
နိုင်ဝင်းသီ ● လူနာဆောင်အမှတ်ခြောက်နှင့် တွေ့ဆုံခြင်း
(မိုးမခ) မတ်လ ၁၆၊ ၂၀၁၈
(မိုးမခ) မတ်လ ၁၆၊ ၂၀၁၈
နှင်းတွေ ...
နှင်းရေစက်တွေ ...
ဘယ်နေရာကြည့်လိုက် ကြည့်လိုက်ဆွတ်ဖြူနုလွနေသော နှင်းဖတ်နှင်းခဲတွေကို သာ လှမ်း၍ မြင်နေရသည်။
ကြည်လင်အေးစက်နေသော ကန်ရေပြင် ဟိုဖက်ဆီမှ ပင်လယ်ကဗွီးပင်ကြီးများ ပင် နှင်းမြူထဲမှာ နစ်မြုပ်နေလေသည်။
သူကပဲ စောပြီးရောက်နေလို့လား။ ဒါမှမဟုတ် နှင်းရေစက်တွေကပဲ သည်းသည်းရိုင်းရိုင်း ပြိုအိကျနေလို့ပဲလားတော့မသိ။
ရေပြာကန်နဘေးက မြေဝါလမ်းကွေးကွေးလေးပေါ်မှာ ခါတိုင်းရက်များကလို လမ်းလျှောက်နေသူ တဦးတယောက်ကိုမှ သူ မတွေ့ရပါ။
ခြေလှမ်းမှန်မှန်နှင့် သူလျှောက်နေစဉ်မှာပင် သူ့ရှေ့ခပ်လှမ်းလှမ်း နှင်းသားပြာပြာထဲမှ ကုပ်ကုပ်ရုပ်ရုပ်ထွက်လာသော လူတယောက်ကို ရုတ်ချည်းသူ မြင်လိုက်ရသည်။
ထူးခြားမှုတခုမှာ ထိုလူသည် လမ်းလျှောက်လာရင်းနှင့် ချောင်းတွေတဟွပ်ဟွပ်ဆိုးလာခြင်းပင်။
သူ၏ချောင်းဆိုးပုံမှာ ပြင်းထန်လွန်းလှသောကြောင့် သူ့ရှေ့မှ နှင်းစက်များပင် လွင့်ရှဲသွားလေမလားဟု ထင်မှတ်ရလေသည်။
တခါတရံမှာတော့ ချောင်းတွေ အဆက်မပြတ်ထ ထဆိုးနေတာကိုပဲ စိတ်မရှည်တော့လို့ပဲလား။ ဒါမှမဟုတ် တစုံတခုခုကို မကျေမနပ် ဖြစ်နေလို့ပဲလားတော့မသိ။ ချောင်းတွေ တဟွပ်ဟွပ်ဆိုးနေရင်းကပဲ ခုန်ပေါက်နေပြန်လေသည်။
ထိုလူ့ကိုကြည့်ပြီးတော့ သူ အတော့်ကိုစိတ်ပျက်သွားပါသည်။
ဒီလောက်ချောင်းဆိုးနေတဲ့ လူတယောက်ဟာ အခုလို နံနက်ခင်းမျိုးမှာ လမ်းထလျှောက်ဖို့ မကောင်းလှပါဘူး။
ထိုလူသည် ချောင်းတွေတဟွပ်ဟွပ်ဆိုးနေရင်းကပင် မျက်နှာချင်းဆိုင်မှ လျှောက်လာသော သူ့ကို တချက်ကလေးငဲ့ကြည့်ဖော်မရဘဲ ရှေ့ဆက်၍ လျှောက်သွားလေသည်။
သူနှင့် အနီးကပ်ဆုံးနေရာမှ ဖြတ်လျှောက်သွားသော ထိုလူ့ကို မြင်လိုက်ရသောအခါ သူ့ မျက်လုံးတွေက ဝိုင်းစက်အံ့သြသွားလေသည်။
ပန်းနုရောင်မျက်နှာ၊ ပါးလှပ်ချွန်မြနေသော နှာတံ၊သွေ့ခြောက်ညိုးရီနေသော မီးခိုးရောင်မျက်လုံးများ။
ဟုတ်ပြီ ...ဟုတ်ပြီ ...
ထိုလူ့နောက်ကို သူ အမောတကောပြေး၍ လိုက်သွားပြီး ...
"လူ ...လူကြီးမင်းဟာ ချက်ကော့ဗ်ပါလားခင်ဗျာ"
ရှေ့တည့်တည့်မှ ပိတ်ရပ်လိုက်ပြီး သူစိတ်လှုပ်ရှားစွာ မေးလိုက်သော်လည်း ထိုလူသည် သူ့ကို နည်းနည်းလေးမှ စိတ်ဝင်စားပုံမရပါ။ သူ့မျက်နှာကို ဖျပ်ခနဲ တချက်ကြည့်လိုက်သော်လည်း စကားတခွန်းမှ သူ့ကိုပြန်မပြောပါ။
"လူ ...လူကြီးမင်းဟာ ချက်ကော့ဗ် ပါလား ခင်ဗျာ"
ဒုတိယအကြိမ် ကျိုးနွံသောလေသံမျိုးနှင့် သူ မေးတော့မှ ထိုလူ့ဆီက တိုးတိတ်သော လေသံကလေးနှင့်
"ဟုတ်ပါတယ်။ ကျုပ်ဟာ ချက်ကော့ဗ်ပါပဲ"
ထိုလူ၏ နူတ်ဖျားမှ ချက်ကော့ဗ်ဟုပြောလာလေသောအခါ သူစိတ်တွေ တအားလှုပ်ရှားသွားပြီး
"ချက် ...ချက် ...ချက်ကော့ဗ်။ လူ ..လူကြီးမင်းဟာ ချက်ကော့ဗ် ဟုတ်ပါတယ်နော်"
ထိုလူ၏ မျက်လုံးတွေက အနည်းငယ်တင်းမာသွားပြီး"ကျုပ်ကိုကျုပ် ချက်ကော့ဗ်လို့ ပြောပြီးပြီပဲဗျာ။ ဘာလဲ..ကိုယ့်လူတို့ ဆီမှာ အင်တန်ချက်ကော့ဗ်အပြင် အဇာဘိုင်ဂျန်ချက်ကော့ဗ်တို့၊ အာမေးနီးယန်းချက်ကော့ဗ်တို့များ ရှိနေသေးလို့လား"
သူ အထစ်ထစ် အငေါ့ငေါ့ဖြင့်
"မ .. မ .. မဟုတ်ရပါဘူးခင်ဗျာ။ အ ..အမှားအယွင်းယွင်းတွေ ဖြစ်ကုန်မှာ စိုးလို့ပါခင်ဗျာ။ လူကြီးမင်းဟာ ချက်ကော့ဗ်ဆိုရင်
တော့ ကောင်းသောနံနက်ခင်းပါလို့ နူတ်ခွန်းဆက်ပါရစေခင်ဗျာ"
ထိုလူသည် ချောင်းတဟွပ်ဟွပ်ဆိုးနေရာက ခေါင်းကို လေးတွဲ့စွာခါရမ်းလိုက်ရင်း
"ဘယ်လိုလုပ်ပြီး ကောင်းသောနံနက်ခင်း ဖြစ်မှာလဲ ကိုယ့်လူရာ။ နှင်းတွေသောက်ကျိုးနည်း ကျနေတာကွ မောင်ရင်လေးရ"
"ဟုတ်ပါတယ်ခင်ဗျာ။ နှင်းတွေ တအားကျနေပါတယ်။ ပြောမယ်ဆိုရင်တော့ အခုရာသီဟာ နှင်းတွေကျရမယ့် ရာသီဥတုမျိုး မဟုတ်ပါဘူး။ ရာသီဥတုကလည်း ဟိုဖက်နှစ်တွေတုန်းကလို မဟုတ်တော့ပါဘူးခင်ဗျာ။ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဖောက်ပြန်နေပါပြီ"
ရာသီဥတုဖောက်ပြန်မှု အကြောင်းကိုစကားစပြီး ချက်ကော့ဗ်၏မျက်နှာကို သူ မသိမသာ အကဲခတ်လိုက်သော်လည်း ချက်
ကော့ဗ်၏ မျက်လုံးတွေက နှင်းပြာတွေ အိကျနေသော ကန်ရေပြင်ကိုသာ ငေးကြည့်နေလေသည်။ နှင်းရိုင်းတွေ မိုးရွာချသလို ပြိုကျနေသော အရပ်ဒေသမှာ နေလာခဲ့တဲ့ လူမို့လို့ပဲလား။ ဒါမှမဟုတ် သူနှင့်ပဲ စကားမပြောချင်လို့ပဲလား။ ချက်ကော့ဗ်၏နူတ်ဖျားက မည်သည့် စကားသံမှ ထွက်မလာခဲ့ပါ။
ချက်ကော့ဗ်ကသာ သူ့ကို စိတ်မဝင်စားသော်လည်း သူကတော့ ချက်ကော့ဗ်ကို အရမ်းစိတ်ဝင်စားလှသည်။ သူ၏ အစွဲအလမ်းတွေထဲမှာ ပါရီက မွန်မတ်ရပ်ကွက်ပါသည်။
ရိုတွန်းကဖေးပါသည်။ ပွတ်ရှ်ကင်၏ ကြေးမြင်းသည်တော်ပါသည်။ အလန်ဂျင်းစ်ဘတ်ပါသည်။ ဟိန်း ပါသည်။ ဖရီဒါခါလို ပါသည်။
သူ့လိုပဲ မြို့ပြကို ခုံမင်တပ်မက်လွန်းသော ဖရန့်ခ် အိုဟာရာ ပါသည်။ ဟာရိုးပင်တာ၏ပြဇာတ်တချို့လည်း ပါသည်။ ချက်ကော့ဗ်၏ လူနာဆောင်အမှတ်ခြောက်လည်း အသေအချာ ပါဝင်ခဲ့ပါသည်။
ချက်ကော့ဗ်၏ ဝိဥာဉ် ပူးကပ်ပျော်ဝင်နေသော လူနာဆောင်အမှတ်ခြောက်ကိုတော့ သူ စွဲမက်လွန်းလှသည်။ လူနာဆောင်အမှတ်ခြောက်ကို ဖတ်မိတိုင်းလည်း ထိုလူနာဆောင်ထဲသို့ သူကိုယ်တိုင် ရောက်ရှိသွားသလို အမြဲတမ်း ခံစားခဲ့ရလေသည်။
ဆိုးရွားနံစော်နေသော အနံ့အသက်များ၊ သွေ့ခြောက်မွဲရီနေသော သက်ငြိမ်မျက်လုံးများ၊ ပျင်းရိပျင်းတွဲလှုပ်ခုန်နေသော သွေးခုန်သံများ၊ ထစ်အတုန်ရီနေသော အသက်ရှူသံပြင်းပြင်းများ။
တခါတခါတော့လည်း လူနာဆောင်အမှတ်ခြောက်၏ အခြားသောတဖက်မှာ ဘယ်လိုအရာတွေများ ရှိနေပါလိမ့်ဟု မွတ်သိပ်စွာ သူ သိချင်နေမိပြန်သည်။
တခါတခါမှာတော့ အဲဒီလူနာဆောင်ထဲက လူနာတွေဟာ သူတို့ရဲ့လက်ကျန်အချိန်တွေကို မည်ကဲ့သို့များ ကုန်လွန်ခဲ့မှာပါလိမ့်ဟူသော အတွေးဖြင့် သူ့ရင်သည် ပူလောင်မွန်းကျပ်နေလေသည်။
အထူးသဖြင့်တော့ ဒေါက်တာအန်ဒရေရာဂင်ပေါ့။
မည်ကဲ့သို့သော ညွှတ်နူးမှုမျိုးလည်းမသိ။ ဒေါက်တာ အန်ဒရေရာဂင်ကိုတော့ သူ အရမ်းစိတ်ဝင်စားလှသည်။ လူနာဆောင်
အမှတ်ခြောက်အကြောင်းကို စဉ်းစားမိလျှင် သူနှင့် အနီးကပ်ဆုံးနေရာသို့ ဒေါက်တာအန်ဒရေရာဂင် ရောက်ရှိနေသလိုပင် သူ့စိတ်ထဲမှာခံစားခဲ့ရသည်။ တိတ်ဆိတ်မှုတွေပြင်းထန်အားကောင်းသော လမိုက်ညမျိုးဆိုလျှင် ဒေါက်တာအန်ဒရေရာဂင်၏ အသက်ရှူသံပြင်းပြင်းကို ကြားရသည်အထိ ထိုဆရာဝန်သည် သူ့ကို ဖမ်းစားနိုင်ခဲ့လေသည်။
သို့သော်လည်း လူနာဆောင်အမှတ်ခြောက်ထဲက လူနာတွေကို ဆေးကုသပေးခဲ့သော ထိုဆရာဝန်သည် လူနာဆောင် အမှတ်ခြောက်ထဲမှာပင် တိရိစ္ဆာန်တကောင်လိုသေဆုံးသွားခဲ့သောအခါ သူ တုန်လှုပ်ချောက်ချားသွားပါသည်။
သူ၏ အတွေးအထင်အရဆိုလျှင်တော့ ဒေါက်တာအန်ဒရေရာဂင်သည် လူတော်တယောက်ဖြစ်ပါသည်။ ထူးချွန်ထက်မြက်သော လူတော်တစ်ယောက်ဟာ ဘယ်လိုနည်းမျိုးနဲ့ပဲဖြစ်ဖြစ် သူကျင်လည်ခဲ့ရာခေတ်ကြီးထဲမှာ ခွေးသေဝက်သေ ပိုးစိုးပက်စက်တော့ မသေဆုံးသင့်ဘူးပေါ့။ အထူးအားဖြင့် သူဆေးကုသပေးခဲ့တဲ့ လူနာဆောင်အမှတ်ခြောက်ထဲမှာ အရူးအနှမ်းတယောက်လို ပိုပြီးတော့ မသေသင့်ဘူးပေါ့။
ထိုအဖြစ်အပျက်တွေနှင့် ပတ်သက်ပြီး ချက်ကော့ဗ်တယောက် သူ့ကို တခုခု ပြောပြနိုင်ပါလိမ့်မည်။
စိတ်ရှုပ်ထွေးနေပုံရသော ချက်ကော့ဗ်၏မျက်နှာကို သူ တလေးတစားကြည့်လိုက်ပြီး
"ဒေါက်တာ အန်ဒရေရာဂင်ဟာ လူတော်တယောက်ပါခင်ဗျာ။ ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်ကို ပြောရရင်တော့ ဒေါက်တာအန်ဒရေရာဂင် သေဆုံးသွားရတဲ့ကိစ္စမှာ အဲဒီခေတ်ကာလ လူ့အဖွဲ့အစည်းရဲ့ပယောဂလည်း အနည်နဲ့အများတော့ ပါဝင် ပတ်သက်လိမ့်မယ်လို့ ယူဆမိပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးမင်းရဲ့သဘောထားမှတ်ချက်လေးကို သိပါရစေခင်ဗျာ"
ချက်ကော့ဗ်က မျက်မှောင်ကြုပ်ပြီး သူ့ကို လှမ်းကြည့်လိုက်သည်။
"ဒေါက်တာအန်ဒရေရာဂင် ... ဟုတ်လား။ ဘယ်က ဒေါက်တာအန်ဒရေရာဂင်များပါလိမ့်။ ကိုယ့် အသိအကျွမ်းတွေထဲမှာ လည်း အန်ဒရေရာဂင်ဆိုတာ တယောက်မှ မရှိပါလားကွာ"
"လူကြီးမင်းရဲ့ အသိအကျွမ်းတွေထဲက ဒေါက်တာ အန်ဒရေရာဂင်ကို ပြောချင် မဟုတ်ပါဘူးခင်ဗျာ။ လူကြီးမင်းရေးခဲ့တဲ့ လူ
နာဆောင်အမှတ်ခြောက်ထဲက ဒေါက်တာအန်ဒရေရာဂင်ကို ပြောတာပါခင်ဗျာ"
လူနာဆောင်အမှတ်ခြောက်ဟူသော စကားလုံးအတွဲအဆက်ကို ကြားလိုက်ရသည်နှင့် ချက်ကော့ဗ်၏ မျက်လုံးအစုံသည် နှင်းမြူရိပ်အောက်မှာ နူညံ့ညင်သာသွားလေသည်။ စက္ကန့်အနည်းငယ် ကြာမြင့်သွားပြီးမှ "ဟုတ်ပြီ ..ဟုတ်ပြီ။ ကျုပ်မှတ်မိသွားပါပြီ။ လူနာဆောင်အမှတ်ခြောက်ကိုရော၊ ဒေါက်တာ အန်ဒရေရာဂင်ကိုရော ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ကျုပ် အသေအချာ မှတ်မိသွားပါပြီ"
တအောင့်နေတော့ ချက်ကော့ဗ်၏ နူတ်ဖျားက...
"ဒေါက်တာ အန်ဒရေရာဂင် ..ပြီးတော့ နီကီတာ..မိုးဇက်..အိုင်ဗင်ဂရိုမော့ဗ် ..နောက် တယောက်ရှိသေးတယ် ..ဆာဂျီ"
လူနာဆောင်အမှတ်ခြောက်နှင့် ချက်ကော့ဗ်တို့ကြားမှာ ကာရံထားသော နံရံမှာ ပွင့်ထွက်သွားပုံရသည်။ လူနာဆောင်အမှတ်ခြောက်ထဲမှ ညည်းညူသံများနှင့် လူနာများသည် ချက်ကော့ဗ်၏ အာရုံထဲကို တယောက်ပြီးတယောက် ခုန်ဝင်လာခဲ့လေသည်။
ချက်ကော့ဗ်က လေသံတိုးတိုးလေးဖြင့်
"ဟုတ်ပြီ ..ဟုတ်ပြီ ..ဟုတ်ပါပြီ ..အားလုံးကို ကျုပ် သေသေချာချာ မှတ်မိသွားပါပြီ။ ဒါနဲ့ နေစမ်းပါဦး ကိုယ့်လူရ။ စောစော
တုန်းက ဒေါက်တာအန်ဒရေရာဂင်နဲ့ ပတ်သက်ပြီး ကိုယ့်လူ တခုခုပြောလိုက်တယ်အောက်မေ့လို့"
ချက်ကော့ဗ် ချောင်းတွေတဟွပ်ဟွပ်ဆိုးပြန်သည်။ သူ ချောင်းဆိုးတာ ရပ်တန့်သွားမှ
"ဒီလိုပါခင်ဗျာ။ ဒေါက်တာအန်ဒရေရာဂင်ဟာ လူတော်တယောက်ပါ။ သူ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်ကို သုံးသပ်ကြည့်လိုက်ရင်အဲဒီခေတ်လူ့အဖွဲ့အစည်းရဲ့ ပယောဂလည်း မကင်းဘူးလို့ ကောက်ချက်ချမိလို့ပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးမင်းရဲ့ထင်မြင်ယူဆချက်လေးကို သိခွင့်ရပါရစေခင်ဗျာ"
ချက်ကော့ဗ်က ခေါင်းတရမ်းရမ်းနှင့်
"အားလုံးဟာ ပြီးဆုံးသွားခဲ့ပါပြီ ကိုယ့်လူရာ။ လူနာဆောင်အမှတ်ခြောက်ဟာလည်း ပြီးဆုံးသွားခဲ့ပြီ။ ဒေါက်တာအန်ဒရေရာဂင်လည်း ပြီးဆုံးသွားခဲ့ပြီ။ နောက်ပြီး နီကီတာ၊ မိုးဇက်၊ အိုင်ဗင်ဂရိုမော့ဗ်...ဟုတ်လား။ သူတို့အားလုံးလည်း ပြီးဆုံးသွားခဲ့ပြီ။
အားလုံးဟာ အချိန်ကာလတခုအောက်မှာ ပြီးဆုံးသွားခဲ့တာချည်းပဲ မဟုတ်လား"
ချက်ကော့ဗ်သည် ချောင်းတဟွပ်ဟွပ်ဆိုးနေပြန်သည်။ အတန်ကြာမှ
"လူ့အဖွဲ့အစည်းထဲက ငတုံးတွေ၊ ငလုံးတွေအကြောင်းကိုတော့ အချိန်ကုန်ခံပြီး ပြောမနေစမ်းပါနဲ့ကိုယ့်လူရာ။ အဲဒီငတုံးတွေငလုံးတွေ အကြောင်းကို ထိုင်ပြောနေလို့လည်း ထူးခြားလာမှာမှ မဟုတ်တာ။ ကျုပ်စဉ်းစားလို့မရတာတခုက ဘုရားသခင်ဟာဘယ်လိုရည်ရွယ်ချက်နဲ့ အဲဒီငတုံးတွေ ငလုံးတွေကို ဒွန္နယာထဲ စေလွှတ်လိုက်သလဲဆိုတာပါပဲ"
နံနက်ခင်းသည် နှင်းမြူများဖြင့် ပိုပြီးပြာမှောင်လာလေသည်။ ချက်ကော့ဗ်က ချောင်းတွေ အဆက်မပြတ်ဆိုးနေပြန်သည်။သူ ချောင်းဆိုးပုံမှာ ပြင်းထန်လွန်းလှသောကြောင့် ပါးလှပ်နေသော အရေပြားအောက်က အဆုတ်တုံးများပင် ကျွတ်ထွက်လာလေမလားဟု ထင်မှတ်ရလေသည်။
ဘာပဲပြောပြော ချက်ကော့ဗ်ကိုတော့ သူ လေးစားပါသည်။ နောက်ပြီး ချက်ကော့ဗ်က ဘဝမှာ သေခြင်းတရားရှိတာကို လက်ခံယုံကြည်သူဖြစ်သည်။
ပြောမည်ဆိုလျှင် သေခြင်းတရားဟာ အမှန်တရားတခုဖြစ်ပြီး သေခြင်းတရားကို သက်ဝင်ယုံကြည်တာဟာ ဘုရားသခင်အပေါ် ယုံကြည်မှုရှိသွားတာပဲမဟုတ်လား။
ချောင်းဆိုးရလွန်းသောကြောင့် နွမ်းလျလာပုံရသော ချက်ကော့ဗ်ကို သူ ဦးညွှတ်၍နှုတ်ဆက်လိုက်ပြီး ...
"အခုလို မမျှော်လင့်ဘဲနဲ့ တွေ့လိုက်ရတာကို ဝမ်းသာရပါတယ်ခင်ဗျာ။ သိချင်နေတဲ့ မေးခွန်းတချို့ကို ဖြေကြားပေးတဲ့ အတွက်လည်း အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ။ ဒါထက် မေးစမ်းပါရစေဦး။ လူကြီးမင်းဟာ ဘုရားသခင်ဆီကို သွားနေတာများလားခင်ဗျာ"
ချက်ကော့ဗ်က သူ၏ဦးခေါင်းပေါ်တွင် ငြိကပ်နေသော နှင်းခဲနှင်းဖတ်များကို လက်နှင့်သပ်ချလိုက်ရင်း
"ဘုရားသခင် ..ဟုတ်လား။ ဒီလောက်ဆိုးရွားနေတဲ့ ရာသီဥတုကြားမှာ ဘုရားသခင်ဆီကို ကျုပ်က ဘာသွားလုပ်ရမှာလဲကိုယ့်လူရာ..ကိုယ့်လူပဲ စဉ်းစားကြည့်ပါဦး။ ဘုရားသခင်ကလည်း အခုလိုရာသီဥတုမျိုး မှာ နွေးနွေးထွေးထွေး နေချင်မှာပေါ့။ ကျုပ်ကို တွေ့ချင်ပါ့မလား။ သူ့ဘက်ကလည်း စဉ်းစားကြည့်ပါဦး။ အမှန်အတိုင်းပြောရရင် တော့ ဗော့ဒဂါတခွက်လောက် သောက်ချင်လို့ ဒီဘက်ကို ရောက်လာတာဗျ ကိုယ့်လူရ။ ကိုယ့်လူနဲ့ စကားပြောနေတာနဲ့ နောက်တောင်ကျနေပြီလားမသိဘူး"
သူတို့မြို့ကလေးက အခေါ်အဝေါ် အတိုင်းသာဆိုလျှင် ချက်ကော့ဗ် သွားနေသောယမကာဆိုင်လေးမှာ"ထန်းပင်ကုန်း" အရက်ဆိုင်လေးတွေဆီကို ဦးတည်နေခြင်းပင်။
ထိုဆိုင်စုစုလေးတွေမှာ မနက်သွား ညပြန် မြို့ပြလူသားများဖြင့် ရှုပ်ထွေးလှုပ်ခတ်နေတတ်ပြီး အမြဲတမ်းဆူညံပွက်လောထနေသော ပစန္တရစ်အရပ်ကလေးပင် ဖြစ်သည်။
ထိုနေရာလေးကို ရောက်ရှိလာသူများမှာ မွန်းကျပ်ခါးသက်နေသော ဘဝတွေထဲမှ ရုန်းထွက်လာသူတွေဖြစ်ပြီး အခန့် မသင့်ခဲ့လျှင် တယောက်၏ခေါင်းကို တယောက်က ရိုက်ခွဲပစ်ဖို့ ဝန်လေးသူများ မဟုတ်ကြကြောင်းနှင့် ဗော့ဒဂါဆိုသည်မှာ ဖြူသလားမည်းသလားပင် မြင်ဖူးကြသည့် လူများမဟုတ်ကြောင်း ထိုနေ့က ချက်ကော့ဗ်ကို သူ မပြောလိုက်ပါ။ ။
နိုင်ဝင်းသီ
Comments