မောင်မောင်စိုး ● ဆွေးနွေးငြင်းခုံခြင်း ယဉ်ကျေးမှု
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၈
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၈
ပြဿနာတရပ်နှင့်ပတ်သက်၍ မတူသောအမြင်များစွာရှိသည်မှာ အံ့သြစရာရှိမည် မဟုတ်ပေ။ တစ်ဦးနှင့်တစ်ဦး မတူသောဘဝဖြတ်သန်းမှုမတူသောအကျိုးစီးပွား၊ မတူသောခံယူချက်၊ မတူညီသောဦးတည်ချက်ရှိကြပေရာ မတူသောအမြင်များ ရှိကြသည်မှာ ထူးဆန်းသည်တော့မဟုတ်ပေ။ လူတစ်ဦးချင်းအနေနှင့် မိမိပုဂ္ဂလိက ဘဝလမ်းကြောင်းအား မိမိစိတ်ကြိုက် အမြင်နှင့်ရွေးချယ်နိုင်သည်။ ဆရာဝန်သော်လည်းကောင်း၊ အင်ဂျင်နီယာသော်လည်းကောင်း၊ နိုင်ငံရေးသမားသော် လည်း ကောင်း၊ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိသည်။ မိမိမိသားစု (ဝါ) မိမိမိတ်ဆွေများ၏ မတူသောအမြင်နှင့် ကန့်ကွက်မှုများရှိသော် လည်း မိမိစိတ်ကြိုက် ဘဝလမ်းကြောင်းကို မိမိအမြင် ဆုံးဖြတ်ချက်အတိုင်း ရွေးချယ်လုပ်ပိုင်ခွင့်ရှိသည်။ အဘယ်ကြောင့် ဆိုသော် တစ်ဦးချင်းကိစ္စဖြစ်၍ ဖြစ်သည်။
သို့သော် အများနှင့်ဆိုင်သောကိစ္စရပ်များ ပို၍ဆိုလျင် တိုင်းပြည်နှင့်ဆိုင်သောကိစ္စရပ်များတွင် ဤသို့ပြုမူ၍ မရနိုင်ပေ။ လူ အများနှင့်ဆိုင်သော ကိစ္စရပ်ဖြစ်သည့် အားလျော်စွာ မတူသောအမြင်များစွာ တွေ့ရမည်ဖြစ်သကဲ့သို့ ထိုမတူသော အမြင် များကို မည်သို့စုစည်းမည်နည်းဆိုသည့် ကောင်းမွန်သောအဖြေတရပ်ကို ရှာရန်လိုအပ်ပေမည်။ ထိုအဖြေမှာ မတူသောအမြင် များအား အပြန်အလှန်ဆွေးနွေးငြင်းခုံကြခြင်းဖြစ်ပြီး အချိန်တခုရောက်လျင် အနည်းစုက အများစုကို နာခံသည့် ဒီမိုကရေ စီနည်းလမ်းဖြင့် ဖြေရှင်းဖြစ်သည်။
ဤသို့ဖြေရှင်းရာတွင် ဦးစွာအားဖြင့် အပြန်အလှန်ဆွေးနွေးငြင်းခုံအဖြေရှာသည့် ယဉ်ကျေးမှုထွန်းကားရန် လိုအပ်ပေသည်။ ပြသနာတခု အပြန်အလှန် ခွဲခြမ်းစိတ်ဖြာခြင်း မိမိနှင့်သဘောထားမတူ အမြင်မတူသော သူတို့၏အမြင်ကို နားထောင်ခြင်း အခိုင်အမာအချက်အလက်များကို ရယူခြင်းတို့သည် ဆွေးနွေးငြင်းခုံမှုယဉ်ကျေးမှုထွန်းကားရန် လိုအပ်သည့်အကြောင်း အ ချက်များဖြစ်သည်။
ယခု ရုပ်မြင်သံကြားဖန်သားပြင်တွင် လူသိများနေသည့် DVB Debate ဆိုသည်မှာ အားနဲချက်အချို့ရှိသော်လည်း အပြန် အလှန် ဆွေးနွေးငြင်းခုံ အဖြေရှာသည့် ယဉ်ကျေးမှုတရပ်ဖော်ဆောင်သည်ဟု ဆိုနိုင်ပါသည်။ အားနည်းချက်တချို့ရှိသည်ဟု ဆိုရခြင်းမှာ အပြန်အလှန်ဆွေးနွေးငြင်းခုံထဲတွင် အပြန်အလှန်ထိုးနှက်တိုက်ခိုက်မှုအချို့ကို တွေ့နေရ၍ဖြစ်သည်။ ဤသည် မှာ လည်း မြန်မာပြည်နိုင်ငံရေးဘဝနှင့် ဆက်စပ်နေသည်ဟု ဆိုရပေမည်။
မြန်မာပြည်လွတ်လပ်ရေးပြီးသည်မှစ၍ မြန်မာနိုင်ငံရေးလောကတွင် မတူသောနိုင်ငံရေးအမြင်များ အယူဝါဒများဖြင့် ပြည် တွင်းစစ်ဖြစ်ပွားခဲ့သည်အထိ ပြင်းထန်ခဲ့ရာ နိုင်ငံရေးအရ မတူသည့်အမြင်ဖြင့် တဖက်နှင့်တဖက် ထိုးနှက်တိုက်ခိုက်ခဲ့ကြ သည်မှာ အလေ့အကျင့်သဖွယ်ဖြစ်လာခဲ့သည်။ ထိုသို့နိုင်ငံရေးကိစ္စကြီးများတွင် မတူသည့်အမြင်အယူအဆများကို တဖက် နှင့်တဖက် ထိုးနှက်တိုက်ခိုက်ကြရာမှ ကိစ္စသေးများတွင်ပါ ထိုးနှက်တိုက်ခိုက်ခြင်း ပုတ်ခတ်ခြင်းတို့ အလေ့အထသဖွယ်ဖြစ် လာသည်ကို တွေ့ရသည်။
အထူးသဖြင့် ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် လူထု၏ပြောခွင့်ဆိုခွင့် ပိတ်ပင်ခံရသည့်အခါ ပို၍ ပြင်းထန်လာသည်ဟုဆိုရမည်။စစ်အစိုးရအား ဆန့်ကျင်ဝေဖန်သူများကို သောင်းကျန်းသူများ ပြည်ပအားကိုးပုဆိန်ရိုးများ ပြည်ထောင်စုအားဖြိုခွဲရန်ကြံနေသူများ အမျိုးသားသစ္စာဖောက်များ အဖြစ်ပြစ်တင်ရှုံ့ချတိုက်ခိုက်ခြင်းခံရသကဲ့သို့ လူထု၏ပြောရေးဆိုခွင့် သည်လည်း ပိတ်ပင်ခံခဲ့ရသည်။ သို့ဖြစ်ရာ လူထုကလည်း စစ်အာဏာရှင်များလည်းကောင်း၊ သူတို့၏နောက်လိုက်များ စစ်အာဏာရှင် စနစ်ကို ကာကွယ်သူများအားလည်းကောင်း၊ ပြင်းပြင်းထန်ထန်ပြန်လည်ရှုံ့ချ ပုတ်ခတ်တိုက်ခိုက်ခဲ့ကြပေ သည်။ ဤသို့နှင့် အပြန်ထိုးနှက် တိုက်ခိုက်ခြင်းများ အပုတ်ချခြင်းများနှင့် မြန်မာပြည်သားတို့ နှစ်ပေါင်းများစွာ ယဉ်ပါးခဲ့ကြရပေသည်။
စစ်အာဏာရှင်စနစ်ကို ပြင်ပြင်းထန်ထန် ရှုံ့ချတိုက်ခိုက်ကြရင်း မိမိနှင့်အမြင်မတူသူများ ထိုးနှက်တိုက်ခိုက်ခြင်းသည် အလေ့အထ တခုကဲ့သို့ ဖြစ်လာသည်။ တချိန်တည်းတွင် အကျိုးသင့် အကြောင်းသင့် ရှင်းလင်းဆွေးနွေးခြင်း အပြန်အလှန် ဆွေးနွေးခြင်းတို့ အားနည်းလာသည်။ မိမိနှင့်အမြင်မတူသူတိုင်း ရန်သူလိုသဘောထားတိုက်ခိုက်လာခြင်း ဆတ်ဆတ်ထိ ဝေဖန်မခံနိုင်ခြင်းတို့ ဖြစ်လာသည်။ တဖြည်းဖြည်း အားလုံးအကဲဆတ်လာကြသည်။ ထိုသို့သောအခြေအနေတွင် အကျိုး ကြောင်းသင့် ဆွေးနွေးငြင်းခုံသည့် ယဉ်ကျေးမှုသည် နောက်သို့ တဖြေးဖြေး ရောက်သွားတော့သည်။
သို့ဖြစ်ရာ မတူသည့်အမြင်များကို ဆွဲကိုင်ထားကြသည့်လူထုကြားတွင် ဆွေးနွေးငြင်းခုံသည့်ယဉ်ကျေးမှု လျော့ပါးသွားပြီး ထိုးနှက်တိုက်ခိုက်မှုများ မိမိနှင့်အမြင်တူသူများကို အသာလွတ်ကာကွယ်ပေးမှုများ တောထနေခြင်း ပြဿနာကို မှန်ကန်စွာ အဖြေမရှာနိုင်သည်သာမက စိတ်ဝမ်းကွဲမှုများကို ပို၍ ဖြစ်စေပါသည်။
အယူအဆအရ တဖက်သို့ရောက်ကာ မစေ့စပ်နိုင်ဟုဆိုသူများအပ လူထုအတွင်းပြသနာများကို ဆွေးနွေးညှိနှိုင်းအဖြေရှာရန် လိုအပ်ပေသည်။ ဥပမာအားဖြင့် ပြီးခဲ့သောရက်ပိုင်းအတွင်းက လူအများစိတ်ဝင်တစားပြောဆိုခဲ့ကြသော အကြောင်းအရာ များဖြစ်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ်၏ သင်္ကြန်ရေကစားမဏ္ဍပ်ပြဿနာ၊ အကယ်ဒမီဆုပေးပွဲမှ ဗေလုဝ ခင်လှိုင် တို့၏ပြဿနာ၊ လွှတ်တော်တွင်းမှ ဒီမိုကရေစီအနိုင်ကျင့်ခံရမှုပြဿနာ၊ သမတရုံးဝန်ကြီး၏ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ဦးဇော် ဌေးခေါ်မှူးဇော်တာဝန်ယူမည့်ပြဿနာ၊ စသည့်ပြသနာများကိုကြည့်လျင် အကျိုးသင့်အကြောင်းသင့် ပြောဆိုဆွေးနွေးသည် ထက် ပုတ်ခတ်တိုက်ခတ်ပြောဆိုမှုများက ပိုများနေသည်ကို စိတ်မကောင်းစွာတွေ့ရသည်။
ပြောရလျင် ပထမပြဿနာ ၂ ခုမှာ သာမန်မျှသာဖြစ်သည်။ တိုင်းပြည်အပြောင်းအလဲအတွက် အရေးကြီးသည့်ပြဿနာ မ ဟုတ်ချေ။ ဝန်ကြီးချုပ်သစ်၏ဆုံးဖြတ်ချက်မှာလည်း သူ၏ အကြောင်းပြချက်နှင့်သူဖြစ်သည်။ အကျိုးအကြောင်းရှိသည်။ ဝန် ကြီးချုပ်သစ်၏ ဆုံးဖြတ်ချက်ကို အမြင်မတူသူများကလည်း အကျိုးသင့်အကြောင်းသင့် ပြန်လည်ဖော်ပြသူအချို့ရှိသည်။ သို့သော်အများစုမှာ မိမိထောက်ခံသည့်ဖက်မှ ရပ်တည်၍ တဖက်ကို ကလော်တုတ်နေကြသည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။ မိမိအမြင်ကို အကျိုးအကြောင်း အချက်အလက်ခိုင်ခိုင်မာမာဖြင့် ဖော်ပြခြင်းသည် လွန်စွာကောင်းသည်။ အားလုံးလက်ခံနိုင် သည့် အများစုနှစ်သက်လက်ခံနိုင်သည့်အဖြေတခုကို ဆွေးနွေးငြင်းခုံအဖြေရှာသည့်ယဉ်ကျေးမှုမှ ရနိုင်မည်ဖြစ်သည်။
အလားတူပင် အကယ်ဒမီပြဿနာတွင်လည်း အကျိုးကြောင်းသင့်ဖေါ်ပြဆွေးနွေးသူကအနည်းစုဖြစ်ပြီး အများစုကတော့ ကိုယ်မှန်သည်ထင်သောဖက်မှရပ်ကာ ကလော်တုတ်နေကြပေရာ စိတ်ပျက်ဖွယ်ရာဖြစ်သည်။ ထို့ပြင် ပို၍စိတ်ပျက်ဖွယ် ကောင်းသည်မှာ အကယ်ဒမီနှင့်မဆိုင်သော အကြောင်းအရာများကိုပါဆွဲသွင်း၍ ဝါးလုံးရှည်နှင့် သိမ်းကြုံးရမ်းနေခြင်းဖြစ် တော့သည်။ တကယ်တော့ ထိုပြဿနာများသည် အကျိုးအကြောင်းသင့် ဆွေးနွေးငြင်းခုံအဖြေရှာကြလျင် အေးချမ်းစွာ အဖြေရနိုင်သည့် ပြဿနာငယ်များသာဖြစ်သည်။
လွှတ်တော်တွင်းမှ ဒီမိုကရေစီအနိုင့်ကျင့်ခံရသည်ဆိုသည့်ပြဿနာ၊ သမတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ပြောခွင့်ရ ပုဂ္ဂိုလ်အဖြစ် ဦးဇော်ဌေးဆောင်ရွက်မည့်ပြဿနာတို့နှင့်ပတ်သက်၍ မည်သို့ချဉ်းကပ်မည်ဆိုသည်မှာ ပြောရမည်ဆိုလျင် အသစ်ချဉ်းကပ်မှုလိုအပ်ပေသည်။ ထိုအသစ်ချဉ်းကပ်မှုမှာ ရွေးကောက်ပွဲကာလက ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့ သော အမျိုးသားရင်ကြားစေ့ပေါ်၌ အခြေခံသည်။ ရွေးကောက်ပွဲကာလက NLD အစိုးရဖွဲ့နိုင်လျင် အမျိုးသားရင်ကြားစေ့ရေးလုပ်သွားမည်ဟုဆိုခဲ့သည်။ သူမပြောသည့်အတိုင်း ခြေလှမ်းများလှမ်းခဲ့သည်ကို အများတွေ့ရသည်ဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည်ချမှတ်ရှေ့ရှုသည့်လမ်းကြောင်းနှင့်ပတ်သက်၍ အမြင်မတူသူ ကွဲလွဲသူရှိနိုင်ပါသည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်ရှေ့ဆောင်သည့် အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ မြန်မာဒီမိုကရေစီတိုက်ပွဲ၏ ပင်မလမ်းကြောင်းဖြစ်သည်ဆိုသည်ကိုတော့ မလွဲမရှောင်သာ အသိမှတ်ပြုရန်လိုသည်။
ထိုအမျိုးသားရင်ကြားစေ့လမ်းကြောင်းတွင် မြန်မာစစ်ဖက်လည်းပါသည်။ မှူးဇော်လည်း ပါသည်။ တလျောက်လုံး စစ်အာ ဏာရှင်စနစ်နှင့်လည်းကောင်း၊ စနစ်အားဖက်တွယ်ကာကွယ်သူများအား ထိုးနှက်တိုက်ခိုက်ခဲ့ရာမှ ထိုသူများနှင့် လက်တွဲ အလုပ်လုပ်ကိုင်နိုင်ရေးဖြစ်လာသည်။ ထိုသူများအား ဒီမိုကရက်တစ်လမ်းကြောင်းပေါ်ဆွဲတင်အလုပ်လုပ်ရေးဖြစ်လာသည်။ ဤသို့ဆိုလျင် အပြန်အလှန်ထိုးနှက်တိုက်ခိုက်ရာကြရာမှ အပြန်အလှန် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးအဖြေရှာသည့် ယဉ်ကျေးမှုထွန်းကားရန်လိုအပ်သည်။ ထိုသို့ဆွေးနွေးငြင်းခုံမှုများနှင့်အတူ အနည်းစုက အများစုကိုနာခံသည်ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရန်လိုအပ်မည်။
အလားတူပင် အလုပ်သမား လယ်သမား စသည့်အခြေခံလူတန်းစားများ ကျောင်းသားစသည့် အလွှာအသီးသီးမှ လူများ အတွင်းတွင်လည်းကောင်း၊ တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးဖြေရှင်းရမည့်ပြဿနာ များတွင်လည်းကောင်း၊ မတူသည့်အမြင်များကို ဆွေးနွေးငြင်းခုံ အဖြေရှာသည့် ယဉ်ကျေးမှုဖြင့် ဖြေရှင်းရန် လိုအပ်ပေမည်။
အထူးဂရုပြုရန်လိုသည့်အချက်မှာ ယခင်အတိုက်အခံပါတီဖြစ်သော NLD ပါတီသည် အစိုးရဖြစ်သွားပြီဖြစ်သည်။ အစိုးရ၏ လုပ်ဆောင်ချက်များကို ဝေဖန်မှုများကို NLD အစိုးရသစ်အနေနှင့် မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်ပေသည်။ ဒေါ်အောင်ဆန်း စုကြည်အားလည်းကောင်း၊ NLD အားလည်းကောင်း၊ ရပ်ခံကာကွယ်ကြရမည့်သူများအနေနှင့် မိမိတို့အစိုးရသစ်အား ဝေဖန် မှုကို အကျိုးသင့် အကြောင်းသင့် ရှင်းလင်းပြောဆိုရန် အထူးလိုအပ်ပေလိမ့်မည်။ စစ်အာဏာရှင်စနစ်အောက်တွင် ဒီမိုကရေ စီမရှိ။ ပြောရေးဆိုခွင့်မရှိ။ စစ်အာဏာရှင်စနစ်အားဝေဖန်သူများအား အမျိုးသားသစ္စာဖောက် ပြည်ပသြဇာခံ ပုဆိန်ရိုး စသဖြင့်အမျိုးမျိုးတံဆိပ်တပ်စွပ်စွဲခံခဲ့ရသည်။ ထိုခေတ် ထိုစနစ်ကို ကြုံခဲ့ရသည်။ ယနေ့ NLD အစိုးရသစ်လက်ထက်တွင် လွတ် လပ်စွာပြောဆိုခွင့်ရှိသော မတူသောအမြင်အမျိုးမျိုးကို ပွင့်လင်းလွတ်လပ်စွာပြောဆိုနိုင်သော ဒီမိုကရေစီစနစ်တရပ်ကို ဖေါ် ဆောင်ရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည်အားလည်းကောင်း၊ NLD အစိုးရသစ်အားလည်းကောင်း၊ ဝေဖန်မှုများကို နွေးထွေးစွာကြိုဆိုရန် လိုအပ်သည်။ မတူသောအမြင်များ ကွဲလွဲခွင့်ကို အသိမှတ်ပြုရန် လိုအပ်သည်။ ဆွေးနွေးငြင်းခုံသည့်ယဉ်ကျေးမှုထွန်းကားရန် လိုအပ်သည်ဟု ယူဆပါသည်။
သို့သော် တဖက်နှင့်တဖက် ခါးခါးသီးသီး တိုက်ခိုက်လာခဲ့အချိန်ကာလများကရှည်ခဲ့သည်။ ထို့ပြင် ဒီမိုကရေစီရေးတိုက်ပွဲဝင်ကြ သည်ဟုဆိုသူများအချင်းချင်း မတူသောအမြင် မတူသောအယူအဆများနှင့် အပြန်အလှန် ထိုးနှက်တိုက်ခိုက်လာကြသည့် အာဃာတများ ရှည်ကြာခဲ့သည့် မြန်မာပြည်တွင် ဆွေးနွေးငြင်းခုံအဖြေရှာသည့် ယဉ်ကျေးမှု အမြန်ထွန်းကားလာရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။ ငါနှင့်မတူ ငါ့ရန်သူဆိုသည့် သဘောထားတောထနေခဲ့သည်ကို ရှင်းလင်းရန်တော့လွယ်ကူမည်မဟုတ်ပါ။
သို့ရာတွင် အနည်းဆုံးအနေနှင့် ပြသနာတရပ်ပေါ်လာလျင် အကျိုးအကြောင်းခိုင်လုံစွာ အချက်အလက်ပြည့်စုံစွာ သုံးသပ် ခြင်းများ မိမိနှင့်မတူသည့် တဖက်၏အမြင်ကို လေးလေးစားစား နားထောင်ခြင်းမျိုးကိုတော့ တတ်နိုင်သ၍ အလေ့အကျင့် လုပ်ခြင်းဖြင့် အစပြုရန်တော့ လိုအပ်ပေမည်။
မောင်မောင်စိုး
Comments