ကဗျာဆရာ ကောက်နွယ်ကနောင်ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း


ကဗျာဆရာ ကောက်နွယ်ကနောင်ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း
(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၈

ကဗျာဆရာ ကောက်နွယ်ကနောင် ကွယ်လွန်ကြောင်း ကြားသိရ၍ မိသားစုနှင့်အတူ စာပေမိတ်ဆွေများနဲ့အတူ ကြေကွဲဝမ်းနည်းပါကြောင်း မှတ်တမ်းပြုအပ်ပါသည်။

သူ့ဖေ့စ်ဘွတ်ပေါ်မှာ ဧပြီလ ၁၀ ရက် နေ့စွဲနဲ့ ရေးခဲ့တဲ့ ကဗျာလေးကို အလေးပြု တင်ပြလိုက်ပါတယ်။



ငါလွင့်မျောပုံဆန်းကြယ်

မဟော်ဂနီရောင် ဝါနွမ်းရွက်ခြောက်ကြွေတွေ
မိစ္ဆာမမျက်ရည်ရှိုက်သံ လေအသုပ်မှာ တဝေါဝေါကြွေဆင်း
ငါ့တစ်ကိုယ်လုံးဖုံးလွမ်း မီးလောင်တိုက်သွင်းတော့မှာလား
မိစ္ဆာမမျက်လုံးက စူးရဲတောက်ပ ပိုးစုန်းကြူးလက်လက်ထ
ငါ့ခေါင်းကို တဆစ်ဆစ်ကိုက်ခဲ ငါ့မျက်လုံးက မီးတောက်ပိုးစုန်းကြူးတွေ
မူးရိပ်မူးရီ မိဆ္ဆာမက ငါ့ရင်ပတ်က ချုပ်ရိုးအမာရွတ်တွေကို
ချွန်မြိ သူမလက်သည်းတွေနဲ့ ထိုးဖေါက်ကုပ်ဖြဲ
ရှင်ခြင်းရဲ့အဆုံးမှာ သေခြင်းတရားတွေ
အခု ငါ ဘယ်ရာက်နေတာလဲ
မွေးရပ်ဇာတိမြေ ကနောင်တောင်သချိုင်းကလဲ ထုံးဖွေးဖွေး
ပြုပြင်ထားတဲ့စေတီပုထိုးတွေကလဲ ကြည်ညိုဖွယ် သစ်လွင်တောက်ပ
ငါးရံ့ခြောက်ကို ထန်းဖက်လက်အုံ မီးမှိုက် ပဲကြီးလှော်တွေ မြက်ခင်းထဲ ဖြန့်ကြဲ
တစေ့စီကောက်စား အားပါး ကောင်းလိုက်တဲ့ မိသန်း မိရန်း နို့အုံက ကျလာတဲ့
ပင်ကျရည် ပုဇွန်ဆိတ်ခုန် တဖေါက်ဖေါက် ပင်ကျရည်စစ်စစ် ထန်းရည်
ကနောင်ရောက်ရင် အမြဲလာခေါ် ဆုံတွေ့နေကြ ရှားပါးကာတွန်းဆရာလေး
စပီကာ မင်းက ဘာပြုလို့ တောင်သချိုင်းမှာ လာနေရတာလဲ
ငါတို့ အနုပညာတောင်ပံအရိပ်တွေ မေ့ဖျောက်မရအောင် ကျန်ခဲ့တယ်
ငါတို့ ပျံသန်းနိုင်ခဲ့တယ် မိစ္ဆာမ ငါ့ကို မကောင်းဆိုး ဝါးရွက်ခြောက်တွေနဲ့
မီးပုံတိုက် ရှို့သတ်လို့မရ ငါပြန်လည် စိုပြေ စိမ်းလန်းလာရမယ်
(ကောက်နွယ်ကနောင်)

Comments