ဇာဝါရီ ● လူငယ်များဖတ်ဖို့ (ကိုယ်နှုတ် စောင့်စည်းပါ)

ဇာဝါရီ ● လူငယ်များဖတ်ဖို့ (ကိုယ်နှုတ် စောင့်စည်းပါ)
(မိုးမခ) မတ်လ ၁၄၊ ၂၀၁၈

စာရေးသူ၏ တူ၊ တူမလေးတွေကို ပြောပြဖြစ်တဲ့ အသိပညာပေးပုံပြင်လေးတွေကို မိုးမခစာချစ်သူ လူငယ်၊ ကျောင်းသူ ကျောင်းသားလေးတွေဖတ်ဖို့ မျှဝေလိုက်ပါတယ်။

ချစ်တူ၊တူမလေးတွေ ရေ … ဒီတပတ် ပြောပြချင်တဲ့အကြောင်းက အရင်လိုပဲ ပုံတိုပတ်စတပုဒ်နဲ့ စချင်တယ်။

နှင်းတွေတဖွဲဖွဲကျတဲ့ ဆောင်းတွင်းကာလရောက်ရင် အမေရိကန်အရှေ့ဘက်ခြမ်းရာသီဥတုက အတော်လေး အေးစိမ့်လှ တယ်။ အဲဒီမှာနေကြသူတွေက ဆောင်းတွင်းရောက်ပြီဆို ပိုနွေးတဲ့အနောက်ဘက်ခြမ်းနဲ့ တောင်ဘက်ဒေသတွေကို သွား ရောက်လည်ပတ်၊ အနားယူချင်၊ အနားယူလေ့ရှိကြတယ်။ ဒီလိုနဲ့ တနေ့ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ ဂျွန် (John) က အ လုပ်နား၊ အပန်းဖြေဖို့ ရေခဲနှင်းတွေဖုံးလွှမ်းနေတဲ့ မြို့တော် ဝါရှင်တန်ဒီစီကိုစွန့်ခွာ မြန်မာပြည်လို့ ပူနွေးရာသီရှိတဲ့ တောင်ပိုင်း ပြည်နယ် ဖလော်ရီဒါကို ထွက်ခွာသွားခဲ့တယ်။

ဂျွန် အိမ်ကထွက်လာချိန်မှာ သူ့မိန်းမ မေရီ (Mary) က အလုပ်ကိစ္စတခုနဲ့ နယူးရော့ခ်မြို့ကို ရောက်ရှိနေတယ်။ သူ့အစီအစဉ် က နယူးရော့ခ်မှာ တွေ့စရာလုပ်စရာရှိတာတွေလုပ်ပြီး၊ နောက်တနေ့မှ သူ့ယောက်ျားရှိရာဖလော်ရီဒါကို လေယာဉ်စီးပြီး လိုက်သွားဖို့ စီစဉ်ထားတယ်။

ဒီလိုနဲ့ ဝါရှင်တန်ဒီစီကနေ လေယာဉ်စီးသွားတဲ့ ဂျွန်တယောက် ညနေပိုင်း (၄) နာရီလောက်မှာ ဖလော်ရီဒါပြည်နယ် အော် လန်ဒိုးမြို့ကို ချောချောမောမောဆိုက်ရောက်ခဲ့ပြီး၊ လေယာဉ်ကွင်းမှ တည်းခိုဖို့စီစဉ်ထားတဲ့ဟိုတယ်လ်ကို ကားတစီးငှား မောင်းသွားခဲ့တယ်။ တောင်ပိုင်း ဖလော်ရီဒါရာသီဥတုက အရှေ့ပိုင်း ဝါရှင်တန်ဒီစီ၊ နယူးရော့ခ်တို့လို ကျောကွဲအောင် မအေး စိမ့်ဘဲ၊ မြန်မာပြည်ဆောင်းလို ပူနွေးခြောက်သွေ့နေတယ်။ လေဆိပ်ရောက်ကတည်းက ချွတ်ပြီးလက်မှာကိုင်ထားတဲ့ အနွေး ထည်၊ ဆွယ်တာတွေကို ဟိုတယ်လ်ကြမ်းပေါ်ပစ်ချပြီး၊ ခရီးလမ်းဖြောင့်ဖြူး၊ ချောချောမောမောရောက်ရှိကြောင်း မိန်းမကို အီးမေးလ်စာရေး သတင်းပို့ဖို့ လုပ်လေတယ်။

အီးမေးလ် ပို့မယ်ဆိုမှ သူ့မိန်းမ အီးမေးလ်လိပ်စာရေးခြစ်ထားတဲ့စာရွက်ကို ရှာမတွေ့။ ချက်ချင်း လက်ဆွဲအိတ်၊ အဝတ်အစား တွေထဲ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ဟိုရှာ ဒီရှာ ကြည့်ပေမယ့် အစအနမတွေ့။ ပြန်စဉ်းစားလို့လည်း မထွက်၊ ရုတ်ခြည်း မေ့ ပျောက်သွားတဲ့ ခေါင်းကို တဗြစ်ဗြစ်ကုတ်စဉ်းစားပြီး၊ နောက်ဆုံး စိတ်အထင် မှတ်မိတဲ့အီးမေးလ်ကို ကသုတ်ကရက် ရိုက် နှိပ်ပြီး တိုတိုတုတ်တုတ် ရေးပို့လိုက်တယ်။ ပြီးနောက် အပြင်ဘက်ထွက် ကွယ်ပျောက်တော့မယ့် ညနေဆည်းဆာ နေခြည်ကို ထိတွေ့ခံစားပြီး မနက်ဖြန်နေ့လယ်ပိုင်း ရောက်ရှိလာမယ့် မိန်းမအတွက် လိုအပ်သည်များ ပြင်ဆင်ထားဖို့ တွေးနေရှာတယ်။

ဖြစ်ချင်တော့ ဂျွန် ရိုက်ပို့လိုက်တဲ့ အီးမေးလ်လိပ်စာမှာ နောက်ဆုံးတလုံးမှားသွားပြီး စာက သူ့မိန်းမဆီ မရောက်ဘဲ၊ လွန်ခဲ့တဲ့ တစ်ရက်ကမှ သေဆုံးသွားတဲ့ ခရစ်ယာန်တရားဟောဆရာရဲ့ အသက်ရှစ်ဆယ်နီးပါး အမျိုးသမီးကြီးတဦးထံ ရောက်ရှိသွား တယ်။ ယောက်ျားသေသွားလို့ ပူဆွေးသောကရောက်နေတဲ့ အမျိုးသမီးကြီးမှာ ည အိပ်ရာမဝင်ခင် သူလုပ်နေကြ အင်တာ နက်၊ အီးမေးလ်စစ်၊ ဖတ်ရှုတာကိုလုပ်ဖို့ ကွန်ပြူတာဖွင့် သူ့အီးမေးလ်ကိုကြည့်လိုက်တော့ အသစ်ရောက်ရှိနေတဲ့စာကြောင့် ရုတ်တရက် ထိတ်လန့်တုန်လှုပ်ကာ၊ မျက်ရည်ပူများဖုံးလွှမ်းလာတဲ့ မှုန်ဝါးဝါး မျက်လုံးကိုပွတ်၊ မျက်မှန်ကိုပြန်တပ် ကွန်ပြူတာ ကို တခါပြန်ကြည့်ပြီး စူးစူးဝါးဝါး အော်ဟစ်ကာ၊ နောက်ပြန်လဲကျ မေ့မြောသွားတယ်။

အပေါ်ထပ်မှာရှိတဲ့ အဖွားကြီးရဲ့  အထိတ်တလန့် အော်ဟစ်သံကိုကြားလို့ သားဖြစ်သူနဲ့ ချွေးမတို့ ချက်ချင်းအိမ်ပေါ်ထပ်ဆီ ဒရောသောပါးတက်လာပြီး ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာ ခွေခွေလေးလဲနေတဲ့ အမေဖြစ်သူကို တွေ့လိုက်ရတယ်။ တတ်သလောက်မှတ်သလောက် ခြေမချိုး၊ လက်မချိုး၊ ရေအေးအေးနဲ့ မျက်နှာကို ဖြန်းပွတ်လိုက်တော့ အဖွားကြီး သတိပြန် လည်လာတယ်။ ဒါနဲ့ အမေကြီးကို ဘာဖြစ်တာလဲလို့ မေးကြည့်လိုက်တော့ ကွန်ပြူတာကို လက်ညှိုးထိုးပြီး ပြန်မေ့သွားတယ်။

ဒါနဲ့ အမေဖြစ်သူကို အထိတ်တလန့် မေ့လောက်အောင် ကွန်ပြူတာက ဘာလုပ်လိုက်လဲသိရအောင် သားနဲ့ချွေးမတို့ မရဲမဝံ့ ကြည့်လိုက်တော့ အောက်ပါစာကို တွေ့ရတယ်။

မိန်းမရေ …  
မင်းမပါဘဲ ကိုယ်တယောက်ထဲ ဒီကိုရောက်လာတာ သိပ်ပျင်းဖို့ကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် ဒီကိုချောချောမော ရောက်ခဲ့ပါပြီ။ မိန်းမ… မနက်ဖြန် ရောက်လာခဲ့ရင် အစစအရာရာ အဆင်ပြေအောင် အားလုံးပြင်ဆင်ထားပြီးပါပြီ။ မိန်းမ… ဘာမှ စိတ်မပူပါနဲ့၊ မြန်မြန်သာ လိုက်လာခဲ့။ မိန်းမနဲ့ တွေ့ဖို့ကို အချိန်ကြာကြီး စောင့်မနေနိုင်ဘူး။ ဒါနဲ့ ပြောရအုံးမယ် ဒီ အောက်ဘက်ခြမ်းမှာ အပေါ်ဘက်မှာလို အေးအေးစိမ့်စိမ့် မဟုတ်ဘူး၊ တော်တော်လေး ပူတယ်။ ဘာပဲဖြစ်ဖြစ် မိန်းမ ရောက် လာရင် ဒီနေရာကို ကြိုက်မှာပါ။ မျှော်လင့်စောင့်ကြိုနေတဲ့ မိန်းမရဲ့အချစ်ဆုံး …

ကဲ ဒီအဖြစ်အပျက်ကိုကြည့်ရင် မှတ်ယူစရာက တဘက်သားကို ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်၊ စိတ်မရှိဘဲ မတော်တဆ လုပ်မိတဲ့အမှားကြောင့် မထင်မှတ်တဲ့ ဆိုးကျိုးတွေလည်း ဖြစ်တတ်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် သေသေချာချာ စဉ်း စားဆင်ခြင်လုပ်ကိုင်တတ်ဖို့ အရေးကြီးတယ်။

ဒါနဲ့ဆက်စပ်လို့ပြောချင်တာက လောကကြီးမှာ မကြာခဏဆိုသလို တချို့လူတွေက စိတ်ထဲပေါ်လာတဲ့အတိုင်း၊ စိတ်ထဲရှိတဲ့ အတိုင်း ပြောသင့်၊ မလုပ်သင့် တွေးတောမဆင်ခြင်ဘဲ အလျင်စလို ကိုယ်ပြောချင်တာကို စွတ်ပြော၊ လုပ်ချင်တာလုပ်မိလို့ တပါးသူတွေ ထိခိုက်၊ ဒုက္ခရောက်ကြတယ်။ ဒါကြောင့် ဒို့တတွေ သတိတရားရှိဖို့က ကိုယ့်စိတ်ထဲတွေးမိ၊ ပြောဆိုချင်တာကို စိတ်လိုက်မာန်ပါ နှုတ်မစောင့် မပြောဖို့၊ အလောတကြီး မလုပ်ဖို့ … Think before you speak and you do.

နောက်ကြားဖူးတဲ့ ဆိုစကားတခုက… ကိုယ့်လျှာကို ထိန်းထားဖို့ အကောင်းဆုံးအချိန်က မိမိစိတ်ထဲမှာ ဒီကိစ္စကို ငါ ဝင်ပြော မှဖြစ်မယ်ဆိုတဲ့ အချိန် ဖြစ်တယ်တဲ့။ တချို့ကိစ္စတွေမှာ ကိုယ်မပြောလိုက်ရလို့ ဘယ်သူမှ ထိခိုက်နာကျင်သွားမှာ မဟုတ်ဘူး။ မင်းတို့တွေ တွေ့ဖူးကြုံဖူးမှာပါ တချို့တွေကတော့ ကိုယ်ဖြတ်သန်းတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံအရ ပြောဆိုတတ်ကြပြီး၊ တချို့ကတော့ အတွေ့အကြုံကြောင့် မပြောကြဘူး။

လောကသဘာဝ ဖန်တီးပေးထားကိုပဲ ကြည့်လိုက် … နားတွေကို ပိတ်ထားလို့ မရပေမယ့်၊ ပါးစပ်ကိုတော့ ပိတ်ထားလို့ ရ တယ်မဟုတ်လား။ ဒါကြောင့် တွေ့ကရာ မြင်ကရာ ငါပြောမှဖြစ်မယ်ဆိုပြီးတော့ ဝင်ရောက်စွက်ဖက် မပြောဆိုဘဲ၊ အခြေ အနေအကြောင်းအရာကို ဦးစွာ လေ့လာသုံးသပ်၊ ဆုံးဖြတ်နိုင်ဖို့ အချိန်ပေးပြီး နားထောင်မှတ်သားရမယ်။

အသိဥာဏ်၊ အသိတရားရှိသူတွေက ပြောသင့်ပြောထိုက်တာကို ချင့်ချိန်ပြောဆိုတတ်ကြပြီး၊ ဘယ်သူမှ အကျိုးမရှိတဲ့ ငြင်း ခုန်ပြောဆိုမှုတွေမှာ အချိန်မဖြုန်းကြတာကို တွေ့နိုင်တယ်။ နောက်ဆုံး အင်္ဂလိပ်ကဗျာဆရာကြီး Edward H. Richards ရေးဖွဲ့ထားတဲ့ “The Wise Old Owl” သားချော့တေးကဗျာလေးနဲ့ ဒီနေ့ပြောဆိုမှုကို အဆုံးသတ်ချင်တယ်။

The Wise Old Owl
ပညာရှိ ဇီးကွက်အိုကြီး


A wise old owl sat on an oak,
ပညာရှိဇီးကွက်အိုကြီး ဝက်သစ်ခြပင်ကြီးပေါ်မှာ ထိုင်နေတယ်။

The more he saw the less he spoke;
သူ များများမြင်လေ နည်းနည်းပဲ ပြောတော့တယ်။

The less he spoke the more he heard;
သူ စကားနည်းနည်းပဲပြောလေ  ပိုကြားပိုသိလာတယ်။


Why aren’t we like that wise old bird?
ဘာကြောင့် ငါတို့တွေ ပညာရှိဇီးကွက်အိုကြီးလို မနေနိုင်ကြလဲ။

ကဲ … ဒီတကြိမ် ပြောစရာရှိတာ ဒီလောက်ပါပဲ။ နောက်တော့ ရောက်တတ်ရာရာ မှတ်သားစရာ၊ စိတ်ဝင်စားစရာတွေ ဆက် ပြောကြတာပေါ့။
0