောက်လုံး မျက်နှာမပျက်၊ ပြုံးရယ် နေနိုင်ခဲ့တာလဲ။

ဒါဟာ တိုင်းပြည်ကို လက်ဝါးကြီးအုပ် သွေးစုပ်အမြတ်ထုတ်နေတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူ လူတန်းစား ကို မုန်းတီးနာကျည်း လွန်းလို့။

ဒါဟာ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးကို ချစ်လွန်းလို့။
ဒါဟာ ကိုယ့်အိမ်၊ ကိုယ်မြေ၊ ကိုယ်ရွာ ကိုယ့်ဇာတိကို ချစ်မြတ်နိုးတဲ့ ပြည်ချစ်ဝါဒ ကို ဆုပ်ကိုင်ထားလို့။
ဒါဟာ တိုင်းသူပြည်သားတွေကို ဆင်းရဲဒုက္ခရောက်စေတဲ့ အာဏာရှင် စနစ်ဆိုးတွေကို မုန်းတီးလွန်းလို့။
ဒါဟာ တရားမျှတတဲ့၊ တန်းတူတဲ့၊ စည်းလုံးညီညွတ်တဲ့၊ ဒီမိုကရေစီရှိတဲ့ နိုင်ငံတော်သစ်ကြီးတနိုင်ငံကို မျှော်လင့်ခဲ့လို့။     အမုန်းတရားများကို မမုန်းဘူးခဲ့ရင် ဘယ်လိုလုပ် ချစ်တတ်နိုင်မလဲ။

ဒါတွေဟာ ကြီးကြီးတဘဝလုံး တန်ဖိုးထားခဲ့တဲ့ သူ့ရဲ့အင်အား၊ သူ့ရဲ့ ဆုံးဖြတ် ချက်ပါပဲ။ ဒါဟာ ကြီးကြီး ရဲ့ ယုံကြည် ချက် လည်း ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။

ဒီလိုတသက်တာ ဘဝလုံး သူချစ်မြတ်နိုးတဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် သူ့ယုံကြည်ချက်အတွက် သူ့ဘဝကို ပေးဆပ် သွားခဲ့ပါပြီ။

သူ့အနေနဲ့ သူမျှော်မှန်းထားတဲ့ ဗမာပြည်သစ်ကြီးကို မမြင်တွေ့လိုက်နိုင်ရတဲ့ အပေါ် လောကကြီးဟာ မတရားဘူးလို့ဘဲ ကျွန်တော် ဆိုလိုက်ပါရစေတော့။

ခုတော့ ကြီးကြီးလောကနိဗ္ဗာန်ကို ရောက်သွားခဲ့ပါပြီ။

ဒါပေမဲ့ ကြီးကြီးဟာ ကျွန်တော့်နှလုံသားထဲမှာ ထာဝရ ရှင်သန်နေမြဲပါ။

                       
ဇော်ဝင်းအေး                                           

ဖဖော်ဝါရီ ၂၈၊ ၂ဝ၁၆။

မှတ်ချက်
၂ဝ၁၄-၃-၈ ရက်နေ့ (ကမ္ဘာ့အမျိုးသမီးများနေ့) က ကွယ်လွန်သွားခဲ့တဲ့ ဆရာမကြီးဒေါ်ငွေအတွက် ကွယ်လွန်ခြင်း (၄) နှစ်ပြည့်အထိမ်းအမှတ် ပြန်လည်တင်လိုက်ပါတယ်။
0