ကိုသန်းလွင် ● တောင်တက်ခြင်း

ကိုသန်းလွင် ● တောင်တက်ခြင်း
(မိုးမခ) မတ်လ ၈၊ ၂ဝ၁၈

(၁)
၂ဝ၁၄ ခု ဖေဖော်ဝါရီလအတွင်းက ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင် အထင်ကရတောင်များတွင်ပါဝင်သည့် နတ်မတောင် (သို့) ဝိတိုရီးယားတောင်ထိပ်သို့တက်ရောက်ခဲ့ကြပါသည်။ ၄င်းသည် ချင်းပြည်နယ်တွင်ရှိ၍ မြန်မာနိုင်ငံအနောက်ဖက်ပိုင်းတွင်အမြင့်ဆုံးဖြစ်ပါသည်။ ကျွန်တော်တို့သည် တောင်ပေါ်မတက်မီ ကန်ပက်လက်မှာ တညအိပ်ရသည်။ ကန်ပက်လက်သည် ပင်လယ်ရေမျက်နှာပြင်မှ ၁၃၇ဝ မီတာအမြင့်တွင် ရှိသည်။ ဖေဖော်ဝါရီ လချမ်းတုန်းရှိသေးသည်။ ကန်ပက်လက် တည်းခိုရာ နေရာမှ မင်းတပ်လမ်းအတိုင်း နာရီဝက်ခန့်မောင်းလျှင် တောင်ခြေသို့ရောက်သည်။

တောင်ခြေမှ ဆပ် (Surf) ကားနှင့်မောင်း၍ တက်ရခြင်းဖြစ်ပါသည်။ တောင်ထိပ်ဆို၍ ခက်ခက်ခဲခဲမဟုတ်ပါ။ တိမ်တွေရှိသော နေရာအထိမောင်းရသည်။ ကားပေါ်မှာ ပါသော Altitude meter ကကား တစ်မီတာ တက်သွားတိုင်း တခုတိုးသွားသည်မှာ မီတာ ၃၁ဝဝ အထိတိုးသွားသည်ကို မြင်နေရပါသည်။ ယခုတော့ဒေသခံတွေက ကားတွေကို တောင်ထိပ်အထိအတက် မခံ ဘူး သိရသည်။ သူတို့ဆိုင်ကယ်တွေနှင့် ကယ်ရီသမားတွေက ပို့မည်ပေါ့၊ တခါက ဖေ့ဘွတ်မှာတွေ့ လိုက်ရသည်။ တောင်ထိပ် ကိုခရီးသွားတွေများလာခြင်း၏ ပြယုဂ်ဖြစ်ပါသည်။

တောင်ထိပ်မှာဘာမှမရှိ။ တနေရာတွင် အထိမ်းအမှတ် စေတီတည်ထားသည်ကို တွေ့ရသည်။ စေတီရှေ့က တည်းခိုဇရပ်မှာ လည်း ဘာပစ္စည်းမှမရှိပါ။ လေတွေတသုန်သုန်တိုက်ပြီး ချမ်းအေးနေရတာကို တွေ့ရသည်။ အနောက်ဖက်ကို မျှော်ကြည့်လျှင် တောင်ထိပ်တွေ အစီအရီ  သွယ်တန်းနေပြီး ထိုနေရာတွင် အိန္ဒိယပြည်၏ ဘော်ဒါရှိလောက်သည်ဟု ခန့်မှန်းရသည်။  ဝိတိုရိ ယတောင်၏ အထိမ်းအမှတ်စာတမ်းကို ဖတ်ခဲ့ရသည်။ တောင်ဇလပ်ပန်း နီနီတွေ ပွင့်နေကြသည်။

(၂)
အက်ဆီဒင့် (Accident) တွေဖြစ်၍လည်းကောင်း၊ လူအများသေကြေကြ၍လည်းကောင်း၊ လွန်ခဲ့သော သြဂုတ်လက ပြင် သစ်နိုင်ငံ မောင်ဘလင့် (Mount Blanc) တောင်ပေါ်ကို တက်သူတိုင်းသည် ကိုယ့်ကိုယ်ကို ကာကွယ်သည့် (Harness) ဂီယာများပါရမည်ဟု မြို့တော်ဝန်က အမိန့်ထုတ်သည်။ မောင်ဘလင့်သည် ဥရောပအနောက်ပိုင်း၌ အမြင့်ဆုံးနှင့် အန္တရာယ် အများဆုံး တောင်တလုံးဖြစ်ပါသည်။ အကာအကွယ်ပစ္စည်းဆိုရာ၌ ကြိုးခွေ၊ ဦးထုပ် မီးလုံး စသည်တို့ကိုခေါ်ပါသည်။ ထိုပစ္စည်းများမပါပါက ဒဏ်ငွေဆောင်ရပါမည်။

အမိန့်မှာ အာဏာပိုင်တို့အဖို့ လုပ်ရိုးလုပ်စဉ်ဖြစ်ပါသည်။ မောင်ဘလင့်သည် တောင်တက်သူများအကြား Killer တောင် တန်းဖြစ်၍ ၁၅,၇၇၄ ပေမြင့်ပါသည်။ ကာလမကြာမီကဖြစ်ခဲ့သော အက်စီဒင့်များကိုကြည့်၍ အသေအပျောက် များကိုကြည့်၍ ဤတောင်မှာ အန္တရာယ်ထူပြောသော တောင်ဟုဆုံးဖြတ်ရပါမည်။ မက်စောက်သော လမ်းတလျှောက်မှာလည်း သဘာဝ ဘေး အန္တရာယ်တွေထူပြောလှသည်။ ကျောက်တုံးကျောက်ခဲတွေ ပြိုကျနိုင်သည်။ ဆိုးရွားသောရာသီဥတုကြောင့် ရေခဲတွေ ပြိုတာတွေဖြစ်နိုင်သည်။

သို့ပါသော်လည်း မြို့တော်ဝန်၏ ထုတ်ပြန်ကျေညာချက်မှာ အမြင်မှာထူးဆန်းနေသည်။ ထိုကဲ့သို့သော အမိန့်မျိုးကို ဘယ်မှာ မှ မကြားရဘူး၊ တောင်တက်ရသည်ဆိုကတည်းက အန္တရာယ်က ပါပြီးသားဖြစ်သည်။ တောင်ဆိုသည်နှင့် လမ်းဆိုးမည်၊ အတက်အဆင်းခက်ခဲမည်၊ အောင်နိုင်ရေးအတွက်ကြိုးစားရမည်၊ မြို့တော်ကြီးအတွင်းရှိ ရှုပ်ထွေးသောလမ်းမကြီးများ၊ ကော်ဖီဆိုင် တွေတန်းစီနေသော လမ်းမကြီးတွေလိုတော့ မဟုတ်နိုင်ပါ။

မြို့တော်ဝန်၏ကြေညာချက်မှာ အများပြည်သူ လုံခြုံစွာ သွားလာနိုင်ရေးကိုရည်ရွယ်သည်မှန်၏၊ သူ့ကြေညာချက်ကြောင့် ဖီလိုဆိုဖီဆိုင်ရာမေးခွန်းတွေ ပေါ်လာကြသည်။ ကျွန်တော်တို့သည် မည်သည့်နေရာ မည်သည့် အချိန် တွင်အသက်အန္တရာယ်ကိုထိခိုက်နိုင်သည် စွန့်စားခြင်း (risk) ပြုလုပ်နိုင်ပါသနည်း၊ တောင်တန်းများသည် ကြမ်းတမ်းသော အသက်အန္တရာယ်ကို ပြုနိုင်သော နေရာများပေလော။
ယနေ့အမေရိကန်ကိုကြည့်လျင် တောင်တက်သည်ဆိုခြင်းမှာ မြို့လယ်ခေါင်ရှိ ဘတ်စကက်ဘောကွင်းကို သွား သလိုမျိုးဖြစ် နေပါပြီ၊ ခရီးသွားသည့်အခေါက်များသည် ဆတိုး (Exponential) နည်းဖြင့် တိုးပွားလျက်ရှိသည်။ အမေရိကားရှိ ရေးနား ( Mount Rainier) တောင်ပေါ်သို့ တက်သူ ၁၈၅၂ တွင် တောင်တက်သမား ၄ ဦးသာရှိခဲ့သည်။  ၁၉၆ဝ ခု ရောက်သောအခါ ၇၁၂ ရှိလာပြီး ၂ဝ၁၆ ခုနှစ်တွင် ၁၁,ဝဝဝ ရှိလာခဲ့ပါသည်။

အမေရိကားမှ အာဏာပိုင်များကလည်း ပြင်သစ်ပြည်မှာ အမိန့်ထုတ်သလိုမျိုး ဆင်တူအမိန့်မျိုးကို မကြာမီ ထုတ်လာနိုင် ကြပါသည်။ သစ်တောရေးဌာနမှ တာဝန်ရှိသည်ဆိုလျင် တောင်တက်ရင်း သေဆုံးကြရမှုများအတွက် သူတို့ကအကာ အကွယ်ပေးရပါမည်၊ သို့သော်လည်း စဉ်းစားကြရမည်မှာ ထိုတောင်တန်းများကပင် ထိခိုက်မှုများ သေဆုံးမှုများကို ဖန်တီး ပေးကြပါသလား။

ကိုလိုရာဒိုပြည်နယ်၌ ရဲအရာရှိများ၊ မြို့တော်ဝန်များ ဆီနေတာများက တောင်တက်ရင်း သေဆုံးရမှုများမှာ ယခင်နှင့်မတူ အောင် များပြားလာသဖြင့် ခရီးလမ်းညွှန် ဆိုင်းဘုတ်များ၊ သတိပေးသောစာများကို နေရာတိုင်း၌ ပိုမိုများပြားလာစေချင်ကြပါ သည်။ အထူးအဆန်းကို ကြုံဖူးလိုသူများက ထိုကဲ့သို့ လမ်းညွှန်ဆိုင်းဘုတ်များကို အလိုမရှိကြပါ၊ သို့ပါသော်လည်း သစ်တော ဌာနကမူ သူတို့ကိုအပြစ်မတင်ခံရရေးအတွက် လုပ်ကိုင်သင့်သည် များကို လုပ်ကိုင်ကြရပါသည်။

တောင်တက်ခြင်းဓလေ့သည် ၁၉ ရာစုနှစ် အလယ်ပိုင်းမှ စတင်ခဲ့ပါသည်။ ယခင်ကမူ တောင်တက်ခြင်းကို ဘုရားသခင်က ခွင့်မပြုသောအန္တရာယ်မကင်းသည့် ကိစ္စတစ်ခုသဘွယ် သဘောထားခဲ့ကြပါသည် ၁၈၅ဝ ခု လွန်သောအခါ တောင်တက်ခြင်း သည် မိမိကိုယ်ကို ရှာဖွေသော အလုပ်အဖြစ်၊ မိမိကိုယ်ကို အောင်နိုင်ခြင်း မိမိအတွင်းစိတ်ကိုအနိုင်ယူခြင်းအဖြစ် သဘော ထားလာကြပါသည်။ Alps တောင်တန်းကြီးများပေါ်သို့ မြို့နေလူထုနှင့် တောင်တက်သမားတို့ တက်နိုင်လာသောအခါ သေမင်းကိုအံတုခြင်းအဖြစ် ၎င်းလူတို့၏ လုပ်နိုင်စွမ်းအား (Limit) ကိုတိုးမြှင့်ခြင်းအဖြစ်၎င်း သဘောထားကြပါသည်။ တောတောင်သဘာဝတို့၏ မြင်ကွင်းကို တန်ဘိုးထားနိုင်လာပါသည်။ ၎င်း၏တန်ဘိုးသည် စွန့်စားရခြင်း၏ အကျိုးသဘွယ်ဖြစ် တော့သည်။ ဟီးရိုးသည် ဆန့်ကျင်ဘက်ရန်သူလိုပါသည် အလွန်ဆိုးရွားသော အခြေအနေများ ဖန်တီးပေးရန်လိုပါသည်။ တောတောင် များက ထိုလိုအပ်ချက်ကိုဖြည့်ဆီးပေးပါသည်။

၂ဝ ရာစုအလယ်ပိုင်းသို့ ရောက်သောအခါ ပေ ၃ဝ,ဝဝဝ နီးပါးမြင့်သည့် ဧဝရက်တောင် ကိုတက်ကြသည်။ ယခု အချိန်အထိ သေဆုံး၍ဘော်ဒီရှာမတွေ့သူများမှာ ၃ဝဝ ကျော်ရှိသည်။ ဟိမဝန္တာ စူးစမ်းရှာဖွေ သူတို့မှာ ဧရာမ စွန့်စားခမ်းကို လုပ်နိုင်ကြသူ များသဘွယ် သဘောထားကြသည်။ အသက်နှင့်ဆိုင်သောအဆုံးစွန် သောစွန့်စားမှု ကို ပြုကြသူများကို ဂုဏ်ပြုကြသည်။

တောင်တန်းကြီးများသည် သဘာဝအားဖြင့် လွန်စွာအန္တာရာယ်ကြီးပါသည်။ သို့ပါသော်လည်းလွတ်လပ်သော စကားပြောပိုင် ခွင့်သည် မလိုလားအပ်သော၊ သိမ်ဖျင်းသောစကားများကို ဖိတ်ခေါ်ရာရောက်သည်ဆိုသကဲ့သို့ တောတောင်များသည်လည်း တာဝန်မဲ့လုပ်ရပ်များလုပ်ဖို့နေရာဖြစ်နေသည်။ စွန်းစားရခြင်းတိုင်း ၌သေဆုံးရခြင်း မပါပါ။

စွန့်စားသည်ဆိုရာတွင် ရှေးယခင်ကလုပ်ခဲ့သောအလုပ်ကို စွန့်ပစ်ခြင်း၊ အတိတ်မှခွဲခွါခြင်း တို့ပါဝင်ကြရပါသည်။ နယ်မြေ အသစ် ရှာဖွေခြင်း၊ ဘဝအသစ်စခြင်းတို့သည်လည်း စွန့်စားခြင်းဖြစ်ပါသည်။ ယနေ့ကျွန်တော်တို့တောင် တက်ခြင်းမှာလည်း စွန့်စားရခြင်းအငယ်စားကလေးများဟုခေါ်နိုင်ပါသည်။ လူသည်ပို၍ကောင်းသော လူဖြစ်လာ ပါမည်။

ကျွန်တော်သည်စွန့်စားမှုပါဝင်မှ အကျိုးခံစားခွင့်ရှိမည်ဆိုသော အယူဝါဒကို လက်မခံနိုင်ပါ၊ ဤသည်မှာ စွန့်စား လိုသူတို့၏ အသုံးအနှုန်းဖြစ်သည်တော့ မှန်ပါသည်။ ကျွန်တော်တွေ့ရသည်မှာ တောင်စွန်းနံရံတွင် ကြိုးတစ်စုံ တစ်ရာမပါဘဲ တွဲလွဲချကာ နေရခြင်းကို နှစ်သက်မိပါသည်။ တောတောင်သဘာဝနှင့် ပေါင်းစပ်လိုက်သောအခါ တကိုယ်တည်းနေရခြင်း၏ အရသာကို တွေ့ရှိခံစားမိပါသည်။ ထိုအချိန်များသည်ကျွန်တော့်အကြောင်း ကျွန်တော် တွေ့ရှိနိုင်သောအချိန်များပင်ဖြစ်ပါသည်။ကျွန်တော်မှာပြာလောင်ခတ်နေပါသလား၊ ပြာလောင်မခတ်ပါ၊ အင်အား ကိုဘယ်ကရသည်မသိ ကျွန်တော်၏ မူလနေထိုင်ရာ ဘဝကိုပြန်ရောက်သောအခါ လန်းဆန်းနေပါသည်။ ဤကဲ့ သို့သော အတွေ့အကြုံသည် အခြေခံဖြစ်ပါသည်။ တောတောင် တွေက ပြုလုပ်ပေးပါသည်။ လူပေါင်းသန်းပေါင်း များစွာတို့သည် ဤတွေ့ခဲ့ရသောအတွေ့အကြုံကို တွေ့ကြုံခံစားပြီးပါပြီ။

(၃)
စာရေးဆရာ ဂရေဟမ်ဂရင်း ကသူစာရေးသည်မှာ လက်ရှိအရှုတ်အထွေးတွေကြားမှ “လွတ်မြောက်ရန်” ဟု ပြောခဲ့သည်။ တောင်တက်ခြင်းသည်လည်း လက်ရှိပါတ်ဝန်းကျင်ကို စိတ်ကခွါ၍ တနေရာသို့သွားနေခြင်း (သို့) “လွတ်မြောက်နေခြင်း” လည်းဖြစ်ပါသည်။ တစုံတစ်ခုတွင် အားသွန်ခွန်စိုက် အလုပ်လုပ်ခြင်းသည် မိမိကိုယ်ကို ပြန်လည်ဆန်းသစ်စေရန်လည်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဝိတိုရီးယားတောင်နှင့်အလားတူ တောင်တက်သမားတို့ကိုဆွဲဆောင်နိုင်သော တောင်ပေါင်းများစွာရှိပါ သည်။ သဘာဝရေမြေနှင့်တောတောင်၏သဘာဝကဆွဲဆောင်နေပါသည်။ မြန်မာနိုင်ငံသားတို့ဘတ်စ ကက်ဘောကွင်းကို သွားသလိုတချိန်တွင်တောတောင်များသို့သွားကြပါလိမ့်မည်။ ထိုအခါတွင် တောတောင်များက အဆင်သင့်ဖြစ်စေရန် တာဝန်ကို အစိုးရက ယူရပါလိမ့်မည်။

ကိုသန်းလွင်
Ref: Keep Our Mountain free, Francis Sanzaro, New York Times January 18 2018.

Comments