ဌေးဝင်း (ဂျာမဏီ) ● ခေတ်စကား

ဌေးဝင်း (ဂျာမဏီ) ● ခေတ်စကား
(မိုးမခ) မတ်လ ၇၊ ၂၀၁၈

ကျနော်အလုပ်လုပ်တဲ့ ဂျာမဏီတောင်ပိုင်း Deggendorf မြို့က မြို့နယ်အုပ်ချုပ်ရေးရုံး အဖွဲ့သား တွေရဲ့ စုပေါင်းဓါတ်ပုံတပုံကို မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့ ခွင့်ပြုချက်နဲ့ facebook ပေါ်တင်လိုက်တယ်၊ “ရှာသောသူတွေ့မည်” ဆိုပီး ပုံနဲ့ တွဲပီးရေးလိုက်တော့ လူတွေအများကြီးထဲက ကျနော့်ပုံ ရှာဖွေတွေ့ရှိတဲ့ ကျနော့်ရဲဘော်ကြီး ကိုအေးဝင်းက “တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ” ဆိုပြီး ပြန်လည်ရေးသားလာတယ်။

“ရှာသောသူတွေ့မည်” ဆိုတဲ့ စာကြောင်းလေးနဲ့ ဒီပုံကိုတင်လိုက်ကတည်းက ကျနော်မျှော်မှန်းခဲ့တဲ့ ပြန်လည်ရေးသားချက် “တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ” ဆိုတဲ့ စကားအသုံးအနှုန်းကို ရဲဘော်ကြီးက သုံးနှုန်းလိုက်တာပါဘဲ။ ကျနော်မှတ်မိသလောက် ကျနော်တို့ငယ်စဉ်က သင်္ကြန်ကာလ ရေပက်ခံထွက်တဲ့အခါမှာ ကားပေါ်ကနေ မိန်းခလေး ချောချောလှလှလေးတွေ့ရင် အကိုကာလသားများက “အမေ့ချွေးမ ပျောက်လို့ရှာ တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ” ဆိုပြီး သံချပ်ထိုး အော်ကြ၊ စကြ နောက်ကြတယ်။ အကိုကာလသားတွေလည်း ပျော်ကြတယ်၊ မိန်းမလှလေးတွေလဲ ကျေနပ်သဘောကြ၊ ပီတိတွေဖြစ်လို့ပေါ့။ လွမ်းမောဘွယ်ရာ ပျော်စရာသင်္ကြန်ကာလအချိန်တွေပါဘဲ။ ဒီစကား အသုံးအနှုန်းက ခုချိန်ထိ စွဲကျန်ရစ်ခဲ့တယ်။

ပြောချင်တာက ဆက်စပ်အတွေးများပါဘဲ။ ၂၀၁၇ နှစ်ကုန်ခါနီးမှာ ရဲဘော်ကြီးကိုအေးဝင်းကို ကျနော် စကားတရပ် ပြောခဲ့ တယ်။ “ကျနော်တို့တတွေဟာ အသံထွက် စကားမပြောပေမဲ့လည်း ရင်ထဲကနေ စကားတွေပြောနေကြပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ကျနော်တို့ရဲ့ရင်ခုန်သံတွေက တူညီလို့ပါ” ဆိုတဲ့ စကားရပ်ပါဘဲ။ အထက်ကအဖြစ်ကိုကြည့်လေ၊ “ရှာသော သူတွေ့မည်” ဆိုပြီး ကျနော်က ကျနော့်ပုံမှာရေးလိုက်တယ်၊ မျှော်မှန်းထားတဲ့ ပြန်လည်ရေးသားချက် အတိအကျ “တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ” ဆိုတာကို ရဲဘော်ကြီးက ပြန်လည်ရေးသားလာတယ်။ ကျနော်တို့ရဲ့ရင်ခုန်သံ၊ ကျနော်တို့ရဲ့ စကား အသုံးအနှုန်းနဲ့ ဘယ်စကားအသုံးအနှုန်းကို ဘယ်နေရာမှာ ဘယ်လိုသုံးလိုက်မယ်ဆိုတဲ့ စဉ်းစားပုံ စဉ်းစားနည်းတွေက ထပ် တူထပ်မျှပါဘဲ။

တဆက်တည်း ဆက်စပ်တွေးမိတာက ကျနော့်တူ၊ တူမလေးများ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Facebook မှာသုံးနေတဲ့ ဗမာ စာ၊ ဗမာ စကား ရေးသားနည်း ရေးသားဟန်တွေပါဘဲ။

ဥပမာ …

Br loat ny dr ll..
Mom nae lunch lr srr tr.. D time hma
Bal thu mha ma shi pal br twar lote tar lal bado..
Twae chin tae tu ka hma ma shi tot tr

ဒါသူတို့ရေးတဲ့ ဗမာစာပါ။ ကျနော်တော့ အတော်ဖတ်ယူရတယ်၊ တချို့ဟာဆို မဖတ်နိုင်ပါဘူး၊ သဘောမပေါက်ပါဘူး။ တ လောကဘဲ ကျနော်တို့ရဲဘော်ကြီး သားကြီးမောင်ဇေယျက DVB မှာ ခေးတို့ကို ကွီး ပြောမယ် (ကလေးတို့ကို အစ်ကိုကြီး ပြောမယ်) ဆောင်းပါးရေးထားပါတယ်။

အဲဒီမွာ “ကြီးလား”  (ကိုႀကီးလား)
“ဟု ဟု” (ဟုတ် ဟုတ်)
“စမီးပါ” (သမီးပါ)
“ဟု ဟု” (ဟုတ် ဟုတ်)
“သူတို့ စမီးကို စနိုက်ကျော်မတဲ့” (သူတို့က သမီးကို ရီစားလုတဲ့ကောင်မတဲ့)
“ဂယ်ရီး” (တကယ်ကြီး)
“အာ့ ကွီးကြောင့်” (အဲဒါ အစ်ကိုကြီးကြောင့်)

ဆိုပြီး အစချီထားပါတယ်။ ၂၀၁၇ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပသွားတဲ့ မြန်မာစာပေညီလာခံမှာ ယနေ့ ဆိုရှယ်မီဒီယာ အခြေအနေဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်ကြပါတယ်လို့ သူ့ဆောင်းပါးမှာ ရေးသားထားပါတယ်။

ချမ်းမြကလည်း မိုးမခမှာ “Facebook ပေါ်က ကျွန်တော်နားမလည်သော စကားလုံးများ” ကို ၁၅.၀၄.၂၀၁၆ က ရေးသား ထားပါတယ်။

အဲဒီမှာ
‘အာ့တော့ ဘာပစ်လည်း’ (အဲဒီတော့ဘာဖြစ်လဲ)
aww (အော်)
သယ်ချင်း နာ့လည်းခေါ်အုံး (သူငယ်ချင်း ငါ့လည်းခေါ်ဦး)
ခေါ်ဝူးးးး (မခေါ်ဘူး)
ဟိုက်!!! ဒချိ ဒချိ (အံ့သြခြင်းကို ဆိုလိုသည်)
မိုက်ထှာ (မိုက်လိုက်တာ)
စန်းမိုက်တယ်ဟေ့ (အရမ်းမိုက်တယ်)
ကျော့လည်း လိုက်မယ်၊ (ကျွန်တော်လည်း လိုက်မယ်) … စသဖြင့်ပေါ့။

အလွယ်တကူ ရေးရလွယ်တဲ့ Facebook စကားလုံး ဝေါဟာရတွေပါဘဲ။ တချို့စကားလုံးတွေဆို ဗမာစကားအဖြစ် ကျနော် တို့ နားမလည်နိုင်တော့ပါ။ ဆရာဒဂုန်တာရာကလဲ သူ့ရဲ့စာတွေမှာ ဒီမျိုးဆက်ကွာဟမှု၊ ဒီမျိုးဆက်ကွာဟခြင်းကို နားလည် ခံစားနိုင်မှုတွေကို အမြဲရေးသားခဲ့ပါတယ်။

ဘယ်လိုပင် ဒီဖြစ်မြဲဖြစ်စဉ် မျိုးဆက်ကွာဟမှု၊ စကားအသုံးအနှုန်း ခြားနားမှု၊ တွေးခေါ်စဉ်းစားမှုတွေ မတူညီသည်ဖြစ်စေ ဒီမျိုးဆက်အဆက်ဆက်ရဲ့ တိုင်းပြည်ချစ်စိတ်၊ စစ်အာဏာရှင် စနစ်ဆိုးအောက်ကရုန်းထွက်ပြီး သာယာဝပြောတဲ့ အမိမြန်မာ နိုင်ငံ ထူထောင်လိုစိတ်တွေကတော့ တူညီကြမယ်လို့ ယုံကြည်ပါတယ်။

ဌေးဝင်း (ဂျာမဏီ)

Comments