ခိုင်ကြည်သစ် ● တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ

ခိုင်ကြည်သစ် ● တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၈

(၁)
နိုင်ငံ့ခေါင်းဆောင်တွေဟာ နိုင်ငံတော်ကို ဘယ်လိုပုံစံမျိုးနဲ့ ဦးဆောင်မလဲဆိုတဲ့ မဟာဗျူဟာအခင်းအကျင်းတွေကို ချမှတ် ထားရလေ့ရှိပါတယ်။ ဥပမာဆိုရရင် တရုတ်သမ္မ ရှိကျင့်ဖျင်က “တရုတ်စရိုက်လက္ခဏာပါတဲ့ ဆိုရှယ်လစ်စနစ်” ဆိုတာကို တင်ပြပါတယ်။ “အတော်အသင့်ချမ်းသာတဲ့ လူ့အဖွဲ့အစည်း” ပေါ်ပေါက်လာရေးကို အကောင်အထည်ဖော်ပါတယ်။ တရုတ် ပြည်က အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် သူ့ရဲ့ကမ္ဘာ့အမြင် (Global Outlook) ကိုပါ တင်ပြရပါတယ်။ နိုင်ငံများ အကြား “ကံတူအကျိုးပေး လူ့အဖွဲ့အစည်း (community of common interest)” ပေါ်ပေါက်လာရေးအတွက် နည်းလမ်း ရှာဖွေပြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း နိုင်ငံ့ခေါင်းဆောင်တွေက နိုင်ငံကို ဘယ်လိုမဟာဗျူဟာနဲ ဦးဆောင်မလဲဆို တာကို ပြည်သူလူထုက သေသေချာချာ ဂဃနဏ သိထားဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။

မြန်မာနိုင်ငံအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တင်ပြတဲ့မဟာဗျူဟာကတော့ “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အ ပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” လို့ ဆိုပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မဟာဗျူဟာ တစ်ခုဖြစ်ပေမယ့် အတော်တော့ လက်ဝင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အထူးစိုးရိမ်မိတာကတော့ နိုင်ငံရေးစနစ်  ပြုပြင်ပြောင်းလဲမှုကို နောက်တန်းပို့လိုက်ပြီး အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို ပိုနေမြဲ၊ ကြားနေမြဲထားပြီး ဗျူရိုကရေစီယန္တယားပြုပြင်ပြောင်းလဲမှုနဲ့ပဲ ဖွံ့ဖြိုးတိုး တက်မှုကို တည်ဆောက်ယူတာမျိုး ဖြစ်မှာကိုပါ။ သမ္မတကြီး ညွှန်းဆိုသွားတဲ့ “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်း အလဲတွေလည်း ဖြစ်ပေါ်စေ” ဆိုတဲ့စကားအပေါ် လုံးကောက် နားလည်မိတာကတော့ အပြောင်းအလဲတွေပေါ်ပေါက်လာဖို့ ကြိုးစားရာမှာ တည်ငြိမ်မှုကို မထိခိုက်စေတဲ့နည်းနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုလိုကြောင်း နားလည်မိပါတယ်။

ဒီနေရာမှာ “အပြောင်းအလဲ” ဆိုတာ ဘာကိုဆိုလိုတာလဲ၊ “တည်ငြိမ်မှု” ဆိုတာ ဘာကိုပြောတာလဲဆိုတဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်တွေကို ရှင်းရှင်းလင်းလင်းသိရဖို့ လိုအပ်ပါတယ်။ သမ္မတကြီး ညွှန်းဆိုသွားတဲ့ “အပြောင်းအလဲ” ဟာ ဗျူရိုကရက် ယန္တရား အပြောင်းအလဲကို ဆိုလိုတာလား၊ နိုင်ငံရေးစနစ် အပြောင်းအလဲကိုဆိုလိုတာလား မသိရသေးပါဘူး။ နှစ်သစ်ကူးမိန့် ခွန်းမှာတော့ ဗျူရိုကရက်ယန္တရားကို ဘယ်လိုပြုပြင် မောင်းနှင်မယ်ဆိုတဲ့အချက်ကို အဓိကထားပြောသွားပြီး နိုင်ငံရေးစနစ်ကို ဘယ်လိုပြောင်းလဲမှာလဲဆိုတာကို ထုတ်ဖော်  ပြောဆိုသွားတာ မရှိပါဘူး။ “တည်ငြိမ်မှု” ဆိုတာကရော ဘာကို ညွှန်းဆိုသလဲ ဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုတွေကို ဆိုလိုတာလား၊ နိုင်ငံရေးတည်ငြိမ်မှုကို ဆိုလိုတာလား၊ အဲဒီ နိုင်ငံရေးဆိုတဲ့အထဲကမှ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတည်ငြိမ်မှုကို ဆိုလိုတာလား ဆိုတဲ့ သိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သီအိုရီသဘောအရတော့ “အပြောင်းအလဲ” ဟာ ပုံစံတစ်မျိုးမှာ နေသား တကျ ရှိနေတဲ့အရာကို အခြားပုံစံတစ်မျိုးကို ကူးပြောင်းသွားစေတာမို့ “တည်ငြိမ်မှု” ကို အနည်းနဲ့အများ ထိခိုက်စေမှာပဲဖြစ်ပါ တယ်။ ဒါကြောင့် “အပြောင်းအလဲ” ကို ဦးစားပေးလွန်းရင် “တည်ငြိမ်မှု” ကို ထိခိုက်နိုင်ပြီး၊ တည်ငြိမ်မှု” ကို ဦးစားပေးလွန်းရင် “အပြောင်းအလဲ” က မြန်မြန်ပေါ်ပေါက်လာဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

(၂)
တကယ်တော့ လတ်တလောမှာကိုပဲ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို၊ ကရင်ပြည်နယ်မှာ လည်း ပစ်ခတ်မှု တွေ ရှိနေတာဖြစ်ပါတယ်။ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲဖြစ်ပွားတာဟာ မထောင်း သာလှပေမယ့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ပစ်စခတ်မှုတွေကတော့ စိုးရိမ်စရာ ပိုကောင်းတယ်လို့ ယူဆမိပါတယ်။ တကယ်တော့ ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ဘယ်သူတွေပဲ တိုက်တိုက်၊ စစ်ပွဲဆိုရင် ဆန့်ကျင်ရမှာပါပဲ။ ကချင်နဲ့ တိုက်တာတော့ မှန်တယ်၊ ကရင်နဲ့ တိုက်တာ မှားတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အပစ်ရပ်စာချုပ်ထိုးထားသည့်တိုင် တိုက် ပွဲတွေဖြစ်နေသေးတဲ့အတွက် ပြည်သူရဲ့ ငြိမ်းချမ်းရေး  မျှော်လင့်ချက် ကင်းမဲ့စေတယ်ဆိုတာကို တင်ပြလိုရင်း ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုစဉ်စားစရာရှိတာက စစ်ပွဲတွေရှိနေတဲ့ တိုင်းပြည်တစ်ပြည်မှာ “တည်ငြိမ်မှုက ဘယ်လိုရှိနိုင်မှာလဲ” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ သမ္မတကြီးက လမ်းတွေ မိုင်ဘယ်လောက်ရှည်အောင် ခင်းပေးမယ်လို့ ကတိပေးချိန်မှာ အဲဒီလမ်းခင်း မယ့်ဒေသမှာ စစ်ပွဲဖြစ်ရင် အဆင်ပြေပါ့မလား။ လျှပ်စစ်မီး မဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ် ပေးနေရာကနေ မဂ္ဂါဝပ် ၆၀၀၀ အထိ တိုးတက်ထုတ်လုပ်ဖို့ ပြောပေမယ့် လျှပ်စစ်ထုတ်လုပ်မယ့် အခြေခံအဆောက်အအုံတွေရဲ့လုံခြုံရေးအတွက် ငြိမ်းချမ်းရေး ရရှိနေဖို့ လိုအပ်ပြန်တာပါပဲ။ တချိန်တည်းမှာ တိုက်ပွဲတွေရှိ  နေသမျှ စစ်အသုံးစရိတ်တွေကို လွှတ်တော်က ခွင့်ပြုပေးနေရတဲ့ ကိစ္စကလည်း စဉ်းစားစရာ တစ်ချက်ပါ။ လက်ရှိအစိုးရအနေနဲ့ သယံဇာတတူးဖော်ရောင်းချနေမှုတွေကို လျော့ချတာ၊ ကန့် သတ်တာ၊ ရပ်တန့်တာတွေလုပ်နေသလို တဖက်မှာလည်း နိုင်ငံရဲ့ဘတ်ဂျတ်လိုငွေပြမှုကို ငွေစက္ကူတွေရိုက်ထုတ်တဲ့ နည်းနဲ့ မဖြေရှင်းတာကြောင့် အစိုးရရဲ့ဝင်ငွေရလမ်းဟာ အခွန်ဘဏ္ဍာတစ်ခုပဲ အဓိကလို ရှိနေတာပါ။ ဒါကြောင့် လွှတ်တော်က ခွဲ ဝေချထားရမယ့် စစ်စရိတ်ဟာလည်း ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာကနေပဲ ပေးရမှာ ဖြစ်ပါတယ်။ စစ်ပွဲတွေရှိနေလို့ စစ်စရိတ်  တွေ ကုန်နေတာနဲ့အမျှ ပြည်သူလူထုက အခွန်တွေ မလိုအပ်ပဲပိုဆောင်နေဖို့ လိုအပ်မှာဖြစ်သလို၊ ဖွံ့ဖြိုးရေးအတွက်အသုံး ပြုရမယ့် ဘဏ္ဍာငွေတွေလည်း လျော့နည်းနေဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၃၃၉ က “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေး အတွက် တပ်မတော်က ဦးဆောင်ရမည်” ဆိုတဲ့ ပြဌာန်းထားတာကြောင့် လက်ရှိစစ်ပွဲတွေအား လုံးအပေါ် အရပ်သားအစိုးရ၊ လွှတ်တော်တို့က ဘာမှဝင်ရောက်ပတ်သတ်နိုင်တဲ့အနေအထားမရှိ ဖြစ်နေတာပါ။ ဒါပေမယ့် စစ်ပွဲတွေအတွက် အသုံးစရိတ် ကိုတော့ အစိုးရက အခွန်ကောက်ပြီး ရှာပေးရသလို လွှတ်တော်က ခွင့်ပြုပေးနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်ခါစ ပထမနှစ်မှာ ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက်  ဆောင်ရွက်ခဲ့ပြီး အဲဒီလုပ်ငန်းစဉ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး  အတွက် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးနှစ်ကြိမ် ကျင်းပနိုင်ခဲ့သလို၊ အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် အခြေခံမူအတော်များများကို သဘောတူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်မှာ ငြိမ်းချမ်းရေးကိုသာ အာရုံစိုက်ပြီး စီးပွားရေးကို အာရုံမစိုက်ဘူး ဆိုတဲ့ ဝေဖန်သံတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာပါတယ်။ ဒါကြောင့်ပဲ အစိုးရက ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးစကားတွေကို လျော့ပြောလာရပြီး လူမှုစီးပွားဘဝမြင့်မားရေးဘက်ကို လှည့်ရပြန်ပါတယ်။ ထင်ရှားတာကတော့ နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” ဆိုတဲ့ စကားသာပါပြီး တည်ငြိမ်မှုနဲ့ စစ်မှန်တဲ့ အပြောင်းအလဲအတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာတွေကို ချန်လှပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

(၃)
အများစုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သတ်ချက်ကိုပြောကြတဲ့အခါ လွှတ်တော်ထဲမှာ ၂၅ ရာ ခိုင်နှုန်းသော ရွေး ကောက်ခံမဟုတ်သူများ ရှိနေတာ၊ အစိုးရအဖွဲ့ထဲမှာ အုပ်ချုပ်ရေးအာဏာကိုကိုင်ထားတဲ့ အဓိကဝန်ကြီးဌာနတွေကို ရွေး ကောက်ခံသမ္မတက ရွေးချယ်ခွင့်မရှိတာ စတဲ့ အချက်တွေကို ထောက်ပြလေ့ရှိကြပါ တယ်။ အစိုးရအဖွဲ့ထဲမှာ ပြည်သူအများစုလက်ညှိုးထိုးတာကတော့ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနထဲမှာမှ အထွေထွေအုပ်ချုပ် ရေးဦး စီးဌာနဟာ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှာ အုပ်ချုပ်ရေးအာဏာကို အုပ်စီးထားတဲ့ ဌာနမို့ သတိအပြုမိဆုံးဌာန ဖြစ်ရပြန်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သတိချပ်သင့်တာက အခြေခံဥပဒေပုဒ်မ ၃၃၈ အရ နိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ အရပ်သားအုပ်ချုပ်မှုအောက်မှာ လုံးဝရှိမနေဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ အစိုးရအ နေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းကို စိတ်ကြိုက်မကွပ်ကဲနိုင်သလို၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုလည်း လွှတ်ထားရပါ တယ်။ ဒါ့အပြင် အားလုံးမေ့နေတာကတော့ ထောက်လှမ်းရေးအဖွဲ့အစည်းများ ဖြစ်ပါတယ်။ သမ္မတက အဂတိလိုက်စားမှုတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေ၊ တင်ဒါကိစ္စတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ပြောပေမယ့် အဲဒီလိုကိုင်တွယ်နိုင်ဖို့ သူအားကိုး နိုင်တာက အဂတိလိုက်စားမှုကော်မရှင်လို အဖွဲ့အစည်းတွေသာဖြစ်ပြီး ပြဿနာကို ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးနိုင်မယ့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနလို အဖွဲ့အစည်းတွေကလည်း အရပ်သားအစိုးရရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိမနေဘူး ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။ စကားတစ်ခွန်းထဲနဲ့ ချုပ်ပြောရရင် သမ္မတကြီးတင်ပြတဲ့ အပြောင်းအလဲတွေ ဖြစ် ပေါ်လာဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် နှောင့်နှေးနေလိမ့်ဦးမယ်ဆိုတာပါပဲ။

(၄)
“တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်းဖြစ်ပေါ်စေ” ဆိုတာ ကြိုဆိုအပ်တဲ့ မဟာဗျူဟာ တစ်ရပ်ဖြစ်ပါ တယ်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်တွေကြောင့် တည်ငြိမ်မှုရှိရှိနဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ ဆိုတာ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ပြောင်းလဲနိုင်ဖို့ ငြိမ်းချမ်းရေးလိုအပ်ပြီး ငြိမ်းချမ်း ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက ခွဲခြားမရတဲ့ ကိစ္စဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ဆောင်ရွက်ရာမှာ ငြိမ်း ချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ယှဉ်တွဲစဉ်းစား ဆောင်ရွက်ပေးဖို့ အကြံပြုတောင်းဆိုလိုပါတယ်။ တချိန်တည်းမှာ ပြည်သူလူထု အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရကို အကြံပြုတိုက်တွန်းတာ၊ အပြုသဘောဝေဖန်တထောက်ပြတာတွေနဲ့အတူ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့အတွက်လည်း ထောက်ခံဝန်းရံပေးကြဖို့ လိုအပ်ပါကြောင်း အကြံ ပြုတင်ပြလိုက်ရပါတယ်။
0