ဌေးဝင်း (ဂျာမဏီ) ● ထမင်း

ဌေးဝင်း (ဂျာမဏီ) ● ထမင်း
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

လောကမှာ ငါဟာ တော်တော်အရေးပါတဲ့ ကောင်ပါလား၊ ငါသာလျှင် အရေးအကြီးဆုံး၊ ငါမရှိရင် မဖြစ်၊ ငါမရှိရင် လူဆိုတဲ့ သတ္တဝါတွေ ဘယ်အသက်ရှင်နေနိုင်မလဲ။ အထူးသဖြင့် အာရှတိုက်သား လူသတ္တဝါတွေပေါ့။ “ရေအသက် တမနက်၊ ထမင်း အသက် တရက်” တဲ့၊ ဆိုရိုးစကားတောင် ရှိသေးမဟုတ်လား။ ငါ တရက်တလေလေးများမရှိခဲ့ရင် ဒီလူသတ္တဝါတွေ မနေနိုင် တော့ဘူး။ ငါ့ကို ဒီလူသတ္တဝါတွေက “ထမင်း” လို့ ခေါ်ကြတယ်။ ငါဘယ်လိုဘယ်ပုံ ထမင်းဘဝရောက်လာလဲ သိလား၊ ဆန်ကနေ ဖြစ်လာတာပေါ့။ လူသတ္တဝါတွေက ဆန်ကနေ ငါ့ကို “ထမင်း” အဖြစ် ချက်ပြုတ်ကြတယ်။ ဆန်ရော ဘယ်ကရလဲ သိလား၊ တချို့သူတွေကတော့ ဆန်ကို ဆန်အိုးထဲက ရတာပေါ့လို့ ဖြေကြလိမ့်မယ်။ တချို့သူတွေအတွက်ကတော့ ဆန် ရနိုင်ဘို့၊ ဆန်ဝယ်နိုင်ဘို့ ခက်ခဲပင်ပမ်းလှပါတယ်။ တချို့တွေဆို ဘဝနဲ့ရင်းရပါတယ်။ ငါ့ကို စားသုံးနိုင်ဘို့ လူသတ္တဝါတွေ သူတို့ရဲ့ ဘဝအထွေထွေမှာ အမျိုးမျိုးအဖုံဖုံ နည်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှား နေကြရတာကလား။

တချို့သူတွေကတော့ ငါ့ကို အလျှံပယ် စားသုံးကြတယ်၊ သူတို့မှာ အလျှံပယ်လွန်းလို့ ထမင်းကျန် ဟင်းကျန်ဆိုပြီး လွှင့်ပစ် သူတွေလဲ ဒုနဲ့ဒေးရှိသေး၊ ဒီ လွှင့်ပစ်လိုက်တဲ့ ထမင်းကျန် ဟင်းကျန်တွေက အမှိုက်ပုံကိုရောက်၊ ဒီ အလျှံပယ်လှတဲ့ လူ သတ္တဝါတွေ ငါ့ကို တော်တော်ရက်စက်ကြတာပါလား။ အမှိုက်ပုံထိရောက်အောင် ငါ့ကို စွန့်ပစ်ကြတယ်။ ဒီလူတွေ တယ် အသိဉာဏ် နည်းပါးကြပါလား။ ဒါပေမဲ့ ငါဝမ်းမနည်းဘူး။ တဘက်မှာ ငါဝမ်းသာရတာက ဒီအမှိုက်ပုံတွေမှာ ငါ့ကို စောင့်နေသူ တွေ ရှိနေကြတယ်လေ။ အမှိုက်ပုံတွေမှာ ရှာစားနေရတဲ့ လူမမယ် ကလေးငယ်တွေ၊ မိစုံဘစုံရော မိဘမဲ့တွေရော စုံလို့ရော ပေါ့။ တချို့သော အမယ်အို အဘိုးအိုတွေလဲ ပါလိုက်သေး။ စွန့်ပစ်ခံရတဲ့ ငါဟာ သူတို့ အတွက်ကတော့ နတ်သုဓ္ဒါပေါ့။ ငါဟာ စွန့်ပစ်ခံရတဲ့ အထိတိုင်အောင် အရေးပါ အရာရောက်လှပါကလား။ ဒါဟာ ဘာကြောင့်လဲ။ တဘက်မှာ အလျှံပယ် စားမကုန် သောက်မကုန်ကြသူတွေ ရှိနေကြပီး အခြားတဘက်မှာ အမှိုက်ပုံတွေမှာ ရှာဖွေ စားသောက်နေရတဲ့သူတွေ ရှိနေ ကြလို့ဘဲ ဖြစ်တယ်။

ငါတို့ ဗမာပြည်မှာ ကိုယ့်ရဲ့ အလုပ်ရှင်ကို ထမင်းရှင်လို့ ခေါ်ကြတယ် မဟုတ်လား၊ ငါ့ကို ဂုဏ်ပြုပီး ခေါ်တာလေ၊ အလုပ်ရှင်ကို ဂုဏ်ပြုတာ မဟုတ်ဘူး။ အလုပ်သမားတွေ ဝန်ထမ်းတွေက လုပ်အား စွမ်းအား ဉာဏ်အားတွေ ပေးလို့ အလုပ်ရှင်တွေက ထိုက်တန်တဲ့ (မထိုက်တန်တဲ့) လုပ်ခ လစာတွေ ပြန်ပေးရတာ မဟုတ်လား၊ လဲလှယ်တဲ့ သဘောပါဘဲ။ ဒီ လုပ်ခ လစာတွေနဲ့ အများပြည်သူ လူသတ္တဝါတွေ ငါ့ကို ရနိုင်ကြတာမဟုတ်လား။ အများစုက ငါ့ကို ရနိုင်ဘို့အတွက် အတော့်ကို ရုန်းကန်နေကြရ တာကလား။ ဒီကနေ့ ဗမာပြည်ရဲ့ ခေတ်ကာလအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်း၊ နေ့တဓူဝ ကြုံတွေ့နေရတဲ့ ဗမာပြည်သူ တွေရဲ့ လက်တွေ့ ဘဝတွေအရ “ကိုယ့်ထမင်းလေး ကိုယ်ရှာစား” နေရတာဘဲ၊ “ကိုယ့်ထမင်းလေး ကိုယ်ရှာစား” နေတာဘဲ ကောင်းပါတယ် ဆိုတဲ့ စကားသံတွေကိုလဲ ကြားနေရတယ်။ ငါကတော့ မရှိမဖြစ် အဓိက ဇာတ်ကောင်ဘဲ၊ စင်ပေါ်ကဘဲ။

ဗမာပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာမှာလဲ ငါမပါရင် မဖြစ်ဘူး။ ငါတို့ ဗမာလူမျိုးတွေ တဦးနဲ့တဦး တွေ့ရင် “ထမင်း စားပီးပလား၊ ဘာဟင်းနဲ့ စားလဲ” ဆိုပီး နှုတ်ဆက်စကား ဆိုကြတယ်၊ ငါ့ကိုဘဲ ဦးတည်ကြရတာဘဲ မဟုတ်လား။ နောက် “တလုပ်စားဘူး သူ့ကျေးဇူး” ဆိုတဲ့ ဗမာစကားပုံတခုရှိသေးတယ်၊ တလုပ်စားဘူးဆိုတာ ထမင်းတလုပ်ကို ပြောတာ။ သူတပါးရဲ့ ထမင်းတလုပ်ကို စားဘူးတာနဲ့ သူဟာ ကိုယ့်ရဲ့ကျေးဇူးရှင်ဘဲ၊ “သူတပါး ကျေးဇူးကိုသိခြင်း” ဆိုတဲ့ ၃၈ ဖြာ မင်္ဂလာ တရားတော်နဲ့ညီတဲ့ ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ ယုံကြည်ခြင်း ယဉ်ကျေးမှုဘဲ။ ဗမာလူမျိုးတွေရဲ့ ဒီချစ်စရာ ယဉ်ကျေးမှုဓလေ့များကို အစဉ် စောင့်ရှောက်ထိမ်းသိမ်းကြခြင်းဖြင့် ငါ့ကို ဂုဏ်ပြုကြပါလို့ ငါဆန္ဒပြုတယ်။

“ရေအသက် တမနက်၊ ထမင်းအသက် တရက်” ဆိုတဲ့ စကားကို ငါ ပြောပြခဲ့ပီးပီ။ ဒါပေမဲ့ ငါ့ရဲ့ စာရေးသူရဲ့ အတွေ့အကြုံလေးကို ပြောပြရဦးမယ်။ ငါ့ရဲ့ စာရေးသူ ဘဝ တက္ကသိုလ်ကို တက်ရောက်စဉ်က စစ်အာဏာရှင် တွေရဲ့ လက်ပါးစေ ထောင်အာဏာပိုင် တွေရဲ့ ဖိနှိပ်မှုတွေကို ငါ့ရဲ့ စာရေးသူ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေက အမြဲတစေ တန်ပြန် တွန်းလှန်ခဲ့တဲ့ အတွက် ထောင်တွင်းတိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ အဲဒီ ထောင်တွင်းတိုက်ပွဲတွေထဲက အစာငတ်ခံ တိုက်ပွဲ နှစ်ခုမှာ ငါ့ရဲ့ စာရေးသူ ပါဝင် တိုက်ပွဲဝင်ခဲ့တယ်။ ငါ့ကိုစားသုံးဘို့ သူကငြင်းဆန်ခဲ့တယ်။ အဲဒီ တိုက်ပွဲတွေတုန်းက ကောက်ကျစ် ယုတ်မာ ပက်စက် လှတဲ့ အာဏာပိုင်တွေက အစာငတ်ခံ တိုက်ပွဲဝင်သူတွေကို သောက်ရေပါ ဖြတ်ပလိုက်တယ်။ အဲဒီ အတွက် တိုက်ပွဲဝင်သူ အချို့ဟာ မိမိရဲ့ ကျင်ငယ်ရေကို ပြန်သောက်ရတာမျိုး ရှိခဲ့တယ်၊ နောက်ပိုင်းမှာတော့ ကျင်ငယ်ရေလဲ ထွက်မလာတော့ပါဘူး။ စိတ်ဓါတ် စစ်ဆင်ရေး အရ ပတ်ဝန်းကျင်ကနေ ဇွန်းသံ ပန်းကန်သံ၊ သောက်ရေအိုးထဲကနေ သောက်ရေခပ်သံတွေ ပေးကြ သေးတယ်။ ငါ့ရဲ့ စာရေးသူဟာ ဒီထောင်တွင်းတိုက်ပွဲ နှစ်ခုမှာ ပထမအကြိမ်မှာ ၅ ရက်၊ ဒုတိယ အကြိမ်မှာ ၇ ရက၊် အစာ ငတ်ခံ တိုက်ပွဲဝင်ခဲ့တယ်။ ငါ့ကိုစားသုံးဘို့ ငြင်းဆန်ခဲ့တဲ့ ငါ့ရဲ့ စာရေးသူကို ငါ ဂုဏ်ပြုပါတယ်။

ဒီထက် အဆမတန် ဂုဏ်ပြုထိုက်တဲ့၊ ဂုဏ်ရောင်ပြောင်တဲ့ အာဂ သူရဲကောင်းတွေ ရှိ ကြပါတယ်။ မဆလ စစ်အာဏာရှင် လက်ထက် ၁၉၆၉ ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၉၇၁ ခု နိုဝင်ဘာလထိ ကိုကိုးကျွန်းမှာ နေထိုင်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ၁၉၇၁ ခု ဇွန်လ ၉ ရက် နံနက် ၈ နာရီ အချိန် ကစပီး ဇူလိုင်လ ၃၁ ရက် ည ၇ နာရီထိ တိုက်ပွဲဝင်ခဲ့တဲ့  နောက်ဆုံး ကျွန်းသိမ်းတိုက်ပွဲလို့ နာမည်ကျော်ခဲ့တဲ့ (ကျွန်း မြေလှန် ဖျက်သိမ်းရေး တိုက်ပွဲ) အစာငတ်ခံ တိုက်ပွဲကို ၅၃ ရက်ကြာ ဖေါ်ဆောင်ခဲ့ကြတယ်။ ဒီ ရဲရဲတောက် အာဂ သူရဲကောင်းတွေက ငါ့ကိုစားသုံးဘို့ ငြင်းဆန်ခဲ့တယ်။ ဒါကြောင့် ဒီ ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲမှာ ရဲဘော် ၈ ဦး ကျဆုံးခဲ့တယ်။

၃၇ ရက်မြောက်နေ့မှာ ပထမဆုံး ရဲဘော် သိန်းကြည် ကျဆုံးခဲ့ရပီး၊ နောက် အဆင့်ဆင့် ရဲဘော် အုန်းမော်၊ ရဲဘော် ချစ်ဆွေ၊ ရဲဘော် စိန်ချင်း၊ ရဲဘော် ထွန်းမြင့်၊ ရဲဘော် ထွန်းဝင်းတို့ ကျဆုံးခဲ့ရတယ်။ ၅၃ ရက်မြောက်နေ့မှာ ရဲဘော် မောင်မောင်စိုး၊ ရဲဘော်လေးမောင်တို့ ကျဆုံးခဲ့ရတယ်။ အဲဒီနောက် အစာငတ်ခံတိုက်ပွဲ အောင်မြင်ပီး အာဏာပိုင်တွေဆီက ကိုကိုးကျွန်း နိုင်ငံရေး အကျဉ်းစခန်းကို ဖျက်သိမ်းပီး ပြည်မ ပြန်ပို့ပါမယ်ဆိုတဲ့ ဂတိကိုရခဲ့တယ်။ ဒီ ဂုဏ်ရောင်ပြောင်တဲ့၊ ငါ့ကိုစားသုံးဘို့ ငြင်းဆန်ခဲ့တဲ့၊ ယုံကြည်ချက်အတွက် အသက်ကို ပဓါနမထား ရဲရဲတောက် တိုက်ပွဲဝင်သွားခဲ့တဲ့ အာဂ သူရဲကောင်းတွေကို ငါ အလေးနီ ပြုပါတယ်။

ဌေးဝင်း (ဂျာမဏီ)

Comments