စိန်ဝင်း ● သနားစရာ သတင်းစာဆရာ

စိန်ဝင်း ● သနားစရာ သတင်းစာဆရာ
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၈

သူ့ လူမှုကွန်ရက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြသည်။

ဖေ့စ်ဘွတ်ခေတ်မှာ ဖေ့စ်ဘွတ်ဆယ်လီတွေရဲ့ နိုင်ငံရေးမှာ အရေးပါမှုက ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တွေထက် ပိုလာပါ တယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာလုပ်တဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးလုပ်တဲ့ နိုင်ငံတကာကွန်ဖရင့်မှာ ဟောပြော တဲ့ အင်ဒိုနီးရှားသတင်းစာဆရာတစ်ယောက်က သူတို့သမ္မတ ဂျိုကိုဝီက ဖေ့စ်ဘွတ်ဆယ်လီတွေကို ညစာစားပွဲနဲ့တွေ့ဆုံတာ နှစ်ခါရှိသွားပြီ။ တို့သတင်းထောက်တွေကို ဘယ်တုံးက တွေ့ဖူးလဲလို့ ပရိတ်သတ်ကိုမေးတယ်။ အင်ဒိုနီးရှားသတင်းစာဆရာတွေအားလုံးက နိုး ပါတဲ့။ (ကိုကတော့ တို့နိုင်ငံလည်း ဘာထူးလို့လည်းလို့ စိတ်ထဲပေါ်မိတယ်။)

ဒစ်ဂျစ်တယ်ခေတ်မရောက်ခင် ဒီထက်ပိုတိတိကျကျပြောရရင် ဆိုရှယ်မီဒီယာခေတ်မတိုင်ခင်က သတင်းခန်းတွေက သတင်းတွေကို ထိန်းချုပ်ထားတယ်။ သတင်းတွေက စိစစ်ပြီးမှ ထွက်လာတာ။ အဲဒီတော့ သတင်းစာဆရာတွေက ပါဝါကြီးတယ်။ နိုင်ငံရေးသမားက သူနဲ့အဆင်ပြေမှ နိုင်ငံရေးလုပ်လို့ရတယ်လို့ ပြောလို့ရတယ်။ မီဒီယာကွန်မြူနီကေးရှင်းကိုလုပ်တဲ့အခါ သတင်းစာဆရာကို တည်ပြီးလုပ်ရတယ်။

အခုတော့ ဖေ့စ်ဘွတ်ခတ်၊ သတင်းခန်းက သတင်းလိုက်လို့မရသေးဘူး။ ဖေ့စ်ဘွတ်မှာ သတင်းတက်ရုံမက ရှယ်တွေပြန့် နေပြီ။ သတင်းသမားက နတ်ကရာ ကျီးမောလုပ်နေကြရတယ်။ သတင်းအရင်းအမြစ်လိုက်တာလုပ်နေရတယ်။ ဒီမှာ ဖေ့စ်ဘွတ်ဆယ်လီအခန်းကဏ္ဍက အရေးပါလာတယ်။ နိုင်ငံရေးပါတီတွေက ဆယ်လီတွေမွေးထားကြတယ်။ သူတို့နဲ့ သက်ဆိုင်ရာ နိုင်ငံရေးလိုင်းတူရာ တူရာပေါ့။ မြန်မာပြည်မှာကြည့်ရင် အန်အယ်ဒီလည်းရှိတယ်။ ကြံ့ခိုင်ရေးလည်းရှိတယ်။ စစ်တပ်ကလည်းရှိတယ်။ သိပ်မတွေ့ရတာက တိုင်းရင်းသားပါတီဘက်ပဲ။ ဒါတောင် တစ်ချို့ရှိလာနေပါပြီ။ ဖေ့စ်ဘွတ်ကို စစ်တိုက်သလိုသုံးတာကတော့ အမျိုးသားရေးအုပ်စုပဲ။

သတင်းသမားက သတင်းတည်းဖြတ်မှုအဆင့်ဆင့်ဖြတ်သန်းရတယ်။ ကျင့်ဝတ်ကလည်း ထိန်းထားသေးတယ်။ သူက အင် ဖော်မေးရှင်းကို အခြေပြုရတယ်။ ဘက်မျှအောင်လုပ်ရတယ်။ ဘက်မလိုက်အောင် နေရတယ်။ (သတင်းအရည်အချင်း နည်းတာကတော့ ကိစ္စတစ်ခုပေါ့)။ သတင်းကို ခြေခြေမြစ်မြစ်တင်ပြဖို့ ဘက်ပေါင်းစုံလိုက်ရတယ်။

ဆယ်လီကကြတော့ သတင်းအချက်အလက်ရယ်လို့မဟုတ်ဘဲ သူထင်ရာမြင်ရာတွေရေးတယ်။ အကြောင်းကိစ္စတစ်ခုကို သူ့အထင်နဲ့ရေးလိုက်တာပဲ။ အတွေးအမြင်ဆိုတော့ မှားလည်း ဘာအကြောင်းလဲ။ အချက်အလက်ကကြတော့ အဲသလို မဟုတ်ဘူး။ ထင်းကနဲ အမှားပေါ်တယ်။ ပညာမြင့်လို့ (အယုံမလွယ်တတ်တဲ့စိတ်) ရှိရင် အထင်အမြင်တွေကို အင်ဖော် မေးရှင်းလို အလေးမပေးတတ်ပေမယ့် ပညာနိမ့်ပါးတဲ့ဒေသ (ဝေဖန်ဆန်းစစ်မှု နိမ့်ပါးတဲ့အရပ်တွေ) မှာ ရယ်ဒီမိတ်စဉ်းစား ပေးလိုက်တာကို အလွယ်တကူလက်ခံတတ်တော့ ဆယ်လီက ပိုပေါက်တယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်ခေတ် လူအတော်များ များက စာကို သေချာမဖတ်တော့ဘူး။ ခေါင်းစဉ်လေးဖတ်ပြီး like လုပ်လိုက်တာ၊ ဆဲလိုက်တာက များလာတယ်။ တဘက်မှာ လည်း ကိုယ့်ထမင်းကိုယ်ရှာစားဖို့လုပ်နေရတာကများတော့ အချိန်မပေးနိုင်တာရယ်၊ သတင်းအချက်အလက် ပေါက်ကွဲမှုကြီး တာရယ်ကြောင့် လူတွေသတင်းတွက် အချိန်ပေးးနိုင်မှုက အပေါ်ယံဆန်လာတယ်။ ကျွန်တော်ကတော့ ဒီအခြေအနေဟာ လူသားသမိုင်းမှာပထမဆုံး စိန်ခေါ်မှုရယ်လို့ ဂျကာတာ ကွန်ဖရင့်မှာ ပြောခဲ့တယ်။ လူသားအတွက် သတင်းတွေရနိုင်တဲ့ နေရာတွေက ပေါမှပေါတဲ့ခေတ်။ မနက်မိုးလင်း မျက်လုံးပွင်တာနဲ့ ဖေ့စ်ဘွတ်ရှိတယ်။ တီဗီရှိတယ်။ အက်အမ်ရှိတယ်။ ပုံနှိပ်လား ရှိတာပဲ။ ပလက်ဖောင်းပေါင်းစုံက သတင်းတွေ လုပေးနေကြတာ။ သတင်းတွေကလည်း ပေါင်းစုံ။ လူသားက သတင်းတစ်ခုကို ထဲထဲဝင်ဝင်သိဖို့လုပ်ဖို့တောင် အချိန်မကြန်တော့ဘူး။ လူမှာ အာရုံက တစ်ခုကြီးစိုးထားရင် တစ်ခြားက ၀င်လို့မရတော့တာ လူသားရဲ့ အားနည်းချက်။

လူဆိုတာ အထူးသဖြင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာက စူးစူးရှရှပြောလေ ကြိုက်လေပဲ။ ပယ်ပယ်နယ်နယ်ဆဲလေ ကြိုက်လေပဲ။ ဒါ့အပြင် ကြိုက်တာ မကြိုက်တာထား၊ သူဘာပြောလည်း သိချင်တာကလည်း ရှိသေးတယ်။ အဲဒီတော့ ဆယ်လီမှာ ဖော်လိုဝါးများတယ်။ အဲမှာ လူအုံတော့ လူထပ်စိတ်ဝင်စားဆိုသလို စပ်စုတဲ့လူတွေပိုလာပြန်တယ်။ ဆယ်လီတွေ က ၀င်ငွေပိုကောင်းတယ်။ သတင်းသမားတွေဝင်ငွေဆိုတာ ဆယ်လီက သနားတယ်။ ဆယ်လီဆိုတော့ ကျင့်ဝတ်ကလည်း ထူးထူးခြားခြားမရှိဘူး။ ဥပဒေအရ မချိုးဖောက်မိဖို့ဘဲလိုတယ်။ နိုင်ငံရေးသမားနဲ့ သတင်းသမားတွေပေါင်းကြပြီး ကိုယ်ကျိုး အတွက် သတင်းလုပ်တာ၊ ပင်းတာ မရှိဘူးလားဆိုတော့ ပင်းတဲ့သူတွေရှိပါတယ်။ ခိုးပင်းတာရှိတယ်။ မပင်းသလိုနေပြကြ တာတွေရှိတယ်။ ဆယ်လီကတော့ အဲသလိုမဟုတ်ဘူး လုပ်ချင်ရင် နိုင်ငံရေးသမားပေါင်ပေါ် တက်ပါထိုင်နေလို့ရတယ်။ ဒါကလည်း သူ့ရွေးချယ်ခွင့်မဟုတ်လား။

ကမ္ဘာ့စီးပွားရေးအီနေတော့ အထူးသဖြင့် ဒီမိုကရက်တစ်နိုင်ငံတွေမှာ အထည်ကြီးပျက်ရကိန်းဖြစ်လာတော့ နိုင်ငံရေးရေစီ ကြောင်းကလည်း ဗိုလ်ကျားသေနတ် ကိုင်ထင်ရာ ကိုယ်လုပ်အမှန်ဖြစ်လာတာကလည်း လူ့ဘောင် စံတွေ၊ အများကိန်းတွေ စဉ်းစားမှုလျော့လာတယ်။ အဲဒါကလည်း သတင်းစာကျင့်ဝတ်တွေအလကားပါဆိုတာတွေဖြစ်လာတယ်။ အဲဒီမှာ ဆယ်လီေ တွနေရာ ပိုရလာစေတာပါပဲ။

Comments