မြတ်စံ - "ထပ်မံခံစားမိသော ပုံရိပ်အပိုင်းအစများ(သို့) အတိတ်ကာလမှ သမိုင်းပုံရိပ်ခြေရာများ"



မြတ်စံ - "ထပ်မံခံစားမိသော ပုံရိပ်အပိုင်းအစများ(သို့) အတိတ်ကာလမှ သမိုင်းပုံရိပ်ခြေရာများ"
(မိုးမခ) မတ် ၂၇၊ ၂၀၁၈

အန်တီမြင့် @ဒေါ် Myint Myint မှဖိတ်ခေါ်ထားလို့ မတ် ၂၄၊ Orchit Hotel မှာပြုလုပ်မဲ့ အန်ကယ်ဦးစိုးသိမ်း (သတင်းစာဆရာ/ စာရေးဆရာမောင်ဝံသ) နဲ့ ဒေါ်မြင့်မြင့်တိုရဲ့ သမီးကြီးဖြစ်သူ ထိုက်ထိုက်စိုး (စာရေးဆရာမ ထိုက်) ၏" ပြန်မြင်မိတဲ့ ပုံရိပ်အပိုင်းအစများ" စာအုပ်မိတ်ဆက်ပွဲကို ပွဲကျင်းပမည့်အချိန် နေ့လည် ၁ နာရီထက် နာရီဝက်ခန့် စောပြီး ကျင်းပပြုလုပ်မည့်ခန်းမထဲကိုရောက်ရှိကာ အန်တီမြင့်တို့မိသားစုနဲ့ စကားလက်စုံကျနေခဲ့တယ်။ မနက်ကတည်းက Hotel ရဲ့ ဆယ်လွှာမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရှိစစ်ပွဲများနှင့် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေမှုတို့နှင့် ဆိုင်သည့် အမျိုးသမီးများ၏အတွေ့အကြုံများ။ "ငြိမ်းချမ်းရေးအတွက် အမှန်တရားကိုဖွင့်ဟခြင်း" အစီအရင်ခံစာနှင့် ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်ပြသခြင်းအခမ်းအနား"ကို မနက် ၁၀ နာရီမှ ၁၂ နာရီအထိပြုလုပ်ခဲ့တဲ့အတွက် အဆိုပါပွဲအပြီးမှာ အောက်ထပ်ကိုဆင်းလာခဲ့ပြီး အန်တီမြင့်တို့မိသားစုနဲ့အတူ မကြာခင်ရောက်လာတဲ့ ဘကြီးမိုးတို့သားအဖတွေနဲ့စကားကောင်းနေခဲ့။

အခမ်းအနားမစတင်မီ အန်ကယ်ဦးစိုးသိမ်းရဲ့ သမီးလတ်ဖြစ်သူ ညီမလတ်လတ် Lut Latt Soe မှ စာအုပ်မိတ်ဆက်ပွဲအစီအစဉ်ထဲတွင် နောက်ဆုံးအစီအစဉ်မှာ မိသားစုကိုယ်စားကျနော့်ကို ကျေးဇူးတင်စကားပြောကြားပေးဖို့ အကူအညီတောင်းလာတဲ့အတွက် လက်ခံဆောင်ရွက်ပေးခဲ့။

 
အိမ်ပြန်ရောက်မှ ( စာအုပ်မိတ်ဆက်ပွဲမှ ဝယ်ယူလာခဲတဲ့) " ထိုက်"ရေးသားတဲ့စာအုပ်ကို
ညပိုင်းကျမှ ဖတ်ဖြစ်ခဲ့တယ်။ အခန်းဆက်ဆောင်းပါးပုံစံရေးထားတဲ့အတွက် တစ်ပုဒ် နှစ်ပုဒ် ဖတ်လိုက် အတိတ်ကာလဖြစ်ရပ်များနဲ့ အန်ကယ်တို့ရဲ့မိသားစုပုံရိပ်များကို ပြန်မြင်နေလိုက်ဖြင့် ဖြစ်နေခဲ့သလို ကျနော့်ရဲ့မိသားစုနဲ့ ရင်းနှီးခဲ့ချိန်ကာလများကိုပြန်မှတ်မိနေခဲ့။ အတိတ်ကာလဆိုသော အမှတ်သင်္ညာပုံရိပ်များမှာ ပြန့်ကျဲနေတဲ့ မှန်ကူကွက်အပိုင်းအစများကို တခုနဲ့တခု ပြန်လည် စပ်ဆက်ချိတ်ဆက်မိရင်း မှုန်ဝါးဝါးပုံရိပ်များမှာ လက်ရှိကာလပစ္စုန်မှာထင်ပေါ်နေခဲ့။ ဂျစ်ဆော အရုပ်ကွက်များထဲမှ အချိတ်အဆက်မိ စပ်ဆက်မိရင်း ပုံပေါ်လာသော ပုံကားချပ်ကြီးတခုလို…

၁၉၆၀ ပြည့်လွန်နှစ် (၁၉၆၂-၆၃) များမှအစပြုပြီး ရန်ကုန်မြို့လယ်ခေါင် ၃၁ လမ်း အထက်လမ်းတွင်နေထိုင်ခဲ့သော ဖခင်ဖြစ်သူ စာရေးဆရာ/ သတင်းစာဆရာ ဦးမင်းနွယ်ဆွေနှင့် မိခင်ဖြစ်သူ ဂီတနဲ့ အကနည်းပြဆရာမ ဒေါ်ဝင်းဝင်းဝါတို့ရဲ့သားသမီးများဖြစ်ကြသော ကျနော်တို့မိသားစုဟာ များသောအားဖြင့် အဖေ အမေတို့ရဲ့ စာပေအနုပညာမိတ်ဆွေများနဲ့ ယဉ်ပါးထိတွေ့ဆက်ဆံခဲ့ပုံများကို မှတ်မိနေမိတယ်။ အဖေမှာ အိုးဝေ၊ ရန်ကုန်သတင်းစာ၊ မိုးကြိုးသတင်းစာ၊ အထောက်တော်သတင်းစာ၊ ကြေးမုံနဲ့ နောက်ဆုံး ဗိုလ်တထောင်သတင်းစာတိုက်များတွင် နှစ်ရှည်လုပ်ကိုင်ခဲ့ဖူးတဲ့အတွက် စာနယ်ဇင်းနယ်ပယ်မှ မိတ်ဆွေများနဲ့ မကြာခဏ သွားလာ ထိတွေ့နေခဲ့တာကို မှတ်မိနေခဲ့။ ထိုခေတ် ထိုအချိန်က နိုင်ငံရေးအငွေ့အသက်များကိုလည်း အဖေနဲ့မိတ်ဆွေများ ဆုံတုန်းပြောဆိုနေခဲ့ကြတာကို အဖေနဲ့အမြဲပါသွားလေ့ရှိတဲ့ ကျနော်မှာ မှတ်မိနေမိခဲ့တယ်။

လူထု ဦးစိန်ဝင်း၊ အန်ကယ်ဦးဝင်းတင်၊ ကြေးမုံဦးသောင်း၊ ဂါးဒီးယန်းဦးစိန်ဝင်း၊ မိုးကြိုးဦးအုန်း၊ မြန်မာ့အလင်း ဦးသန်းညွန့်၊ အထောက်တော် ဦးလှအောင် စတဲ့သူများနဲ့ ဆုံဖြစ်ခဲ့လေ့ရှိပုံများကို ပြန်အမှတ်ရမိတယ်။ တခါတရံ ဆရာဦးသိန်းဖေမြင့်ကိုယ်တိုင် မြိုထဲ ၃၁ လမ်းရှိ ကျနော်တို့အိမ်သို့ လာခဲ့ပြီး အဖေနဲ့ " ပွင့်ပွင့်လင်းလင်းပြောပါရစေ " ကဏ္ဍကို ဗိုလ်တထောင်သတင်းစာမှာ ရေးပြီး တာဝန်ရှိသူ ခေတ်စံနစ်ကိုဦးဆောင်နေသူများကို ဝေဖန်ထောက်ပြတဲ့ဆောင်းပါးအကြောင်းများ ဆွေးနွေးဖြစ်ခဲ့ပုံများကို ငယ်စဉ် အထက်တန်းကျောင်းသားဘဝအရွယ်က အဖေ့ရဲ့သတင်းစာမှတ်တမ်းဖိုင်များမှ ပြန်လည်ဖတ်မိဖူးခဲ့တယ်။


ထိုအချိန်က အဖေ့ကို အကိုကြီးဟု ချစ်စနိုးဖြင့်ခေါ်တတ်သော အန်ကယ်ဦးစိုသိမ်း (သတင်းစာဆရာ/ စာရေးဆရာမောင်ဝံသ) ကိုလည်း မှတ်မိနေခဲ့။ ၁၉၇၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အန်ကယ်ဦးစိုးသိမ်းမှာ ဟံသာဝတီ၊ မြန်မာ့အလင်းနဲ့ ဗိုလ်တထောင်သတင်းစာတိုက်များမှာ အယ်ဒီတာအဖြစ် ဆက်ရှိနေပြီး ကျနော်တို့နဲ့မလှမ်းမကမ်းရှိ ဆူးလေဘုရားလမ်းနဲ့ကပ်လျှက် ၃၃ လမ်းတွင်နေထိုင်ကြပြီး တခါတရံ မိသားစုအလိုက်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံများတွင် မိသားစုချင်း ဆုံတွေ့ဖြစ်ခဲ့ပုံများကို ပြန်လည်မှတ်မိနေတယ်။ ထိုစဉ်က အန်ကယ့်တွင် ကျနော့်ညီအရွယ် သမီးနှစ်ယောက်ရှိခဲ့တာကိုလည်း တွေ့ခဲ့ရ။ ကျနော်တို့မောင်နှမ ငါးယောက်တွင် ကျနော်အပါအဝင် ညီအကိုလေးယောက်ရဲ့ အငယ်ဆုံးညီမလေး သူဇာကလည်း နို့စို့အရွယ်လေးပင်ရှိသေးတယ်။ အဲ့ဒီခေတ်ကာလအချိန်က မြို့ထဲရုပ်ရှင်ရုံများတွင် ညပွဲ မိသားစုရုပ်ရှင် ကြည့်ချိန်များ။ နေ့ကြီးရက်ကြီးကာလများတွင် မြို့တော်ခန်းမရှေ့မီးရောင်စုံထွန်းညှိထားပြီး ဗန္ဓုလပန်းခြံမှာ ညပိုင်း အပန်းဖြေကြ ချိန်းတွေဆို ဆုံဖြစ်တွေ့ဖြစ်ကြတယ်။ အန်ကယ်ဦးစိုးသိမ်းကို အဲ့ဒီလောက်သာသိခဲ့ရပြီး နောက်ပိုင်း ကျနော်တို့လည်း အရွယ်ရောက်လာပြီး အပေါင်းအသင်းများနဲ့အနေများခဲ့လို့ သိပ်မဆုံဖြစ်ခဲ့။


 ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်း ၁၉၈၈ ခုနှစ်ကာလများမှာ တက္ကသိုလ်ကျောင်းသားနောက်ဆုံးနှစ်ဖြင့် ကိုဖုန်းမော်ကိစ္စမှအစပြုပြီး ဆက်လက်ကြီးထွားပေါ်ပေါက်ခဲ့တဲ့ ပြည်သူလူထုတရပ်လုံး ပါဝင်ခဲ့သော ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကာလများမှာ အန်ကယ်ဦးစိုးသိမ်းနဲ့ ပြန်ဆုံဖြစ်ခဲ့ကြတယ်။ အထူးသဖြင့် ရွှေတိဂုံအနောက်မုဒ် လူထုအစည်းအဝေးကြီးအပြီး လူထုလှုပ်ရှားမှုကာလများမှာ အဘဦးဝင်းတင်၊ ဘကြီးမိုး၊ အန်ကယ်ဦးသော်က စတဲ့သူများနဲ့အတူ ၅၄/၅၆ တက္ကသိုလ်ရိပ်သာလမ်းရှိ အန်တီစုနေအိမ်သို့ လာရောက် ဆွေးနွေးတိုင်ပင်ကြသူတွေထဲမှာ အန်ကယ့်နဲ့ဆုံဖြစ်ခဲ့။ စက်တင်ဘာ ၁၈ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပဲခူးတိုင်း တိုင်းစည်းရုံးရေးတာဝန်ခံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာကို သိခဲ့ရ။ ကျနော်ကလည်း အန်တီစုကို ထောက်ခံဝန်းရံဆောင်ရွက်ပေးနေတဲ့ သုံးရောင်ခြယ်ကျောင်းသား/လူငယ်အဖွဲ့ရဲ့ တာဝန်ခံတစ်ဦးလည်းဖြစ်နေတာကြောင့် ရုံးချုပ်နဲ့ အန်တီစုနေအိမ်အကြားမှာ မကြာခဏ ဆုံဖြစ်ရင်းနှီးခဲ့ကြတယ်။


၁၉၈၉ မတ်လ ၁၃ ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ် RIT မြက်ခင်းပြင်တွင် ဖုန်းမော်တနှစ်ပြည့် အခမ်းအနားကို ပြုလုပ်ပြီး နိုင်ငံရေးလှုပ်ရှားမှုအဖြစ် နောက်ထပ် တစ်ပတ်ခန့်ပြုလုပ်ပြီး နောက်တရက်(မတ်လ ၂၀) မှာ ကျနော့်ကို တပ်မတော်ထောက်လှမ်းရေးမှ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီး အင်းစိန်ထောင်တွင် ပုဒ်မ ၁၀/က ဖြင့်နေထိုင်နေရချိန်… သိပ်မကြာခင်ကာလမှာပဲ NLD ရဲ့အတွင်းရေးမှုးအဖွဲ့ဝင်ဖြစ်တဲ့ အန်ကယ်ဦးဝင်းတင်ကိုလည်း ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့။ နောက်ထပ် တလအကြာ ၁၉၈၉ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဘဘဦးတင်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထိန်းသိမ်းလိုက်ပြီး ကျန်သော CEC နဲ့ CC များကို စစ်တပ်မှဖမ်းဆီးကာ တပ်မတော်ထောက်လှမ်းရေးတွင် စစ်ကြောမေးမြန်းမှုများပြုလုပ်ပြီး အင်းစိန်ထောင်သို့ ရောက်ရှိလာကြတယ်။


အားလုံးထက် လေးလ လောက်စောရောက်နေသူ ကျနော်နေထိုင်ရာ အမှတ် (၆) တိုက်ရှိ ကျနော့်ဘေးခန်းကို အန်ကယ်စိုးသိမ်း ရောက်လာခဲ့တယ်။ စစ်ကြောရေးကာလ ဖြတ်ကျော်ဖူးသူတိုင်း ကြုံတွေခံစားရတဲ့ ဒုက္ခတွေကြုံပြီးမှ ထောင်ရောက်လာတော့ ဘာပဲပြောပြော နည်းနည်းပျော်သွားကြတယ်။ နဂိုရောက်နှင့်နေတဲ့ ကျနော်နဲ့ ဦးဝင်းတင်ကလည်း ဘေးတဖက်တချက်အခန်းမှာ ရှိတော့ နဂိုကထက် အားတက်သွားပုံရတယ်။မနက်မိုးလင်းလို့ ထောင်ဖွင့်ချိန်ပြီး တခန်းချင်းမိလ္လာချချိန်မှာ ချီးနဲ့သေး ဂန်ဖလားကို အပြေးအလွှားချရင်း အန်ကယ့်ဦးစိုးသိမ်းဖက် အခန်းအပေါက်ဝနားကူးသွားပြီး အားပေးစကားပြောရင်း စားစရာအနည်းငယ်ပေးကာ ခပ်တည်တည်နဲ့ ကိုယ့်အခန်းကိုယ်ပြန်တက်ခဲ့တယ်။ သိပ်မကြာပါဘူး။ တိုက်တာဝန်ခံရုံးခန်းက သိသွားပြီး ကျနော့်တိုက်ခန်းရဲ့ရှေ့သံတိုင်တံခါး အပြင်မှာရှိတဲ့ နောက်ထပ်သစ်သားတံခါးကို ထပ်ပိတ်လိုက်ပြီး ကျနော့်ကို ဘယ်သူနဲ့မှ အဆက်အသွယ်မရအောင် လုပ်ထားလိုက်ကြတယ်။ ဒါပေမဲ့ ညဖက်အိပ်ချိန်မပေးခင် ဟိုအခန်း ဒီအခန်းက ဆိုကြတဲ့သီချင်းတွေထဲမှာ အန်ကယ်ဦးစိုးသိမ်းရဲ့"သက်ဝေ" သီချင်းနဲ့" စံပယ် စံပယ် စံပယ်ပန်းရယ် သင်းရနံ့က ကြူကြူမွှေးတယ် " ဆိုတဲ့ ဂီတနက်သန်ကိုစောညိမ်း သီချင်းသံကတော့ အခန်းထဲကနေ ကျနော်အဖို့အတိုင်းသားကြားနေရပြီး တကယ့်ဖီလင်နဲ့ ဆိုနေတဲ့အရသာကို ခံစားခဲ့ရတယ်။

 နောက်သိပ်မကြာပါဘူး။တလကျော်လောက်( သြဂုတ်လကုန်လောက်)မှာ ကျနော့်ကို ပုဒ်မ ၁၀/က မှ ဖြုတ်လိုက်ပြီး ၁၉၅၀ အရေးပေါ်စီမံချက်အက်ဥပဒေပုဒ်မ ၅/ည နဲ့ အင်းစိန်ထောင်ဗူးဝတရားရုံးရှိ အထူးတရားခုံရုံး စစ်ဆေးအပြစ်ပေးဖို့ ရုံးထုတ်ခဲ့ပါတယ်။ အလားတူ အန်ကယ်ဦးဝင်းတင်ကိုလည်း အခြားအမှုတခုနဲ့ ထောင်ဗူးဝတရားရုံးမှာပဲ တရားစွဲဆိုတင်ပို့ခဲ့ပါတယ်။ကျန်သူတွေဖြစ်ကြတဲ့ ဘကြီးမိုး (စာရေးဆရာဒါရိုက်မောင်မိုးသူ)။ ဦးသော်က (ဗိုလ်မှုးဟောင်း ဘသော်)။ ဦးကိုယု။ ဘကြီးအောင် (မင်းသားကြီးဦးအောင်လွင်)။ ဦးချမ်းအေး (စာရေးဆရာမောင်စူးစမ်း)။ ဦးစိုးသိမ်း (စာရေးဆရာမောင်ဝံသ) စတဲ့သူတွေက ပုဒ်မ ၁၀/က နဲ့ ထောင်ဝင်စာတွေ့ခွင့်မရှိ။ မိသားစုထံမှ ပါဆယ်သာ ရတဲ့အခြေအနေမျိုးနဲ့ နေရချိန်ဖြစ်တယ်။


အပတ်စဉ် အင်္ဂါနေ့တိုင်း ထောင်ဗူးဝအထူးတရားရုံးကို ရုံးချိန်းထွက်နေရတဲ့ကျနော့်ဆီကို အဖေအမေနဲ့ မိသားစုတွေ လာတွေ့ခွင့်ရပြီး ၂ ပတ်အကြာ ဒုတိယရုံးချိန်းမှာ ဦးစိုးသိမ်းရဲ့ဇနီးဖြစ်သူ အန်တီမြင့် နဲ့ သမီးလတ် Lut Latt Soe တို့ရောက်လာကြတယ်။ ပြင်ပမှာ ကျန်ရစ်ခဲ့ကြတဲ့ ဇနီးသားမယား မိသားစုဝင်တိုင်းဟာ ကိုယ်နဲ့ပက်သက်သူရဲ့အခြေအနေကို အစားအသောက်ပေးခွင့်ရယုံနဲ့ စိတ်မချနိုင်။ လူကိုတွေ့ချင်ပေမဲ့ တွေ့ဆုံခွင်မရတဲ့အခါ စိုးရိမ်ပူပန်မှုရှိမယ်ဆိုတာ ကျနော်နဲ့ အဖေအမေတို့က သဘောပေါက်နားလည်တယ်။ ဒါကြောင့်လည်း အန်တီမြင့်နဲ့ လတ်လတ်တို့ရောက်လာချိန်မှာ ကျနော်နဲ့တတိုက်ထဲ ဘေးချင်းကပ်နေထိုင်တဲ့အကြောင်း။ အန်တီမြင့်တို့အနေနဲ့ မိသားစုထောင်ဝင်စာ တွေ့ခွင့်မရပေမဲ့ အစားအသောက် ပစ္စည်းများပေးတာကိုလည်း အန်ကယ့်အနေနဲ့ ရတဲ့အကြောင်း။ ကျန်းမာရေးလည်း ကောင်းတဲ့အကြောင်း။ ကျနော်ကိုယ်တိုင်လည်း တစ်ပတ်တခါ ရုံးချိန်း ထွက်နေရတဲ့အတွက် ပြောဆိုခြင်တာ ကျနော်မှ ပြန်ပြောပေးနိုင်ကြောင်းပြောပြပြီး အားပေးနှစ်သိမ့်ခဲ့ရတယ်။ အန်တီမြင့်နဲ့အတူပါလာတဲ့ သမီးလတ်ဖြစ်သူ လွတ်လပ်စိုး ဟာအဲ့ဒီ့အချိန်က ဆယ်ကျော်သက်အရွယ်လေးပေမဲ့ တိကျပြတ်သားတဲ့မျက်နှာနဲ့ အမေဖြစ်သူကိုအားပေးရင်း နေခဲ့တာကိုမှတ်မိနေခဲ့… ( စကားချပ်-တရားရုံးမှ နောက်တပတ်ရုံးချိန်းပေးပြီး အင်းစိန်ထောင်သို့ ပြန်မပိုခင်အချိန်မှာ ညဖက်အိပ်ချိန်မပေးခင် သီချင်းတွေဆိုငြီးကြတဲ့အခါ အန်ကယ်မှ " သက်ဝေ " သီချင်းနဲ့ ဂီတနက်သန်ကိုစောညိမ်း ရဲ့ သီချင်းကို ခံစားချက်အပြည့်နဲ့သီဆိုတတ်ပုံကို အန်တီမြင့်နဲ့မိသားစု ကို မပြောမိခဲ့အတွက် ယနေ့ထိတိုင် အန်ကယ်ဦးစိုးသိမ်း ကိုယ်စားနောင်တရနေမိခဲ့)…

 အင်းစိန်ထောင်ဗူးဝမှ တိုက်ခန်းများဖက်သို့ ထောက်လှမ်းရေးနဲ့ထောင်ဝန်ထမ်းမျာက ကျနော့်ကို ခေါင်းစွပ်စွတ်ပြီး မိန်းဂျေးလ်လမ်းအတိုင်းခေါ်သွားနေစဉ် ကျနော့်မှာ အန်ကာ်ဦးစိုးသိမ်းကို အန်တီမြင့်နဲ့ သမီးလတ်ဖြစ်သူတို့ လာတွေ့တဲ့အကြောင်းနဲ့ မိသားစုများမှ မှာလိုက်တဲ့စကားများပြန်ပြောဖို့အတွက် တက်ကြွတဲ့ခြေလှမ်းများဖြင့် အမှတ် (၆) တိုက်သို့ဦးတည်လျှက်……

 [ ဆက်လက်ဖော်ပြပါ့မည် ]
အစဉ်အမြဲမေတ္တာဖြင့်
ကိုမြတ်စံ
26/3/2018(11:45 pm)

Comments