ဇာဝါရီ ● လူငယ်များဖတ်ဖို့ (တန်ပြန်အကျိုးရလဒ်)

ဇာဝါရီ ● လူငယ်များဖတ်ဖို့  (တန်ပြန်အကျိုးရလဒ်)
(မိုးမခ) မတ်လ ၆၊ ၂၁၈

စာရေးသူ၏ တူ၊ တူမလေးတွေကို ပြောပြဖြစ်တဲ့ အသိပညာပေးပုံပြင်လေးတွေကို မိုးမခစာချစ်သူ လူငယ်၊ ကျောင်းသူ ကျောင်းသားလေးတွေဖတ်ဖို့ မျှဝေလိုက်ပါတယ်။

ချစ်တူ၊တူမလေးတွေရေ … ဒီတပတ်ပြောပြချင်တဲ့အကြောင်းက သာယာလှပတဲ့ နံနက်ခင်း နေ့တနေ့မှာ အသက်ငါးဆယ် ကျော်လူကြီးတဦးနဲ့ ဆယ်ကျော်သက် လူငယ်လေးတယောက်တို့ စိမ်းလန်းစိုပြေလှတဲ့ တောင်တန်းတောလမ်းလေးအတိုင်း အပြိုင်အဆိုင်ဖူးပွင့်နေတဲ့ ရောင်စုံသစ်ပင် ပန်းပွင့်လေးတွေ၊ တေးသီဆိုနေတဲ့ ကျေးငှက်ကလေးတွေ၊ ခုန်ပေါက်ဆော့ကစား နေကြတဲ့ ရှဥ့်၊ ယုန်၊ သမင်လေးတွေကို ငေးမောကြည့်ပြီး တောင်ထိပ်ဆီဦးတည် တဖြည်းဖြည်း တက်လှမ်းသွားကြတယ်။

ဒီလိုနဲ့ ရင်သပ်ရှုမော သဘာဝအလှကိုခံစားရင် တောင်ကြီးခြေဖဝါးအောက်ရောက်တက်သွားကြတာ ကျောက်ကမ်းပါး တောင်ကွေ့တနေရာအရောက် မညီမညာ လမ်းမျက်နှာပြင်တနေရာမှာ ငေါထွက်နေတဲ့ ကျောက်တုံးလေးကို လူငယ်လေးက မမြင်၊ ခလုတ်တိုက်မိပြီး “အား …” ကနဲ့ ဟစ်အော်ပြီး ရှေ့ ထိုးလဲကျသွားတယ်။

လူငယ်လေးရဲ့  နာကြင်အော်ဟစ်သံကြောင့် သစ်ပင်ပေါ်က ငှက်ကလေးတွေနဲ့ အနီးတဝိုက်မှာ ခုန်ပေါက်ဆော့ကစားနေကြတဲ့ တိရိစ္ဆာန်လေးတွေလည်း လန့်ဖျက်သွားကြတယ်။

လူငယ်လေးရဲ့  အော်ဟစ်သံနဲ့အတူ ကျောက်ဆောင်ကြီးဆီမှ “အား …” ဆိုတဲ့ အသံကြီးထွက်ပေါ်လာတာကြောင့် သွေးစို့ သွားတဲ့ခြေမနဲ့ ခြေချောင်းကလေးတွေကို ဆုပ်ကိုင်ပွတ်သပ်နေတဲ့ လူငယ်လေး အံ့သြတုန်လှုပ်သွားတယ်။

ဒါနဲ့ ခြေထောက်နာလို့ စိတ်ဆိုးဒေါသဖြစ်နေတဲ့ လူငယ်လေးက “ဟေ့ … ဘယ်သူလဲ။ မပြောင်နဲ့။ နာလို့ ဒေါသဖြစ်နေတာနော်။ သေသွားမယ် …” လို့ အော်ပြောလိုက်တယ်။

ဒီမှာ သူ ပြန်ကြားရတာက “ဟေ့ … ဘယ်သူလဲ။ မပြောင်နဲ့။ နာလို့ ဒေါသဖြစ်နေတာနော်။ သေသွားမယ် …” ဆိုတဲ့ တုံ့ပြန် သံဖြစ်လို့ ပိုမိုဒေါသဖြစ်ပြီး၊ လက်သီးကို ကျစ်ကျစ်ဆုပ်ကာ..

“ဟေ့ကောင် … ငကြောက်။ သတ္တိရှိရင် ထွက်လာခဲ့။ ကျောက်နံရံကွယ်ပြီး လိုက်မပြောနဲ့” လို့ ဟစ်အော်လိုက်ပြန်တယ်။

ချက်ချင်း ကျောက်နံရံကြီးဆီက “ဟေ့ကောင် … ငကြောက်။ သတ္တိရှိရင် ထွက်လာခဲ့။ ကျောက်နံရံကွယ်ပြီး လိုက်မပြောနဲ့” ပြန်ပြောတာကို ကြားရပြန်တယ်။

ဒီလို လူငယ်လေးရဲ့ ချစ်စရာအပြုအမှု၊ အဖြစ်အပျက်ကို မလှမ်းမကမ်းကနေ ရပ်ကြည့်နေတဲ့ ဦးလေးဘက်ကိုလှည့်ပြီး၊ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ “ဦးလေး … ဘာဖြစ်လို့ အဲဒီကျောက်ဆောင်နောက်ကနေ တဦးတယောက်က သားကို လှောင်ပြောင်ပြောနေတာလဲ” လို့ ပါးစပ်ကိုလက်ကာပြီး တိုးတိုးလေး မေးလိုက်တယ်။

ဦးလေးဖြစ်သူက သူ့တူလေးရဲ့  ဦးခေါင်းကို ကြင်ကြင်နာနာ ပွတ်သပ်ပြီး လေပြေလေးနဲ့ “ဒီလိုရှိတယ် တူလေးရဲ့ … အခု ဦးလေးလုပ်ပြမှာကို တချက်ဂရုစိုက်ပြီး ကြည့်ပါနော်” ဆိုပြီး ကျောက်နံရံကြီးရှေ့ မားမားရပ်ကာ “ဟေ့ ... မင်းကို ငါ လေးစား အားကျတယ်ကွာ …” လို့ ပြောလိုက်တော့ ကျောက်နံရံကြီးဆီမှ “ဟေ့ ... မင်းကို ငါ လေးစားအားကျတယ်ကွာ …” လို့ ပြန်ပြောသံကို ကြားရတယ်။

ဒီလိုနဲ့ ဦးလေးဖြစ်သူက “တကယ်တော့ မင်းက လူတော်လူကောင်းတစ်ယောက်ပါ” လို့ ပြောလိုက်တယ်ဆိုရင် နံရံကြီးဘက် ကနေ “တကယ်တော့ မင်းက လူတော်လူကောင်းတစ်ယောက်ပါ” လို့ တုံ့ပြန်တယ်။
အဲဒီလို ဦးလေးဖြစ်သူနဲ့ နံရံကြီး အပြန်အလှန် ပြောဆိုနေတာကို တအံ့တသြကြည့်ကာ နားဝေတိမ်တောင် နားမလည်ဖြစ်နေ သေးတဲ့ တူဖြစ်သူကို ဦးလေးက…

“အခုလို ဒို့တွေ အော်ဟစ်လိုက်လို့ တန်ပြန်ကြားရတာကို ပဲတင့်သံ (Echo) လို့ ခေါ်တယ်။ တကယ်တော့ ဒါကို ဘဝရဲ့  တန်ပြန်ရိုက်ခတ်သံလို့လည်း ပြောလို့ရတယ်။ လူ့ဘဝကြီးမှာ ဒို့တွေရဲ့ ပြောဆိုပြုမှုလုပ်ကိုင်မှုတွေမှာ တူညီတဲ့ တန်ပြန် အကျိုးသက်ရောက်မှု ရှိကြတယ်။ ဥပမာ ကိုယ်က သူတပါးကို ကောင်းတာပြောရင်၊ ကိုယ့်အကြောင်း ကောင်းတာ ပြန်ကြား ရမယ်။ မကောင်းမှု၊ အဆိုးတွေလုပ်ရင် ဆိုးကျိုးတွေနဲ့ ကြုံရလိမ့်မယ်။” လို့ စိတ်ရှည်လက်ရှည်၊ ကြင်ကြင်နာနာ ရှင်းပြတယ်။

ပုံပြင်လေးက ဒီလောက်ပါပဲ။ ဒီမှတ်သားစရာ ပုံပြင်လေးကနေ ဒို့တတွေ ဘာရရှိလဲဆိုရင် တန်းဖိုးရှိတဲ့ လူ့ဘဝကြီးမှာ ကြုံ တွေ့ ရတဲ့ အဆိုးအကောင်းတွေက ကိုယ့်ရဲ့အပြောအဆို၊ အပြုအမှု၊ လုပ်ရပ်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို တွေ့ရတယ်။ တချို့ တွေကတော့ ဒါကို cause-and-effect relationship - အကြောင်းအကျိုး ဆက်နွှယ်မှု လို့ ပြောကြတယ်။

ဒါနဲ့ ဆက်စပ်ပြီး ကြားဖူးတဲ့ အဆိုအမိန့််တွေက … ကိုယ့်ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ဒုက္ခပြဿနာတွေရဲ့  အဓိက တရားခံကိုသိချင်ရင် မှန်ရှေ့မှာ ရပ်ကြည့်လိုက်ပါ။ ပြီးတော့ တကယ်လို့ ကိုယ့်ကို ဒုက္ခပေးတဲ့လူကို ကန်ကြောက်မယ်ဆိုရင် မင်းအနေနဲ့ သုံးလေးရက်လောက် မထိုင်နိုင် ဖြစ်သွားလိမ့်မယ်တို့ ဖြစ်တယ်။ ပြောချင်တာက အဆိုးအကောင်းအစ ကိုယ်ကပေါ့။

ထင်ရှားတဲ့ အနုပညာရှင်တဦးဖြစ်တဲ့ စတူးဝပ် ဂျွန်ဆင် (Stewart Johnson) ရဲ့  ပညာရှိစကားကလည်း မှတ်သားစရာပါ … အောင်မြင်ဖို့အတွက် ကျနော်တို့ လုပ်ရမှာက သူများရှေ့ ရောက်ဖို့ မဟုတ်ဘူး။ ကိုယ့်ရှေ့ ကိုယ်ရောက်နေဖို့။ ကိုယ်ရှေ့ မှာ တင်ခဲ့တဲ့ စံချိန်ကို ပြန်ချိုးနိုင်ဖို့။ မနေ့က အောင်မြင်မှုကို ကျော်လွှာနိုင်ဖို့။ ရှေ့ မှာလုပ်ခဲ့တာထက် ပိုအားစိုက် ကြိုးစား လုပ်ဖို့ဖြစ်တယ်။

ဒါ့အပြင် အမေရိကန် အတွေးအခေါ်ပညာရှင်၊ စာရေးဆရာကြီး Ralph Emerson ကလည်း It’s impossible for man to be cheated by anyone but himself. ကိုယ်ကလွဲရင် ဘယ်သူကမှ ကိုယ့်ကိုယ် လှည့်စားဖျက်ဆီးဖို့ မဖြစ်နိုင်ဘူးလို့ မိန့်ဆိုသွားခဲ့တယ်။

အထက်က ဆိုခဲ့တာတွေကို ကြည့်လိုက်ရင် ကိုယ့်ဘဝ တိုးတက်အောင်မြင်မှုအတွက် လိုအပ်ချက်တွေ၊ အကြောင်းအရာတွေ များစွာရှိပေမယ့် အဓိက လုပ်ဆောင်ရမှာက မင်းတို့လေးတွေ မနက်တိုင်း ကျောင်းမှာ အော်ဟစ်သီဆိုကြတဲ့ … မိမိကိုယ် ကိုယ် ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်လူမျိုးအတွက် ကောင်းအောင်ကြိုးစားမည် … ဆိုတဲ့အတိုင်း ဦးစွာ မိမိကိုယ် ကိုယ် ကောင်းအောင်ကြိုးစား ကျင့်ကြံနေထိုင်သွားကြဖို့ဖြစ်တယ်။ ဒါမှ ကောင်းသော တန်ပြန်ပဲ့တင်ရိုက်ခတ်သံများနဲ့အတူ ဘဝကို အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ကြလိမ့်မယ်။

Comments