မောင်စိန်သော် ● မိုင်းယောင်းတိုက်ပွဲ

မောင်စိန်သော် ● မိုင်းယောင်းတိုက်ပွဲ
(မိုးမခ) မတ် ၁၊ ၂၀၁၈

အပိုင်း (၁)
တရုတ်-ဗမာနယ်စပ်တကြောရှိ အခြခံစခန်းများမှ တော်လှန်ရေးတပ်ဖွဲ့များသည် မဆလ စစ်အစိုးရ၏ မင်းရန်အောင်ထိုးစစ်အား ပြန်လှန်ရိုက်ချိုးရေးကို ၁၉၈၀ ခုနှစ် ၄ လပိုင်းတွင် ဒေသအသီးသီးက တာဝန်ယူ၍ မြိုင်မြိုင်ဆိုင်ဆိုင် ထိုးစစ်ဆင်တိုက်ခဲ့ကြသည်။ ၀ နယ်မှ မော်ဖဒေသ ကောင်းလင်းကောင်းလန်းတိုက်ပွဲ၊ ၈၀ ခု ၄ လပိုင်း မိုင်းယန်းတိုက်ပွဲ၊ ရှမ်းပြည်မြောက်ပိုင်းမှ မူဆယ်တိုက်ပွဲ၊ ၈၁၅ ဒေသ ဖန်းငင်းတိုက်ပွဲ၊ ရှမ်းပြည် အလယ်ပိုင်းမှ ဆင်တောင်ဒေသတိုက်ပွဲတို့သည် ရှေ့စဉ်နောက်ဆက်တိုက်သည့် ချိန်ကိုက်တိုက်ပွဲများဖြစ် သည်။

ရန်သူသည် စစ်ရေးထိုးစစ်ဆင်ပြီးနောက် နိုင်ငံရေးထိုးစစ်ဆင်နေချိန်ဖြစ်သည်။ မဆလ၏ နိုင်ငံရေးထိုးစစ် ဆိုသည်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ လက်နက်ချအညံ့ခံသူများအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေး ကြိုဆိုလျက်ရှိကြောင်း၊ ၀င်လာသူ မည်၍မည်မျှ ရှိနေပြီဖြစ်ကြောင်း စာရင်းများထုတ်ပြန်ပြီး မြန်မာ့အသံ ရေဒီယိုမှ နေ့စဉ်ဝါဒဖြန့်ကြေညာနေချိန်ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နယ်စပ်အခြေခံစခန်းများတွင် အဆိုပါနိုင်ငံရေးထိုးစစ်ကို ပြည်သူ့တပ်မတော်တွင်းရှိ ဒေသခံရဲဘော်အများစုကြီးအနေဖြင့် ရန်သူ၏ ၀ါဒဖြန့် လုပ်ကြံသတင်းများ သတိထားနားထောင်ကြသူပင် မရှိသလောက် ရှားသည်။

စစ်ရေးတိုက်ပွဲ အရှိန်ရနေသော မိမိတို့ပြည်သူ့တပ်မတော်သည် ရန်သူကို နောက်ထပ်တိုက်ပွဲကြီးတပွဲဖြင့် ထိုးနှက်ရန် ပါတီဗဟိုစစ်ကော်မရှင်မှဆုံးဖြတ်သည်။ ၁၉၈၀ ခုနှစ် ၆ လပိုင်း မိုးတွင်းကာလမှာ ကျွန်တော်တို့ ၀ နယ်ပန်ဆန်းမှထွက်၍ ကျိုင်းတုံမြောက်ပိုင်းဒေသရှိ မိုင်းပေါက်သို့ချီတက်ပြီး ပြင်ဆင်မှုများလုပ်ကြရသည်။ တပ်မ ၆၈ ရုံးအဖွဲ့နှင့် ကျွန်တော်တို့လိုက်ပါခဲ့သည်။ ထိုအချိန်က ပြည်သူ့တပ်မတော် တပ်မ ၆၈ ဖွဲ့စည်းရေး လုပ်နေဆဲဖြစ်သည်။ ထိုတပ်မှ ခြေလျင်တပ်နှင့် လက်နက်ကြီးတပ်အပါ တပ်ရင်း ၃ ရင်း [ရင်း ၁၅၊ ရင်း ၆၈၅၈၊ ရင်း ၉ (ကိုးကန့်)]၊ အရှေ့မြောက်စစ်ဒေသ ကင်းတပ်ရင်းတရင်း၊ ၇၆၈ တပ်မဟာမှ (ရင်း ၉ တရင်း၊) ပေါင်း တပ်ရင်း ၅ ရင်း ဖွဲ့စည်းပုံအရဖြစ်သည်၊ အင်အားပြည့်မည်မထင်ပါ။ စစ်မြေပြင်တပ်ကို တိုက်ရိုက်ကွပ်ကဲသူများ မှာ အရှေ့မြောက်အနေဖြင့် တပ်မ ၆၈ မှ ရဲဘော်လီတက်ခိုင်နှင့် ၇၆၈ မှ ဒုတပ်မဟာမှူး ရဲဘော်အိုက်ခလုံးတို့ ပါဝင်သည်ကိုတွေ့ရသည်။

ဖော်ပြပါတပ်ဖွဲ့များ အသုတ်လိုက်ခွဲ၍ ကျိုင်းတုံအရှေ့ပိုင်းရှိ ၈၁၅ စစ်ဒေသသို့ ဦးတည်ချီတက်သည်။ မိုင်းပေါက်၊ မိုင်းဖျင်၊ ဟိုတောင်းနှင့် မိုင်းယန်းခွင်(ဂွင်)ကို ဖြတ်ကျော်၍ စလဲ့နှင့် စန်းတောင် စသည့်ဒေသတို့ကို ဖြတ်သန်းရ သည်။ လမ်းခရီးတွင် အခါလူမျိုး၊ ရှမ်းလူမျိုးနှင့် လွယ်လူမျိုးများကိုတွေ့ရသည်။ လွယ်လူမျိုးများသည် ဗုဒ္ဓဘာ သာဝင်များ ဖြစ်ကြသည်။ လွယ်အမျိုးသမီးများမှာ ခါးတောင်အင်္ကျီများဝတ်ဆင်၍ ခေါင်းပေါင်းအနက်များ ပေါင်း ထားသည်ကိုတွေ့ရသည်။ လွယ်လူမျိုးများ၏ထူးခြားချက်မှာ စုပေါင်းနေထိုင်မှုဓလေ့ထုံးစံပင်ဖြစ်သည်။ ပလောင် လူမျိုးများကဲ့သို့ အိမ်တန်းရှည်များနှင့်နေခြင်းမျိုးမဟုတ်ဘဲ ကြီးမားကျယ်ဝန်းသော အိမ်မကြီးတလုံးတွင် ကြမ်း ခင်း၍ အခန်းများဖွဲ့ တခန်းစီနေကြခြင်း ဖြစ်သည်။ ဆွေမျိုးစု တအိမ်ထောင် တခန်းနေသည်ဟု သိရသည်။ မိဘ အကြီးအကဲများက အိမ်အလယ်မှာနေ၍ အုပ်ချုပ်သည့်သဘောတွေ့ရသည်။ အိမ်အလယ်ရှိ မီးဖိုနေရာမှာ ကိုယ့် မိသားစုမီးဖိုနှင့်ကိုယ် ချက်ပြုတ်စားကြသည်။ အများဆုံး ၂၈ အိမ်ထောင်စု (မီးဖို ၂၈ ဖို) အထိ စုပေါင်းနေထိုင် သည့် အိမ်ထောင်စုကြီးရှိကြောင်း လေ့လာသိရှိရသည်။ လမ်းခရီးတွင် ကျွန်တော်တို့တပ်ဖွဲ့များ ထိုအိမ်ထောင် များကြား တိုးဝှေ့တည်းခိုကြရသည်။ စန်းတောင်ဒေသမှတဆင့် ဆက်ထွက်ခဲ့ရာ ၀န်တင်မြင်း၊ လားများသုံး၍ မိုးထဲရေထဲ ခရီးရှည်ချီတက်ရခြင်းဖြစ်သဖြင့် အလွန်ပင်ပန်းသည်။ မိုးတွေက ဆက်တိုက်ရွာ၊ နမ့်လွေချောင်းနှင့် အမည်မမှတ်မိ အခြားချောင်းတချောင်း ဆုံသည့် ချောင်းဆုံချက်နေရာတနေရာတွင် ချောင်းရေများ မတရားကြီးနေမှုကြောင့် ၀ါးဖောင်ဖြင့်ဖြတ်ကူးရေး ခက်ခဲလှသည်။

တဖက်ကမ်းဖြတ်ကူးပြီးမှ နောက်တဖက်ကမ်းသို့ ပြန်ကူးရသည်၊ ချောင်းခွဆုံဖြစ်၍ နှစ်ဆင့်ကူးရခြင်းဖြစ်သည်။ ရှမ်းရွာထင်သည်၊ ဆွတ်လွေ ဆိုသည့် ရွာလေးတရွာမှာ ညနေစာချက်စားကြသည်။ ဘုန်တော်ကြီးကျောင်းက ဦးပဉ္ဇင်းတပါး ဗမာစကားပေါက်၍ အခြအနေမေးမြန်းလျှောက်ထားမှု လုပ်နိုင်သည်။ မိုင်းလား၊ မိုင်းမဒေသများ ဖြတ်ကျော်ပြီး ခရီးစဉ် ရက်သတ္တတပတ်ခန့်အကြာ ၁၉၈၀ ခု ၆ လကုန်လောက်တွင် ၈၁၅ စစ်ဒေသဌာနချုပ်သို့ အရှေ့မြောက်မှတပ်ဖွဲ့ပေါင်းစုံ ရောက်ရှိသည်။

ကျွန်တော်တို့ရုံးအဖွဲ့ နမ့်လွေချောင်းဘေးရှိ ကျိုင်းခမ်းဆိုသည့် ရှမ်းရွာမှာ စခန်းချသည်။ ကျိုင်းခမ်း နှင့် ၈၁၅ စစ်ဒေသဌာနချုပ်မှာ သိပ်မဝေးပါ။ ၈၀ ခုနှစ် ၇ လ ၁ ရက်၊ ၂ ရက်ဟုထင်ပါသည်။ စစ်ဒေသနှစ်ခု၏ တပ်ဖွဲ့များမှ စစ်ရေးအကောင်အထည်ဖော်ရန် တာဝန်များ၊ အပြန်အလှန်ပေါင်းစပ်တိုက်ပွဲဝင်နိုင်ရေး ကေဒါများ စုံညီအစည်း အဝေးလုပ်သည်။ ထောင်ချီရှိသည့် တပ်အင်အားများ၏ ရိက္ခာ၊ ဆေးဝါးနှင့် တိုက်ပွဲလိုအပ်ချက်ဖြစ်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဒေသခံ ၈၁၅ မှတာဝန်ယူ၍ စည်းရုံးပြင်ဆင်ထားသည်ကို တွေ့ရသည်။ တိုက်ပွဲစဉ်တခုလုံးအား ပါတီဗဟိုစစ်ကော်မရှင်အတွင်းရေးမှူး ရဲဘော်တင်ရီကိုယ်တိုင် တိုက်ရိုက်ဦးစီးသည့်ရုံး အပြင် နောက်ထပ် စစ်မြေပြင်ဦးစီးကွပ်ကဲရေး ရှေ့တန်းစစ်ဦးစီးရုံးနှစ်ဖွဲ့ရှိသည်။ တပ်မ ၆၈ တပ်မမှူး ရဲဘော် ထွန်းလွင်နှင့် အရှေ့မြောက်စစ်ဒေသမှဒုတပ်မှူး ဖုန်ကြားရှင်းတို့ ဦးစီးသည့် ရုံးတဖွဲ့၊ ၈၁၅ ရှေ့တန်းဦးစီးရုံးအဖွဲ့မှ ရဲဘော်အေးငွေ၊ ရဲဘော်တင့်လှိုင်၊ ရဲဘော်ဇော်ဆိုင်းနှင့် ဦးစိုင်းလင်းတို့ကတဖွဲ့ဖြစ်သည်။ နိုင်ဝင်းဆွေနှင့် လှဆွေ တို့လည်း စစ်မြေပြင်သတင်းထောက်များအဖြစ် ၈၁၅ အဖွဲ့များနှင့်အတူရှိနေသည်။ စစ်ဦးစီးရုံးနှစ်ခု ရှေ့တန်း စစ်မြေပြင်မှာ အလှမ်းဝေးနေကြသည်ကို တွေ့ရသည်။ တပ်မ ၆၈ ရုံးအဖွဲ့မှာ ကျွန်တော်တို့ပါဝင်သည်။ ရှေ့တန်း ဗဟိုစစ်ကော်မရှင်ရုံးမှ ရဲဘော်စိုးချစ်တို့အဖွဲ့နှင့် ဆက်သွယ်ရေးလုပ်ငန်းများ ကြိုတင်ညှိနှိုင်းမှုလုပ်ကြရသည်။

၁၉၈၀ ခု ၇ လ ၃ ရက်ဟုထင်သည်။ ၈၁၅ စစ်ဒေသ ဌာနချုပ်ဧရိယာမှ စတင်ထွက်ခွာသည်။ ရေကြီးနေသည့် နမ့်လွေချောင်းကို ၀ါးဖောင်များဖြင့်ကျော်ဖြတ်၍ မိုင်းဝ ဘက်သို့ ကူးရန်ဖြစ်သည်။ လူအင်အားကများ၊ မိုးတွင်း မှာဖြစ်၍ ရေကပိုကြီး၊ မြင်းလားများပါနေ၍ တသုတ်ချင်း အချိန်စောင့်ကူးကြရသည်။ တပ်မှူး၏မြင်းလားထိန်း သည့် ကိုးကန့်သားတယောက် ၀ါးဖောင်ပေါ် မြင်းလားတွေတင်နေရင်း အရပ်သားဖောင်သမားကို မချေမငံဆက် ဆံနေသည်ကို မြင်လိုက်ရသဖြင့် ကျွန်တော်တို့တတွေ ထိုရဲဘော်ကို အတော် မကျေမနပ်ဖြစ်လိုက်ကြရသည်။ နမ့်လွေချောင်းကို အချို့က နမ့်လွေမြစ်ဟုပင် ခေါ်ကြသည်။ မိုးတွင်းကာလမို့လားမသိ၊ စီးဆင်းနေသော ရေပြင် ကျယ်ကိုတွေ့ရသည်။ လာအို-မြန်မာနယ်စပ်ရှိ မဲခေါင်မြစ်ထဲသို့ နမ့်လွေကစီးဝင်သည်။

မိုင်းဝဘက်သို့ ကျွန်တော်တို့ နေ့လည်ပိုင်းရောက်သည်။ ရှမ်းဒေသဖြစ်မည်၊ အိမ်ကြီးအိမ်ကောင်း များတွေ့ရပြီး အုန်းပင်တွေအစီအရီနှင့် သာသာယာယာရှိသည်။ ရန်သူ့လေယာဉ် ဗုံးဒဏ်သင့်ရာဒေသဖြစ်၍ ကျေးရွာပြည်သူ များ နေ့ခင်းနေ့လည် ရွာမှာရဲရဲမနေရဲကြ၊ ရွာထဲမှာ အရပ်သားသိပ်မတွေ့ရ၊ လေကြောင်းရန် တိမ်းရှောင်နေကြ သည်ဟု သိရသည်။ မိုင်းဝဘက်မှ ဆက်ထွက်ပြီးနောက် ပါနောက်တောင်ကြောခေါ်သည့် သစ်တောများဖုံးအုပ် နေသော တောင်ကြောကြီးကို ဖြတ်ကျော်ရသည်။ မိုးက ရွာချလိုက် ရပ်သွားလိုက် ဖြစ်နေသည်။ ရဲဘော်များ လည်း မိုးရေကစို ချွေးနံ့ကသင်း ခြေရာချင်းထပ်နေသည့် လမ်းကြောင်းအတိုင်း မတုံ့မဆိုင်းလိုက်နေရသည်။ ရုံး အဖွဲ့သားများအတွက် ရိက္ခာမှူး ပြင်ဆင်မှုမကောင်း၍ ထိုနေ့ညနေစာ ထမင်းမနူးမနပ်ကို ရေသောက် စားကြရ သည်။ ဟင်းလုံးဝမပါ။ တောင်ကြောပေါ်မှာ ညအိပ်ရသည်၊ မိုးလင်းသည်နှင့် ရှေ့ခရီးဆက်သည်။

ကျွန်တော်တို့မှာ နောက်ကလိုက်သည့် ရုံးအဖွဲ့ဖြစ်သည်။ ကျွန်တော်တို့ရှေ့တွင် အင်အားတထောင်ကျော် နှစ်ထောင်လောက်ရှိနိုင်သည့် တိုက်ခိုက်ရေးအင်အားများနှင့် ပြည်သူ့စစ် အင်အားများ ထောက်ပံ့ရေးပစ္စည်း အထမ်းသမားများပါပေါင်းလျှင် သုံးလေးထောင်ရှိသောအင်အားများ ချီတက်သွားနှင့်ကြပြီဟု ခန့်မှန်းသည်။ ၈၁၅ ဒေသမှ တပ်ရင်း ၅ ရင်း ၆ ရင်း ပါဝင်၍ ဒေသနှစ်ခုပေါင်း၊ မိမိဘက်ဖွဲ့စည်းပုံအရ တိုက်ခိုက်ရေးတပ် ၁၀ ရင်းကျော်လိမ့်မည်ဟုထင်သည်။ ထိုနေ့နံနက် ၆ နာရီ ကျော် ၇ နာရီလောက်ထဲက ကျွန်တော်တို့ရှေ့ရှိ မိုင်းယောင်းကွင်းဆီမှ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်။ ကျွန်တော်တို့ ၆၈ တပ်မမှူးနှင့် ရုံးအဖွဲ့ လမ်းခရီးသွားနေဆဲဖြစ်နေသည်။ ကန သတင်း တောက်လျှောက်ဝင်နေ၍ ကန စောင့်ဖမ်း စောင့်ပို့နှင့် ရှေ့ခရီး တော်တော်နှင့် မရောက်နိုင်ဖြစ်နေသည်။ ကျွန်တော်တို့ရုံးအဖွဲ့သား မောင်လှဝင်း(မြင်းခြံ) သည် စစ်ခရီးစဉ် မြင်ကွင်းများကို ဆောင်းပါးများရေးသား၍ ဗမာပြည်ကွန်မြူနစ်ပါတီအာဘော် ပြည်သူ့အသံ အသံလွှင့်ဌာနသို့ ပေးပို့ကြောင်းသိရသည်။ ကျွန်တော်တို့ရုံးအဖွဲ့ ခရီးဆက်နှင်နေစဉ် အမြောက်သံ လက်နက်ငယ်သံများ ကြာလေ နီးလေဖြစ်လာသည်။ ရှေ့ထိပ်ကတောင်ကုန်းမှာ ရန်သူကာကင်းစခန်းရှိသည်။ (ကာကင်းမှ ရန်သူထွက် လှုပ်ရှားစဉ် မိမိဘက် လက်နက်ကြီးအဖွဲ့မှ ရဲဘော်လေးတယောက် ရှေ့ကျွံသွားစဉ် ရန်သူနှင့်တိုး ဖမ်းမိ၊ ပစ်သတ်ခံလိုက်ရသည် ထင်သည်။ သူ့အလောင်းကို ရန်သူက တနေရာယူသွားပြီး ပြရန်ကြိုးစားသည့်သဘော ကျွန်တော်တို့ရဲဘော်လေး၏အလောင်း လည်ပင်းမှာ ကြိုးတန်းလန်းချည် ဒရွတ်ဆွဲထားသည့်ပုံ တွေ့ရသည်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်များ ရန်သူသေနတ်သံ ကြားလိုက်သည်နှင့် ကွေ့ပတ်ဝိုင်း ချေမှုန်းသည်။ ထိုရန်သူများ မလွတ်၊ နှစ်ယောက်အရှင်မိ၊ ကျန်ရန်သူများ သေလားရှင်လား မရှင်း။ ဖမ်းမိသုံ့ပန်း ကျွန်တော်မေးကြည့်တော့ ပြေးမလွတ်နိုင်ဘူး၊ ၀ိုင်းပတ်တိုက်တာခံရပြီး ကျန်တဲ့သူတို့လူတွေ ထိထားပြီး ဒဏ်ရာပြင်းတာတွေ့တယ်ဟု ဆိုသည်။ တပ်စိတ်လိုက် ထွက်လာသည့် ကင်းထောက်အဖွဲ့ဖြစ်သည်။ ကော်ပိုကြားတောင်ကုန်းစခန်းမှ ဖြစ် သည်)။ ကျွန်တော်တို့ရှေ့မှာ လှမ်းမြင်နေရသည်။ ခဏအကြာ ရန်သူကော်ပိုကြားစခန်း တောင်ကုန်းတ၀ိုက်မှ သေနတ်သံများ ရုတ်တရက်ပေါ်ထွက်လာသည်။ ရန်သူစခန်းကုန်းပေါ်တွင်လည်း အမြောက်ဆန်များ ပေါက်ကွဲနေသည်ကိုလည်း တွေ့ရသည်။ ကျွန်တော်တို့လည်း ရှေ့သို့သာတွင်တွင်ချီတက်လာခဲ့ရာ လမ်းတွင် ရဲဘော်တချို့တွေ့ရသည်။ တောင်ကုန်းပေါ်မှာရော တောင်ကုန်းအောက်မှာ တိုက်ပွဲဖြစ်နေသည်။

မိမိဘက်မှဒဏ်ရာရရဲဘော်များ နောက်ပိုင်းပြန်သယ်လာသည်ကိုလည်း တွေ့ရသည်။ ရှေ့မှာ ကျွန်တော်တို့ရုံး အဖွဲ့မှရဲဘော်များနှင့် စကားပြောနေသူ အဝေးမှလှမ်းမြင်ရသည်။ ရဲဘော်တယောက် လည်ပင်းမှာ ပတ်တီးကြီး နှင့် ဒဏ်ရာရထားသူ၊  အနားရောက်မှ သေချာသိရသည်က ရခိုင်ရဲဘော် ညိုစိန်ထွန်း ဖြစ်နေသည်။ သူက အဲဒီ အချိန်က အရှေ့မြောက်ကင်းတပ်ရင်းကဖြစ်သည်။ သူကဒဏ်ရာရ၍ နောက်ပို့ရသည်။ ကျွန်တော်တို့က ရှေ့ဆက်ချီတက်နေဆဲ။ ရန်သူကော်ပိုကြားစခန်း နေ့ ၁၀ နာရီ၊ ၁၁ နာရီခန့်လောက် မိမိဘက်မှ သိမ်းပိုက်ရရှိ လိုက်ပြီဖြစ်ကြောင်း သတင်းပို့လာသည်။ စခန်းပေါ်ရှိ ရန်သူအများစု လွတ်သွားသည်ဟုဆိုသည်။

စခန်းအောက်မှာ စောစောက သုံ့ပန်းနှစ်ယောက်ဖမ်းမိထားသည်မှလွဲ၍ စခန်းပေါ်တွင် ရန်သူတလောင်းသာ ကျွန်တော်တို့မျက်မြင်တွေ့ရသည်။ ကျွန်တော်တို့ရုံးအဖွဲ့ သိမ်းပိုက်ပြီးကော်ပိုကြားစခန်းပေါ် နေရာယူလိုက် သည်။ ထိုကုန်းပေါ်မှ မိုင်းယောင်းကွင်းကိုစီးကြည့်လိုက်လျှင် ကွင်းကြီးတခုလုံး ဟိုတကွက်၊ ဒီတကွက် မီခိုးလုံး တွေထ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်သည်။ အမြောက်သံ သေနတ်သံတွေ ဆက်တိုက်ကြားနေရဆဲဖြစ်သည်။ မိမိဘက်မှ အဆက်မပြတ် ကန သတင်းတွေ ၀င်လာသည်။ ရန်သူ့အမြောက်ကုန်း သိမ်းရပြီ၊ ဗျူဟာကုန်း သိမ်း ရပြီ၊ ရဲညွန့်ကုန်းသိမ်းပြီးပြီ၊ နောက် သဘောတရားကုန်းလား မြေပြင်စခန်းလား သိမ်းထားသေးသည်။ ပါတီ ခေါင်းဆောင်သည့် ပြည်သူ့တပ်မတော်မှ တာဝန်ယူခွဲတန်းချ၍ ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းနေမှုများဖြစ် သည်။ ဗျူဟာမှူး မိပြီလား၊ ၀မ်ဟိုယန်းရွာ သိမ်းမိပြီလား၊ ဒီဘက်မှအမေး။ ရုတ်တရက် အဖြေမပေးနိုင် ဖြစ်နေ ကြသည်။

ရန်သူထောက်ပို့ကားတွေ သိမ်းရတယ်။ ချင်းသနက ၃ နောက်တန်းရုံး ၀င်သိမ်းနေဆဲ၊ သုံ့ပန်းအများအပြား ဖမ်းမိတယ်၊ ရဲညွန့်လေးတွေ မိထားတာ ၆၀ လောက်ရှိတယ် …ဟူသောသတင်းများ ပို့လာသည်။ ကျွန်တော်တို့ ကော်ပိုကြားစခန်းပေါ်ရောက်တာ နေ့ ၁၁ နာရီလောက်ဖြစ်မည်။ စခန်းက ချင်းသနက ၃ ခွဲစခန်း ဖြစ်ပုံရသည်။ ကုန်းပေါ်မှာ ရန်သူကကြက်များမွေးထား၍ ကျွန်တော်တို့ရဲဘော်များ လိုက်ဖမ်းနေသည်။ မိုင်းနင်းမိမည်စိုးသဖြင့် ခြံစည်းရိုးကျော်လိုက်မဖမ်းရန် ပြောရသည်။

ဖမ်းမိထားသည့် သုံ့ပန်းနှစ်ယောက်အား မိုင်းယောင်းကွင်းတွင် ရန်သူတပ်စွဲထားသည့် အနေအထားနှင့် စခန်း အရေအတွက် အင်အားစာရင်း၊ စခန်းတာဝန်ခံအရာရှိအမည်များ သေချာစစ်ဆေးမေးမြန်း၍ အမြန်စာရင်းပြုစု၊ မိမိတို့ရှေ့တန်းဦးစီးရုံးသို့ အချိန်မီတင်ပြရသည်။ မြေပြန့်ထဲရှိ မိုင်းယောင်းကွင်းအနှံ့ တနေကုန်တိုက်ပွဲများ ဖြစ် နေသည်။ ကောင်းကင်မှလည်း ရန်သူဗုံးကြဲလေယာဉ် ၅ စင်း၊ ၆ စင်းလောက်အထိ အုပ်လိုက်ပျံသန်း ဗုံးကြဲချ နေသည်။ ကျွန်တော်တို့ရောက်နေသည့် ကော်ပိုကြားတောင်ကုန်းပေါ် လေယာဉ်တွေလာဝဲကြည့်သေးသည်။ ဗုံးတော့မကြဲ၊ သူတို့လူတွေရှိမရှိ ရန်သူတွေမဝေခွဲနိုင် ဖြစ်နေပြီ။

လတ်တလော မိုင်းယောင်းကွင်းအတွင်း စစ်ရေးအရ ရန်သူ လုံးဝလက်ဦးမှုမဲ့သွားသည်။ သိရသလောက် ဗျူဟာမှူး ဗိုလ်ထွန်းကြည် ကံကောင်းသွားသည်။ မိမိတပ်များ ဗျူဟာရုံး ၀င်သိမ်းစဉ် ဗိုလ်ထွန်းကြည် မိုင်းယု ဘက်ရောက်နေသည်။ သို့သော် တိုက်ပွဲ ခွင်(ဂွင်)ထဲမှာဘဲ ရှိနေသည်။ ထိုဒေသရှိ မိုင်းယုမှာ မိုင်းယောင်းနှင့် လာအိုနယ်စပ်ကြားမှာ ရှိသည်။ လာအို-ဗမာနယ်စပ်ကို မဲခေါင်မြစ်ဖြင့် စည်းခြားထားသည်။ တိုက်ပွဲဂွင်ထဲမှာ ရန်သူ ခလရ ၅၊ သနက ၂၊ ချင်းသနက ၃ စသည့်တပ်ရင်း ၃ ရင်းလုံး ဗျူဟာမှူး ဗိုလ်ထွန်းကြည်လက်အောက် မှာရှိသည်။ ဗိုလ်ထွန်းကြည်လွတ်သွားသော်လည်း ဗျူဟာရုံးရှိ စစ်သုံးပစ္စည်းများ ကျွန်တော်တို့ပြည်သူ့တပ် မတော်က သိမ်းပိုက်ရမိသည်။

ချင်း ၃ နောက်တန်းရုံးတခုလုံး တိုက်ခိုက်သိမ်းပိုက်သည်။ သုံ့ပန်းများဖမ်းဆီးရာတွင် အိမ်ထောင်သည် အမျိုး သမီးများ ငိုယိုတောင်းပန်ကြ၍ ကြင်နာမိသည့်ရဲဘော်များက သုံ့ပန်းတချို့ ပြန်လွှတ်ပေးခဲ့သည်လည်း ရှိခဲ့သည် ဟု သတင်းကြားရသည်။ ညနေပိုင်းတွင် ချင်း ၃ မှ အသက်ကြီးကြီးအရာခံဗိုလ်တယောက် မိလာ၍ ကျွန်တော် တို့ထံ လာအပ်သည်လည်းရှိသည်။ ထိုသုံ့ပန်းပြောတာ တပ်ရေးဗိုလ်ကြီးနှင့်အတူ ဦးတည့်ရာပြေးလာကြတာ၊ တပ်ရေးဗိုလ် ပေါင်မှာသေနတ်မှန် လဲနေရစ်ပြီး သူကအဖမ်းခံ၍ အသက်မသေတာ တော်ပါသေးသည်ဟု ပြော သည်။ အရာခံဗိုလ်သုံ့ပန်းကြီးမှာ တဂျိန်းဂျိန်းပေါက်ကွဲနေသည့် မိုင်းယောင်းကွင်းကိုကြည့်ပြီး ရင်တမမဖြစ်နေ ရှာသည်။ သူ့ဇနီးနှင့်ကလေးများ မိုင်းယောင်းကွင်းထဲမှာရှိနေသည်တဲ့၊ မျက်နှာငယ်ငယ်နှင့် စိုးရိမ်မိတယ်ဆရာ ရယ်နဲ့ ဖြစ်နေသည်။ စစ်သားလုပ်နေပြီး ဒီလောက်လဲ မစိုးရိမ်ပါနဲ့၊ စစ်သားဟာ စစ်ပွဲကိုတော့ ရင်ဆိုင်ရစမြဲဘဲ မဟုတ်လားဟု ပြောလိုက်ရသည်။
မိုးတွေကရွာ တိုက်ပွဲတွေက မရပ်၊ ရန်သူထံမှ ၇၆ မမ တောင်ပေါ်ပစ်အမြောက်ကြီးနှစ်လက်၊ ယူဂိုစလပ်လုပ် ၁၂၀ မမ နှစ်လက်အပါအ၀င် အမြောက်ကြီးများနှင့် အမြောက်ဆန်တွေ ထောင်ချီပြီး သိမ်းပိုက်ရမိ ထားကြောင်းနှင့် ရန်သူ့စစ်သုံးထောက်ပို့မော်တော်ကားများလည်း အစီးရေ ၂၀-၃၀ ခန့်မိထားကြောင်း သတင်းပို့လာသည်။ ကျွန်တော်တို့ရုံးအဖွဲ့ခေါင်းဆောင်များ တက်ကြွနေကြသည်။ လက်နက်မချဘဲ ခုခံနေသည့် ရန်သူစခန်းရှိရင် သူ့လက်နက်နဲ့သူ သိမ်းရထားသည့်အမြောက်တွေသုံး တိုက်မည်။ အမြောက်ကြီးတွေကို ကားမောင်းတတ်သူရှိရင် ကားနဲ့ဆွဲ၊ ဒါမှမဟုတ် နွားလှည်းနှင့်ဆွဲတိုက်ရန်အထိ စဉ်းစားနေကြသည်။ အချိန်ကား အမှောင်လွှမ်းတော့မည့်ဘက် ရွေ့နေသည်။ မိုးမှောင်ည မိုးမင်းက သဲကြီးမဲကြီးရွာသွန်းလေပြီ။ သိမ်းပိုက်ရရှိ ထားပြီး မသယ်ယူနိုင်သည့် ရန်သူအမြောက်ဆန်နှင့် လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးနေကြ၍ မိုးနှင့် အပြိုင် ထိန်တောက်ဝင်းလက် ပေါက်ကွဲထွက်လျက် မိုင်းယောင်းကွင်းတခုလုံး မြည်ဟိန်းနေတော့သည်။

ကော်ပိုကြားစခန်းပေါ် ညအိပ်၍ နံနက်မိုးလင်းသည်နှင့် ကျွန်တော်တို့ရုံးအဖွဲ့ မိုင်းယောင်းကွင်း ဆင်းနေရာယူ ရေး စီစဉ်ထားသည်။ မိုးလင်းသည်နှင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာ၍ ဘယ်လိုအခြေအနေလဲ သိလိုစိတ် ပြင်းပြနေသည်။ ကျွန်တော်တို့အတွက် ပတ်ဝန်းကျင်အနေအထား စိမ်းနေသည်။ လုံးဝမထိတွေ့ဖူးသည့်ဒေသ ဖြစ်သည်။ နာမည်ကျော် ရွှေတြိဂံဒေသအချက်အချာနေရာများဟု ထင်သည်။ ရန်သူဗုံးကြဲလေယာဉ်တွေ မိုင်း ယောင်းကွင်းဘက် ၀ဲနေသည်။ မိုးကလဲမပြတ်၊ တရစပ် လော၍လော၍ ရွာသွန်းနေသည်။ မိုင်းယောင်းကွင်းနှင့် ရွာတွေအိမ်တွေ အဝေးမှလှမ်းမြင်နေရသော်လည်း ကျွန်တော်တို့ မရောက်ရှိ၊ မထိတွေ့ရသေး။ ကျွန်တော်တဦး ချင်းအနေနှင့် အတွေ့အကြုံနှင့် ဒေသအနေအထားအရ မြေပုံနှင့် မြေပြင်စခန်းများ ပေါင်းစပ်မမြင်နိုင် မမှန်းနိုင် ဖြစ်နေ၍ တိုက်ပွဲတခုလုံး ခြုံနားမလည်နိုင်ဖြစ်နေသည်။ မိမိထိုးစစ် လက်ဦးမှုရနေဆဲ၊ ရန်သူ လက်ဦးမှုမဲ့နေပြီး ဘယ်လိုမှပြန်မလုပ်နိုင်ဟု မြင်နေသည်။ ဒီအချိန် ကျွန်တော်တို့ရုံးအဖွဲ့မှ တပ်မ ၆၈ တပ်မမှူးသည် နောက်ပြန် ဆုတ်မိန့်ပေးနေသဖြင့် ကျွန်တော်တို့အံအားသင့်နေမိသည်။

သုံ့ပန်းတချို့နှင့် အမြန်ဆုတ်လိုက်ရသည်။ နောက်မှသိရသည်မှာ ရုံးအဖွဲ့တခုနှင့်တခု က-န ဆက်သွယ်မှု မကောင်း၊ အပြန်အလှန်ညှိနှိုင်းမှုမလုပ်နိုင်၊ နားလည်မှုမပြည့်စုံဖြစ်နေသည်။ တိုက်ပွဲဂွင်ကကျယ်၊ ပေါင်းစပ်ကွပ် ကဲရသည့်တပ်ကများ ဤသို့သောကြီးမားသည့် စစ်ဆင်ရေးကြီးမျိုး မိမိတို့အတွေ့အကြုံနှင့် စစ်ရေးနည်းပညာပိုင်း အားနည်းနေသည်ဟုထင်မြင်မိသည်။ ကျွန်တော်တို့အရှေ့မြောက်တပ်များနှင့် ရုံးအဖွဲ့ တွေ ပြန်ဆုတ်ပြီးကာမှသိရသည်က ၈၁၅ တပ်များ အခြေအနေကောင်းနေသည်။ တိုက်ပွဲမှာ ထုတ်မသုံးရသေး သည့် တပ်များပင်ရှိသေးသည်။ မိမိဘက်စစ်ရေးလက်ဦးမှု ရနေသည်။ ဆက်တိုက်လျှင် အောင်မြင်မှုကောင်း ကောင်းရနိုင်သေးသည့် အခြေအနေတွေ့ရှိသည်။ ရန်သူတပ်မ ၈၈ စစ်ရေးလက်ဦးမှု မဲ့နေသည်။ ကျိုင်းတုံဘက် မှစစ်ကူလမ်းကြောင်းဖြတ်တောက်ရေး ၈၁၅ မှ ပြည်သူ့တပ်မတော် တပ်ရင်း ၇ ပြောက်ကျားတပ်ဖွဲ့များ လုံးဝ တာဝန်ကျေသည်။ ရန်သူတပ်ကူမလာနိုင်အောင် လမ်းဖြတ်ထားနိုင်ကြသည်။ ထိုစဉ်က ရန်သူ တပ်မ ၈၈ ၏ တပ်မမှူးသည် နအဖ ထိပ်သီးအာဏာရှင် ဗိုလ်သန်းရွှေဖြစ်သည်။ ထို့ကြောင့် ၈၀ ခုနှစ်မိုင်းယောင်းတိုက်ပွဲသည် စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေ တပ်မမှူးလက်ထက်မှာ ၈၈၂ နည်းဗျူဟာတခုလုံး ချေမှုန်းခံရသည့် တိုက်ပွဲ ကြီးဖြစ်သည်။

အပိုင်း (၂)
မိမိတို့ နောက်တန်းပြန်ဆုတ်ကြရသည်။ ကျိုင်းခမ်းရွာပြန်ရောက်စဉ် နိုင်းဝင်းဆွေတို့အဖွဲ့တွေ့သည်။ အိပ်ရေးပျက်နေသည့်ပုံနှင့် ပင်ပန်းနေသောနိုင်ဝင်းဆွေက “ဟေ့လူ ရှေ့တန်းစွပ်တိုးလိုက်မနေနဲ့၊ သေနိုင်တယ်။ ကိုယ်တောင် ကံကောင်းလို့နော်၊ အိပ်ရေးကလည်း ပျက်လိုက်တာ မခံနိုင်ဘူး” တဲ့။ အသက်အရွယ်ရနေသည့် သူ့အတွက် ၂ ရက် ၃ ရက် အိပ်ရေးပျက်ဒဏ်ခံနိုင်ဖို့မလွယ်။ ရဲဘော်တချို့ မိုးထဲရေထဲသွားနေရ၍ ၂ ရက် ၃ ရက် ဘိနပ်မချွတ်ရသဖြင့် မခံနိုင်လောက်အောင် ခြေထောက်က အနံ့များထွက်နေသည်ကိုလည်း တွေ့ရသည်။ မိုင်းယောင်းတိုက်ပွဲစဉ်ကြီးတခုလုံး ပြန်သုံးသပ်၍ အထိနာနေသည့်ရန်သူကို ဆက်လက်တိုက်ပွဲဆင်ရန် တရက် နှစ်ရက် အနားယူပြင်ဆင်၍ မိုင်းယုဘက်ရှိ ကော်ဟိုလွယ် ရန်သူစခန်းကို ၀င်တိုက်ပြန်သည်။ ကော်ဟိုလွယ် ရန်သူ့စခန်းကို ကျွန်တော်တို့ရှေ့တန်းစစ်ဦးစီးရုံးတည်နေရာမှ အပေါ်စီးလှမ်းမြင်နေရသည်။ ထိုတိုက်ပွဲတွင် ကျွန်တော်တို့ ရှေ့တန်းရုံး၌ တပ်မ ၆၈ တပ်မမှူးရဲဘော်ထွန်းလွင်အပြင် ဗဟိုစစ်ကော်မရှင်အတွင်းရေးမှူး ရဲဘော်တင်ရီတို့ရုံးလည်း အတူရှိနေသည်။ မိမိဘက်တပ်များ သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ တိုက်ပွဲခွင်ထဲ ရောက်ကြသည်။ ဘယ်လိုအခက်အခဲလဲမသိ၊ ခေါင်းဆောင်များ အနည်းငယ်မျှ စိတ်ကသိကအောက် ဖြစ်ကြ သေးသည်။ တိုက်ပွဲစတိုက်၍ ပထမ မုန်တိုင်းစစ်ဆင်ချိန် အခြေအနေကောင်းသည်။ စခန်းတခု သိမ်းပိုက်လိုက် နိုင်သည်။

ကျန်ရှိသည့် ကော်ဟိုလွယ်ရန်သူ့အဓိကစခန်းကြီး မုန်တိုင်းထိုးသိမ်းပိုက်နေဆဲ၊ ရန်သူလေတပ်အကူ ရောက်လာသည်။ ဒီတိုက်ပွဲမှာ လက်ဦးမှုယူရေးအားနည်းချက်တခုက မိမိလက်နက်ကြီးပစ်ကူများ မုန်တိုင်းဆင် တိုက်ခိုက်မှုများက ရန်သူ ကန ဆက်သွယ်ရေးကို ရပ်သွားအောင် မဖြတ်တောက်နိုင်ခြင်းဖြစ်သည်။ ဒါကြောင့် ရန်သူက သူ့ဘက်ကိုယ့်ဘက် စစ်နေရာများခွဲခြား၍ လေတပ်အထောက်အကူ တိတိကျကျအချက်ပေး နေရာ ပြောနိုင်သည်။ မြေပြင်စစ်ကူပေးရေးလည်း အခြေအနေ အချိန်နှင့်တပြေးညီ အဆက်မပြတ်အော်နေနိုင်သည် ကို ကျွန်တော်တို့သိနေရသည်။ မိမိဘက်မှသိမ်းယူရရှိထားသည့် စခန်းကုန်းကို ရန်သူလေယာဉ်တွေ အကြီး အကျယ် ဗုံးကြဲချသည်။ တောင်ကုန်းတခုလုံး မီးခိုးလုံးကြီးများ ဖုံးလွှမ်းနေသည်ကို ကျွန်တော်တို့ လှမ်းတွေ့နေရ သည်။ မိမိဘက်ရဲဘော်တွေ ရှောင်တိမ်းချိန်မရ၍ အထိအခိုက်တွေရှိကြောင်း သိနေရသည်။ နောက် မြေပြင်မှ ခလရ ၅ တပ်ကူလည်း အချိန်မီ စစ်ကူပေးနိုင်မည့် အခြေအနေဖြစ်နေသည်။ ကော်ဟိုလွယ် ပင်မကုန်းမကြီး သိမ်းပိုက်ရှင်းလင်းရန် အမြန်အဆုံးသတ်စစ် ဆင်မရဖြစ်နေသည်။
ရန်သူသေကြေဒဏ်ရာများနေကြောင်း တဲတဲလေးကျန်နေသည်ကို ကျွန်တော်တို့ သေချာသိနေသည်။ မိမိတပ် မှ အမြန်သိမ်းပိုက်ရှင်းလင်းရေး မုန်တိုင်းစစ်ဆင်နေသလို ရန်သူကလည်း အချိန်ဆွဲတောင့်ခံရေး အချိန်လု တိုက်နေကြဆဲမှာ ရန်သူလေယာဉ်အုပ် နောက်တချီရောက်လာပြန်သည်။ သိမ်းပိုက်ပြီးကုန်းနှင့် မိမိတပ်ဘက် ဗုံးကြဲချပြန်သည်။ ကတုတ်ကျင်းပေါ်အထိ ဗုံးထိမှန်၍ မိမိတပ်လှုပ်ရှားမှု ထိန်းချုပ်ခံရသည့် အခြေအနေ ဖြစ်နေသည်။ ထိုစဉ် မြေပြင်တပ်ကူ ခလရ ၅ စစ်ကူရောက်လာသည်။ ကော်ဟိုလွယ်စခန်း အချိန်မီ မသိမ်းပိုက် နိုင်ဖြစ်နေကြသည်နှင့် ပင်ပန်းနေသောမိမိတပ်များ နောက်ပြန်ဆုတ်မိန့် ပေးရတော့သည်။

ဤမိုင်းယောင်းတိုက်ပွဲ ခေါ် တပ်မ ၈၈ လက်အောက်ခံ နဗဟ ၈၈၂ ရုံးကို တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင် ရေးကြီးပြီးဆုံး၍ တိုက်ပွဲဝင်တပ်ဖွဲ့အသီးသီး ၈၁၅ ဒေသ နောက်တန်းမှာစုစည်း၍ တိုက်ပွဲနိဂုံးချုပ်လုပ်ရေး ပြင်ဆင်နေဆဲကာလမှာ မဆလ ဥက္ကဋ္ဌ ဦးနေ၀င်းသည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သော ရေဒီယို မိန့်ခွန်းပြောရာတွင် “အဖွဲ့ကြီးတခုက ၀င်လာချင်သူတွေ စိတ်ချလက်ချဝင်လာပါ၊ ကြိုဆိုလျက်ရှိပါတယ်” ဟု ထည့်ပြောသွားသဖြင့် ထူးဆန်းနေသည်ဟုသာ စိတ်ထဲကထင်လိုက်မိသည်။ ဘယ်ကိုရည်ရွယ်မှန်း မခန့်မှန်း တတ်။ နောက်ရက်ပိုင်းအတွင်း မြန်မာ့အသံရေဒီယိုသတင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အနောက်မြောက် ပိုင်းဒေသမှ ပါတီဗဟိုကော်မတီ ဗိုလ်သက်ထွန်းနှင့်အဖွဲ့ လက်နက်ချဝင်လာကြောင်းကြေညာသည်။ ကျွန်တော် တို့ ရုတ်တရက်အံ့အားသင့်သွားသည်။

ပါတီတွင်းရှိ မြို့မှလာသည့်ရဲဘော်များနှင့် ရဲဘော်ဟောင်းတချို့အတွင်းသာ တစုံတရာပြောကြဆိုကြရှိသည်။ နယ်စပ်တကြောရှိ ဒေသခံရဲဘော်များအနေဖြင့် မည်သည့်ရိုက်ခတ်မှုမှမဖြစ်ပါ။ နောက် ပါလီမန်ဒီမိုကရေစီအဖွဲ့ မှ ၀န်ကြီးချုပ်ဟောင်း ဦးနုတို့လည်း လက်နက်ချခဲ့သည့်ကာလဟုထင်သည်။ တိုက်ပွဲနိဂုံးချုပ်လုပ်သည့်အခါ တပ်ဖွဲ့အသီးသီး၏တင်ပြချက်များ စုစည်းလိုက်မှ မိုင်းယောင်းတိုက်ပွဲ အောင်မြင်မှုကြီးကြောင်း ပို၍ပြည့်ပြည့်စုံစုံ သိရသည်။ ရန်သူသေ ၂၀၀ နီးပါးနှင့် ဒဏ်ရာအမျာအပြားရသည်။ စစ်သုံ့ပန်းမှာ ရဲညွန့်များအပါအ၀င် ၈၀ ကျော် ၉၀ လောက်ထင်သည်။ ရဲညွန့်က ၆၀ လောက်ဖြစ်နေ၍ ကျန်သုံ့ပန်း ၂၀၊ ၂၅ ခန့်ဘဲဖြစ်မည်။ သေချာမမှတ်မိ၊ စစ်သုံးပစ္စည်းသိမ်းပိုက်ရရှိမှု အသေးစိတ်မတင်ပြနိုင်သော်လည်း အကြမ်းပြင်းသိရသလောက် ၇၆ မမ ၂ လက်၊ ၁၂၀ မမ ၂ လက်အပါအ၀င် ကျည်များ ထောင်ချီသိမ်းပိုက်နိုင်၊ အချို့ထမ်းသယ်ယူ၊ မသယ်နိုင်သည်ကို ဖျက်ဆီးနိုင်သည်။ (၁၂၀ မမများ ထမ်းလာသည်ကို မျက်မြင်တွေ့ရသည်) ပစ္စတိုထည့်သည့်သေတ္တာ ပက်ကင် လိုက်သိမ်းရသည်ဟုသိရသည်။

လက်နက်ငယ်ကျည် သိန်းသန်းချီ သိမ်းရ၊ ဖမ်းမိသုံ့ပန်းနှင့် ရဲညွန့်များပါ သိမ်းရပစ္စည်းများ ထမ်းကူခိုင်းရသည်။ မသယ်ယူနိုင်သည့် ကျည်ဆန် ခဲယမ်းနှင့် စစ်သုံးမော်တော်ယဉ်များ မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။ တိုက်ပွဲအရှိန် ကြောင့် ရန်သူစခန်းတချို့ မတိုက်ရဘဲ ဆုတ်ပြေးသည်များရှိသည်။

ဤသည်ကား ၁၉၈၀ ခုနှစ် မိုင်းယောင်းတိုက်ပွဲ ဖြစ်စဉ်ကို တတ်နိုင်သလောက် ပြည့်စုံအောင်ဖော်ပြလိုက်ခြင်း ဖြစ်သည်။

မောင်စိန်သော်
(၃၀. ၅. ၂၀၀၈)

0