ဌေးဝင်း (ဂျာမဏီ) ● ငပလီအလှနဲ့ တကယ့်ဘဝ

ဌေးဝင်း (ဂျာမဏီ) ● ငပလီအလှနဲ့ တကယ့်ဘဝ
(မိုးမခ) မတ်လ ၅၊ ၂၀၁၈

မဝံ့မရဲနဲ့ လှမ်းလာတဲ့ ခြေလှမ်းလေးတွေက အများအားဖြင့် အမေရိကန်နိုင်ငံသား ဥရောပနိုင်ငံသား တိုးရစ်စ်တွေလှဲလျောင်း နေတဲ့ သလွန်ညောင်စောင်းလိုလို နေရာတွေဆီ တဖြည်းဖြည်း ချဉ်းကပ်လာနေတယ်။ တခါတရံ နောက်ပြန်ဆုတ်သွားလိုက်၊ တခါတရံ အရှေ့နည်းနည်း တိုးလာလိုက်နဲ့၊ ချီတုံချတုံတော့မဟုတ်ပါဘူး။ မဝံ့မရဲ အကဲစမ်းချင်တဲ့စိတ်လေးကြောင့် ရှေ့တိုး ရမလား၊ နောက်ဆုတ်ရမလားလို့ ဖြစ်နေကြတယ်။

ဒီခြေလှမ်းပိုင်ရှင်လေးတွေက ဈေးဗန်းလေးတွေကိုယ်စီ ခေါင်းပေါ်ရွက်ထားတဲ့ ငပလီကမ်းခြေက ဈေးသည်မလေး ၃ ယောက်ပါပဲ။ တယောက်ရဲ့ဈေးဗန်းပေါ်မှာ ခရု၊ ကနုကမာလည်ဆွဲလေးတွေ၊ လက်ကောက်လေးတွေ အရောင်စုံ အရွယ် အစားစုံ တင်ထားပါတယ်။ နောက်တယောက်ကတော့ ခရုခွံကြီးကြီး၊ ကနုကမာအခွံကြီးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ ဘီရိုပေါ် တင်အလှပြပစ္စည်းတွေ ဈေးဗန်းပေါ်မှာ ခင်းကျင်းထားပါတယ်။ နောက်တယောက်ရဲ့ ဈေးဗန်းပေါ်မှာက မြေပဲလှော်ထုပ်၊ အာလူးကြော်ထုပ်စတဲ့ စားစရာ မုန့်ပဲသားရေစာတွေကို အစီအရီ စီချထားပါတယ်။

သူတို့အရိပ်အခြေကြည့်နေရတာက တိုးရစ်စ် အမေရိကန်သူ (သို့မဟုတ်) ဥရောပသူ တယောက်ယောက်က သူတို့အထဲက တယောက်ယောက်ကို ဝယ်လိုဟန်၊ စိတ်ဝင်စားဟန် မျက်ရိပ်ပြလိုက်လေမလား စောင့်ကြည့်နေရရှာတာပါ။

သူတို့ဒီလို စောင့်ကြည့်နေရရှာတာက တိုးရစ်စ်တယောက်ယောက်က သူတို့ကို မျက်ရိပ်မျက်ခြေမပြရင် တိုးရစ်စ်တွေ ထိုင် နေတဲ့၊ အနားယူ လှဲလျောင်းနေတဲ့၊ စာဖတ်နေတဲ့၊ သီချင်းနားထောင်နေတဲ့၊ စကားလက်ဆုံကျနေတဲ့ သလွန်ညောင်စောင်းလို နေရာတွေဆီကို ကပ်လာခွင့် မရှိရှာကြဘူး။ သူတို့အလိုအလျှောက် တိုးရစ်စ်တွေအနားဆီကပ်လာလျှင် တခါတရံမှာ ဟိုတယ်ဝန်ထမ်းတချို့ရဲ့ အော်ဟစ်ငေါက်ငမ်းတာကို ခံရနိုင်တယ်။ တဖက်မှာလည်း ဒီဈေးသည်မလေးတွေမှာ သူတို့စည်း ကမ်းကို သူတို့သိကြပါတယ်။ တိုးရစ်စ်တဦးဦးက မျက်ရိပ်မျက်ခြေမပြရင်၊ စိတ်ဝင်စားဟန်မပြလျှင် သူတို့လေးတွေက အနားကို ကပ်လာလေ့မရှိကြပါဘူး။ နောက်အခြေအနေတခုက တိုးရစ်စ်တွေက ငပလီပင်လယ်ကမ်းခြေ၊ သဲပြင်ဖြူလွှလွှ ပေါ်ရှိ သလွန်ညောင်စောင်းလို ခုံတွေပေါ်က သက်တောင့်သက်သာ ကူရှင်တွေပေါ်မှာ၊ အုန်းလက်တွေနဲ့ ပြုလုပ်ထားတဲ့ ထီးအကြီးကြီးရဲ့ အရိပ်အောက်မှာ အနားယူ အပန်းဖြေနေကြလေရဲ့။ တချို့တိုးရစ်စ်တွေကသာ နေလောင်အသားအရေ၊ အညိုရောင် အသားအရေကိုလိုချင်လို့ နေပူကျဲကျဲအောက်မှာ တမင်တကာ နေလှန်းတာမျိုးလည်း ရှိတတ်တယ်။ ဒီဈေး သည်မလေးတွေခမျာမှာတော့ ခေါင်းပေါ်မှာ ခြစ်ခြစ်တောက် ကျဲကျဲတောက်ပူနေတဲ့ နေအပူ၊ ခြေဖဝါးအောက်မှာ မီးပြင်းပြင်းထိုးထားတဲ့ မြေပဲစားလှော် ဒယ်အိုးထဲက သဲလိုပူနေတဲ့ ကမ်းခြေသဲလွှလွအပူ၊ ဒါပေမဲ့ ဒီအပူတွေထက် သူတို့ရင် ထဲက အပူက ဆယ်ဆမက ပိုနေမလားပဲ။

ဒီနေ့ညနေစာ မိသားစုစားနိုင်ဖို့အတွက် ဆန်ဝယ်နိုင်ပါ့မလား၊ သားငယ်နှင့် သမီးအကြီး ကျောင်းကပြန်လာရင် ညနေစာ ထမင်းဝိုင်းမှာ ထမင်းနဲ့ဟင်း စားပွဲပေါ်မှာ တည်ခင်းနိုင်ပါ့မလား၊ အိမ်ကလူကလည်း ကျပန်းအလုပ်သမားတယောက်မို့ ဒီနေ့ အတွက် အလုပ်တခုခု သူရှာလို့ရရဲ့လား၊ သူဒီနေ့အတွက် အလုပ်တခုခုရခဲ့ရင် ငါဒီနေ့ကမ်းခြေမှာ ဒီပစ္စည်းလေးတွေ မရောင်းရခဲ့လျှင်လည်း သူရဲ့ နေ့တွက်လုပ်ခလေးနဲ့ ဒီနေ့ညနေနဲ့ မနက်ဖန် မနက်စာလောက်တော့ လောက်နိုင်ကောင်းပါရဲ့၊ ငါသာပစ္စည်းလေးတွေ ရောင်းနိုင်ခဲ့ရင်တော့ ဒီငွေလေးကို မိသားစုအတွက် နေ့ဖို့ညစာလေး ဖယ်ထားနိုင်ကောင်းရဲ့၊ သားနဲ့ သမီးရဲ့ ကျောင်းဝတ်စုံလေးတွေကလည်း ဟောင်းနွမ်းနေလှပြီ။ ဒီရင်ထဲက အပူတွေကြောင့် ခေါင်းပေါ်က ခြစ်ခြစ်တောက်နေ အပူ ခြေအောက်က သဲအပူလောက်တော့ ဘယ်မူပါ့မလဲ။

ဒီမြင်ကွင်းတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နေရ၊ ထိုင်ကြည့်နေရတာက ကျွန်တော်ကိုယ်တိုင်ပဲ။ ကျွန်တော်ကိုယ်တိုင် တိုးရစ်စ်တယောက်အနေနဲ့ ငပလီကမ်းခြေကိုရောက်လာခဲ့ပီး ဒီဟိုတယ်မှာ တည်းခိုခဲ့တယ်။ ဒီကမ်းခြေ သဲပြင်ဖြူလွှလွှ ပေါ်က သလွန်ညောင်စောင်းလိုခုံပေါ်မှာ ကူရှင်ကိုခင်း၊ ကူရှင်က အများသူငါအသုံးပြုတာဆိုတော့ မသန့်ရှင်းမှာ စိုးရိမ်လို့ ကူရှင်ပေါ်မှာ ဟိုတယ်ကဝန်ဆောင်မှုပေးတဲ့ ကမ်းခြေသုံး မျက်နှာသုတ်ပုဝါကြီးကိုထပ်ခင်းကာ သလွန်ညောင်စောင်းပေါ်မှာ သက်တောင့်သက်သာ မှီထိုင်ပီးတော့ စာဖတ်၊ သီချင်းနားထောင်နေရင်းနဲ့ ဒီမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့ နေရ တယ်။ ရင်ထဲမှာ စစ်ကနဲ စစ်ကနဲ နာကျင်သွားတယ်။ ဝမ်းနည်းစရာ ဒီမြင်ကွင်းကို မကြည့်ရက်နိုင်အောင် မြင်တွေ့ရလို့ ရင်ထဲမှာဆို့တက်လာတယ်။ သီချင်းဆက်ပီး နားမထောင်နိုင်တော့ဘူး။ ကျွန်တော်တို့ပြည်သူ ဗမာဈေးသည်မလေးများရဲ့ ဘဝတွေက နိမ့်ကျလှပါလားလို့တော့ နှိမ်ချပီးမတွေးချင်ပါဘူး။ သူတို့ သမ္မာအာဇီဝ ကောင်းရောင်းကောင်းဝယ် ဈေးရောင်း ကြတာဘဲ။ သူများပစ္စည်းကိုခိုးယူတာလဲ မဟုတ်ဘူး။ သူများမျက်ရည်ပေါက်ကြီးငယ်ကျစေပီး ကိုယ်တဝမ်းဝစေဘို့ ဈေး ရောင်းကြတာလဲ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဈေးသည်မလေးများရဲ့ဘဝနဲ့ ဒီတိုးရစ်စ်အမျိုးသမီးတွေရဲ့ ဘဝတွေက ကွာခြားလှ ပါလား။

အတွေးတွေကဝင်လာတယ်။ ဘဝတွေက မတူညီကြပါလား။ ဘဝပေးအခြေအနေတွေက မျှတမှု မရှိပါလား။ ဘာကြောင့်လဲ။ မေးခွန်းတွေတသီကြီး အတွေးထဲဝင်လာတယ်။ မွေးဖွါးရာ နေရာဒေသ ကွာခြားမှုလောက်နဲ့ ဒီဘဝပေးအခြေအနေတွေ ကွာခြားသွားရတာလား။ ဒီဥရောပက တိုးရစ်စ်တွေ၊ အမေရိကန်က တိုးရစ်စ်တွေ ဥရောပမှာမွေးလို့၊ အမေရိကန်မှာမွေးလို့ ဥရောပသူ ဥရောပသား၊ အမေရိကန်သူ အမေရိကန်သားတွေဖြစ်ပီး ခုလို ဗမာပြည်မှာ ရက်သတ္တ တပတ်ဖြစ်စေ၊ ၂ပတ်ဖြစ်စေ အပမ်းဖြေခရီး ထွက်လာနိုင်တာလား။ ဗမာပြည် ငပလီ ကမ်းခြေက ဒီဈေးသည်မလေးတွေကတော့ ဒီ ငပလီ၊ လငိးသာ၊ လုံးသာ၊ မဇင်၊ မြပြင်၊ ဂျိတ်တောမှာမွေးလို့ ခုလို ငပလီကမ်းခြေမှာ ဈေးဗန်းလေးတွေ ခေါင်းပေါ်ရွက်ပီး ဒီဥရော ပက၊ အမေရိကန်က တိုးရစ်စ်တွေရဲ့ မျက်ရိပ်မျက်ခြေကိုကြည့်ပီး ဒီလို ဈေးရောင်းနေရတာလား။

တကယ်တော့ ဒီဥရောပတို့၊ အမေရိကန်တို့က တိုးရစ်စ်တွေထဲမှာလဲ တချို့သူတွေဆို တနှစ်ပတ်လုံးအလုပ်လုပ်ပီး ဒီအလုပ် ကရတဲ့ ချွေးနဲစာလေးကိုစု၊ ဒီစုထားတဲ့ငွေနဲ့ တနှစ်မှာ ဒီလို တပတ်တန်သည်၊ ၂ ပတ်တန်သည် အပမ်းဖြေခရီး ထွက်လာ နိုင်တာပါ။ ဒါပေမဲ့ သူတို့မှာ ဗမာပြည်ကို ခရီးထွက်လာခြင်းအားဖြင့် အကျိုးအမြတ် ၂ ဆင့် ရရှိနိုင်ကြတယ်။ ပထမ အဆင့်က ဥရောပယူရို၊ အမေရိကန်ဒေါ်လာတို့က ငွေကြေးတန်ဘိုးမြင့်တော့ ဗမာကျပ်ငွေနဲ့ လဲလှယ်ရင် သူတို့ ဗမာပြည်မှာ သောင်းချီ၊ သိန်းချီပီး သုံးနိုင်ကြတယ်။ ဒုတိယအဆင့်က ဗမာပြည်မှာ စားသောက်ကုန်ပစ္စည်းတွေက ဥရောပ၊ အမေရိကန်မှာ ထက်စာ ရင် ဈေးသက်သာတော့ သုတို့ ဒီအကျိုးအမြတ် ၂ ဆင့်ကို ကောင်းကောင်းအသုံးချနိုင်ကြတယ်။

တချို့သော ဥရောပ၊ အမေရိကန်တို့က တိုးရစ်စ်တွေဆိုရင် သူတို့နိုင်ငံတွေရဲ့ ကျေးလက်တောရွာနေ ပြည်သူတွေဘဲ။ ဒါပေ မဲ့ ဒီဖွံ့ ဖြိုးပီးနိုင်ငံတွေရဲ့ ကျေးလက်တောရွာနဲ့ ကျွန်တော်တို့ အမိနိုင်ငံ ဗမာပြည်ရဲ့ ကျေးလက်တောရွာတွေက ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ကျေးလက်တောရွာနေ ဥရောပ၊ အမေရိကန်ပြည်သူတွေနဲ့ ဗမာပြည်သူတွေရဲ့ လူနေမှု အဆင့် အတန်း၊ တဦးချင်းဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူမှုဘဝတွေက ကွာခြားလှပါလား။ ဗုဒ္ဓဘာသာဝင်တယောက် ရဲ့ ယုံကြည်ချက်အရဆိုရင် လူချင်းတူပေမဲ့လဲ ရှေးဘဝကုသိုလ်ကံအကျိုးပေးက မတူညီကြလို့လား။ ဒီမေးခွန်းတွေကို ကျွန် တော် မဖြေနိုင်ပါ။ ဒီမေးခွန်းတွေအတွက် ကျွန်တော့်မှာ ထွက်ပေါက်မရှိပါ။ ကျွန်တော်တို့ ဗမာပြည်သူ ဈေးသည်မလေး တွေကို ကျွန်တော် ဘယ်လိုကူညီနိုင်မလဲ။ တဦးချင်းစီကို ကျွန်တော် မကူညီနိုင်ပါ။

ကျွန်တော့်မျက်စေ့ထဲက မထွက်နိုင်တဲ့၊ ကျွန်တော့်အတွေးတွေထဲက ဖျောက်ပစ်လို့မရနိုင်တဲ့ နောက်မြင်ကွင်းတခုကတော့ ဟိုတယ်က လုပ်ခလစာနဲ့ အလုပ်စေခိုင်းထားတဲ့ ကျွန်တော်တို့ ဗမာပြည်သူ အမျိုးသမီး၂ယောက် အလုပ်လုပ်နေကြတဲ့ မြင်ကွင်းပါဘဲ။ တန်ဆောင်မုန်းလဆန်းပိုင်း အချိန်တုန်းက ငပလီ ကမ်းခြေမှာ လေးနာရီ ငါးနာရီခြားတကြိမ် ရေတက်ရေကျ ရှိတယ်လို့ သိရတယ်။ ပင်လယ်ရေတက်ချိန်မှာ အမှိုက်သရိုက်၊ ပလပ်စတ၊ သစ်တိုသစ်စ၊ သစ်ရွက်သစ်ခက်နဲ့ အုန်းခက် အုန်းလက်တွေက ပင်လယ်ရေနဲ့အတူပါလာပီး ပင်လယ်ရေကျချိန်မှာ သဲပြင်ဖြူလွှလွှပေါ်မှာ တင်ကျန်ရစ်ခဲ့ကြတယ်။ ဒီ အမျိုးသမီး၂ယောက်က ဟိုတယ်ဧရိယာ သဲသောင်ပြင်ပေါ်မှာ ဘယ်ဘက်တယောက်၊ ညာဘက်တယောက် ဒီ အမှိုက် သရိုက်၊ အုန်းခက် အုန်းလက်တွေကို ကောက်ယူရှင်းလင်းတဲ့ အလုပ်ကိုလုပ်ကြရတယ်။ ဟိုတယ်ဧရိယာ၊ ဟိုတယ် ဧည့် သည်တွေ အနားယူ အပမ်းဖြေတဲ့ ကမ်းခြေဧရိယာမှာ အမြဲသန့်ရှင်း ပြောင်လင်းနေအောင် သူတို့အလုပ်လုပ်ကြရတယ်။ ဒါမှ ဟိုတယ်ဧည့်သည်တွေ စိတ်ကြည်လင်လန်းဆန်းပီး သန့်ရှင်းမှုကို အမြဲခံစားနေနိုင်အောင်ပေါ့။ ကျွန်တော် သကောင့်သား အပါအဝင် ဟိုတယ် ဧည့်သည် တိုးရစ်စ်တွေက သလွန်ညောင်စောင်းလိုလို ခုံတွေပေါ်မှာ အငြိမ့်သားထိုင်ပြီး လဲလျောင်း အနားယူ အပမ်းဖြေနေချိန်မှာ ဒီအမျိုးသမီး ၂ ယောက်ကတော့ နေပူကျဲကျဲအောက်မှာ အမှိုက်ကောက်၊ အမှိုက်တွေကို ကျွတ်ကျွတ်အိတ်ကြီးကြီးထဲမှာထည့်၊ စွန့်ပစ်ရာနေရာဆီ သယ်ပိုးသွားပီး စွန့်ပစ်ကြရတယ်။ သူတို့ လုပ်ခလစာ ဘယ်လောက် ရကြမလဲ။ ကျွန်တော် စိတ်ဝင်စားစွာတွေးနေမိတယ်။ တဖက်မှာ ဖြေသာတာတခုကတော့ သူတို့မှာ ဒီ အလုပ် အကိုင်အခွင့်အလမ်းလေး တခုရှိနေတာဘဲ။ ဒီဝင်ငွေလေးက သူတို့မိသားစုကို အနည်းနဲ့အများတော့ အထောက်အကူ ပြုနိုင်ကောင်းရဲ့လို့ တွေးနေမိတယ်။

အတွေးတွေက မဆုံးနိုင်တော့ပါ။ အဖြေကလည်း မရှိ။

ဪ ….. ကျွန်တော်တို့ ပြည်သူတွေရဲ့ တကယ့်လက်တွေ့ဘဝတွေနဲ့ ငပလီရဲ့အလှက သီးခြားစီရှိနေကြတာပါလား။

ဌေးဝင်း (ဂျာမဏီ)

Comments