ကိုသန်းလွင် ● သဘာဝဓါတ်ငွေ့ရည်

ကိုသန်းလွင် ● သဘာဝဓါတ်ငွေ့ရည်
(မိုးမခ) မတ်လ ၁၄၊ ၂ဝ၁၈

(၁)
လျှပ်စစ်လိုအပ်မှုအတွက် မြန်မာနိုင်ငံသည် နိုင်ငံခြားမှ သဘာဝဓါတ်ငွေ့ရည်များကို ၂ဝ၂ဝ ခုတွင် အစောဆုံးထား၍ တင် သွင်းတော့မည်ဟု Nikkei Asia Reviw စာစောင်တွင် မတ်လ ၄ ရက်နေ့က ဖတ်လိုက်ရပါသည်။ ဇန္နဝါရီလကုန်ပိုင်းက အစိုးရမှ စွမ်းအင်စီမံကိန်းသုံးခုကို အတည်ပြုပေးလိုက်ပြီဖြစ်သည်။

၎င်းတို့မှာ တနင်္သာရီတောင်ပိုင်းတွင် Total နှင့် Semen ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်ကြမည့် ၁၂၃ဝ မီဂါဝပ်ပေးနိုင်မည့် ဓါတ်အားပေးစက်ရုံတခု၊ ဧရာဝတီကမ်းရိုးတမ်းတွင် တရုတ်နှင့်မြန်မာဖက်စပ်လုပ်ကြမည့် ၁၃၅ဝ မီဂါဝပ်စက်ရုံတခုပါဝင် သည်။ ပရောဂျက်နှစ်ခုလုံးမှာမှာ သိုလှောင်ကန်နှင့် ဓါတ်ငွေ့အဖြစ်ပြန်ပြောင်းပေးရန် စက်ကရိယာများပါဝင်ပြီး ဒေါ်လာ၂.၅ ဘီလီယံ စီတန်ဘိုးရှိသည်။ တတိယစီမံကိန်းမှာထိုင်းနှင့် ဂျပန်တို့ပူးပေါင်း လုပ်ဆောင်ကြမည့် စက်ရုံမှာရန်ကုန်တွင် တည် ဆောက်ကြမည်ဖြစ်သည်။ ထိုလုပ်ငန်းများအတွက်ပြည်ပမှ ဓါတ်ငွေ့ရည်ကိုတင်သွင်းပြီး စက်ရုံရောက်မှ အငွေ့ပျံစေကာ လျှပ်စစ်ဂျင်နရေတာများကို လည်စေမည်ဖြစ်သည်။

(၂)
သဘာဝဓါတ်ငွေ့တွင် လောင်စာအနေနှင့် ကောင်းမွန်သောအချက်များ ရှိကြပါသည်။ ၎င်းသည် သန့်ရှင်းစွာ လောင်ကျွမ်းပြီး ဈေးနှုန်းချိုသာသည်။ သုံးစွဲသူတို့ထံ ပိုက်များဖြင့် ဖြန့်ချိဝေငှနိုင်ပြီး လိုအပ်သည့်အချိန်တွင် ရပ်ဆိုင်းခြင်း၊ ပို့ပေးခြင်းများကိုလုပ်နိုင်သည်။ သဘာဝဓါတ်ငွေ့ကို လောင်စာဆီအဖြစ် ရေနံနှင့်ကျောက်မီးသွေးတို့အစား ကမ္ဘာနှင့်အဝှမ်း အသုံးပြုနေ ကြ ပါသည်။ သို့ပါသော်လည်း ၎င်းတွင် ကြီးစွာသော ချို့ယွင်းချက်ရှိသည်။ လိုအပ်သော အပူပမာဏပေးရန် ကြီးစွာသော (Volume) ပမာဏ လိုအပ်ခြင်းပင်ဖြစ်သည်။

ထို့ကြောင့် အဓိကလောင်စာဆီတစ်ခုအနေဖြင့်ကား ဖြစ်မလာပေ၊ ၎င်းကို အသုံးပြုသောနေရာများကိုပို့ရန် စီးပွားရေး အရ တွက်ချေမကိုက်။ သို့အတွက် သယ်ယူပို့ဆောင်ရန် နည်းလမ်းရှာကြသောအခါ ၎င်းကို အရည်အဖြစ်ပြောင်းလဲတင်ပို့ခြင်း နည်းကို တွေ့လာကြသည်။ သဘာဝဓါတ်ငွေ့ကို အပူချိန် -၂၅၉ ဒီဂရီ ဖာရင်ဟိုက် (- ၁၆၂  ဒီဂရီ စင်တီဂရိတ်) အထိလျှော့ ချသောအခါ မူလဓါတ်ငွေ့ပမာဏ၏ ၁/၆ဝဝ သာ ရှိတော့သည်။ ထိုအရည်ကို သိုလှောင်ရခြင်း၊ ပို့ပေးရခြင်းမှာ ပိုက်လိုင်းဖြင့် ဓါတ်ငွေ့ကို မပို့ဆောင်နိုင်သောနေရာများသို့ ပို့ပေးရန် စီးပွားရေအရပိုမို တွက်ချေကိုက်ကြောင်း သိလာကြသည်။

သဘာဝဓါတ်ငွေ့ LNG- Liquid Natural Gas ဆိုရာဝယ် အဓိကအားဖြင့် မီသိန်း (Methane) ဓါတ်ငွေ့ကို ခေါ်သည်။ ၎င်းတွင် အီသိန်းနှင့် ပရိုပိန်း၊ နိုက်တြိုဂျင် အနည်းငယ် (trace) အဖြစ် ပါဝင်နိုင်သည်။ ၎င်းသည် အရောင်မရှိ၊ ကြည်လင်သည်။ အငွေ့ပျံ အမှတ်နိမ့်ကျသည်။ စွမ်းအင်အဖြစ်သုံးကြသည်မှာ နှစ်ပေါင်း ၁ဝဝ ကျော်နေပြီ ဖြစ်သည်။ သူတို့ကို ပမာဏ သေး သေးရောင်းချနိုင်ပြီး စည်တင်ထားသောကားများဖြင့်လည်း ရောင်းချနိုင်သည်။ သို့ပါသော်လည်း ဓါတ်ငွေ့အရည်ဖြစ်စေရန် လုပ်ရသည်မှာ စက်ရုံကြီးဖြစ်ရမည်။ အခြားဓါတ်ငွေ့များပါ ထုတ်လုပ်သောအခါ ၎င်းတို့ကိုပို့ပေးအတွက် ပင်လယ်ကူး သင်္ဘောများ (Ocean Tanker) ကြီးများပါဝင်သည်။

မြန်မာနိုင်ငံသို့ ဓါတ်ငွေ့ရည်များ ရောက်ရှိလာတော့မည်ဖြစ်သည်။ ရောက်ရှိလာသောဓါတ်ငွေ့ရည်များအတွက် သိုလှောင် ကန်များ ထားရှိရသည်။ သိုလှောင်ကန်များတွင် အဓိကမှာ အအေးခံထားရမည့်ပစ္စည်းဖြစ်သဖြင့် အပူကာ (Insulation) များရှိရမည်၊ ဓါတ်ငွေ့များ ပြင်ပသို့လွတ်မထွက်သွားရန် လုံခြုံရမည်။ LNG မှာ ဓါတ်ဆီနှင့် ဓါတ်ငွေ့များတင်ပို့သလိုပင် ဂရု မစိုက်ပါကအန္တရာယ်အများကြီး ရှိလာနိုင်သည်။

အမေရိကန်ပြည်တွင် ကလီဗာလင်းတွင်ဖြစ်သော မတော်တဆမှုတွင် သိုလှောင်ကန်တခုမှ အပြစ်တခုကြောင့် ဓါတ်ငွေ့ရည် များသည် ပြင်ပသို့ထွက်ကုန်သည်။ စဦးက သိုလှောင်ကန်များတွင်ဓါတ်ငွေ့ရည်များ ပြင်ပသို့ ပြန့်မထွက်စေရန် (Dike) များ၊ မြေပြင်၌ အကာအကွယ်များလည်း မရှိပေ။ အေးသောအရည်များ ပြင်ပသို့ဖေါက်ထွက်ပြီး အငွေ့ပျံ့မီးလောင်ပေါက်ကွဲရာတွင် လူ ၁၂ဂ ဦး သေဆုံးကြရသည်။ ထိုမတော်တဆ ဖြစ်မှုဖြစ်ပြီး အနှစ် ၂ဝ ခန့် ဤလုပ်ငန်းမှာ ရပ်ဆိုင်းသွားခဲ့ရာ ထိုဖြစ်ရပ်ကြောင့် အနှစ် ၂ဝ ခန့် တိုးတက်မှုနောက်ကျခဲ့ရပါသည်။

ယခုအခါ ဓါတ်ငွေ့ကို အရည်အဖြစ် အအေးခံထားပြီး လိုအပ်မှ အငွေ့ပျံပြီး အသုံးပြုစေသောအလုပ်ကိုလုပ်နေသော ကုမ္ပဏီ ပေါင်း ၆ဝ ခန့် အမေရိကားတွင် ရှိပါသည်။

LNG ဓါတ်ငွေ့ရည် သယ်ယူပို့ဆောင်ပေးသော သင်္ဘောများမှာ ၁၆၅,ဝဝဝ ကုဗမီတာမျှ သယ်နိုင်သည်။ ဤသည်မှာ ဘော လုံးတကွင်းစာကို ၄ဝ မီတာခန့် အနက်တူးပြီး ရရှိသောနေရာပမာဏနှင့် ညီမျှပါသည်။ သယ်လာသောသော ဓါတ်ငွေ့ ရည်များကိုသိုလှောင်ကန်၏ ပမာဏမှာ ၅ဝ,ဝဝဝ ကုဗမီတာထက် (၂) ဆ မှ (၄) ဆခန့် ကြီးမားရမည် ဖြစ်သည်။

၁၉၇၃ ခုနှစ်က နယူရော့စီတီအနီး စတေတန်ကျွန်း သိုလှောင်ကန်တွင် မတော်တဆမှုဖြစ်ပွားခဲ့ပြန်သည်။ ထို ကန်အကာ နံရံများကို ကွန်ဂရိဖြင့်ပြုလုပ်ထားပြီး အပူကာအဖြစ် (Polyurethane) ကိုအသုံးပြုသည်။ ဤလှောင်ကန်မှာ အသုံးပြု၍ နှစ်နှစ်ခန့်အကြာ ယိုပေါက်တခု ဖြစ်ပေါ်လာသည်။ ၎င်းကိုပြုပြင်ရန်အတွက် ဓါတ်ငွေ့ရည်များကို စုတ်ထုတ်လိုက်သည်။ ထို့ နောက် နိုက်တြိုဂျင်ဓါတ်ငွေ့ကို မီးကြွင်း မီးစများ ပြေငြိမ်းရန်အတွက် မောင်းသွင်းသည်။ ပြီးလျင် လေကိုမှုတ်သွင်းပြီး အဆင်သင့်ဖြစ်မှ အလုပ်သမားများ ဆင်းကြသည်။

ထိုစဉ်တွင် အပူကာပစ္စည်းကို မီးလောင်ပြီး လှောင်ကန်အတွင်း ဖိအားတိုးပွားလာမှုကြောင့် ဒီဇိုင်းလုပ်ထားသည့် အတိုင်း အမိုးက အုံကြွလာသည်။ ကန်မှာပြိုပျက်သွားပြီး လုပ်သား ၄ဝ ခန့် ပိတ်မိသေဆုံးကြရသည်။ ထိုဖြစ်စဉ်တွင် ဓါတ်ငွေ့ရည် မပါဝင်သော်လည်း ပြင်ပအမြင်မှာ မကောင်းလှပေ။ သိုလှောင်ကန်များတွင် အကာအရံများ ကွန်ကရိ (Double wall) ဖြစ်ပြီး အတွင်းတွင် အပူကာအဖြစ် Foam အထူ (၁) မီတာခန့် ပါဝင်ရသည်။

LNG ၏ထူးခြားသောဂုဏ်သတ္တိများတွင် ရေနှင့်ထိတွေ့ပါက မီးမလောင်ဘဲ ပေါက်ကွဲပျက်စီးတတ်ခြင်းပင်ဖြစ်၏။ ၁၉၇ဝ ခုနှစ်က စမ်းသပ်မှုတစ်ခုတွင် ဓါတ်ငွေ့ရည်သည် ရေနှင့်တွေ့ထိသောအခါ (Flameless Vapour Explosion) ဖြစ်ခါ ကွန်တိန် နာတခု ပျက်စီးသွားရဘူးသည်။ ဓါတ်ငွေ့ရည် ပမာဏ (၁) ကုဗမီတာ၏ လေးပုံတပုံခန့် ရေကန်ထဲသို့ဖိတ်စင်ကျရာတွင် ပေါက်ကွဲမှုဖြစ်ရခြင်း ဖြစ်သည်။ ဤကိစ္စဖြစ်ရပ်များတွင် မီးလောင်သော ဖြစ်ရပ်မပါဝင်ပေ။ ထိုသို့ပေါက်ကွဲမှုဖြစ်ရခြင်းမှာ ဖိတ်စင်ကျသော ဓါတ်ငွေ့ရည်သည် (Super Heat) ဖြစ်ရသောကြောင့်ဟု ဆုံးဖြတ်ကြသည်။

နောက်ထပ်ထူးခြားချက်မှာ အီတလီနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုဖြစ်သည်။ ဓါတ်ငွေ့ရည်ကို ၁၈ နာရီခြား၍ သိုလှောင် ကန်တွင်းသို့ ထည့်မိသည်။ အထဲမှာသိပ်သည်းခြင်းနှင့် အပူချိန်မတူညီ သောအရည်နှစ်ခုသည် ပေါင်းစပ်ရောသွားခြင်းမရှိပေ၊ ထိုအခါ ကန်အတွင်း ဖိအားများတိုးပွားလာပြီး Safety Value များပွင့်ထွက်ခါ ဓါတ်ငွေ့ရည် ၁၅ဝ,ဝဝဝ ကီလိုဂရမ်မျှ ဖိတ်စင် ကျခဲ့သည်။ ဤအဖြစ်အပျက်ကို (Rollover)  ဖြစ်ရပ်ဟုခေါ်သည်။ ထိုအချိန်မှစပြီး နောင်တွင် ဤအဖြစ်မျိုးမဖြစ်ရအောင် လုပ် နည်းလုပ်ဟန်များကို ပြုပြင်ပေးကြရသည်။

ဓါတ်ငွေ့ရည် ဖိတ်စင်ကျပါက အဆိပ်အတောက်မဖြစ်သော်လည်း ပမာဏများပြားပါက ဘေးပတ်ဝန်းကျင်မှ အောက်စီဂျင်ကို စုတ်ယူခါ (Phyxiation) ဖြစ်နိုင်သည်။ ထိုအခါ အလွန်အေးခဲပြီး နိမ့်ကျသောအပူချိန်ကြောင့် ရေခဲနှင့် တွေ့သောအခါ တွင်ကြုံရသော (Snow bite) ကဲ့သို့သောအဖြစ်များ ဖြစ်နိုင်သည်။

နောက်ပြဿနာမှာ မီးလောင်ခြင်းပင် ဖြစ်သည်။ ဓါတ်ငွေ့ရည်သည် မီးတစ်ပွင့် (Open Fire) နှင့်တွေ့ပါက ဓါတ်ဆီကဲ့သို့ မီးလောင်တော့သည်။ မီးပွင့်နှင့် မတွေ့မီ ချက်ချင်းမီးမလောင်လျင်လည်း ထိုဓါတ်ငွေ့များသည် ပတ်ဝန်းကျင်ကို လျင်မြန်စွာ အုပ်စိုးသွားတော့သည်။ မီးပွင့်နှင့်တွေ့သည့်အခါ ပေါက်ကွဲမီးလောင်နိုင်သည်။

သိုလှောင်ကန်ထဲတွင် ရှိနေသော ဓါတ်ငွေ့ရည်သည် အပြစ်ကင်းစင်သည့်အရည်တမျိုးပင် ဖြစ်ပါသည်။ အငွေ့ပျံနိုင်ပြီး ပြင် ပလေနှင့်မတွေ့မထိသမျှ အန္တရာယ်မဖြစ်နိုင်ပါ။ ပြင်ပလေမုန်တိုင်းများ၊ ငလျင်လှုပ်မှုများဖြစ်ပေါ်လာပါက အန္တရာယ် တစုံ တရာမဖြစ်ရအောင်  ဆောက်လုပ်ရေးဒီဇိုင်းများ ရေးဆွဲကြရပါသည်။ လွန်ခဲ့သော အနှစ် ၅ဝ၊ ၁ဝဝ အတွင်း အတွေ့အကြုံ များကို အခြေခံ၍ ထိုသို့ရေးဆွဲကြရခြင်း ဖြစ်ပါသည်။

(၃)
သက္ကရာဇ် ၂ဝ၂ဝ တွင် အစောဆုံးရောက်လာတော့မည့် သဘာဝဓါတ်ငွေ့ရည်များကို မြန်မာတို့ ကိုင်တွယ်ထိမ်းသိမ်းကြရ တော့ မည်ဖြစ်ပါသည်။ အခြားအသုံးပြုဖူးသောနိုင်ငံရပ်ခြားမှအတွေ့အကြုံများကို သခန်းစာယူသင့်ကြောင်း တင်ပြလိုက်ရ ပါသည်။

ကိုသန်းလွင်

Ref: Scientific American, The importation Of Liquefied Natural Gas by Elisabeth Drake.
Nikkei Asian Review, Myanmar targets LNG imports to fuel nation’s power surge, Yuichi Nitt
a
0