မောင်စွမ်းရည် ● ပန်းရည်ဘဏ်တိုက်ဆောက်သူ

မောင်စွမ်းရည် ● ပန်းရည်ဘဏ်တိုက်ဆောက်သူ
(မိုးမခ) ဧပြီ ၂၊ ၂၀၁၈

ကာလပေါ်သီးချင်းလောကမှာ ပန်းရည်ဘဏ်တိုက်သီချင်းဟာ အတော်လေး ခေတ်စားတွင်ကျယ်ခဲ့ပါတယ်။ အလုပ်သမား တွေ အလုပ်လုပ်ကြပုံအကြောင်းကို ပြောကြ ပြကြတဲ့အခါမျိုးမှာ နောက်ခံတေးအဖြစ် ပန်းရည်ဘဏ်တိုက်သီချင်းတပိုင်းတစကို  မကြာခဏကြားရဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သီချင်းတပိုင်းတစကို  မကြာခဏရွတ်ဆိုဖူးပါတယ်။ သူ့ အကြောင်းကို ဆောင်းပါးရေးမိတာလဲ နှစ်ခါသုံးခါထက် မနည်းဘူးထင်ရဲ့။

သူက ကန်မြဲသားပါ။ ကန်မြဲဆိုတာ မြင်းခြံခရိုင် တောင်သာမြို့နယ်မှာ ကန်မြဲ-ဇဂျမ်းဆိုပြီး ရွာကြီးနှစ်ရွာဆက်နေတဲ့ရွာပါ။ ကဗျာဆရာတင်မိုးရဲ့ ဇာတိရပ်ရွာလည်းဖြစ်ပါတယ်။ ခုခါ ကန်မြဲရွာမှာ တင်မိုးစာကြည့်တိုက်ဆိုပြီး တည်ဆောက်ထားတော့ ကဗျာဆရာကြီးတင်မိုးရဲ့ ကြေးသွန်းကိုယ်တပိုင်း ရုပ်တုတခုကိုလည်း တင်မိုးစာကြည့်တိုက်မှာ ထုလုပ်ပုံသွင်းထားပါတဲ့။ ကောင်းလေစွ။

တင်းမိုးရော၊ ကိုအေးကျော်ရော ကန်မြဲ-ဇဂျမ်းရွာသား နှစ်ဦးလုံးဟာ တကယ့်ပစ္စည်းမဲ့ ဆင်းရဲသားတွေပါ။ တင်မိုးရဲ့ အစ်မ တွေ နှမတွေ ကြီးပြင်းလာကြတော့ မိဘတွေကို ဝိုင်းဝန်းလုပ်ကိုင်နိုင်တဲ့အခါ အပ်ချုပ်စက်တလုံး ဝယ်ခိုင်းပေးလို့ ထူထူ ထောင်ထောင်ဖြစ်လာပါတယ်။ တင်မိုးကိုယ်တိုင်ကလည်း စာစီစာကုံးစာအုပ်တွေထုတ် ကျောင်းနေရင်းတဘက် မြန်မာစာ ဆရာလည်း လုပ်တော့ ဘာမှပူစရာမရှိပါဘူး။ ကိုအေးကျော်ကတော့ တင်မိုးနဲ့ယှဉ်လို့မဖြစ်ပါဘူး။ သူ့ခမျာ လက်လုပ် လက်စား ယာကူလီလုပ်စားရတာပါ။ သူ့အမေအိမ်မှာ မှီခိုနေထိုင်ရတာပါ။  တရွာမှာ အိမ်ထောင်လည်းကျ ကလေးလဲရခဲ့ ဖူးပေမယ့် ဆုံးပါးကုန်ကြရှာပြီတဲ့။ သူကတော့ ဆေးရွက်ခူး၊ မြေပဲ ကောက်၊ ရရာအလုပ် လုပ်ရတယ်။ စာက တတ်ရုံရှိတာကိုး။ သင်ပုန်းကြီးကုန်ရုံလောက် သင်ဖူးတာတဲ့။ သီချင်းတော့ ဝါသနာပါရှာပါတယ်။ ပွဲတကာလိုက်ပြီး ဈေးရောင်းရင်း  နောက်ရုံ အပြင်ဘက်က နားထောင်တယ်။ အကြော်သယ်ရဲ့ ထင်းမီးဖိုဘေးကမီးရောင်နဲ့ သီချင်းလိုက်ကူးလေ့ရှိသတဲ့။ မျဉ်းမပါတဲ့ ဗလာစာအုပ်အကြမ်းကြီးကိုဝယ်ပြီး  ခဲ့တံတိုကလေးကို ကျောင်းသားတွေဆီက တောင်းယူ၊ တံတွေးဆွတ်ရေးရရှာတာ။

စာရေးတော့ တောင်တလုံး မြောက်တလုံး ပန်းရည်ဘဏ်တိုက်ကို ပံးရီဘံဒိုက်လို့ ရေးချင်ရေးတာပါ။ စာဖြစ်ယုံပဲ ရေးနိုင်ရှာ တာပါ။ သူ့အကြောင်းကို အနီးဆုံးရေးဖူးသူက ကဗျာဆရာကြည်အောင်ပါ။ တင်မိုးဆီကမေးပြီး ရေးတာပါ။ ဆေးခူးသော လက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးဖူးပါတယ်။

ဝတ္ထုရေးဆရာ ချစ်ဦးညိုကလည်း သူ့အကြောင်းကို အတော်ကလေးစုံစေ့အောင် ရေးဖူးပါတယ်။ ကျွန်တော်က ကိုအေး ကျော်ကို လူကိုယ်တိုင်မြင်ဖူး သိဖူးပေမဲ့ သူ့အကြောင်းကို မစပ်စုဖူးခဲ့ပါ။ သူ့သီချင်းတွေ နာမည်သိပ်ကြီးလာတော့ ကျွန် တော်က သူတို့ရွာမရောက်ဖြစ်တော့ဘူး။

သူ့ရဲ့ပထမဦးစွာကျော်ကြားသွားတဲ့ သီချင်းက ပန်းရည်ဘဏ်တိုက် ဖြစ်ပါတယ်။ တင်မိုး မန်းတက္ကသိုလ်ကနေ သူ့မိဘရပ် ထံပြန်ရင်း ကျွန်တော်လည်းအလည်လိုက်လေ့ရှိတဲ့အတိုင်း လိုက်သွားတာပါ။ တင်မိုးရောက်လို့ရှိရင် ဂီတဝါသနာပါတဲ့ သူ့ ဖခင်က ဂီတဝိုင်းဖွဲ့လေ့ရှိပါတယ်။  သူကိုယ်တိုင်ကတော့ စည်းနဲ့ဝါးကိုပဲ ကိုင်လေ့ရှိပါတယ်။ တီးလုံးတီးကွက်တွေ လျှော်သွား လို့ရှိရင် ပါးစပ်တီးလုံးနဲ့ လမ်းတည့်ပေးလေ့ရှိတယ်။ တင်မိုးက ဘင်ဂျိုတီးလေ့ရှိတယ်။ သူ့သူငယ်ချင်း ကျောင်းဆရာ ကို ကျော်ထွန်းက တယောထိုးလေ့ရှိတယ်။ နောက်တော့ တင်မိုးက တယောကြိုက်လို့ တယောကို ကောက်ယူထိုးလေ့ရှိတယ်။ ဂီတဝိုင်းဖွဲ့ရင်း အိမ်နီးချင်း ကိုအေးကျော်က ပြောင်းဖူးဖက် ဆေးလိပ်ကြီးဖွာပြီး ဘိုကေဆုတ်ဖွားနဲ့ ရောက်လာလေ့ရှိတယ်။ တင်မိုးတို့ ပထမအိမ်က ဝါးကြမ်းပြင် တဝက်ထိုးထားတဲ့အိမ်ပါ။ ဧည့်သည်တွေအများစုက ဝါးကြမ်းပြင်ပေါ်မှာ တင်ပျင်ခွေပြီး ထိုင်လေ့ရှိတယ်။  တင်မိုးရဲ့အဖေ ဦးဘအိုက ပလက်ကုလားထိုင်တလုံးနဲ့ပဲနေတယ်။ ရေလဲပုဆိုးလေး ခြုံထားတတ်တယ်။ အိပ်လို့မခြုံရင် အကျီမပါ ကျောဗလာနဲ့ပဲနေတယ်။ ကျောပေါ်မှာ ပွေး၊ ညှင်းတွေ အကွက်ထနေပါတယ်။ သူတို့ရွာက ရေရှား လို့ ရေချိုးဟန်မတူပါဘူး။  ဦးလေးလူထုဦးလှက အဝီစိနဲ့ဝေးတဲ့ရွာလို့ပြောရအောင် ရေကနက်ပြီး အတူးရခက်ပါတယ်။

နောက်သီချင်းတပုဒ် တောင်တော်ပုပါးထင်ပါတယ်။ ပုပါးတော့ သေချာတယ်။ မြင်းခြံမြို့မဂီတအဖွဲ့အတွက် ရေးတာပါ။ ကျွန်တော်တို့ဖတ်ကြည့်တဲ့အခါ သူ့ရဲ့ ကဗျာ အနုပညာက ထက်သန်တော့ ရေးတိုင်းကောင်းပါတယ်။ ဒါပေမယ့် စာသိပ် မတတ်တော့ ဖေးမပေးရတာတော့ ရှိပါတယ်။ ပုပ္ပါးသီချင်းရေးနေချိန်မှာ ပုပ္ပားတောင်ဟာ ရှေးကမီးတောင်ကြီးဖြစ် တယ်။ မီးတောင်က ချော်ရေတွေစီးကျနေရာကစီးရင်း လေသလပ်ပြီးအေးခဲသွားရက ကျောက်ခဲတွေဖြစ်သွားကြောင်း အဲဒီ ကျောက်ခဲတွေကို မီးတောင်ကျောက်လို့ခေါ်ကြောင်း ကျွန်တော်ကပြောပြတော့ သူ့အဖို့ ဗဟုသုတ အသစ်အဆန်းဖြစ်ပုံ ရပါတယ်။  သူ့သီးချင်းမှာ နဂါးလိပ်ချောစစ်ဆိုတဲ့စကားလုံး အသစ်အဆန်းလေးတခုက လှလှပပတီထွင် ထည့်သွင်းလိုက်ပါ သေးတယ်။ ကျွန်တော်က အဲဒီတုန်းက ဗူမိဗေဒကျောင်းသားလေး။ ၂ နှစ်တက်ပြီးနေပြီ။ ဒါ့ကြောင့် မီးတောင်အကြောင်းကို ထည့်ပြောဖို့ သတိရလိုက်တာပါ။ ကိုအေးကျော်က တခြားသီချင်းနောက်ထပ် ၃-၄ ပုဒ်လောက် ထပ်ရေးသေးတယ်။ ကျွန် တော်မမှတ်မိတော့ပါ။

နောက်မကြာမီ တင်မိုးက ရန်ကုန်ပြောင်းပြီး ဆရာကြီးမင်းသုဝဏ်ရဲ့ ဌာနမှာစာပြင် စာပြုလုပ်ပါတယ်။  ကျွန်တော်လည်း အခြေခံပညာဦးစီးဌာန ကျောင်းသုံးစာအုပ်ကော်မတီက ကျောင်းသုံးသမိုင်းစာအုပ်ေ၇းဖို့အတွက် ရန်ကုန်ကိုခေါ်လို့ ရန်ကုန် ကို ရောက်လာတယ်။  ဆက်လက်ပြီး မြန်မာစာသင်ရိုးအဖွဲ့ကိုပြောင်းရလို့ ကျွန်တော်လည်း အညာမပြန်ဖြစ်တော့ပါဘူး။ ဒီ ကာလအတွင်းမှာပဲ ကိုအေးကျော်ဆုံးရှာပါတယ်။

ကိုအေးကျော်ဟာ ကြုံရာကျဘမ်း လယ်ကူလီအလုပ်များကိုလုပ်ရင်း သူ့အမအိမ်မှာနေရတာပါ။ တနေ့တော့ သူပျောက် လို့ လိုက်ရှာတော့ ဆီထုံတဲထဲမှာ ပုဆိုးလေးခြုံပြီး သေနေရှာသတဲ့။ ဘယ်အချိန်က သေလိုက်မှန်းမသိလိုက်ကြဘူး။ ရပ်ရွာက တော့ အဆိုတဦးအဖြစ် လေးလေးစားစားဝိုင်းသင်းဂြိုဟ်လိုက်ကြသတဲ့။ ခုလဲရပ်ရွာက အနုပညာရှင်တဦးကို ချို့ငဲ့ဆင်းရဲသူ တစ်ဦးဖြစ်ပေမဲ့ တလေးတစားရှိကြပါတယ်။ ဗမာပြည်က ထိပ်တန်းစာဆိုကြီးတင်မိုးရဲ့အရိပ်မှာ  ထိုက်ထိုက်တန်တန် နေရာ ပေးပြီး ရုတုသွန်းလုပ်ပြုထားကြောင်း သိလိုက်ရပါတယ်။ ကိုအေးကျော်ရဲ့အနုပညာကို တင်မိုးက အစအဆုံးစောင့်ရှောက်သွားခဲ့ပါတာကလားလို့ ဝမ်းမြောက်ကျေနပ်မိပါကြောင်း မော်ကွန်းတင်လိုက်ပါရစေ။  ကန်မြဲစာဆိုနှစ်ဦး နောက်ဘဝတွေမှာလဲ စာဆိုအနုပညာရှင်တွေ ဖြစ်ကြပါစေသတည်း။

မောင်စွမ်းရည်
၂ဝ၁၈၊ ဖေဖော်ဝါရီ ၂၁

Comments