လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ - ဆောင်းပါးအမှတ် (၇)

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ - ဆောင်းပါးအမှတ် (၇)
(မိုးမခ) မတ်လ ၁၅၊ ၂၀၁၈

● ရဲဘော်နိုင်ဦးသို့ နှုတ်ဆက်ခြင်း
ယခုတလော မိုးမခမှာ မောင်စိန်သော်ရဲ့ ၁၉၇၀ - ၈၀ ခုနှစ်များအတွင်းက အရှေ့မြောက်တိုက်ပွဲကြီးများအကြောင်း မှတ် တမ်းတင်ထားတဲ့ဆောင်းပါးတွေ တင်ထားတာတွေ့ရပါတယ်။ ဒီအပတ် အဖတ်အများဆုံးဆောင်းပါးစာရင်းမှာလည်း ပါနေ တာတွေ့လာရတဲ့အခါမှာတော့၊ ကျွန်မမှာ ဝမ်းသာဝမ်းနည်းဖြစ်ရပါတယ်။ သြော် မိုးမခရယ် စောစောလေးကများတင်ရော ပေါ့လို့ စိတ်ထဲမချင့်မရဲလည်း ဖြစ်မိပါတယ်။

အကြောင်းကတော့ စာရေးဆရာမောင်စိန်သော် (ခေါ်) ရဲဘော်နိုင်ဦးက ၂ဝ၁၇ ခုနှစ်အကုန် ၂ဝ၁၈ ခုနှစ်အကူး နံနက်လင်း အားကြီးအချိန်မှာ ကွယ်လွန်သွားပြီဖြစ်လို့ပါပဲ။
▪ ▪ ▪

ကျွန်မတို့မိသားစု ၁၉၇၆ ခုနှစ် ပါတီထဲရောက်ချိန်ကစလို့ တောက်လျှောက် အလွန်ခင်မင်ရင်းနှီးစွာနေလာခဲ့ကြတဲ့-ရဲဘော် တွေထဲမှာ ကိုနိုင်ဦးပါပါတယ်။ သူက မုံရွာသားဆိုတာသိချိန်ကစလို့ ဖေဖေကအစ ကျွန်မတို့မိသားစုဝင်အားလုံး သူ့ကိုဝိုင်း ချစ်ခဲ့ကြတယ်။ ကျွန်မတို့မိသားစုမှာ အလွန်ရင်းခဲ့တဲ့ မုံရွာသားများရှိခဲ့လို့ပါ။ ဖေဖေ ပြည်တွင်းငြိမ်းချမ်းရေးခရီးများထွက်နေတုန်းကရော၊ (၁၉၆၀ ခုနှစ်များ)၊ ဆရာကြီးမှိုင်းဈာပနနဲ့ ဂူဗိမာန်တည်ဆောက်တဲ့ကာလများကရော (၁၉၆၄ - ၆၆) ဖေဖေရဲ့ လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များဖြစ်တဲ့ ဦးတင်ရွှေတို့ ဦးအံ့မောင်တို့ဆိုတာက မုံရွာသားများလေ။

ကိုနိုင်ဦးတို့မိသားစုနဲ့ ကျွန်မတို့တတွေက ပန်ဆန်းကာလ (၁၉၇၈ - ၈၉) တလျှောက်လုံး ဆွေမျိုးရင်းချာတွေလို အတူနေခဲ့ကြ ပါတယ်။ ၁၉၈၉ - ၉၀ ခုနှစ်များမှာတော့ ကန်ပိုင်တီးမှာတပ်ပြန်စုပြီး နိုင်ငံရေးသင်တန်းတွေ စစ်ရေးသင်တန်းတွေ အတူတက် ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ကာလတပိုင်း အဆက်အသွယ်ပြတ်သွားပေမယ့် ၂၀၀၀ ခုနှစ်များမှာတော့ ပြန်လည် အဆက်အသွယ်တွေရခဲ့ကြပါတယ်။ ပြည်သူလူထုကြီးလွတ်မြောက်ရေးအတွက် သူက နာမည်အမျိုးမျိုး (မောင်စိန်သော်၊ ဗတိုးရှိန်) နဲ့ ဆောင်းပါးတွေရေး၊ ကဗျာတွေရေးနဲ့ ကျွန်မတို့အတွက် တခုတည်းကျန်တော့တဲ့လက်နက် ကလောင်နဲ့ ဆက် လက်တိုက်ပွဲဝင်လာရာမှာ အလွန်ဇွဲနပဲကြီးစွာ အိုခြင်း၊ နာခြင်းတရားတွေကို အန်တုရင်း နောက်ဆုံးမှာတော့ ဘယ်သူမှမ လွန်ဆန်နိုင်တဲ့ သေခြင်းတရားကို မျက်နှာချင်းဆိုင်သွားခဲ့တယ်။ မရှောင်မလွှဲသာတဲ့ ဖြစ်ရိုးဖြစ်စဉ်တရားကို လက်တွေ့ရင် ဆိုင်သွားခဲ့တယ်။

ပါတီက စဉ်ဆက်မပြတ်ထုတ်ဝေခဲ့တဲ့ ပြည်သူ့အာဏာ၊ အရေးတော်ပုံ စာစောင်များမှာ ကိုနိုင်ဦးကဆောင်းပါးများ အများ အပြား ရေးခဲ့ပါတယ်။

၂၀၁၂ လောက်ကစလို့ သူ့မှာ လျှာကင်ဆာစတင်ရရှိခဲ့ပါတယ်။ သူကဒါကိုခွဲစိတ်ကုသဖို့ လက်မခံဘဲ၊ သောက်ဆေးအမျိုးမျိုး နဲ့ထိန်းထားပြီး သူလုပ်ဆောင်စရာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ မကျန်းမမာဖြစ်နေရှာတဲ့ဇနီးသည်ကိုတဖက်ကပြုစုစောင့်ရှောက်ရင်း တဖက်ကလည်း လေ့လာရေးအပျက်မခံရုံမက၊ မိမိရရှိချက်များကိုလည်း ပြန်လည်ရေးသား မျှဝေတာတွေ လုပ်ဆောင်ပါတယ်။ အထူးသဖြင့် လယ်ယာမြေကိစ္စများ၊ လယ်သမားပြဿနာများမှာ သူက ပိုအားသန်ပုံ ရပါတယ်။

ဒါ့အပြင် ပန်ဆန်းမှာနေစဉ် အရှေ့မြောက်စစ်ဒေသစစ်ဦးစီးဌာနမှာတာဝန်ထမ်းဆောင်ဖူးခဲ့တော့၊ အဲဒီတုန်းက တိုက်ခဲ့ကြရ တဲ့ တိုက်ပွဲကြီးများအကြောင်းကိုလည်း သူမှတ်မိသလောက် ပြန်လည်ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်မစကားချပ်အဖြစ် ရေးလိုတာတွေရှိပါတယ်။ ကျွန်မတို့ရဲ့တိုက်ပွဲများ (ကြီး ငယ် မဟူ) မှတ်တမ်းတွေ အပြည့် အစုံရှိပါတယ်။ တိုက်ပွဲစီမံကိန်းကစလို့ တိုက်ပွဲစဉ်အလယ် တိုက်ပွဲနိဂုံးချုပ် အဆုံးပါ။ ဗဟိုစစ်ကော်မရှင်ကို အပြည့်အစုံ အစီရင်ခံရပါတယ်။ ဒါပေမဲ့ ၁၉၈၉ ပါတီတွင်းပုန်ကန်မှုကြောင့် ကျွန်မတို့တတွေ အလွန်ဖရိုဖရဲဖြစ်စွာ ဗဟိုရုံးစိုက်ရာ ပန် ဆန်းက ပြေးလာရတော့၊ ဒါတွေအားလုံး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ နောက်ပိုင်း တချို့စာရွက်စာတမ်းတွေ (အနည်းတကာ့ အနည်းစု) ပြန်လည်ရရှိခဲ့ပါတယ်။ အဲဒီအချက်အလက်ကလေးတွေနဲ့ လူတဦးချင်း မှတ်မိသမျှတွေကို သူကရေးသားမှတ် တမ်းတင်ပေးထားတာပါ။ အပြည့်အစုံကြီးမဟုတ်ပေမယ့် မှတ်တမ်းမှတ်ရာလေးအဖြစ်ကျန်အောင် ကြိုးစားလုပ်ဆောင်မှု အပေါ် ကျွန်မတို့ကတော့ သူ့ကိုကျေးဇူးတင်ရမှာပါ။

၂၀၁၄-၂၀၁၅ သူ ရောဂါပြင်းထန်လာတော့၊ သူရေးပြီးသမျှဆောင်းပါးလေးတွေကိုစုပြီး စာအုပ်ထုတ်ပေးဖို့ ရဲဘော်များက စီစဉ်ပါတယ်။ နှင်းဆီလွင်ပြင်စာပေက အကြောင်းအရာလိုက်ခွဲပြီး၊ စာအုပ် (၃) အုပ် ထုတ်ပေးခဲ့ပါတယ်။

၁။ ထိခိုက်နာကျင်မှုများနေသည့် မြေယာပြဿနာ (မောင်စိန်သော်၊ ၂ဝ၁၅ မတ်လ)
၂။ ပြည်သူ့ဒီမိုကရေစီတော်လှန်စစ်အတွင်း အရှေ့မြောက်စစ်ဒေသတိုက်ပွဲတချို့ (မောင်စိန်သော်၊ ၂ဝ၁၆ မတ်လ)
၃။ ပါတီစိန်ရတုအထိမ်းအမှတ်စာတမ်းတချို့နှင့် တော်လှန်ရေးရုပ်ပုံလွှာ (ဗတိုးရှိန်၊ ၂ဝ၁၆၊ မေလ)

ဒါတွေကို နှင်းဆီလွင်ပြင်ကပဲ သတင်းကွန်ရက်ပေါ်တင်ပေးတော့၊ ပြည်တွင်းမှာပါ ပျံ့နှံ့သွားပါတော့တယ်။

သူက သူ့စာအုပ်တွေအတွက် သူ့ရဲဘော်တွေကို တအုပ်နှစ်ယောက်ကျစီ အမှာစာရေးခိုင်းပါတယ်။ သူ့ပထမစာအုပ်အတွက် ရဲဘော်စိုးချစ်နဲ့ ရဲဘော်ချို (မောင်လှဝင်း- မြင်းခြံ) က ရေးပေးရပြီး၊ ဒုတိယအုပ်အတွက် ရဲဘော်ဖိုးသံချောင်းနဲ့ ရဲဘော်အောင် ငွေတို့က ရေးပေးပါတယ်။

သူ့တတိယစာအုပ် ပါတီစိန်ရတုအတွက် ရဲဘော်အေးသန်း (အောင်ငြိမ်းအေး) နဲ့ ကျွန်မ အမှာစာရေးပေးခဲ့ရပါတယ်။ ကျွန်မ အမှာစာမှာ ဖေဖေက သူနဲ့ပတ်သက်လို့ပြောခဲ့၊ ဆိုခဲ့တာတွေကိုထည့်ရေးထားတဲ့အချက်တွေထဲက တချို့အချက်တွေကို သူ က ဘဝင်မကျပါဘူး။ အမှာစာသူ့ဆီပို့ပေးအပြီး ကျွန်မက သူ့ကိုလှမ်းမေးပါတယ်။

ဘယ်လိုလဲ ... ကျေနပ်ရဲ့လားလို့။ ဒီတော့ သူက ကျွန်တော့်ကို နှေးနှေးလေးလေးကြီးလို့ ပြောထားတာတဲ့။ မကျေမနပ်ကြီး ပြောပါတယ်။

ဒီတော့ သူ့စာအုပ်တွေ ထုတ်ဝေရေးအတွက်ရော၊ ကျွန်မ ဆောင်းပါးတည်းဖြတ်ရေးတွေမှာရော၊ လုပ်ဆောင်ပေးနေရတဲ့ ရဲဘော်သိန်းဝင်း (ကိုကျော်ဆွေ) က ဦးတင် (ဖေဖေတောတွင်းအမည်) ရဲ့နောက်ဆုံးမှတ်ချက် “အထနှေးသူများဟာ ငြိမ် တယ်။ အမှားနည်းတယ်ဆိုတာလေးက သိပ်လှတာလို့ ဝင်ဆုံးဖြတ်ပေးလိုက်တော့မှ သူက လက်ခံသွားပါတော့တယ်။
▪ ▪ ▪

သူ့ရဲဘော်များက ရေးပေးတဲ့အမှာစာများမှာ သူ့ရုပ်ပုံလွှာ (တစေ့တစောင်း) ကိုတွေ့ရပါတယ်။ မြေယာပြဿနာများစာအုပ်အတွက်ရေးပေးတဲ့ အမှာစာမှာ ရဲဘော်စိုးချစ်က ...

လူတယောက်ရဲ့တန်ဖိုးအနေနဲ့ကတော့ ပြောစရာများတယ်။ အစဉ်လိုက်ချရေးပြမယ်ဆိုရင် ...

(၁) ရပ်တည်ချက်
ပါတီစိတ်ဓာတ်လို့ခေါ်ရမယ့် ပါတီ၊ ပြည်သူ၊ တော်လှန်ရေး အကျိုးစီးပွားဘက်ကပဲ ရပ်ခံတယ်။ ဒီနေရာမှာ ပြတ်သားတယ်။ တွေဝေယိမ်းယိုင်ခြင်းမရှိ၊ တော်လှန်ရေးသက်လည်း ရင့်လှပြီ။ အမဲစက် တစက်မှမရှိ။

(၂) ခံနိုင်ရည်ရှိမှု
တချို့လူတွေက အပြင်ပန်းမာကျောမှုရှိကြတယ်။ ဒါပေမဲ့ လောကဓံကပုတ်ခတ်လိုက်တဲ့အခါ ပျော့ဆင်းသွားတတ်ကြတယ်။ ခုသူ့မှာ ကျန်းမာရေးသိပ်မကောင်း၊ ရောဂါဝေဒနာ စွဲကပ်နေပါတယ်။ သားနဲ့သမီးက ငွေစုပြီး ကူမင်းဆေးရုံအထိပို့ပြီး စမ်းသပ်စေတယ်။ သူက လူတမျိုး။ မှတ်ဉာဏ်ကောင်းသလောက်  အသန့်အပြန့်ကိုလည်း  အလွန်ကြိုက်၊ ခေတ်မီဆေးရုံကြီး မှာ “စိတ်မသန့်” လို့ဆိုပြီး ကြာကြာစမ်းသပ်စစ်ဆေးမနေ ပြန်ဆင်းလာတယ်။ ဗမာဗိနွောဆေးနဲ့ပဲ ကုတော့မယ်တဲ့။ ကောင်း တယ်ဆိုတဲ့ ဗမာဆေးမှန်သမျှ သမီးကြီးက ရှာပေးတယ်။ စားရတဲ့ဆေး သောက်ရတဲ့ဆေး တခုမှအလွတ်မခံ စိတ်ရှည်ရှည် သောက်သုံးတယ်။ တရုတ်ရိုးရာဆေးလည်း အလွတ်မပေးဘူး။

(၃) တာဝန်ယူမှု
ဒီနေရာမှာ သူ့တန်ဖိုးပြတော့တာပဲ၊ သူ့ဇနီးကလည်း လေးဘက်နာရောဂါနဲ့ သွားသွားလာလာ လှုပ်လှုပ်ရှားရှားမလုပ်နိုင်၊ အိပ်ရာထဲနေချင်နေ၊ ဒါမှမဟုတ် ကုလားထိုင်မှာ ထိုင်နေရတယ်။ သားနဲ့သမီးက အပြင်ထွက် အလုပ်လုပ်သူလုပ်၊ ကျောက် ဈေးကွက် ဝင်တိုးသူတိုးဆိုတော့ သူက ဇနီးကို ချက်ပြုတ်ကျွေး ပြုစုနေရတာပါ။ ဈေးသွားလည်း သူပဲ။

(၄) တာဝန်ထမ်းဆောင်မှု
သူ့အိမ်ကို ၃-၄ ရက် တခါရောက်ပါတယ်။ ခု ကူဖော်လောင်ဖက်လေးရလာတော့ ကွန်ပြူတာရှေ့ထိုင်ချိန်ပိုများလာတာ တွေ့ရတယ်။ အင်တာနက်တက်ပြီး ဖတ်မှတ်တာတွေ ပိုလုပ်လာနိုင်တယ်။ ကွန်ပျူတာပေါ်မှာပဲ ကဗျာစပ်၊ ဆောင်းပါးရေး နေတာပါ။ ဒီအခြေအနေကြားက ဒီစာအုပ်ထွက်လာတာပါလို့ ရေးထားတာတွေ့ရပြီး နိဂုံးချုပ်ကလေးကတော့ ....

ကျွန်တော့်ဘက်ကပြောနိုင်တာကတော့ ပြည်သူ့ဘက်ကရပ်ခံရေးသားတဲ့ ပြည်သူ့ကလောင်ရှင်တယောက်အနေနဲ့ သူ တာဝန်ကျေခဲ့ပြီဆိုတာပဲတဲ့။

အဲဒီစာအုပ်အတွက် မောင်လှဝင်း (မြင်းခြံ) ရဲ့အမှာစာမှာတော့ ....

မာက်စ်ဝါဒအပေါ် စူးနှစ်စွဲမြဲတဲ့ မုံရွာနယ်သားတဦးဟာ ပါတီအလံတော်အောက်မှာ တော်လှန်ရေးဘဝကို နှစ်မြှုပ်ထားရင်း နောက်ဆုံးနေဝင်ချိန်မှာ သင်င်္ချိင်းရွေးနေမှာမဟုတ်ဘူးဆိုတာကို သူ့အပေါ်ယုံကြည်မိသလို နောက်ဆုံးထွက်သက်အထိ ပါတီကိုတတ်စွမ်းသမျှ အကျိုးပြုသွားလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။ (အဲဒီတုန်းက သူမဆုံးပါးသေး။)

ကျွန်တော်တို့တတွေဟာ စွမ်းရည်ကြီးသူရှိမယ်။ ငယ်သူရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပြည်သူပြည်သားတွေကို ချစ်မြတ်နိုးလို့ တိုင်းပြည်ကယ်တင်ပေးနိုင်မယ့်ဝါဒတခုကိုရှာဖွေရာမှာ မာက်စ်ဝါဒကိုတွေ့ရှိပြီး တွေ့ရှိချိန်ကစလို့ စွဲစွဲမြဲမြဲဖက်တွယ်လာကြသူတွေဖြစ်တယ်။ တော်လှန်ရေးအချိုးအကွေ့တိုင်းမှာ တော်လှန်ရေးရထားကြီးပေါ်က လွင့်စင်မကျအောင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းတည့်မတ်ရင်း စွဲမြဲစွာဖက်တွယ်လိုက်ပါခဲ့သူတွေဖြစ်တယ်လို့ ရေးထားပါတယ်။

ဒါ့အပြင် သူကွယ်လွန်ချိန်မှာ သူ့အတွက်ရည်စူးပြီး-ဒိုးငြိမ်းချမ်းကစပ်ဆိုပေးခဲ့တဲ့ သေခြင်းကင်းတဲ့၊ လင်းလက်တဲ့ ကြယ်တ ပွင့်ဆိုတဲ့ ကဗျာရှည်ကြီးကလည်း သူ့ဘဝအကြောင်းကောက်ကြောင်းဖေါ်ထားရာမှာ အလွန်ကိုရသမြောက်ပြီး စိတ်ထိခိုက် စရာကောင်းလှပါတယ်။

အဲဒီကဗျာထဲကကောက်နုတ်ချက်အချို့နဲ့ပဲဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

၂ဝ၁၇ နိဂုံးချုပ်
ငါတို့ အကျအဆုံးများခဲ့တယ်လ ကဗျာကို အစချီထားပါတယ်။

သူဟာ
ငါတို့ထက်စောစွာ
ရန်သူကို ရှာဖွေတွေ့ရှိခဲ့
ရန်သူကို နာကြည်းမုန်းတီးခဲ့
နောက် တော်လှန်ရေးမီးလျှံကြားမှာ
အမှန်တရားဆိုတဲ့ မြင်းနီကြီးကိုစီးရင်း
ခရီးပြင်းနှင်လာခဲ့တာ-မြေပြင်အနှံ့ မြစ်အနှံ့ပါပဲ။

သူ့ပင်ကိုယ်စရိုက်
ခေါင်းငိုက်စိုက်၊ အိပ်ငိုက်တယ်မထင်နဲ့
လေ့လာရေးမှာစူးရှထက်မြက်တယ်။

ဖြတ်သန်းခဲ့တဲ့လက်တွေ့
သဘောတရားရေးနဲ့ပေါင်းစပ် လူထုထဲပျံ့နှံ့ဖို့
ဝါဒဖြန့်ချိရေးကို လက်နက်တော်လို အသုံးပြုခဲ့သူ
မောင်စိန်သော်ဆိုတာသူ
ဗတိုးရှိန်ဆိုတာ သူပဲပေါ့။

ကဗျာရဲ့နိဂုံးပိုင်းလေးကတော့
ရဲဘော်နိုင်ဦး
သင်ဟာသေခြင်းကင်းတဲ့
လင်းလက်နီရဲတဲ့ ကြယ်တပွင့်ဖြစ်နေတာ
ငါတို့အလေးနီပြုရင်း၊ မြင်လိုက်ရပါပြီ .... တဲ့။

ရဲဘော်နိုင်ဦး ငြိမ်းချမ်းစွာအနားယူပါတော့ ....။

လှကျော်ဇော
၆၊ ၃၊ ၂ဝ၁၈။


မှတ်ချက်
၂၀၁၇ အကုန် ၂၀၁၈ နှစ်ဦးအစမှာ ကွယ်လွန်သွားတဲ့ ရဲဘော်နိုင်ဦးအတွက် အမှတ်တရဂုဏ်ပြုရေးဖွဲ့ပါတယ်။ အရေးတော်ပုံ ဂျာနယ်။ အတွဲ(၂)။ အမှတ် (၁၁)။

ပုံစာ
၂၀၀၀ ခုနှစ်ကတွေ့ရတဲ့ ရဲဘော်နိုင်ဦးနဲ့ ကျွန်မတို့သားအဖ။

Comments