မောင်လူအေး - ကမ်းခြေအလှမှာ နွမ်းကြေရသူတွေ




မောင်လူရေး - ကမ်းခြေအလှမှာ နွမ်းကြေရသူတွေ
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၈

အပေါင်းအသင်းတွေနဲ့ ချစ်သူတွေနဲ့ မိသားစုတွေနဲ့ ရေကူးရင်း ဘောလုံးကန်ရင်း ဝင်ဆဲနေကို ငေးမောရင်း သာယာနေကြသူတွေချည်းဆိုတော့ ငပလီကမ်းခြေဟာ လောကနိဗ္ဗာန် ကမ်းသောင်ယံပ။

ဝင်ဆဲနေအတွက် ဝမ်းနည်းပက်လက် နှုတ်ဆက်ရန်မလို။ ပင်လယ်ရေပြင်ပေါ် ဖျန်းပက်ထားတဲ့သူ့ရဲ့ ရွှေအိုရောင်စဉ်ကို ခံစားနေရုံကလွဲလို့ တခြားဘာအကန့်မှ မရှိ။ သူက မနက်ကျရင် အရှေ့ကနေ အားခွန်အပြည့်ပါတဲ့ ရွှန်းပရောင်ခြည်သစ်နဲ့ ပြန်လာမယ်။ ပြီးရင် ပင်လယ်ပေါ် နွေးနွေးထွေးထွေး ဖြတ်သန်းမယ်။ အော် နေလို ရွှင်ရွှင်ပျပျ ပြန်လာပြီး ဣနြေ္ဒရရ နှုတ်ဆက် လောကပင်လယ်ပြင်ထက် တင်ဆက်ခွင့်မရတဲ့ဘဝတွေက ငပလီတဝိုက်မှာ အများကြီး။ အပန်းမပြေ နွမ်းကြေရကမ်းခြေက ဘဝတွေလေ။

အထူးသဖြင့် ငပလီမြောက်ဖက်က ဇီးဖြူကုန်းဆိုတဲ့ရွာလေး။ အခုတော့ မြို့ပြငပလီမှာ သူလဲ ဇီးဖြူကုန်းရပ်ကွက်ဖြစ်နေပေါ့။ ရွာသူ ရွာသားတွေဟာ စစ်အာဏာသိမ်းပြီး ဒုတိယမြောက်နှစ်၂၀၀၀ခုနှစ်မှာ ဗိုလ်ချုပ်ဝင်းမြင့်ဦးဆောင်တဲ့စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုသရုပ်ပြပွဲမှာ ဒုက္ခအဆမတန်ရောက်ခဲ့ကြ။

စစ်ဘီလူးတွေဟာ ဇီးဖြူကုန်းရွာရဲ့ ပင်လယ်ကမ်းခြေတလျှောက်လုံးက ခြံမြေ ၃၅ဧကကျော်ကျော်ကို တပ်အတွက်ဆိုပြီး သိမ်းလိုက်တယ်။ ဝါဆိုဝါခေါင် မိုးတွင်းကြီးမှာ တနိုင်တပိုင်လုံးချင်းတိုက်လေးတွေ တည်းခိုခန်းလေးတွေ အိမ်လေးတွေအကုန်လုံး ၇-ရက်အတွင်း ကိုယ့်ဘာသာဖျက်ချင်ဖျက်၊ မဖျက်ရင် ဒိုဇာနဲ့ ထိုးပစ်မယ်ဆိုတော့ အဲဒီတုန်းက မိုးအလွန်များတဲ့ဒေသက ကမ်းစပ်နေသူတွေရဲ့ ငရဲခန်းကို မှန်းကြည့်လို့ရပါတယ်။


အဲဒီကမ်းစပ်က ခြံတွေရဲ့ ဆန့်ကျင်ဘက်အရပ်မှာတော့ လယ်ကွင်းတွေ။ အဲဒီမှာ မိုးထဲရေထဲ လယ်သမားတွေ လယ်ထွန်နေတုန်းမှာဘဲ သေနတ်တွေနဲ့ အကွက်တွေ လာရိုက်ကြတယ်။ ခများတို့ လယ်တွေကိုလဲ သိမ်းလိုက်ပြီဆိုတဲ့ စကားတခွန်းအောက်မှာ ရွာရဲ့တခြားတပိုင်းကလဲ အပိုင်းပိုင်းခုတ်ဖြတ်ခံလိုက်ရပြန်တယ်။ အဲဒီ ပိုင်ရှင် ၉ ဦးပိုင် လယ်မြေတွေကို ကမ်းစပ်က ဖယ်ရှားခံရတဲ့သူတွေကို နေရာချပေးဖို့ဆိုပြီး ပေ ၅၀ ပတ်လည်အကွက် ၁၁၅ကွက် ရိုက်လိုက်တယ်။ တဝက်လောက်ကိုတော့ အာဏာပိုင်တွေ မျှယူပြီး နောင်မှာ ရောင်းစားလိုက်ကြတယ်။ 

အဲဒီမူလလယ်မြေပိုင်ရှင်တွေဟာ၂၀၀၀-ခုနှစ် သိမ်းဆည်းခံရကတည်းက သူတို့ လယ်မလုပ်ရတော့တဲ့ လယ်မြေတွေအတွက် ၂၀၁၅အထိ နှစ်စဉ် အခွန်ဆောင်နေခဲ့ကြတယ်။ ၂၀၁၆ ကစပြီး အခွန်ဆောင်မခံတော့ဘူးတဲ့။ ပင်လယ်ထက် လှိုင်းထန်တဲ့ ဘဝတွေပေါ့။ သူတို့လှေအောက် ဘယ်တော့မှ မရောက်နိုင်တဲ့လှိုင်းတွေလေ။ သူတို့လှော်ခတ် ကျော်ဖြတ်နေရတာက အမြဲတမ်းမုန်တိုင်းထန်နေတဲ့ သေနတ်လှိုင်း အာဏာလှိုင်း လုပ်ပိုင်ခွင့်လှိုင်း ငွေကြေးလှိုင်း ရက်စက်မှုလှိုင်း ယုတ်မာမှုလှိုင်း ကောက်ကျစ်မှုလှိုင်းတွေကိုး။


ကမ်းခြေကို လမ်းလျှောက်တော့ အပြီးမသတ်ဘဲ ပစ်ထားတဲ့ အဆောက်အဦးသုံးဆယ်လောက်နဲ့ဝင်းကြီးတခုကိုတွေ့လို့ မေးကြည့်ရင်းက ဒီအဖြစ်ဆိုးတွေကို သိခဲ့ရတာပါ။ အဲဒါ မက်စ်မြန်မာဦးဇော်ဇော်ဟာတဲ့။ ဘာဖြစ်လို့ တိုးလို့တန်းလန်း ရပ်လိုက်သလဲတော့ အတိအကျမသိဘူးတဲ့။ အကျယ် ရှစ်ဧကလောက်ရှိမယ်။ ရပ်ထားတာ ရှစ်နှစ်လောက်ရှိပြီ။ ကြားတာကတော့ အဘတွေနဲ့ ပြဿနာဖြစ်တယ်။ ခြံသိမ်းခံရတဲ့မိသားစုတစုက ရန်ကုန်ကိုဆေးကုလာရင်း အခက်အခဲရှိတော့သူ့ကိုသွားတွေ့ပြီး ခု ဦးဇော်ဇော် ဟိုတယ်ဆောက်နေတဲ့မြေတွေထဲမှာ သူတို့မြေပါတဲ့အကြောင်း၊ဒုက္ခရောက်နေကြောင်းပြောတော့ ရော်ကြေး သိန်းခုနှစ်ရာပေးလိုက်တယ်တဲ့။ အဲဒီသတင်းပြန့်သွားရာက ကျန်တဲ့သူတွေပါ ပေးရတော့မယ်ဆိုပြီး အဘတွေနဲ့ ပြဿနာဖြစ်တယ်ဆိုဘဲ။ အဲလိုဟုတ် မဟုတ်ကတော့ သူတို့ဘဲ သိမှာပေါ့လေ။ ခုတော့ ပိုင်ရှင် လက်ပြောင်းသွားပြီ။


 ဒီလို တပ်ပိုင်ဆိုပြီး သိမ်းထားတဲ့မြေတွေကို နှစ်သုံးဆယ်စာချုပ်တွေနဲ့ ဟိုတယ်တွေကို အငှားချထားတယ်။ နိုင်ငံတော်ကို ဘယ်လောက်ပေးရလဲတော့ မသိဘူး။ တည်းခိုခန်းခတွေကတော့ အညံ့ဆုံးငါးသောင်းကနေ အလယ်အလတ် နှစ်သိန်း သုံးသိန်း အကောင်းစား ခုနှစ်သိန်းရှစ်သိန်းတွေတဲ့။ အဲဒီအကွက်ကြီး ဒီအတိုင်းဘဲထားသလို ဆေးရုံနဲ့ မျက်နှာချင်းဆိုင်အကွက်တခုလဲ ဘာမှမဆောက်ဘဲ ဒီတိုင်းဘဲ ထားလေရဲ့။ အပြီးမသတ်တဲ့ အဆောက်အအုံလေးတလုံးနဲ့ ပြိုနေတဲ့ တဲလေးတွေ့တယ်။ ဒီကနေ့ ပေါက်ဈေးနဲ့တွက်ရင် သိမ်းခံရသူတွေ ဘယ်လောက် ရင်နာရှာမလဲ။

ဇီးဖြူကုန်းသိမ်းဆည်းခံကမ်းခြေခြံမြေတွေပေါ်မှာ အခန့်သားစံမြန်းနေတဲ့ ဟိုတယ်ကြီးတွေဘေးမှာလမ်းလျှောက်ရင်း ထူးခြားတဲ့ မြေကွက်တခုကို တွေ့လို့ လျှောက်မေးကြည့်ရာက မြေဘုတ်ဘီလူးဗိုလ်ချုပ်ရူးတကောင်ရဲ့ အကြောင်းကို သိခဲ့ရပြန်သေးတယ်။
 
အိမ်မရှိတဲ့ ခြုံနွယ်အုန်းပင်တွေနဲ့ ခြံတခြံရဲ့ မျက်နှာစာမှာ အဖြူရောင်နဲ့ရေးထားတဲ့ "ဦးဘအောင်ပိုင်မြေ မကျူးကျော်ရ" ဆိုတဲ့ ဖြစ်ကတတ်ဆန်း အသားဆိုင်းဘုတ်ရယ်၊ ပိုင်ရှင်အမည် ဒေါ်ညွှန့်ညွှန့်ဦးဆိုတဲ့ စာတန်းပါတဲ့ အစိမ်းရောင် ခန့်ထည်ထည်စည်ပင်ဆိုင်းဘုတ်ရယ်တွေ့ရတယ်။ ဒါနဲ့ စိတ်ဝင်စားလို့ ဝင်းတဝင်း၊ ပိုင်ရှင်နှစ်ဦးဖြစ်နေပုံကို မေးကြည့်တော့ အဲဒါ ဗိုလ်ချုပ်မောင်ဦး တိုင်းမှူးဘဝတုန်းက ခပ်တည်တည်နဲ့ ရောသိမ်းထားတဲ့ခြံ။ ဒေါ်ညွှန့်ညွှန့်ဦးဆိုတာက သူ့မိန်းမ။ အဲဒီနာမည်နဲ့ သူပိုင်ကျင့်ထားတာ။ ခု ဦးဘအောင်သားနဲ့ အမှုဖြစ်နေတယ်တဲ့။


အဲဒီဦးဘအောင်က တော်တော်နာတယ်။ ကမ်းစပ်က သိမ်းခံရသူတွေအတွက် အကွက်ရိုက်တော့လယ်တွေလဲ အသိမ်းခံရတယ်။ ဒီခြံမြေကလဲ ကမ်းခြေမဟုတ်ဘဲ အသားလွတ် အသိမ်းခံရတယ်။အဲဒီအရင်က ဦးနေဝင်းက သူ့ဘေးက မြေကွက်တွေ တိုးချဲ့သိမ်းယူတုန်းကလဲ အဲဒီကလူငါးဆယ်လောက် နေရာပြန်ချပေးဖို့ သူ့လယ်တွေ အသိမ်းခံခဲ့ရသေးတယ်တဲ့။ ဦးနေဝင်းပိုင်ကလဲ ခုတော့ အဏ္ဏဝါပိုင်လိုလို အကျယ်ကြီးဘဲလေ။ ငှားစားတော့မလိုလိုလဲ ကြားရဲ့။ လူရည်ချွန်စခမ်းရောရှိသေးလားဆိုတော့ ကျောက်စိမ်းနဂါးတို့ ထူးတို့ရဲ့ ဟိုတယ်ဖြစ်နေပြီတဲ့။ အငှားချထားတယ်ဆိုလား။ နာလန်ထစခန်းလဲ ငှားလိုက်ပြီတဲ့။

 သူတို့ပြောတဲ့အတိုင်း နိုင်ငံတော်က အငှားချထားတယ်ဆိုရင် နိုင်ငံတော်က သူ့ရဲ့ မတရားသိမ်းဆည်းမှုအတွက် သူ့နိုင်ငံသားတွေကို ဘယ်လိုပြန်လည်ကုစားပေးမှာပါလိမ့်။ စီမံကိန်းတခုလာပြီဆိုရင် အဲဒီဝန်းကျင်ကလူတွေလဲ ခြိမ်းခြောက် ဟိန်းဟောက်တော့ တသိန်းလောက်နဲ့ရောင်းပေးလိုက်ရတာတွေလဲ ရှိသတဲ့။ တိုင်းမှူးအဆက်ဆက် ခယကအဆက်ဆက် မယကအဆက်ဆက် ဒီလိုဘဲ ဂေါ့ စပါးကြီး မဇင် ဇီးဖြူကုန်း ငပလီ ဝါးတောင်ကွင်းလင်းသာ မြပြင် ဂျိတ္တောတခွင်မှာ ဂွင်ဖန်ယူသွားကြတာတွေအများကြီးတဲ့။ သူတို့ကတော့ ပုံစံ ၇တွေ၊ ၁၀၅ တွေ၊ လန တွေ ပိုင်ဆိုင်မှုပြစရာတွေ အကုန်အစုံလုပ်ကြတာပ။ ဒေသခံတွေဆိုတာကတော့ မသိတာရော ကြောက်တာရော လုပ်မပေးတာရော နည်းမျိုးစုံခံရတာဘဲတဲ့။




အင်း ငရဲဆိုတာ မြန်မာ့တပ်မတော်ရဲ့ ထုတ်ကုန်တခုလို့ဘဲ ဆိုကြပါစို့ရဲ့။

မောင်လူရေး
0