ကိုသန်းလွင် ● စတီဖင်ဟောကင်း ပေးသောလက်ဆောင်

ကိုသန်းလွင် ● စတီဖင်ဟောကင်း ပေးသောလက်ဆောင်
(မိုးမခ) ဧပြီ ၁၈၊ ၂ဝ၁၈

(၁)
စတီဖင်ဟော့ကင်းကတော့ ကွယ်လွန်သွားခဲ့ပါပြီ။ သို့သော် သူသည် အလွန်ရှုပ်ထွေးပြီး အဖိုးထိုက်တန်သော ဖြေရှင်းရန် ခက်ခဲသောပြဿနာတစ်ခုကို ထားခဲ့ပါသည်။ သိပ္ပံပညာရှင်များအဖို့ ရှေ့လာမည့် နှစ်ပေါင်းများစွာ ဖြေရှင်းရမည့်ပြဿနာ ဖြစ်ပါသည်။ ဒေါက်တာဟော့ကင်း (Dr. Stephen Hawking) ၏ပြဿနာမှာ စကြဝဠာကြီးနှင့်ပတ်သက်၍ အရေးကြီးဆုံး ပြဿနာတစ်ခု ဖြစ်ပါသည်။ “မြေဆွဲအားကို ကွန်တမ်မက္ကနစ်နှင့် မည်သို့ပေါင်းစပ် ကြမည်နည်း” ဟူသော ပြဿနာဖြစ်ပါ သည်။

၂ဝရာစုနှစ်၏ အစပိုင်းတွင် ကြီးမားသောတော်လှန်ရေးကြီးနှစ်ခုကို တွေ့ကြရပါသည်။ ပထမအရာမှာ ရီလေးတစ်ဗီတီ (Relativity) သီအိုရီဖြစ်ပါသည်။ အိုင်းစတိုင်းကဦးဆောင်ပြီး သိပ္ပံပညာရှင်များသည် ဆာအိုက်ဇက်နျူတန်၏ နေရာနှင့်အ ချိန် (Space and Time)  ကို ပြောင်းပြန်လှန်လိုက်ပါသည်။ စကြဝဠာကြီးသည် ကွေးနိုင် ကောက်နိုင်သော (Wrap and Wiggle) အရာဖြစ်လာပါသည်။ အိုင်းစတိုင်းကဤသည်တို့ကို မြေဆွဲအား (Gravity) ကြောင့်ဖြစ်ရသည်ဟု ဆိုခဲ့ပါသည်။

အခြားသီအိုရီတစ်ခုမှာရီလေးတစ်ဗီတီထက် အရေးကြီးပါသေးသည်။ ကွန်တမ်မက္ကင်းနစ်ဖြစ်ပါသည်။ ကျွန်တော်တို့သည် အတမ်ထက်သေးငယ်သောအမှုန်များကိုလေ့လာသောအခါ ပြင်ပကမ္ဘာတွင်တွေ့နေကျဖြစ်သော ဥပဒေသများမှာ အကျုံး မဝင်တော့သည်ကို တွေ့ခဲ့ရပါသည်။ သူတို့သည် (Probability) ခေါ် ဖြစ်နိုင်ချေနှင့်သာ စကားပြောရပါသည်။ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ကြသည်မှာ အဖြစ်အပျက်တစ်ခုသည် ဘာဖြစ်မည်ဆိုသည်ကို ကွန်တမ်မက္ကင်းနစ်၏ ဖြစ်နိုင်စွမ်းကိုသာတွက်ချက်ပြရပါသည်။ အရာဝတ္ထု၊ လျှပ်စစ်ဓါတ်နှင့်သံလိုက်ဓါတ်နှင့် အတမ်အောက်သေးငယ်သော အမှုန်များသည် ကွန်တမ်မက္ကင်းနစ်၏လုပ်သော ဖေါ်မြူလာများနှင့်သာ ဖေါ်ပြရပါတော့သည်။

ထိုအရာများမှ ကန့်သတ်ချက်တစ်ခုမှာ မြေဆွဲအား ဖြစ်ပါသည်။ ထိုကွန်တမ်သဘောတရားများနှင့် မြေဆွဲအား ကို ရှင်းပြ၍ မရပါ။ တနည်းဆိုသော် အိုင်းစတိုင်း၏ (Space Time) မှာ ကွန်တမ်သဘောတရားများနှင့် ရှင်းပြရန်မဖြစ်နိုင်ပါ။ မော်ဒန် အတွေးအခေါ်ရူပဗေဒ (Theoritical Physics) တွင် မြေဆွဲအားနှင့် ကွန်တမ်သဘောတရားများကို ပေါင်းစပ်ရန်ဖြစ်သော ( Theory Of Everything) သည် အခက်ခဲဆုံးဖြစ်ပါလိမ့်မည်။

‘အတွေးအခေါ်ရူပဗေဒ’ ဆိုရာတွင် ကွန်တမ်ပြေးဆွဲအားနှင့်ပတ်သက်၍ လက်တွေ့စမ်းသပ်ချက်များ မပြုလုပ်နိုင် လောက် အောင် ခက်ခဲလှပါသည်။ ကွန်တမ်ဆိုသည်မှာ အတမ်ထက်သေးငယ်သော အမှုန်များကို လေ့လာပြီး မြေဆွဲအားဆိုသည်မှာ အလွန်တရာကြီးမားသော အရာဝတ္ထုကြီးများ ကိုလေ့လာရပါသည်။ ဤနေရာတွင်လွယ်ကူသော ပေါင်းစပ်ပေးနိုင်သော စမ်းသပ် စရာအချက်အလက်မရှိပါ။

ဤနေရာတွင် ဒေါက်တာဟော့ကင်း၏ အခမ်းကဏ္ဍကို မြင်နိုင်ပါသည်။ လက်တွေ့စမ်းသပ်ချက်များ မပြုလုပ်နိုင် ချိန်၊ ၁၉၇ဝ ပြည့်နှစ်များတွင် ဒေါက်တာဟော့ကင်းက ရူပဗေဒပညာရှင်များ ညဥ့်အခါ၌ အိပ်မပျော်စေရန် စဉ်းစားစရာတစ်ခုကို ထုတ် ဖေါ်ခဲ့ပါသည်။

ဒေါက်တာဟော့ကင်း၏တွေးခေါ်ပုံမှာ တွင်းမဲကြီးများ (Black Holes) နှင့် စတင်ပါသည်။ အိုင်းစတိုင်း၏ ရီလေး တစ်ဗီးတီတွင် ဘလက်ဟိုးဆိုသည်မှာ အလွန်လေးလံပြီး ဘယ်အရာမှ လွှတ်မထွက်နိုင်အောင်ဒြဗ်ထုကြီးမား သောအရာကြီးများကိုခေါ် သည်။ အလင်းကိုပင်လွတ်မထွက်စေနိုင်ပါ၊ အတမ်အောက်သေးငယ်သောအမှုန်များသည် ဘလက်ဟိုးကြီး များနှင့်တွေ့လျင် မည်သို့ပြုမူပါသနည်း။ ကွန်တမ်သီအိုရီမှာဖြစ်နိုင်ချေ သီအိုရီတစ်ခုဖြစ်ပြီး အိုင်းစတိုင်း အမြင်တွင်မဖြစ်နိုင်သော အရာများ မှာ ကွန်တမ်သဘောတရားများအရ ဖြစ်နိုင်လာပါသည်။

ဒေါက်တာဟော့ကင်းက ဘလက်ဟိုးများသည် ပြောသလောက် မမဲကြောင်း သက်သေပြခဲ့ပါသည်။ သူတို့သည် ဘလက် ဟိုးမှ လွတ်ထွက်လာပြီး ၄င်းတို့တွင်တည်ငြိမ်သော၊ သေးငယ်သောအမှုန်များပါဝင်သည်။ အလင်းတန်းတစ်ခုဟုလည်း ယူဆနိုင်ပါသည်။ ယခုအခါထိုရောင်ခြည်တန်းကို ‘ဟော့ကင်းရောင်ခြည်’ ဟု ခေါ်ပါသည်။ ရောင်ခြည်တန်းသည် ဘလက် ဟိုး၏ ဒြပ်ထုတစိတ်တဒေသကိုယူသွားပြီး ပျောက်ကွယ်သွားကြပါသည်။ ဤအရာကို ဟော့ကင်း (Evaporation) ဟု ခေါ် ပါသည်။

ထို့ကြောင့် ဟော့ကင်း၏ တွေးခေါ်ချက် (Thought Experiment) မှာ ဤသို့ဖြစ်၏၊ ဘလက်ဟိုးအပေါ်သို့ စာအုပ်တစ်အုပ် ပစ်ချလိုက်သည်ဆိုပါစို့၊ ထိုစာအုပ်နှင့် သတင်းအချက်အလက်သည် ဘယ်ကိုရောက်သွားသ နည်း၊ အပြင်ကို ပြန်ထွက်လာ မည့် ဟော့ကင်းရောင်ခြည်သည် ထိုသတင်းအချက်များကို ပြန်လည်ယူဆောင်လာမည်လော။

ကွန်တမ်သဘောတရားများအရ သတင်းတို့သည် (Conserve) ကွယ်ပျောက်မသွားနိုင်၊ ရီလေးတစ်ဗီးတီ သီအိုရီအရဆိုလျင် လည်း သတင်းသည် မပျောက်မသွားနိုင်၊ တချို့တဝက်ကမူ ဘလက်ဟိုးထဲတွင် ကျန်ရစ်မည်၊ ထို့ကြောင့် ဤသီအိုရီနှစ်ခုကို ပေါင်းစပ်နိုင်ရေးမှာ စိတ်ပျက်ဘွယ်ရာကောင်းသည်။

ကာလအတော်အတန်ကြာ ဟောကင်း ရူပဗေဒပညာရှင်များ၏အယူနှင့်ဆန့်ကျင်ပြီး သတင်းသည်ကွယ်ပျောက် သွားရမည် ဟု ပြောနေခဲ့သည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် စိတ်ပြောင်းလာခဲ့သည်။ သက္ကရာဇ် ၂ဝဝ၄ ခုနှစ်တွင် တချို့တဝက်မှာ ဟော့ကင်းရောင်ခြည်ထဲတွင်ပါသွားရမည်ဟု ပြောခဲ့သည်။ မည်သို့ဖြစ်စေဤပြဿနာမှာ ယခုအချိန်တွင် ပြေလည် မသွားသေးပါ။

ဤသည်တို့မှာ ဒေါက်တာဟော့ကင်း၏ ကွန်တမ်မြေဆွဲအား နှင့် ပါတ်သက်၍ အရေးအကြီးဆုံး တွေးခေါ်ချက် များဖြစ်သည်။ ကျွန်တော်တို့တွင်ပြည့်စုံသော သီအိုရီတခုမရှိသေးသည့်တိုင် ကျွန်တော်တို့သည် ကွန်တမ်မက္ကင်းနစ်နှင့် မြေဆွဲအား အ ကြောင်းကို သိပြီးကြပါပြီ။ ထို့ကြောင့် ဟော့ကင်းရောင်ခြည်သည် လက်တွေ မပြနိုင်သေးသည့်တိုင် တကယ်ရှိကြောင်း တွေးတောယူနိုင်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ကွန်တမ်မြေဆွဲအား သီအိုရီတစ်ခုသည် သတင်းတစ်ခုကို မည်သို့ ဖျက်ဆီးပစ်နိုင်သည်။ သို့မဟုတ် မည်သို့ သိုလှောင်ထားသည်ကို ရှင်းပြရပါလိမ့်မည်။

ဒေါက်တာဟော့ကင်း၏ တွေ့ရှိချက်များတွင် ဟော့ကင်းရောင်ခြည်နှင့် သတင်းအချက်အလက်များ ဘယ်သို့ ပျောက်သွားနိုင် သည်ဆိုသော အချက်များသာ မဟုတ်သေးပါ၊ သူသည် ဘလက်ဟိုးနှင့် ပါတ်သက်သော သီအိုရမ် အများအပြားနှင့်၊ စကြဝဠာကြီးသည်ကျယ်ပြန့်ကား၍သွားနေသည်ဟူသောသီအိုရီကိုလည်း သက်သေပြနိုင်ခဲ့သည်။

သူသည် ဒေါက်တာဟာတဲလ် (Dr Hartle)  နှင့် ပူးပေါင်း၍ ‘Wave Function Of The Universe’ ကို ဖေါ်ထုတ်နိုင်ခဲ့သည်။ တကယ်အဖြစ်အပျက်မှန်များနှင့် ပါတ်သက်၍ ကွန်တမ် အခြေအနေကို ဖေါ်ပြခြင်းဖြစ်သည်။ စင်္ကြဝဠာကြီးအတွင်း ကြီးမား သောအရာကြီးများ၏ အခြေခံကို ဖေါ်ထုတ်ဖို့ကြိုးစားလိုက်သေးသည်။ သူက (Time Machine) နှင့်ပတ်သက်၍ မဖြစ်နိုင် ကြောင်း ပြောခဲ့သေးသည်။

ဤအရာများကို တွေ့ရှိခဲ့သည်မှာ သိပ္ပံရေးရာများကို အများပြည်သူတို့ သိနားလည်စေရန် ဆောင်ရွက်နေစဉ်မှာ ဖြစ်ပါသည်။ သူ၏ရည်ရွယ်ချက်မှာ ရူပဗေဒ၏အခြေခံသဘောတရားများကိုအခြေခံ၍ စကြဝဠာကြီးကိုနားလည် နိုင်ရန်ဖြစ်ပါသည်။ သူ သည် ခေါင်းမာသော အလွန်တရာခက်ခဲ၊ နက်နဲသော ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အတွက် တွေး တောစရာများကို ချန်ထားရစ်ခဲ့ပါသည်။

ကိုသန်းလွင်
Ref: Stephen Hawking’s Most Pro Found Gift to Physics, Sean Carnot New York Times 19 March 2018

0