ညိုရင့်နွယ် (ရေဦး) ● အထီးကျန်မိုးသားတွေ တလူလူလွင့်လို့


ညိုရင့်နွယ် (ရေဦး) ● အထီးကျန်မိုးသားတွေ တလူလူလွင့်လို့
(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၈

မြောက်ဖျားကတိမ်တွေဆီမှာ
မသေသေးတဲ့ အသံတွေရှိတယ်

ကျောက်ဂမူစွန်းအောက်မှာ
ကလေးအရိုးစု စတစ်ကာလေး လွင့်နေတယ်

မအိပ်နိုင်တဲ့မြစ်ကြီးလဲ
ဟန်မပျက်စီးဆင်းနေတယ်

မပျက်နိုင်တဲ့ရိုးရာနဲ့
မပြတ်နိုင်တဲ့လောဘနဲ့ အပြိုင်စီးဆင်းကြ

တချက် တချက် ထဖောက်လိုက်တဲ့
မီးကျည်တွေမှာ မျက်ရည်ရောင်စုံဖြာလို့

အထီးကျန်မိုးသားတွေ၊ သင်းကွဲငှက်တွေ ခြောက်သယောင်းထ
အပင်အိုကြီးမှာ ငြိနေဆဲ ...

အငန်လျော့စား၊ အဆီနည်းတဲ့နို့ဟာ
ကျမ်းမာရေးနဲ့ ညီညွတ်တယ်ဆိုပဲ
ခြေထောက်မရှိသူကို
ဖိနပ်လက်ဆောင်ပေးမလို့လား
လူ လူချင်း ညီညွတ်တာ အကောင်းဆုံးမို့လား

ကျည်ဆံတွေကို ဘောပင်နဲ့လဲတယ်
ဗုံးတွေနဲ့ ငြိမ်းချမ်းရေးလဲတယ် ... လဲတယ်
လဲကျသွားတယ် ...
မသေသေးတဲ့အသံတွေဆီက
ကြေးနန်းစာ မသက်မဝင်သေးဘူးလား
ရှင်တဲ့သူတွေဟာ အသက်မရှိကြတာလား
အရှက်မရှိကြတော့တာလား ...

နစ်ခဲ့ရတဲ့နှစ်များစွာ
မေးပါများလဲ စကားမရ
ကန့်လန့်ဖြတ်တိုက်တဲ့လေထဲမှာ
ငါတို့ဟာအတူတူလွင့်လို့ ...
တလူလူလွင့်နေရသလို နေ့ရက်များ
ကြာပြီ .... ...။

Comments