မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂ဝ)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂ဝ)
(မိုးမခ) မတ်လ ၇၊ ၂ဝ၁၈
အသင်းပိုင်ငွေနှင့် နတ်သမီးထဘီဖိုး

(၁)
မြန်မာ့အသံဝန်ထမ်းဟောင်းများအသင်း နှစ်လည်အစည်းအဝေး သတင်းဓာတ်ပုံများနှင့် video အခွေကို ကျွန်တော်နှင့် နာမည်တူသူ ကိုဝင်းအောင်က ပို့ပေး၍ သတိရစရာပေါ်လာပြီး ရေးဖြစ်လာ၏။ ၁၉၄၆ ခု၊ ဖေဖေါ်ဝါရီလ ဗမာ့အသံ (Burma Broadcasting Service)  ကို စတင်တည်ထောင်စဉ်ကပင် ရှိခဲ့သော ဗမာ့အသံ စက်ဘက်ဆိုင်ရာ အမှုထမ်းများအသင်းပိုင်ငွေ နှင့် နတ်သမီးထဘီဝယ်ရန် အကြံပျက်သွားပုံအကြောင်းပါ။

(၂)
၁၉၅၉ ခု၊ အောက်တိုဘာလတွင် ဗမာ့အသံ၌ ကျွန်တော်အလုပ်ရသည်။

စက်မှုလက်ထောက် ရာထူးဖြစ်၏။ အသံလွှင့်စတူဒီယိုအဖြစ် ဝင်ဒါမီယာခရက်ဆင့်ရှိ လူနေနှစ်ထပ်တိုက်ကို ဆက်လက် အသုံးပြုနေရဆဲ၊ ပြည်လမ်း၌ အသံလွှင့်ရုံသစ်ကြီးကလည်း မပြီးသေးပါ။ သို့သော် ရေကူးရှိ အသံလွှင့်စက်ရုံသစ်ကြီး (Transmitting Station)  ကတော့ ပြီးနေလို့ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနက အရေးပေါ် အသံလွှင့်ခန်း (Emergency Studio) ကိုသုံးပြီး တွဲဘက်အသံကိုပင် အသံလွှင့်နေပြီ။

အဲဒီမှာ ကျွန်တော်တို့ တာဝန်ကျကြသည်။

သုံးယောက်တတွဲ အသံဖမ်း၊ အသံလွှင့် လုပ်ပေးကြရ၏။ ကိုခင်မောင်ဖြူ၊ ကိုခင်ဇော်နှင့် ကျွန်တော်တွဲရ၏။ မိမိတို့တာဝန် အပြင် ပြည်လမ်း အသံလွှင့်ရုံသစ်ကြီးရှိ စတူဒီယိုများအချောသတ် ကြိုးသွယ်ရာ၌ အလှည့်ကျသွားပါဝင်ရသည်။

ဗိုလ်တထောင်ရှိ အင်ဂျင်နီယာချုပ် CE ရုံးလည်း ပြည်လမ်း အသံလွှင့်ရုံသစ်သို့ ပြောင်းလာပြီ။

စက်ဘက်ဆိုင်ရာ ဝန်ထမ်းတိုင်း ဗမာ့အသံ စက်ဘက်ဆိုင်ရာအမှုထမ်းများအသင်းဝင်မို့ လခထုတ်တိုင်း လစဉ်ကြေး ပေးကြ ရ၏။ တကျပ်ဟု ထင်ပါသည်။

(၃)
၁၉၅၉ ခု။ ဒီဇင်ဘာလ၌ အသင်းနှစ်ပတ်လည် အစည်းအဝေးကျင်းပ၏။

ဥက္ကဋ္ဌက အခြေအနေများကြောင့် မိမိတို့ကဲ့သို့ မဟုတ်ပဲ အမှုဆောင်အဖွဲ့အသစ်က အသင်းကြီးတိုးတက်ရေး လုပ်ဆာင်နိုင် မည်ဟု မျှော်လင့်ကြောင်းပြောဆို၏။ ရေကူးရှိအသံလွှင့်စက်ရုံခန်းမကြီးထဲ အသင်းဝင် အတော်များပါ၏။ ထို့နောက် အတွင်း ရေးမှူး ဦးအေးမောင်က ကျွန်တော်တို့ ဘာမှမလုပ်ဖြစ်ဘူးဟု ပါးစပ်နှင့် အစီရင်ခံစာတင်သွင်းရာ ကျွန်တော်ထ ဝေဖန်ရပြီ။

ကျွန်တော်က လက်ဝဲကျောင်းသားအဖြစ် ရန်ကုန်တက္ကသိုလ် အသင်းအဖွဲ့များ၌ ပါဝင်ခဲ့သူမို့ လက်မခံနိုင်ပါ။ အတွင်းရေးမှူး အစီရင်ခံစာကို ဒီလိုတင်သွင်းတာကတော့ မဟုတ်သေးဘးဗျာဟု ဆိုလိုက်ရာ၊ ဦးအေးမောင်က ဘာမှမှမလုပ်ဖြစ်တာပဲဟာ ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲဟုမေးရာ အားလုံးရယ်ကြ၏။

ကျွန်တော်တို့နှစ်ယောက်စလုံးလဲ ရယ်ကြ၏။ ပျော်စရာတော့ အကောင်းသား။

ကျွန်တော်တို့အမှုဆောင်အဖွဲ့သည် မည်သည့်ကိစ္စမှ မလုပ်ဆောင်ဖြစ်ပါ ဆိုတာလောက်တော့ စာနဲ့ရေးထားမှသာ မှတ် တမ်းရယ်လို့ရှိမှာ မဟုတ်လား၊ အကြံပေးတာပါဟုဆိုတော့ ဦးအေးမောင်က အေးဗျ၊ နောက်လူတွေမှတ်ထားကြပေါ့-- ဆိုကာ၊ ပြီးပြတ်သွား၏။ ကိုခင်မောင်ဖြူက အသင်းပိုင်ငွေ မေးမြန်းရာ ဥက္ကဋ္ဌက ဘာမှမလုပ်ဖြစ်လို့ တပြားမှမလျော့ပဲ တိုးမြဲ တိုးနေပုံ ရှင်းပြသည်။

အသံဖမ်းကောင်း၍ ဂီတသမားတို့ အထူးကြိုက်သော ဦးခင်မောင်ဦးအား ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ကြသည်။
အတွင်းရေးမှူးနေရာ၌ ဦးအေးမောင်က ကျွန်တော့်အား အဆိုတင်သွင်းရာ ဦးခင်မောင်ဦးက ကောင်းတယ်ဗျ၊ ဒါမှပိုစနစ်ကျလာမှာဟုဆိုကားရှိသေး သဘောတူတယ်ဗျို့ဟု ဝိုင်းထော်ကခံကြ၏။ အထူးပြောစရာလိုမည်မထင်ပါ၊ ကိုခင်မောင်ဖြူ ဘဏ္ဍာရေးမှူး ဖြစ်သွားပုံကိုမူ။

အသံလွှင့်ရုံ၊ အသံလွှင့်စက်ရုံနှင့် အင်ဂျင်နီယာချုပ် CE ရုံးတို့မှ စက်ဘက်ဆိုင်ရာ ဝန်ထမ်းများ ပါဝင်သော ဗမာ့အသံ စက်ဘက်ဆိုင်ရာ အမှုထမ်းများအသင်း အမှုဆောင်အဖွဲ့သစ်တက်လာလေပြီ။

(၄)
၁၉၆ဝ ခု၊ ကုန်လောက်တွင် အသံလွှင့်ရုံသစ်ကြီး ဖွင့်ပွဲလုပ်သည်။

ကျွန်တော်တို့လည်း ပြည်လမ်းသို့ပြောင်းလာကြ၏။ အသင်းကြီးကမူ ဘာမှမယ်မယ်ရရ မလုပ်ဖြစ်သေးချေ။ ထိုအကြောင်း စာရေးအစီရင်ခံကာ အစည်းအဝေးလုပ်ရန် ကြိုးစားကြသော်လည်း ဆက်လုပ်ကြပါဟု ဝိုင်းပြောနေကြသည်။ ရာထူးတိုး သွားသော ဦးခင်မောင်ဖြူက အသင်းပိုင်ငွေများ ငွေစာရင်းဌာန၌ အပ်နှံထားပုံ၊ စာရင်းအတိအကျဖော်ပြကာ နုတ်ထွက်စာတင် သွင်းသည်ကို အမှုဆောင်အဖွဲ့ အစည်းအဝေးလုပ်ပြီး လက်ခံလိုက်၏။ လူစားရှာမရသေး။

၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်း၏။

စစ်ဗိုလ်ကြီးငယ်တို့ ရောက်လာကြပြီး နေရာဝင်ယူကြသည်။ စက်ဘက်ဆိုင်ရာသို့မူ မရောက်ကြသေး။ အုပ်ချုရေးအရာရှိ ကလည်း ခေါင်းတမော့မော့နှင့် မာစတာအသစ်များအား လိုလေသေးမရှိ လုပ်ဆောင်ပေးရင်း မျက်နှာချိုသွေးနေ၏။ ဆရာ ဦးခင်ဇော် (K) အနားယူသွားပြီ၊ ဗမာ့သံကနေ မြန်မာ့အသံဖြစ်သွားပြီ။

၎-၇-၆၂ နေ့တွင် စတင်ဖွဲ့စည်လက်သော မဆလပါတီသို့ ကျွန်တော်တို့အသင်းဝင် အချို့လည်း ပါဝင်ကြ၏။ အခြေအနေ တွေက အတော်လေးပြောင်းလဲလာပြီ။ အသင်းတာဝန် လွှဲပြောင်းပေးရန် နည်းလမ်းလည်း အစအနမမြင်သေး။

ကျွန်တော်နှင့်တွဲလုပ်နေကျ ရင်းနှီးကြသူ ကိုမြမောင်နှင့် ကိုမျိုးသန့်တို့ မဆလ၌ တက်ကြွစွာလှုပ်ရှားနေကြပြီ။

(၅)
၁၉၆၄ ခု၊ မတ်လ(၂၈)ရက်နေ့ညတွင် တော်လှန်ရေးကောင်စီက ဥပဒေတရပ်ကြေညာ၏။

အမျိုးသားစည်းလုံး ညီညွတ်ရေးကို ကာကွယ်သည့် ထိုဥပဒေအရ ဖဆပလ၊ ပထစ၊ ပမညတ တို့သာမ ရပ်ကွက်ဆွမ်း လောင်းအသင်း၊ လမ်းဘေးစာကြည့်တိုက် လေးများမကျန် အကုန်လုံးဖျက်ကြ ပျက်ကြရလေပြီ။ ကျွန်တော်တို့၏ အသင်း လည်း အဘယ်မှာလျှင် ကျန်ပါမည်နည်း။

အလုပ်ထွက်ပြီး စိန်မောင်စတူဒီယိုတွင်သွားလုပ်ရန် ဦးခင်မောင်ဦးက ပြင်ဆင်နေ၍ CE က သူ့ရုံးခန်း၌ ကျွန်တော့်အား ခေါ်တွေ့ပြီး၊ အသင်းပိုင်ငွေများကို အုပ်ချုရေးအရာရှိက သူကိုးကွယ်သည့် ဘုန်ကြီးကျောင်းသို့ လှူရန်တိုက်တွန်းကြောင်းပြောပြသည်။ CE ကစိုးရိမ်နေ၏။ ကျနော်ကမူမကျေနပ်။ ဒီငွေတွေက သူနဲ့ဘာဆိုင်လို့လဲ၊ CE လည်းမပိုင်၊ အသင်းပိုင်မို့ အသင်းသားများကို တင်ပြရမည်ဟုဆိုကာ ပြန်လာခဲ့၏။

သတင်းလွှင့်လိုက်ရာ မည်သူမှမေတ္တာမရှိသော အုပ်ချုရေးအရာရှိကို ပိုမုန်းလာကြ၏။

အစည်အဝေးခေါ်ပြီး ၁၊ စာရင်းမရှိ၍ လက်ရှိအသင်းသားများကိုသာ အညီအမျှခွဲပေးမည်မို့ နာသူနာ သာသူသာတော့ ဖြစ် မည်ဟုတင်ပြသောအခါ၊ စိုးရိမ်သူများကလည်းမရှား၊ လကုန်ရက်မို့ ငွေအသံကြား၍ စိတ်ဝင်စားကြပြီ။

အခွင့်ကောင်းယူကာ အသင်းပိုင်ငွေနဲ့လှူပြီး ဟိုလူကြီးနတ်ပြည်ရောက်၊ နတ်သမီးထဘီဖိုးဖြစ်ဖို့ဆိုသဘောပဲလေ--၊ သူ့ကို ပေးလိုက်ရုံပေါ့။ ကိုမြမောင်ကလည်း နေပါဦး-စာရေးဆရာကြီးရဲ့ နတ်သမီးတွေက ထဘီဝတ်သလားဟု ဝင်နောက်၏။ လူ့ ပြည်က နတ်သမီးတွေလို ထဘီဝတ်မယ်ထင်လို့ပါ၊ ကိုယ်ဝေစုနဲ့ လှူရင် ကိုယ်တိုင်နတ်ပြည်ရောက် သောက်ချင်တဲ့လူသောက်၊ မိန်းမကြောက်လို့ အပ်ချင်အပ်--ငွေကတော့ ခပ်များများရမှာ--ဟုရှင်းပြရာ ဆက်လုပ်ရန်  ကျွန်တော့်အား တာဝန်ပေးကြ သည်။

(၆)
သို့/
အပ်ချုပ်ရေးအရာရှိ၊
တော်လှန်ရေးကောင်စီ၏ ဥပဒေနှင့်အညီ စက်ဘက်ဆိုင်ရာ အမှုထမ်းများအသင်း ဖျက်သိမ်းဖို့ အရေးပေါ်စည်းအဝေးက ငွေစာရင်းဌာ၌ အပ်နှံထားသော အသင်းပိုင်ငွေများကို အမြန်ဆုံးလွှဲပေးရန် တောင်းဆိုလိုက်သည်။ အသင်းစည်းမျဉ်းအရ ဆက်လက်လုပ်သွားရန်လည်း ဆုံးဖြတ်လိုက်သည်။

ဝင်းအောင်
အထွေထွေအတွင်းရေးမှူး

အမှုဆောင်အဖွဲ့နှင့် အသင်းကိုယ်စား
မိတ္တူကို သက်ဆိုင်ရာများသို့ ပေးပို့ပါသည်။

ခွင့်တရက်လေးကိုပင် လျှောက်ထားပြီ၊ ရိုသေလေးစားစွာဖြင့်ဟု ရေးရချိန်၌ ယခုစာကိုဖတ်ပြီး လန့်ချင်လည်းလန့်ပေလိမ့် မည်။ တကယ်တော့ ဘာမိတ္တူမှ ဘယ်ကိုမှမပို့ပါ။ ထင်ထားသည့်အတိုင်း ငွေစာရင်းဌာက အသင်းပိုင်ငွေအားလုံး ပြန်ရ လိုက်၏။ (၂၆) ရက်နေ့ ငွေပြတ်နေကြချိန်တွင် တဦးလျှင် (၂၈၆) ကျပ်စီရကြ၍ ဝမ်းသာကြကုန်၏။

နတ်သမီးထဘီဖိုး ပြန်ရငွေဟု တွင်သွားသည်။

ဦးခင်မောင်ဦး အလုပ်ထွက်သွား၏။ ကျွန်တော်လည်း ၁၉၇၉ ခုနှစ်တွင် ထွက်ခဲ့၏။ ၁၉၈၈ ခု၊ အရေးအခင်းကြောင့် အသင်း ဝင်အတော်များများ အလုပ်ပြုတ်ကြသည့်ထဲ ကိုမြမောင်လည်းပါ၏။

(၇)
ဘယ်လိုမှနေလို့မရတော့သည့်အဆုံး ၁၉၉၂ ခု၊ မေလတွင် ကျွန်တော် ဘန်ကောက်သို့ထွက်လာကာ အလွတ်သတင်း ထောက်လုပ်၏။ ၁၉၉၅ ခု၊ အောက်တိုဘာလတွင် VOA မြန်မာပိုင်း၌ အလုပ်ရ၍ Washington DC တွင် (၁၅) နှစ် လုပ် ကိုင်နေထိုင်ပြီး ၂ဝ၁ဝ ခု၊ တွင်ပင်စင်ယူပြီးနောက် ဗာဂျီးနီးယားပြည်နယ်၌ နေထိုင်၏။

မြန်မာပြည်မှ အပေါင်းအသင်းများနှင့် ဆက်သွယ်ရန် အလွန်ခက်ခဲပါဘိ။

စုံစမ်းလိုက်တိုင်း မရှိတော့၊ သေဆုံးပြီဟုသာ ကြားနေကျမို့ အားမရှိလှ။ ကိုယ်တိုင်ကလည်း ခံခဲ့ရသည့် ဒဏ်ရာဒဏ် ချက်များကြောင့် ဆေးကုသမှု ခံယူနေရသည်။ မျက်စိနှစ်ဖက်စလုံး ခွဲထားရစဉ် ၈-၁ဝ-၂ဝ၁၆ နေ့၌ VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက ရန်ကုန်မှလာသော ဦးခင်မောင်ဦးက တွေ့ချင်သည်ဟု တယ်လီဖုန်းဆက်၏။

ကျွန်တော်တို့ထက် (၁ဝ) နှစ်ခန့် ကြီးသူမို့ မဟုတ်နိုင်၊ မဖြစ်နိုင်။

သို့သော်လည်း ဦးခင်မောင်ဦးကိုယ်တိုင် တယ်လီဖုန်းထဲ ဟေ့လူလာခဲ့ပါဦး၊ နတ်သမီးထဘီဖိုးပြောချင်လို့-- ဟူသော အသံ ကြားရသောအခါ ကျွန်တော်အဘယ်မှာလျှင် မတွေ့ဘဲနေနိုင်ပါမည်နည်း။ မျက်စိခွဲထား၍ ဇနီးက ခွင့်မပြု၊ သမီးက လည်း ကားမောင်းမပို့။

ဇွတ်ထွက်လာကာ ဝေးလံသည့်ခရီး Taxi ငှားစီးပြီး ရောက်သွား၏။

အားလုံးက အံ့သြဝမ်းသာနေကြပြီး၊ ကိုစံမိုးဝေက အမှတ်တရ ဓာတ်ပုံရိုက်ပေး၏။ Wheel Chair နှင့် သူ့သမီး (ယုဇနခင်) ခေါ်၍ ရောက်သူကြီးနှင့် ကျွန်တော်တို့ ငယ်မူပြန်ကြ၏။ အားနာ၍ အောက်ဆင်းကာ အားပါးတရ အော်ကျယ်ဟစ်ကျယ် ပြောနေကြသည်ကို သူနှင့်မည်သို့မှမဆိုင်သည့် ကျွန်တော်တို့အသင်းပိုင်ငွေနှင့် နတ်ပြည်တက်၊ နတ်သမီးများအား ထဘီ ဝယ်ပေးရန်ကြံစည်သူ အုပ်ချုပ်ရေးအရာရှိ တစ်နေရာရာကနေများ ကြားလေမည်လားဟု တွေးမိကြောင်းပါ။

၂ဝ၁၈ ခု၊ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့။

Comments