![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGm4u8IetNtsi3Ukv93hRZWzyR7T5ZIXu-9yckhEdX06EfrnQoWVtNqjPpmgxiILKDN_IkxCj7dc6dvjRDnQ3puRFoHAj3cvZzoHU1xaVbuE54LnvAeolFFbEyEeSXkWTzwWM4lRA8is4F/s640/unnamed+%25282%2529.jpg)
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂)
(မိုးမခ) ဧပြီ ၂ဝ၊ ၂ဝ၁၈
သေရာပါသွားမည့် ဦးဝင်းတင်လွတ်ဆိုသည့် သတင်းအမှား
(မိုးမခ) ဧပြီ ၂ဝ၊ ၂ဝ၁၈
သေရာပါသွားမည့် ဦးဝင်းတင်လွတ်ဆိုသည့် သတင်းအမှား
(၁)
ကျွန်တော့်အသံလွှင့်သမားဘဝ သတင်းကြေညာခဲ့ရသော အကြိမ်ထောင်နှင့်ချီရှိခဲ့ပါ၏။ ထိုအကြိမ်လောက် ကသိကအောက် နိုင်၊ ရှက်လည်းရှက် မကျေမနပ်နှင့် မေ့မရသည်မျိုး မကြုံခဲ့ဖူးပါ။ ထောင်ကအကျဉ်းသားများ လွှတ်ချိန်၌ ကျွန်တော့်ဝေဒနာ ဟောင်း ပြန်သစ်ပြန်ထလာစမြဲပင်။
(၂)
ဦးဝင်းတင်နှင့် ကျွန်တော်သိခဲ့ ခင်မင်ရင်းနှီးခဲ့သည်မှာ နှစ်ပေါင်း (၅ဝ) ကျော် ရှိခဲ့ပါပြီ။ ဤနေရာ၌ အလေးထားရေးသား ရမည်ကား သတင်းအမှားကို သူရွံမုန်းခြင်းဖြစ်သည်။ စပေဗိမာန်၊ ကြေးမုံ၊ ဟံသာဝတီ စသဖြင့် သူအယ်ဒီတာလုပ်ခဲ့သော စာစောင်များတွင် အမှားကင်းစင်ရန် သူ အထူးအလေးထား ကြိုးစား၏။
အမှားပြင်ဆင်ချက်ထည့်ရခြင်းကို ဦးဝင်းတင် စက်ဆုပ်ရွံရှာ၏။
ထို့ကြောင့် အမှားကင်းအောင် သူ့တိုက်သားများသာမက ရင်းနှီးသော ကျွန်တော်တို့လိုလူများ သတင်းအမှား ရေးမိအသံ လွှင့်မိလျှင် အားမနာတမ်း ပြစ်တင်ပြောဆိုသည်။
(၃)
ရင်းနှီးသူများက ကိုဗြားကြီးဟုခေါ်လေ့ရှိသူကား ဝါရင့်အယ်ဒီတာ ဦးမောင်မောင်ခင်။
မြန်မာပြည်သတင်းလေက၌ အသံလွှင့်သမား၊ စာရေးဆရာ၊ သတင်းထောက်၊ သတင်းအယ်ဒီစသဖြင့် ကျင်လည်နေသူ ကျွန်တော်နှင့် ဘွင်းဘွင်းသတင်းစာ အယ်ဒီတာ ဦးမောင်မောင်ခင်တို့ အသိဖြစ်လိုက်ကြ၏။ ဦဝင်းတင်အိမ်မှာ မကြာခဏဆုံ သောအခါ ရင်းနှီးလာလေပြီ။
သူ့ထက်အသက်ကြီးသူ ဦဝင်းတင်က ဗြားကြီးဟုခေါ်ပြီး ကျွန်တော့်ထက် အသက်ကြီးသူမို့ ကိုဗြားကြီးဟုခေါ်ရသည်။ ကျွန် တော်တို့ကမူ ကိုဝင်းတင်ဟုခေါ်၏။
(၄)
၁၉၉၂ ခု၊ မေလတွင် မြန်မာပြည်က ကျွန်တော်ထွက်လာခဲ့သည်။
ဘန်ကောက်အခြေစိုက် အလွတ်သတင်းထောက် (Free lance reporter) လုပ်နေစဉ် ၁၉၈၉ ခုနှစ်ကတည်းက ထောင် သွင်းအကျဉ်းချခံနေရသူ ဦးဝင်းတင်အကြောင်း သတင်းများ မကြာခဏရေးခွင့်ရခဲ့သည်။ ၁၉၉၄ ခု၊ မြန်မာပြည်သို့ ခဏပြန် စဉ် ကိုဗြားကြီးနှင့်ဆုံ၍ ဦဝင်းတင်၏ ထောင်ထဲကအခြေအနေအကြောင်း သတင်းများစွာ သိလိုက်ရပြန်၏။ ပြည်တွင်းကနေ ရေးလို့မရသည့် သတင်းမျိုးများပါ။
ကိုဗြားကြီးက အင်းစိန်တွင်နေရာ နာမည်ဆိုးနှင့်ကျော်ကြားသော ထောင်ကြီးနှင့် မဝေးလှပါ။ ထို့ပြင် သူချစ်သော ဦးဝင်းတင် နှင့် အခါအခွင့်ရတိုင်း တွေ့ဆုံရန် ထောင်ဝင်စာ ရယူထားသူလည်းဖြစ်သည်။
(၅)
၁၉၉၅ ခု၊ အောက်တိုဘာလတွင် ကျွန်တော် Washington DC တွင်အလုပ်ရ၍ ရောက်လာ၏။
အမေရိကန်အစိုးရ ထိုသတင်းအေဂျင်စီ၌ လုပ်ကိုင်ရင်း သတင်းကြေညာရပြန်သည်။ ကိုယ်တိုင် သတင်းရွေး ဘာသာပြန်ပြီး အသံလွှင့်ရခြင်းပါ။ သို့သော်လည်း တာဝန်ကျအယ်ဒီတာက ထည့်ခိုင်းသည့်သတင်းကိုမူ ငြင်းလို့မရ၊ စိတ်နှင့်ပင် စောဒက တက်ဖို့ မကူးလေနှင့်။
အယ်ဒီတာ၏ တန်ခိုးအာဏာက ကြီးမားလွန်းပါဘိ။
တစ်နေ့သော် မြန်မာပြည်တွင် အကျဉ်းသားများ လွှတ်သည့်သတင်းဝင်လာ၏။
ပြည်တွင်းပြည်ပ သတင်းသမားများ အထူးစိတ်ဝင်စားသည်က လွတ်လာသည့်ထဲ ဦးဝင်းတင်ပါသလား။ ကျွန်တော်တို့ကမူ ပိုသိချင်ပါ၏။ ပိုပြီးလွတ်စေချင်ပါ၏။ သို့သော်လည်း စိတ်ဆန္ဒကို အဘယ်မှာလျှင် သတင်းလုပ်လို့ရပါမည်နည်း။ သတင်း သမား (Professional Newsman) ၏ အမြင်။
သတင်းကြေညာဖို့ ကျွန်တော် Studio သို့သွားခါနီး တာဝန်ကျအယ်ဒီတာက ဦးဝင်းတင်လွတ်ပြီဟု ထည့်ခိုင်းရာ အခြား လုပ်ဖော်ကိုင်ဖက်များရှေ့ မဟုတ်မမှန်ကြောင်း အကျိုးသင့်အကြောင်းသင့် ရှင်းပြပါ၏။ မရ။ သည်လိုနှင့် သတင်းမှားမှန်း သိပါလျက် ကြေညာလိုက်ရသည်။
(၆)
ဦးဝင်းတင်က ထောင်ထဲကနေ မသိနိုင်၊ ကြားရမည်လည်း မဟုတ်။
သို့သော် ပြည်တွင်းရှိ သတင်းသမားများအဖို့ ဟားစရာကြီးဖြစ်သွားပြီ။ ကိုဗြားကြီးထံက တယ်လီဖုန်းဝင်လာလေလာပြီ။ တစ်သက်လုံး (နောက်ပိုင်းမှာပါ) မသုံးဖူးသည့် ဒေါသသံဖြင့် ခင်ဗျားရဲ့အသံပြဲကြီးနဲ့ မဟုတ်မမှန်တဲ့ သတင်းအမှားကို ကြေ ညာလိုက်လို့ ဘယ်လောက်ဂယက်ရိုက်ကုန်ကြလဲ သိလား။
အဲဒီနေ့က ဘတ်စကားပေါ်၌ ဦးဝင်းတင်ဟုထင်ရသူတစ်ယောက်မြင်လိုက်ကြောင်း ဘန်ကောက်သို့အကြောင်းကြား ထို တစ်ဆင့်စကားကို အယ်ဒီတာကယုံပြီး ကြေညာရခြင်းဖြစ်ကြောင်း ရှင်းပြရ၏။ သို့သော် ကိုဗြားကြီးက ထောင်ဘူးဝမှာ စောင့်နေကြတဲ့ သတင်းသမားတွေရှိပါလျက် ကိုဝင်းတင်က ဘတ်စ်ကားပေါ်ရောက်ရအောင် ကျုပ်တို့က ဘယ်မှာသွားသေ နေကြလို့လဲဟု ဆက်ပြောပြန်၏။
ဂယက်ကမစဲသေး။
ဦးဝင်းတင်နှင့်ရင်းနှီးသူ ဦးရဲထွဋ် (ဗိုလ်တထောင်/ဟံသာဝတီ) သူ့ထံဖုန်းဆက်မေးသင့်ဟု အပြစ်တင်၊ ထိုအမေရိကန် အေ ဂျင်စီ၌ပင် (၃) နှစ်လုပ်သွားဖူးသူ ဦးခင်မောင်သွင် (AFP) က ဘယ်လိုတွေဖြစ်ကုန်တာလဲ စသဖြင့် နားလည်ဖြစ်ရ၏။
ထိုသတင်းအမှားကြောင်း ကျွန်တော်ငြင်းပုံ သက်သေများရှိ၍ ပြစ်ဒဏ်မခံလိုက်ရပါ။
(၇)
၂ဝဝ၈ ခု၊ စက်တင်ဘာလ (၂၃) ရက်နေ့ကျမှ ဦးဝင်းတင်လွတ်သည်။
ကိုဗြားကြီးသမီး သင်းသီရိ (RFA) က ဘဘရေ ... ဘဘလွတ်လာပြီဟု တယ်လီဖုန်းဆက်၏။ သူက ဦးဝင်းတင်ကိုလည်း ဘဘ၊ ကျွန်တော့်ကိုလည်း ဘဘဟုခေါ်သည်။ သူတို့အင်းစိန်အိမ်သို့ ဖုန်းဆက်ပြီး ဦးဝင်းတင်နှင့် တစ်နာရီခန့် စကားပြော ဖြစ်ကြသည်။
၂ဝ၁၃ ခု၊ ဖေဖေါ်ဝါရီလ။
တစ်သက်ပြန်မတွေ့ကြဟုထင်ထားသူ ကိုဝင်းတင်နှင့် ဘောက်ထော် ကိုအုန်းထွန်းခြံထဲက တစ်ကိုယ်တော်ဂေဟာ၌ သူတို့ နှစ်ယောက်၊ ကိုရဲထွဋ်နှင့်ကျွန်တော်တို့ စကားပြောမကုန်ဖြစ်နေကြရာကနေ ဤဆောင်းပါးပါ အကြောင်းစုံသို့ ရောက်သွား၏။
ကိုအောင်မွန်ရယ် ... သတင်းအမှားကြီးကို မှားမှန်းသိသိကြီးနဲ့ အသံလွှင့်လိုက်ရတဲ့ ခင်ဗျားအဖြစ်က ထောင်ထဲက ကျုပ် အဖြစ်ထက်တောင်ပိုဆိုးနေပါကလားဟု ဦးဝင်းတင်က ရယ်မောပြောဆိုပုံကို ပြန်လည်တွေးမိကြောင်းပါ။
၂ဝ၁၈ ခု၊ ဧပြီလ (၁၉) ရက်နေ့။
Comments