မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂)


မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂)
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၈
Face Book ကနေ ထွက်ရတော့မည်လော

(၁)
၂၀၁၈ ခု၊ ဧပြီလ(၁၀)ရက်နေ့ Face Book CEO Mark Zuckerberg သည် Senate Hearing ခေါ် အမေရိကန် အထက် လွှတ်တော်ကော်မတီရှေ့မှောက် လာရောက်အစစ်ခံရ၏။ TVက တိုက်ရိုက်ထုတ်လွှင့်ပုံကို Recording လုပ်ထားပြီး ကျွန် တော်သည် ဘောလုံးပွဲဆက်ကြည့်နေလိုက်သည်။


 (ပုံ - ၁)

VOA တွင် (၁၅) နှစ်လုပ်ခဲ့စဉ် ထိုသို့သော Senate Hearing ၌ မကြာခဏ သတင်းသွားယူရ၏။ ထို့ပြင် ကျွန်တော်နေထိုင်ရာ Washington DC SW နေအိမ်မှ မိနစ် (၂၀) ခန့်လမ်းလျှောက်သွားလို့ရသည်။ စိတ်ဝင်စားစရာဆို ရောက်သွားလေ့ရှိ၏ Recording ကိုဖွင့်ကြည့်တော့ ဝါရင့်အထက်လွှတ်တော်အမတ်ကြီးက အသက် (၃၁) နှစ်အရွယ်ရှိ Mark Zuckerberg အား အခုလိုအချိန်ပေး လာရောက်သည့်အတွက် ကျေးဇူးတင်စကားနှင့်စတင်ရာ၊ မြန်မာလို Face Book မှာ ဆဲလားဆိုလား ခံနေ ရပုံ သတိရ၍ ပြုံးမိသည်။ ယဉ်ကျေးမှုဟူသည် အဖိုးတန်လှပါကလား။

(၂)
ကျွန်တော်သည် Face Book ကိုသုံး၍ စာရေးနေသူပါ။ တကြိမ်မတော့ အဖေကြီး ... ရေကြီး စသဖြင့် သတင်းသမား၏ဝေဒနာ ဆောင်းပါးတင်လိုက်ရာ Account အပိတ်ခံလိုက်ရသည်။ ဦးနေဝင်း ဘန်ကောက်က ပြန်လာသောသတင်းနှင့်တွဲ၍ မကြေ ညာသင့်ဟုဆိုကာ ရန်ကုန်မှ ဧရာမမီးလောင်မှုသတင်းကြီး နောက်နေ့မှကြေညာရသည့် မြန်မာ့အသံမှ ကိုယ်တွေ့ဖြစ်ရပ်။ မြန်မာလိုရေးသည်ကို Face Book ၏ မြန်မာဘာသာ ကျွမ်းကျင်သူ၏ ထိုးနှက်ချက်ခံလိုက်ရခြင်းပါ။

ကျွန်တော်နေထိုင်ရာ လိပ်စာ၊ ကိုင်ဆောင်ရာ Virginia State I.D. စသည့်အထောက်အထားများနှင့် Account အသစ်ပြန် လုပ်ရ၏။ အင်္ဂလိပ်လိုရေးလျှင်မူ ဘာပြဿနာမှမရှိနိုင်၊ ဘယ်သကောင့်သားကမှ လာမထိနိုင်။ သို့သော် ကျွန်တော်က မြန် မာလိုရေးနေသူကိုး။

(၃)
လူဘီလျံချီ၍ သုံးနေကြသော Face Book သည် နှစ်လို့ဖွယ်ကောင်းပါဘိ။ Social Media ဟုဆိုသည့်အတိုင်း သာရေး နာရေး သတင်းဓာတ်ပုံများကြည့်ကြရ၊ ဘယ်သွား၍ ဘယ်ရောက်နေပြီ ဆိုသည်ကိုမြေပုံနှင့် အသိပေးလို့ရ၏။ တလောက ကျွန်တော့်သမီးဆေးရုံတက်ရစဉ် ပုံရိုက်ပြီး Face Book ကတင်ပေး၍ အခြေအနေကို အမေနှင့်အဖေ အိမ်ကနေသိနေရ၏။
Face Book ကနေဆက်သွယ် လှုံ့ဆော်၍ Arab Spring လိုကိစ္စမျိုးလည်းပေါ်ခဲ့သည်။

သတင်းထိန်းချုပ် ပိတ်ပင်ထာသည့် နေရာများတွင် Face Book ကို မှန်ကန်စွာ ကျင့်ဝတ်နှင့်အညီ အသုံးချကြပါက ပရိသတ် အတွက်သာမက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများအတွက်ပင်လျှင် အခမဲ့ Feed Back အဖြစ်ရှုမြင်နိုင်ပါ၏။ သို့သော် လည်း မြန်မာပြည်တွင်မူ သိတော်မူကြသည့်အတိုင်း ...။

(၄)
Face Book၏လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ် မြန်မာပြည်တွင်မူ စိတ်ပျက်ဖွယ်ရာပင်။ ကြည်နူးဖွယ်ရာများ ကြားသိမြင်နေ ရသလို စက်ဆုပ်ရွံရှာဖွယ်ရာ ညစ်ညမ်းပုံများ ဆဲရေးတိုင်းထွာ ရေးသားနေကြသည်များကို ရှောင်လို့မရဖြစ်နေရသည်။ ဒေါက်တာထင်အောင် အကြောင်း Research လုပ်ရာ ရင်ပတ်၌ရောင်စုံဖဲပြား တံဆိပ်များစွာနှင့် Photo Short နှင့်ပုံဖျက် ထားသည်ကို မြင်တွေ့ရ၏။


(ပုံ - ၂)

အလားတူပင် Photo Short လုပ်ကာ ဗိုလ်ချုပ်အောင်ဆန်းလက်မှတ်အစစ်ကို မဟုတ်မမှန်စာသားတွဲကာ အဖွဲ့အစည်းလိုက် ဖြန့်နေကြသည်။ ဆူပူအောင်တမင် လုပ်ထားမှန်းသိလျက်နှင့် ဝိုင်း Share ကြ၏။ Face Book ကို နိုင်ငံရေးတိုက်ကွက် နိုင်ငံရေးလက်နက်အဖြစ်သုံးကြရင်း ပြဿနာ ကြီးသထက်ကြီးလာပြီ။

လင်မယားရန်ဖြစ်၍ အိမ်ကိုမီးရှို့ခြင်းက ရဲတို့ မီးသတ်တို့က အိမ်တွင်းရေးဟု အဘယ်မှာလျှင်သတ်မှတ် ကြည့်နေနိုင်ပါမည်နည်း။

(၅)
Senate Hearing တွင် ဝါရင့် အထက်လွှတ်တော်အမတ်ကြီးက မြန်မာကိစ္စမေးလေပြီ။ Mark Zuckerberg ကလည်း ဝမ်း နည်းပါသည် လောက်နှင့်ပြော၍မရတာ့။ Face Book CEO အနေနှင့် လုပ်ဆောင်မည့်အစီအစဉ်များတင်ပြရပြီ။ မြန်မာ ဘာသာ စကားတတ်သူ ဒါဇင်များနှင့် ပြန်လည်စိစစ်သွားမည်ကို ကျွန်တော်စိတ်ဝင်စားသည်။

တာဝန်ရှိသူတို့ တာဝန်သိစွာလုပ်ကြကုန်လော့။
Face Book ကိုသန့်စေချင်သူမို့ အပျက်အပျက်နှင့် ဆွမ်းဆန်ထဲ ကြွက်ချေးတွေ များလွန်းလာနေရာ၊ ကြာလျှင် ကွက်ချေး တွေကြား ဆွမ်းဆန်ရွေးရခက် ဖြစ်လာနိုင်သည်ဟု ဧကံမုချ ရိုက်လာတော့မည့်ဂယက်ကို မျှော်ငေးရင်း တွေးမိကြောင်းပါ။

မှတ်ချက်
Face Book CEO Mark Zuckerberg အထက်လွှတ်တော်တွင်းဝင်လာစဉ် (၁) နှင့် မေးခွန်းများကို ဖြေကြားနေပုံ (၂) တို့ ဖြစ်ပါသည်)

၂၀၁၈ ခု၊ ဧပြီလ (၁၁) ရက်နေ့။

Comments