လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၃)

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၃)
(မိုးမခ) ဧပြီ ၂၇၊  ၂၀၁၈

● ညီညွတ်မှု (သို့မဟုတ်) ယုံကြည်မှုတည်ဆောက်ခြင်း
၁၄-၄-၂ဝ၁၈ နေ့က ဘီဘီစီရဲ့ထုတ်လွှင့်ချက်မှာ ဦးရဲထွဋ်ကပြောခဲ့တဲ့ အချက်တရပ်ရှိပါသေးတယ်။

"ဦးသိန်းစိန်ခေါင်းဆောင်ဖြစ်ချိန်က၊  တပ်ရယ်၊  သမ္မတရယ်၊  လွှတ်တော်ရယ်ကြားမှာ သိပ်ကွဲပြားမှုတွေ မရှိခဲ့ပါဘူး။  ငြိမ်း ချမ်းရေးကိစ္စပဲဖြစ်ဖြစ်၊  ဘာကိစ္စပဲလုပ်လုပ်ပေါ့၊  အခုအချိန်မှာတော့ အဲသလို ညီညွတ်မှုမျိုးမရဘူးဖြစ်နေတာပေါ့။  တကယ် လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတဖြစ်လာပြီး၊  အခုနလိုညီညွတ်ရေးပြန်ရလာရင် အဖြေရှာတဲ့နေရာမှာ ပိုလွယ် ကူလာမှာပေါ့" တဲ့။

သြော် ... ဒီလိုဆိုတော့လည်း ဦးသိန်းစိန်အစိုးရက လွမ်းလောက်စရာကြီးပေါ့။

ဦးသိန်းစိန်ခေတ်မှာ တပ်ရယ်၊  သမ္မတရယ်၊  လွှတ်တော်ရယ်ကြားမှာ ညီညွတ်ရေးရှိတယ်ဆိုတာ မှန်ပါတယ်။  မညီညွတ်စရာ လည်း အကြောင်းမရှိပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ အကျိုးစီးပွားတွေ တူနေကြလို့ပါ။

ပထမ သမ္မတကြီးဦးသိန်းစိန်ကိုကြည့်ရအောင်ပါ။  ၁၉၆၈ (မဆလခေတ်) မှာ စစ်တက္ကသိုလ်ကဆင်းခဲ့ပြီး တပ်ထဲတောက် လျှောက်နေခဲ့တာပါ။  ၁၉၈၈ မှာ တပ်မ (၅၅) ရဲ့စစ်ကိုင်းဒေသတာဝန်ခံပါ။  (ဒီနေရာမှာ ထောက်ပြချင်တာကတော့ တပြည် လုံးပေါ်ပေါက်ခဲ့တဲ့ စစ်အစိုးရဆန့်ကျင်ရေး ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ စစ်ကိုင်းမြို့ဟာစစ်တပ်ရဲ့ အရက်စက် အကြမ်းကြုတ်ဆုံး နှိမ်နှင်းခံခဲ့ရတဲ့ မြို့တမြို့ဖြစ်ခဲ့တယ်ဆိုတာပါ။ )

နဝတ-နအဖခေတအဆက်ဆက် ရာထူးတွေတက်လာလိုက်တာ ၂ဝဝ၇ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးရာထူးနဲ့  နအဖရဲ့အတွင်းရေးမှူး (၁) အဖြစ်နဲ့ရော၊  ဝန်ကြီးချုပ်အဖြစ်နဲ့ရော တာဝန်ယူလာသူပါ။  ဒီလိုဆိုတော့ ဦးရဲထွဋ်ပြောတဲ့ ၈၈ နောက်ပိုင်း တပ်မတော်က နိုင်ငံရေးတွေမှာ ထဲထဲဝင်ဝင်ပါဝင်လာရလို့၊  တပ်မတော်ပုံရိပ်ကျလာရတယ်။  ဆိုတော့ အဲဒီကိစ္စအပေါ် တာဝန်ယူရမဲ့သူများ ထဲမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း ပါတာပေါ့နော်။  အဲဒီခေတ်က ရာထူးဝါစဉ်အရဆိုရင် ဗိုလ်ချုပ်ကြီးသိန်းစိန်က နံပါတ် (၄)ပါ။

၂ဝဝ၈ ခုနှစ် ဗမာပြည်ကြီးရင်ဆိုင်ရတဲ့ သဘာဝဘေးအန္တရာယ်ကြီးဖြစ်တဲ့ နာဂစ်မုန်တိုင်းအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ နာမည်ပျက်အမျိုးမျိုးနဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့အစိုးရမှာ နိုင်ငံတကာရဲ့ဝေဖန်ရှုံ့ချမှုကို ခံခဲ့ရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုအတည်ပြုပြီးနောက်၂ဝ၁ဝ မှာ တပ်မတော်ကထွက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့brain child ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဌအဖြစ် တာဝန်ယူပြီး၊  ၂ဝ၁ဝရွေးကောက်ပွဲကိုဝင်ခဲ့ရာမှာ (မဲ ၉၂ .၂ ရာခိုင် နှုန်း) နဲ့ လွှတ်တော်ကိုယ်စလှယ်အဖြစ် အရွေးခံရပြီး၊  ၂ဝ၁၁ ခုမှာ သမ္မတအဖြစ် အရွေးခံခဲ့ရပါတယ်။  (ကိုယ့်ဖဲ-ကိုယ်ချိုး၊  ကိုယ်ဖဲ ကိုယ်ဝေ အပိုင်ချည်တုတ်ပြီး ကျင်းပပေးခဲ့တဲ့ရွေးကောက်ပွဲ)

ဒီသမိုင်းကြောင်းကိုကြည့်ရင် သမ္မတနဲ့တပ် ဘာ့ကြောင့်ညီညွတ်ရေးရတယ်ဆိုတာ မြင်နိုင်ပါတယ်။

အဲဒီကာလလွှတ်တော်ကိုလည်း ကြည့်ရအောင်ပါ။

စစ်အစိုးရအဆက်ဆက် စစ်တပ်ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းခဲ့တဲ့ မဆလ (၁၉၈၈ အရေးအခင်းကြီးမှာ သမိုင်းအမှိုက်ပုံ ထဲရောက်တယ်။ ) တစည (၁၉၉ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ စွန့်ပယ်ခြင်းကိုခံရတယ်) တို့ရဲ့အမွေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအရုံးကနေ ၂ဝ၁ဝ မှာ ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ပါတီက ၂ဝ၁ဝ ရွေးကောက် ပွဲမှာ အနိုင်ရခဲ့ပါတယ်။  ဒါ့ကြောင့် လွှတ်တော်ထဲက ကိုယ်စားလှယ် အများတကာ့အများစုကြီးဟာ (စစ်ဗိုလ်ဟောင်းများဖြစ်တဲ့) ကြံ့ဖွတ်ပါတီဝင်များပါ။  ဒီတော့ သဘာဝကျစွာပဲ၊  သမ္မတဦးသိန်းစိန်ရဲ့အစိုးရဟာလည်း ကြံ့ဖွတ်ပါတီဝင်အများစုဖြစ်ရတော့တာ ပေါ့။

ဒါ့ကြောင့် ဦးရဲထွဋ်ပြောသလို တပ်ရယ်၊  သမ္မတရယ်၊  လွှတ်တော်ရယ် ညီညွှတ်ရေးရတာပါ။

(စကားချပ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီချုပ်ကပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊  ဒေါ်စုအပါအဝင် ဒီချုပ်အမတ် (၄ဝ) ကျော် လွှတ် တော်ထဲရောက်ခဲ့ပါတယ်။ )

ပြီးတော့၊ ဦးသိန်းစိန်အစိုးရကလုပ်ဆောင်သွားတဲ့ဖြစ်ရပ်များကိုလည်းကြည့်ပါ။ ဘယ်သူတွေအကျိုးစီးပွားးအတွက်ရေကုန်ရေခမ်းလုပ်ပေးသွားတယ်--ဆိုတာမြင်နိုင်ပါတယ်။ (ပြည်သူပိုင်အဆောက်အအုံတွေ၊ မြေနေရာတွေကိုပေါ-ချောင်-ကောင်းလက်သိပ်ထိုး-မျှဝေပေးခဲ့မှု။ ဥပမာ-ကန်တော်ကြီးဟော်တယ်ကို၂ဝ၁၇-အောက်တိုဘာလမှာမီးအကြီးအကျယ်လောင်မှပဲ-ထူးကုမွဏီကဦးတေဇပိုင်ကြောင်းပြည်သူတွေသိရတဲ့ကိစ္စမျိုး)။ စတာများ။

နောင်တက်လာမဲ့အစိုးရအတွက် (စေတနာအပြည့်နဲ့) ချိန်ကိုက်ဗုံးတွေ (အမျိုး၊  ဘာသာ၊  သာသနာဆိုင်ရာ) နေရာအနှံ့ မြှုပ် နှံသွားပါတယ်။  (ဝန်ကြီးဌာနအသီးသီးမှာ အတွင်းဝန်ရာထူးတွေဖန်တီးပြီး သူတို့သြဇာခံတွေသွင်းသွားတာမျိုး၊  မကွေးတိုင်း ဝန်ကြီးချုပ်က အစိုးရငွေတွေ အပ်မသွားမှု စတာများ)

ဒါတွေဟာ ဦးသိန်းစိန်အစိုးရအနေနဲ့ စစ်တပ်နဲ့ရော၊  လွှတ်တော်နဲ့ပါ ညီညွှတ်ရေးရအောင် ယုံကြည်မှုတည်ဆောက်တဲ့ ဖြစ် စဉ်ပါ။

ဦးသိန်းစိန်အစိုးရအနေနဲ့ မလုပ်ဆောင်သွားနိုင်တာကတော့ ပြည်သူလူထုကြီးနဲ့ ယုံကြည်မှုတည်ဆောက်မသွားနိုင်တာပါပဲ။  ဒါလည်း မထူးဆန်းပါဘူး။  ဦးသိန်းစိန်အစိုးရအနေနဲ့ နောက်ဆုံးကာလ လုပ်ဆောင်ချက်များကိုကြည့်ပါ။  သူတို့ ပင်စင်စား    ဗိုလ်ချုပ်ကြီးများအတွက် သတ်မှတ်ပေးတဲ့ခံစားခွင့်များကိုပဲကြည့်ပါ။  ပြည်သူ့ဘဏ္ဍာငွေတွေကို မိုက်ကြေးခွဲသလို ခွဲဝေယူ သွားကြပြီး ဗမာပြည်သူတွေ ကုန်းကောက်စရာမရှိတော့အောင် ချွတ်ခြုံကျကျန်ခဲ့အောင် မထောက်မညှာ ရက်ရက်စက်စက် လုပ်သွားပုံများ ယုံနိုင်စရာတောင်မရှိပါဘူး။

ဒီလိုမျိုးအစိုးရကို ပြည်သူတွေက လွမ်းရမလား။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုလည်း စေတနာနဲ့ အကြံပေးပါရစေ။

ပြည်သူတွေရဲ့အသဲကြားက မဲတပြားနဲ့ သမ္မတကြီးဖြစ်ချင်တယ်ဆိုရင်တော့ တပ်မတော်ဟာ ရယူလိုမှု အနည်းဆုံးနဲ့ ပေး ဆပ်နိုင်မှု အမြင့်မားဆုံးအဖွဲ့အစည်းတရပ်ဖြစ်တယ်ဆိုတဲ့ ပြည်သူတွေလုံးဝလက်မခံတဲ့ ဗြောင်လိမ်တဲ့အပြောမျိုးကို လုံးဝ  စွန့်လွှတ်ပါ။  အဲသလိုပြောထွက်နိုင်တဲ့ တို့သာတိုင်းပြည်အချစ်ဆုံး၊  အနစ်နာခံရဆုံး၊  ဒါ့ကြောင့် တို့သာအခွင့်ထူးခံဖြစ်ရ မယ်ဆိုတဲ့ အခြေခံစိတ်ဓာတ်ကိုလည်း ပြုပြင်ရပါလိမ့်မယ်။

တကယ်တော့ တပ်မတော်ထဲရှိ စစ်သည်အများစုကြီးဟာ (အထူးသဖြင့် အောက်ခြေအဆင့်ဆင့်ကသူများ) ဟာ ပြည်သူ လူထု (တိုင်းရင်းသားများအပါ) အလွှာအသီးသီးကပေါက်ဖွားလာသူများဖြစ်တာကြောင့် မိဖပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေ့ရှုတဲ့ လုပ်ဆောင်တဲ့စိတ်ဓာတ်ကိုသာ မွေးမြူရပါလိမ့်မယ်။

လှကျော်ဇော
၂၄၊  ၄၊  ၂ဝ၁၈။

Comments